ယခင် စစ်အစိုးရအဖွဲ့တွင် တတိယအဆင့်ရှိသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် ပြုပြင်ပြောင်းလဲရေးကို လိုလားသူအဖြစ် အများက မြင်ကြသည်။ ယခု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းသည် နိုင်ငံတွင်း လာဘ်စားမှုများရှိကြောင်း ဝန်ခံပြောဆိုခဲ့ပြီး အစိုးရဝန်ထမ်းများ လစာတိုးပေးရေးအတွက် လွှတ်တော်တွင် တင်ပြခဲ့သည်။ ဒု သမ္မတ ဦးတင်အောင်မြင်ဦး နုတ်ထွက်စာတင်ပြီးနောက် ဦးရွှေမန်းသည်လည်း ဒု သမ္မတ ဖြစ်လာနိုင်သူများထဲမှ တဦးအဖြစ် ထင်ကြေးပေးခံရသူဖြစ်သည်။
အနောက်နိုင်ငံ လွှတ်တော်များကို လေ့လာခဲ့သည့် အတွေ့အကြုံ၊ လွှတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမည့်အပေါ် သဘောထား၊ လွှတ်တော်များနှင့် အစိုးအဖွဲ့ ချိန်ခွင်လျှာ၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံရေးကောင်စီ (ကာလုံ) ၏ အခန်းကဏ္ဍ၊ ဦးရွှေမန်း သမ္မတ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းချက်များအပေါ် အမြင်တို့ကို နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ပြည့်သူလွှတ်တော် ဥက္ကဋ္ဌကြီးအနေနဲ့ မကြာသေးခင်က ဥရောပနိုင်ငံတွေကို လေ့လာရေး ခရီးစဉ်တွေ သွားခဲ့တယ်။ အဲဒီခရီးစဉ်တွေမှာ မြန်မာပြည်လွှတ်တော် Active ဖြစ်ဖို့အတွက် ဘာတွေများ လေ့လာခဲ့သပါသလဲ။
ဖြေ ။ ။ သူတို့နိုင်ငံ လွှတ်တော်တွေက ဖွဲ့စည်းတာလည်းကြာပြီ။ နောက် ဒါနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းဆောင်တာတွေလည်း ကြာပြီဆိုတဲ့အတွက် သူတို့ဆီမှာ အတွေ့အကြုံတွေ များစွာရှိတဲ့အတွက် သူတို့ လွှတ်တော်တွေက လုပ်ငန်းဆောင်တာ လုပ်တဲ့အခါမှာ ချောမွေ့မှုရှိတယ်၊ Dynamic ရှိတယ်လို့ ဒီလိုသိရတယ်။ ဟိုရောက်သွားတဲ့ အခါကျတော့ အဲလောက်ကြီးလည်း မဟုတ်ပါဘူးတဲ့၊ သူတို့ဆီမှာလည်း လွှတ်တော်ရဲ့ သဘောသဘာ၀ ချောမွေ့လှတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့်လို့ Dynamic ဖြစ်တာတော့ ပိုဖြစ်တယ်။ ဘာကြောင့်လဲ တဖက်ကပြောတာကို တဖက်ကဖြေကြားဖို့၊ တဖက်က ဆွေးနွေးတာကို တဖက်က ပြန်လည်ဆွေးနွေးဖို့၊ ဒီကိစ္စတွေကျတော့ သူတို့ဆီက အလေ့အကျင့်ကောင်းတွေရှိပြီး ဖြစ်တဲ့အတွက် သူတို့ဆီကတော့ ပိုပြီးတော့ တက်တက်ကြွကြွလုပ်နေတယ်လို့ အကြမ်းဖျဉ်းတော့ သိရတယ်။
