ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အဓိကရုဏ်းများသည် ယနေ့ မြန်မာနိုင်တွင် ဖြစ်တည် စပြုနေသော ပြုပြင်ပြောင်းလဲရေး ခြေလှမ်းသစ် များကို နှောင့်နှေးစေသည်။
နိုင်ငံတော် အစိုးရနှင့် တပ်မတော်က ယခုဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများကို ဥပဒေဘောင်အတွင်းမှ တားဆီး ရပ်တန့်ရန် ဆောင်ရွက် ရမည်ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်ကလည်း ဥပဒေနှင့် အညီဆောင်ရွက်ရန်၊ လူမျိုးရေး မုန်းတီးမှု၊ လက်စားချေမှုများကို ရှေ့တန်းမတင်ရန် သူ၏ အရေးပေါ် မိန့်ခွန်းတွင် ပန်ကြားပြီးဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင် တဦးအနေဖြင့် ပြောသင့်ပြောအပ်သော မိန့်ခွန်းဟု ယူဆပါသည်။
မီဒီယာနှင့် ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်များကလည်း ယခုဖြစ်ပေါ်နေသော လူမျိုးရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများ ရှေ့ဆက်မဖြစ်ပွားစေရန်အတွက် တိုက်တွန်းပြောကြားသည့် နေရာမှ ပါဝင်ဆောင်ရွက်သင့်သည်။
ယမန်နေ့ ညနေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကိုယ်တိုင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ မီဒီယာများ၏ ရေးသားမှုများနှင့် ပတ်သက်၍ သတိပေးပြောဆိုခဲ့သည်။ သို့သော် ရန်ကုန်တိုင်းဝန်ကြီးချုပ် အနေဖြင့် ဆူပူမှု ဖြစ်ပွားရန် လှုံ့ဆော်သည့် အရေးအသားများ ရေးသားခဲ့သော မီဒီယာကို တိုက်ရိုက် အရေးယူ ဆောင်ရွက်ခြင်း မပြုဘဲ မီဒီယာ ကျင့်ဝတ်နှင့်အညီ ရေးသားနေသော ဂျာနယ်အားလုံးကိုပါ ခြိမ်းခြောက်သကဲ့သို့ သတိပေးပြောဆို ခဲ့သည့်အတွက် ပြည်တွင်း မီဒီယာများအားလုံး စိတ်ကသိကအောင့် ဖြစ်ခဲ့ကြရသည်။ ပြည်တွင်း မီဒီယာသမား အားလုံးမှာ သတင်းစာလွတ်လပ်ခွင့် အတွက် တာဝန်ယူမှုရှိရှိဖြင့် ရေးသားဖော်ပြနေချိန်တွင် ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်ရသော အဖြစ်မျိုးကို မလိုလားပေ။
အဓိကရုဏ်းနှင့် ပတ်သက်သော ကိစ္စရပ်အားလုံးကို ဖြေရှင်းရာတွင် အစိုးရ တာဝန်ရှိသူများ အနေဖြင့် အကျယ်အကျယ် မဖြစ်စေရန် လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ယူဆသည်။
သမ္မတဦးသိန်းစိန်အစိုးရက ဖွဲ့စည်းပေးခဲ့သော စုံစမ်းရေး ကော်မတီကလည်း အဖြစ်မှန်ပေါ်ပေါက်ရေးကို အမြန်ဆုံး ဆောင်ရွက်သင့်သည်။ ကျဉ်းမြောင်းသော လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်မှုများ၊ ဝါဒဖြန့် မှိုင်းတိုက်မှုများ၊ ဥပဒေမဲ့ မင်းမဲ့စရိုက် လုပ်ဆောင် ကျူးလွန်မှုများကို ရပ်တန်းကအမြန်ရပ်တန့်ဖို့လည်း လိုပါသည်။ သမ္မတဦးသိန်းစိန်၏ ညွန်ကြားချက်အတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများကို တရားဥပဒေဘောင် အတွင်းက ကြပ်မတ် ဆောင်ရွက်သင့်ပါသည်။ အရေးယူသင့်သူများကို အမြန်ဆုံး အရေးယူ အပြစ်ပေးသင့်သလို၊ နစ်နာ ဆုံးရှုံးသူများကိုလည်း ကူညီဆောင်ရွက် ထောက်ပံ့မှုများ အမြန်ဆုံး လုပ်ဆောင် ပေးသင့်ပါသည်။
ရခိုင်ပြည်နယ် အဓိကရုဏ်း ဖြစ်ရသည့် အကြောင်းရင်းကို ပြန်ကြည့်မည်ဆိုပါက ၎င်းကိစ္စ မြစ်ဖျားခံရာ မသီတာထွေး ဖြစ်ရပ်၌ အစိုးရက ပြစ်မှုကျူးလွန်သူတို့အား အရေးယူမှု နှောင့်နှေးခဲ့သောကြောင့်ဟု ဆိုလျှင် မှားလိမ့်မည် မဟုတ်ပေ။ ထိုဖြစ်ရပ်တွင် နှောင့်နှေးခဲ့သောကြောင့်သာ မဖြစ်သင့်သော ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပြီး အပ်နှင့်ထွင်းရမည့် ကိစ္စရပ်ကို ပုဆိန်နှင့် ပေါက်ရသည့် ကိန်း ကြုံနေရခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံသည် သက်တမ်းနုသေးသော ပြုပြင်ပြောင်းလဲခါစ နိုင်ငံ တနိုင်ငံဖြစ်သည်။ ဖြစ်ပေါ်လာသော အခြေအနေ အရပ်ရပ်ကို သိမ်မွေ့စွာ ဖြေရှင်းနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ တစုံတခုသော ပဋိပက္ခ ဖြစ်ပေါ်လာသည်နှင့် စစ်တပ် အာဏာသုံး၍ ဖြေရှင်းရသည် ဆိုခြင်းက တိုင်းပြည် အလားအလာအတွက် ကောင်းမွန်သော အနေအထားဟု မဆိုနိုင်ပေ။
သို့သော် မလွှဲမသွေ စစ်တပ်အကူအညီကို ယူ၍ ဖြေရှင်းရပြီဟု ဆိုရာ၌လည်း လုံခြုံရေးနှင့် လူ့အခွင့်အရေး စံနှုန်းများကို ခွဲခြား၍ မျှမျှတတ ဆုံးဖြတ်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာနှင့် ကွဲပြားသောတခြားဘာသာဝင်များ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်သော နိုင်ငံတနိုင်ငံဖြစ်ပြီး ကျဉ်းမြောင်းသော အစွန်းရောက် အမျိုးသားရေး၊ အစွန်းရောက် ဘာသာရေး အတွေးအခေါ် များကို ရှေ့တန်းတင်သော နိုင်ငံတနိုင်ငံ မဖြစ်သင့်ပါ။
အကျည်းတန်သွေးစွန်းသော လုပ်ရပ်များ ရပ်တန့်ပြီး မတူကွဲပြားသော လူမျိုးစုဝင်များ၊ ဘာသာရေး ယုံကြည်ကိုးကွယ်သူများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးလှပါသည်။ ယင်းသည်သာ ဒီမိုကရေစီ စနစ်၏ အခြေခံ တန်ဖိုး ဖြစ်ပေသည်။