မိမိလွှတ်တော်အနေနဲ့ ပိုပြီတော့ Active ဖြစ်အောင် Dynamic ဖြစ်အောင် လုပ်ဖို့ကိစ္စကတော့ သိပ်ပြီးတော့ အထူးကြိုးစားစရာမလိုဘူး။ ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်းမှာ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ လွှတ်တော်အတွင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေ တင်သွင်းတဲ့ အလေ့ကျင့်တွေရှိခဲ့ပြီ။ အဲဒီလိုပဲ မိမိအနေနဲ့ လွှတ်တော်အတွင်းမှာ ပြည်သူတွေရဲ့ လိုလားချက်တွေ ပြည်သူတွေရဲ့ဆန္ဒတွေ ထုတ်ဖေါ်လာနိုင်အောင် ရဲရဲတင်းတင်း တင်ပြဖို့လည်း သူတို့ကို အားပေးထားတဲ့အတွက် လာမယ့် လွှတ်တော်တွေမှာ ထပ်ပြီးတော့ သီးခြားအထူးတိုက်တွန်းစရာ မလိုဘဲနဲ့ ပိုပြီးတက်ကြွလာမယ့်လို့ ဒီလိုပဲမျှာ်လင့်ပါတယ်။ နောက်တခုကလည်း ကိုအောင်ဇော်တို့ သိတဲ့အတိုင်းပဲ အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLDက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်လာပြီဆိုတော့ သူတို့ဖက်ကလည်း ပြည်သူ့အတွက် ပြည်သူ့ဆန္ဒတွေ ဖော်ဆာင်ပေးလာရင်း ဒီ့ထက်ပိုပြီးတော့ တက်ကြွလာမယ်၊ Active ဖြစ်လာမယ်လို့ ဒီလိုပဲ ယူဆပါတယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီ ပါဝင်လာခဲ့ပြီဆိုရင် လွှတ်တော်မှာ ဘယ်လို ကဏ္ဍမျိုးက ပါဝင်ဆောင်ရွက်မလဲ ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ကအစက အပြင်မှာ ရေးကြသုံးသပ်ကြတာကို တွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးအနေနဲ့ရော သူ့ကဏ္ဍကို ဘယ်လိုမျိုး လွှတ်တော်မှာ မျှော်လင့်ထားပါသလဲ။ ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်ဖို့ ရှိပါသလဲ။
ဖြေ ။ ။ ဒါကတော့ သီးခြား ကြိုစဉ်းစားထားတာမရှိပါဘူး။ မိမိလွှတ်တော်ဥက္ကဋ္ဌ တယောက်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များကို တိုက်တွန်းထားချက်ရှိပါတယ်။ ဒါဘာလဲဆိုရင် ဘယ်ပါတီကလာလာ ပါတီစွဲဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ အယူအစွဲအလမ်းတွေ မထားဘဲနဲ့ နိုင်ငံနဲ့ နိုင်ငံသားများအတွက်၊ ပြည်ထောင်စုအတွက် အကျိုးစီးပွားကို ဖြစ်ထွန်းမယ့် ကိစ္စတွေကို အားလုံး အဓိကထား ဖော်ဆာင်ဖို့ ဖေါ်ဆောင်တဲ့နေရာမှာလည်း မျှမျှတတ ဖော်ဆောင်ဖို့ဆိုတဲ့အတွက် ဒီကိစ္စကတော့ သီးခြားထပ်ပြီးတော့ ကူညီပေးစရာလိုမယ်မထင်ပါဘူး။ သို့ရာတွင် ပါဝင်မှုအပေါ်မှာ မူတည်ပြီးတော့ အခန်းကဏ္ဍအလျောက် ပိုပြီးတော့ မြင့်မားနိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ မကြာသေးခင်ကဆို ဝန်ကြီးဌာန ဘတ်ဂျက် အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လွှတ်တော်မှာ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ ဆိုတဲ့အခါကျတော့ White Elephant Project လို့ ပြောကြတဲ့ ဒီဂုဏ်ရည်ပြ Project အဲဒီကိစ္စတွေကိုလည်း ဥက္ကဋ္ဌကြီး ဦးရွှေမန်းအနေနဲ့ ပြောခဲ့တာတွေရှိတယ်၊ ထောက်ပြခဲ့တာတွေရှိတယ်၊ လစာတိုးရေးကိစ္စတွေ ပြောခဲ့တာတွေ ကျနော်တို့ လေ့လာခဲ့ပါတယ်။ ဆိုတော့ လွှတ်တော်အနေနဲ့ နောက်ပိုင်းဆိုရင် ဘယ်လို Project တွေကို၊ ဘယ်လို ဘတ်ဂျက်တွေကို တိုင်းပြည်နဲ့ လူမျိုးအတွက် အရေးကြီးတာကို ဘာဟာတွေကို ရွှေ့ဆိုင်းသင့်တယ်၊ ဘယ်ဟာတွေကို ဦးစားပေးသင့်တယ် ဆိုတာမျိုးတွေကို ပြင်ဆင်ထားတာတွေရော ရှိပါသလား။
ဖြေ ။ ။ ဒီကိစ္စကတော့ ပြင်ဆင်ထားတယ်ဆိုတဲ့ စကားထက်ပေါ့လေ၊ တင်ပြလာတဲ့ စီမံကိန်းတွေဟာ အမှန်တကယ် အများပြည်သူအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမယ့် ကိစ္စမျိုးတွေ ဆိုလို့ရှိရင်တော့ လွှတ်တော်က ဒါတွေကို ဦးစားပေး ခွင့်ပြုပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ထပ်ပြီးတော့ ကွဲပြားအောင် ပြောမယ်ဆိုလို့ရှိရင် မိမိတို့ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေ သိပြီးဖြစ်တဲ့အတွက် အကျိုးအမြတ် မြန်မြန်ရရှိနိုင်မယ့် ရင်းနှီးမြုပ်နှံမှု၊ နောက်ပြီးတခါ စီမံကိန်း၊ ဒါတွေတော့ ပိုပြီးတော့ အလေးထား ဆောင်ရွက်ပေးသင့်တယ်လို့ မိမိဖက်က ဒီလိုမျှော်လင့်ထားတဲ့အတွက် စီမံကိန်းတွေ တက်လာမယ် ဆိုလို့ရှိရင်တော့ လွှတ်တော်ဘက်က အမြန်ဆုံး ဦးစားပေး ခွင့်ပြုပေးမယ့်သဘောရှိပါတယ်။
မေး ။ ။ အဲလိုဆိုရင် အခုအထိ ဂုဏ်ရည်ပြ Project တွေက ပိုများနေတဲ့သဘောကို ဆိုလိုတာလားခင်ဗျာ။
ဖြေ ။ ။ အခုလက်ရှိ အခြေအနေနဲ့ပြောမယ် ဆိုရင်တော့ ဒီသဘောဆန်နေပါတယ်။ သို့ရာတွင် ဂုဏ်ရည်ပြ ဆိုတဲ့နေရာမှာ တချို့ကိစ္စကျတော့လည်း ဒီလိုဂုဏ်ရည်ပြမှ အဆင်ပြေမယ်ဆိုတဲ့ အယူအဆနဲ့ ဆောက်ရွက်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါက ဟိုတချိန်က အကောင်းဆုံး အမှန်ဆုံးလို့ ယူဆပြီး လုပ်ခဲ့တဲ့ ဒီ Project တွေ၊ စီမံကိန်းတွေ။ ဒီအချိန်ဒီအခါ ကျတဲ့အခါကျတော့ ပြန်လည်သုံးသပ်ပြီးတော့ လက်ရှိ နိုင်ငံတော်ရဲ့ အခြေအနေ နိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေ ပြည်သူတွေရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ဘယ်လို Project တွေက ပိုပြီးတော့ အကျိုးရှိတယ်ဆိုတာ အခုရဲ့တွက်ချက်မှုအရ တိုင်းတာရမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲလိုဆိုရင် မြန်မာပြည်မှာ လွှတ်တော်လည်း ရှိနေပြီ ရွေးကောက်ထားတဲ့ အစိုးရလည်းရှိနေပြီ ဆိုတဲ့အခါမှာ ဒီ Check and Balance System က ဘယ်လောက်အထိ အခုချိန်မှာ စပြီးတော့ သက်ဝင်လှုပ်ရှားနေပြီလို့ ဥက္ကဋ္ဌကြီး ဦးရွှေမန်း ထင်ပါသလဲခင်ဗျာ။
ဖြေ ။ ။ ဘယ်လောက်ထိဆိုတဲ့ဟာကို တိတိကျကျ ကိန်းဂဏန်းနဲ့ဖော်ပြဖို့တော့ ခက်ပါတယ်။ သို့ရာတွင် အခု အမေးရှိသလိုပဲပါ့လေ၊ ဒီ ဘတ်ဂျက် ကိစ္စအပါအဝင် တခြားကိစ္စတွေ လွတ်တော်မှာ ဆွေးနွေးတယ်၊ အဆိုတင်သွင်းတယ် ဆုံးဖြတ်ချက်တွေချတယ်။ အဲဒီအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်တယ် ဆိုတဲ့ဟာတွေ ကြည့်မယ်ဆိုရင်တော့ ဒီလွှတ်တော် သက်တမ်းကာလ တနှစ်အတွင်းမှာ အတော်တော့ ခရီးရောက်ခဲ့ပြီလို့ ထင်ပါတယ်။
မေး ။ ။ လွှတ်တော်မှာ လွှတ်တော်ရေးရာ စောင့်ကြည့်ရေးရာကော်မတီဆိုတာရှိတယ် ဆိုတဲ့အခါကျတော့ တနှစ်အတွင်းမှာ အစိုးရရဲ့လုပ်ရည်ကိုင်ရည် စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာနတွေရှိတယ်၊ အလုပ်မဖြစ်တာတွေရှိတယ်၊ လူမှန်နေရာမှန် မဖြစ်တာတွေရှိတယ်။ အဲဒီကိစ္စတွေကို လွှတ်တော်က ဘယ်လောက်အထိ ပြန်ပြီးတော့ ဖေးမ ထောက်ကူ ထောက်ပြလို့ရမယ်လို့ မျှော်လင့်လဲ။ အဲဒီကဏ္ဍကိုရော လွှတ်တော်က နောက်ပိုင်းမှာ ပိုပြီး Active ဖြစ်နိုင်မလား။
ဖြေ ။ ။ မှန်ပါတယ်။ မိမိတို့ရဲ့လွှတ်တော်မှာ မူလစပြီးဖွဲ့စည်းတာ အမြဲတမ်း ကော်မတီတခုရှိပါတယ်။ နံပတ် (၁) က ဥပဒေကြမ်းကော်မတီ၊ (၂) က လွှတ်တော်အခွင့်အရေးကော်မတီ၊ (၃) က လွှတ်တော် ပြည်သူငွေစာရင်းကော်မတီ၊ (၄) က လွှတ်တော်က ဖွဲ့စည်းထားတဲ့ အစိုးအရရဲ့ ကတိကဝတ်များ တာဝန်ခံချက်များ ကော်မတီဖြစ်ပါတယ်။ ဒါပေမယ့်လို့ လွှတ်တော်မှာ မေးခွန်းတခုမေးတယ်လို့ ဆိုရင် ဒီအမေးကို သက်ဆိုင်ရာ ဝန်ကြီးဌာန သို့မဟုတ် ပြည်ထောင်စုအဆင့်က လာရောက်ဖြေရပါတယ်။ လာရောက်ဖြေတဲ့အခါမှာ ဒီအဖြေသည် ကတိကဝတ်လို့ ဖြစ်သွားတယ် ဆိုလို့ရှိရင် ဒီဟာက မှတ်တမ်းအဖြစ် ကျန်ပြီးတဲ့အခါမှာ နောက်လွှတ်တော်သက်တမ်း ပြန်ရောက်တဲ့အချိန်မှာ ကတိအတိုင်း သက်ဆိုင်ရာဌာန ဘာလုပ်ပြီးပြီလဲဆိုတာ ဒီကတိကဝတ်ကော်မတီက အမြဲတမ်း ဆန်းစစ်ထောက်ပြနေတာ ဖြစ်ပါတယ်။ ဆက်လက်လည်း ဒီလိုပဲဆာင်ရွက်မှာ ဖြစ်ပါတယ်။
မေး ။ ။ အဲလိုဆိုရင် ပြီးခဲ့တဲ့ ဒီ သုံး၊ လေးလအတွင်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီ Reform က အစိုးရလုပ်နေတဲ့ Reform က Sluggish ဖြစ်တယ်၊ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တယ် ဆိုပြီးတော့ လူသိရှင်ကြား ဝေဖန်ခဲ့တာတွေ ကျနော်တို့ ဖတ်ရပါတယ်။ ဆိုတော့ အဲဒီအမြင်က အခုထက်ထိ ရှိတုန်းပဲလား ဒါမှမဟုတ်ရင်လည်း ဒါဘယ်ဟာကို ထောက်ပြပြီးတော့ Sluggish ဖြစ်တာကို ပြောတာလဲမသိဘူး။
ဖြေ ။ ။ ဒီဟာက ပြောမယ်ဆိုရင် တုံ့ဆိုင်းတယ်ဆိုတာထက် တချို့ကိစ္စမှာ အုပ်ချုပ်ရေးအဖွဲ့ အစိုးအရအဖွဲ့ ကျတော့လည်း ချက်ချင်းကြီး ပြုပြင်ပြောင်းလဲ တည်ဆောက်တဲ့ နေရာမှာမှာ သူ့မှာလည်း အနည်းနဲ့အများ အခက်အခဲရှိမယ်၊ ဒီသဘောသဘာဝအရ ဖြစ်နေတာကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ အဲဒီမှာ သတင်းစာတွေမှာ ရေးကြတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒီအစိုးရကြားမှာ၊ သမ္မတကြီး ဦးသိန်းစိန်နဲ့ ကြားထဲမှာ သဘောထားကွဲလွဲမှုတွေ ရှိတယ်ဆိုပြီး ပြောကြတယ်။ အဲဒီကိစ္စမျိုးကျတော့ရော ဥက္ကဋ္ဌအနေနဲ့ ဘယ်လိုပြန်ပြီး ဖြေရှင်းချင်လဲ။
ဖြေ ။ ။ အထူးဖြေရှင်းစရာ မလိုပါဘူး လူတယောက်ရဲ့ သဘောထား၊ နောက်တယောက်ရဲ့ သဘောထား တထပ်တည်း မကျနိုင်ပါဘူး။ အဲလို သဘောတူညီချက် မရှိတာကို ဒီနေ့ ခတ်စကားနဲ့ ပြောမယ်ဆိုရင်တော့ စကားပွဲဝိုင်းပေါ်မှာ ဆွေးနွေးလိုက်လို့ရှိရင် အဖြေရတယ်။ သေချာပါတယ် အခုလာတဲ့ ဒီအဖွဲ့ဝင်လေးယောက်က တယောက်နဲ့ တယောက် သဘောထား တထပ်တည်း မရှိနိုင်ပါဘူး။ ကိုယ့်သဘောထား သူ့သဘောထားတွေ ထွက်ပေါ်လာတဲ့အခါမှာ ဒီအပေါ်မူတည်ပြီးတော့ ဆွေးနွေးညှိနှိုင်းမယ်ဆိုရင် အဖြေကောင်းတခု ရမယ်။
မေး ။ ။ အဲဒီလို ဆွေးနွေးညှိနှိုင်းမှုရော ရှိခဲ့ပြီလားခင်ဗျာ။
ဖြေ ။ ။ ရှိခဲ့ပြီးဖြစ်ပါတယ်။ ရှိလည်းရှိဆဲပဲဖြစ်ပါတယ်။ နောင်လည်းရှိရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။
မေး ။ ။ ကာလုံ (နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) မှာ ဘယ်လိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သလဲ၊ ပြီးတော့ ကာလုံရဲ့ Position ပေါ့၊ ကာလုံက ဘယ်နေရာမှာ ရှိတာလဲ။ ဥပမာအားဖြင့် ကာလုံသည် လွှတ်တော်အထက်မှာ ရှိတာလား၊ လွှတ်တော်အောက်မှာ ရှိတာလား၊ အစိုးရရဲ့အထက်မှာ ရှိတာလား။ ဒါမှမဟုတ် သူဟာ Supreme Council လား။ ဆိုတော့ အဲဒီမှာ ကာလုံမှာလည်း ဥက္ကဋ္ဌကြီးအနေနဲ့က Member ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကာလုံက ဘယ်လိုကဏ္ဍမျိုးမှာ၊ နိုင်ငံတော်ရဲ့ Reform Process မှာ သူက ပါဝင်ပတ်သက်နေပါသလဲ။
ဖြေ ။ ။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ လွှတ်တော်အထက်မှာလည်း မရှိဘူး၊ အစိုးရအဖွဲ့စည်းရဲ့ အထက်မှာလည်း မရှိဘူး၊ နိုင်ငံတော်ရဲ့ အထက်မှာလည်း မရှိပါဘူး။ ကိုအောင်ဇော်တို့ သိတဲ့အတိုင်းပဲ၊ လွှတ်တော် လွှတ်တော်မှာမှ ပြည်ထောင်စုလွှတ်တော်ကပဲ နိုင်ငံတော်သမ္မတ အစိုးရအဖွဲ့ခေါင်းဆောင် အပါအဝင် အစိုးရအဖွဲ့ကို ရွေးချယ်တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ တကယ် အာဏာအရှိဆုံး ပုဂ္ဂိုလ်များဟာ ပြည်သူများပဲ ဖြစ်ပါတယ်။ ပြည်သူများရဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်က ခုနကပြောတဲ့ အစိုးအရဖွဲ့ကို ရွေးချယ်တာဝန်ပေးတယ်၊ အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်သမ္မတ နိုင်ငံတော်အကြီးကဲကလည်း ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါတယ်။
အဲဒီအတိုင်းပဲ ရွေးချယ်တာဝန်ပေးခံရတဲ့ အစိုးရအဖွဲ့ထဲကမှ ကာလုံမှာ ဘယ်သူတွေ ပါဝင်လဲဆိုရင် (၁) သမ္မတ၊ (၂) ဒုတိယ သမ္မတများ၊ (၃) မိမိ လွှတ်တော်ဥက္ကဋ္ဌ ပြည့်သူလွှတ်တော်၊ (၄) က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ စသည်စသည်ဖြင့်ပေါ့လေ၊ ကာလုံမှာ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကာလုံရဲ့အခန်းကဏ္ဍဆိုရင် နိုင်ငံတော်အကြီးကဲ အစိုးရအကြီးကဲပါတယ်၊ ဒုတိယအကြီးကဲများပါတယ်၊ လွှတ်တော်ဥက္ကဌများပါတယ်။ ပြီးတဲ့အခါမှာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နောက်တခါ တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး စသဖြင့် ဒီလိုပါတဲ့အတွက် ကာလုံရဲ့ အခန်းကဏ္ဍဟာ အခြားအဖွဲ့စည်းများနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ မြင့်မားနေတဲ့သဘောရှိပါတယ်။ ဒီအပေါ်ကြည့်ပြီးတော့ ကာလုံဟာ ဘယ်လောက်အထိ သူ့ရဲ့အဆင့်အတန်းနဲ့ အရေးပါအရာရောက်သလဲဆိုတာ ဒီလိုပဲတွက်ဆတာပဲ ဖြစ်ပါတယ်။ အဲဒီမှာမှ ကာလုံမှာ ဘာတာဝန်ရှိသလဲဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေအထဲမှာ သတ်မှတ်ထားတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အလွတ်တော့လည်း အားလုံးမရပါဘူး။
မေး ။ ။ အဲဒီဖွဲ့စည်းပုံကို ကျော်ပြီးတော့ ကာလုံက ဘာတွေများဆုံးဖြတ်သလဲ။ ဘယ်လို Decision တွေ၊ တိုင်းပြည်အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စမျိုးတွေ ဆုံးဖြတ်ပါသလဲ။
ဖြေ ။ ။ အဲဒီတော့ ခေါင်းစဉ်အတိုင်းပဲလေ။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး၊ ဒီအတွက် အဓိကထား စဉ်းစားတာဆိုတော့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သောကိစ္စများ မဖြစ်ပေါ်လာရေးအတွက် အဓိကထား စဉ်းစားတယ်ဆိုလို့ရှိရင် ဒါက အနီးစပ်ဆုံးပြောလို့ရတာပေါ့လေ။ ဒါကြောင့်မို့လို့ ခုနက ကာလုံသည် တခါထပ်ပြောမယ်ဆိုရင် တည်ဆဲဥပဒေနဲ့အညီ၊ နောက်ပြီးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်လို့မရပါဘူး။
မေး ။ ။ ဒါပေမယ့် တိုင်းပြည်နောက်ပိုင်း ပွင့်လင်းအေးချမ်းသာယာသွားပြီဆိုရင် ဒီကာလုံဆိုတဲ့ အဖွဲ့ကြီးလည်း ရှိချင်မှရှိတော့မှာပေါ့။
ဖြေ ။ ။ ဒီဟာလည်း မိမိသဘောနဲ့ ပြောလို့မရဘူး၊ လုပ်လို့မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဌာန်းအတည်ပြုချက်နဲ့ပဲ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။
မေး ။ ။ အရင်ကဆိုရင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းပေါ့လေ၊ တိုင်းပြည်မှာ နံပါတ် ၃ နေရာလို့တောင် ပြောလို့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကဆိုရင်လည်း ဗိုလ်ချုပ်ကြီးအနေနဲ့ သမ္မတ ဖြစ်လာနိုင်တယ်ဆိုတဲ့ အရေးအသားမျိုးတွေ ကြိုတင်ဟောကိန်းထုပ်ခဲ့တယ်ပေါ့လေ။ ဆိုတော့ ကျနော်တို့သိချင်တာက ဥက္ကဋ္ဌကြီးအနေနဲ့ရော တချိန်မှာ အနာဂတ်မှာ ဘယ်လို နိုင်ငံရေးရည်မှန်းချက်တွေရှိပါသလဲ။
ဖြေ ။ ။ အနာဂတ်ဆိုတာက ရှေ့လာမယ့် အနာဂတ်ကိုပြောတာလား။
မေး ။ ။ ၂၀၁၅ ကိုပြောတာပေါ့။
ဖြေ ။ ။ ပတ်ဝန်းကျင်က ယူဆထားတာပေါ့၊ ပြောရမယ်ဆို ခန့်မှန်းထားတာပေါ့။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံရဲ့ အစဉ်အလာအရ ၁ မရှိရင် ၂ တက်တယ်၊ ၂ မရှိရင် ၃ တက်တယ်။ ဒါကြောင့်မို့လို့ လာမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်နဲ့အတူ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့မှာ တကယ်လို့များ အဲဒီအဖွဲ့မှာ ဦးရွှေမန်းတို့ဟာ ပါမယ်ဆိုလို့ရှိရင် လူကြီးနှစ်ယောက် မပါလို့ရှိရင် သူက အကြီးဆုံးဖြစ်တယ်၊ ဒီမှာ အကြီးဆုံးဖြစ်မှာပဲဆိုတဲ့ ဒီတွေးခေါ်မှုတွေက မှားယွင်းတယ်လို့ မပြောနိုင်ပါဘူး။ သို့သော်လည်း ဒီကိစ္စဟာ နိုင်ငံရေးကိစ္စဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် နိုင်ငံတခုကို သွားမယ့်လမ်းကြောင်း ရွေးချယ်တဲ့စနစ်တခု ဆောင်ရွက်တဲ့ ကိစ္စမှာ ဒီခေတ်စနစ်နဲ့ လျော်ညီအောင် သက်ဆိုင်ရာ ဟိုတုန်းက တာဝန်ရှိတဲ့လူတွေရယ် ပြီးတဲ့အခါမှာ ပြည်သူတွေရယ် စဉ်းစားပေးရမယ့် အလုပ်ပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ခုနက ဦးရွှေမန်း သမ္မတကြီး ဖြစ်လာမယ်ဆိုတာ ပြည်သူထဲက ပြည်သူတယောက်က စဉ်းစားပြီးပြောတဲ့ကိစ္စ ဖြစ်ပြီးတော့ နောက်ဆုံး ဦးရွှေမန်းကို ကိုယ်စားလှယ်ကနေပြီး လွှတ်တော်ဥက္ကဋ္ဌ ဖြစ်အောင်လည်း ပြည်သူ့ကိုယ်စားလှယ်တွေက တာဝန်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတာဝန်ပေးမှုနဲ့ ပတ်သက်လို့ မိမိဘက်က ပြောမယ်ဆိုရင် တာဝန်ကျေပြွန်အောင် ဆောင်ရွက်ဖို့ဆိုတာပဲ မိမိစိတ်ထဲမှာ ရှိပါတယ်။
မိမိအမှုထမ်းစဉ် ကာလတလျှောက်မှာလည်း တာဝန်ကျေရေးသည် အဓိကဖြစ်ပါတယ်။ ဒါကို ခုနက ဧရာဝတီက မေးတဲ့ မေးခွန်း ၂၀၁၅ မှာ နိုင်ငံရေးရည်မှန်းချက် ဘယ်လောက်ရှိလဲဆိုတာ မိမိရဲ့နိုင်ငံရေးရည်မှန်းချက်က နိုင်ငံတော်ကို ကောင်းအောင် အများပြည်သူတွေ ကောင်းအောင် တတ်နိုင်သမျှ မိမိရောက်ရှိတဲ့နေရာက စွမ်းဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာလည်း ပြည်သူကနေပြီးတော့ သတ်မှတ်ပေးတဲ့ ပြည်သူကနေပြီးတော့ ရွေးချယ်ပေးတဲ့ လမ်းကြောင်းပေါ်မှာ မိမိလျှောက်ဖို့ ဖြစ်ပါတယ်။
(ဒုတိယပိုင်း ဆက်လက် ဖော်ပြပါမည်)