မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက မောင်တောမြို့တွင် ယခုလ ၈ ရက်နေ့က ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသား တချို့သေဆုံးခြင်း၊ နေအိမ်များမီးရှို့ခံရခြင်းများ ဖြစ်ခဲ့ပြီးနောက် ဘူးသီးတောင်၊ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ စသည့်မြို့များအထိပါ အဓိကရုဏ်းဖြစ်ရပ်များ ကူးစက်ခဲ့သဖြင့် အစိုးရက ညမထွက်ရ အမိန့်နှင့်အတူ အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။
ယင်းသို့ထုတ်ပြန်ပြီး အခြားမြို့များတွင် တည်ငြိမ်မှုရရှိခဲ့သော်လည်း ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် အကြမ်းဖက်မှု အခြေ အနေများ ဆက်တိုက်ဖြစ်ပွား ခဲ့ပြီးနောက် ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဘက်လုံးတွင် လူအသေအပျောက်များ ရှိခဲ့သည်။ အိုးအိမ်များ ပျက် စီး ၍ ထောင်ပေါင်း များစွာသော ဒုက္ခသည်များလည်း ဖြစ်ပေါ်ခဲ့ရသည်။
အဓိကရုဏ်း အခြေအနေများနှင့်ပတ်သက်၍ ကွပ်ကဲ ထိန်းသိမ်းနိုင်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရက အရေးပေါ်လုံခြုံရေး အဖွဲ့ဖွဲ့စည်းခဲ့ပြီး ထိန်းသိမ်းခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်း တွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေကို ပြောပြပေးပါ။
ဖြေ။ ။ အခုတော့ မနေ့ကစပြီး တော်တော်လေးငြိမ်သွားပါပြီခင်ဗျ။ လုံခြုံရေးကလည်း တပ်ရော၊ ရဲတပ်ရင်းတွေရော လုံလောက် တဲ့ လုံခြုံရေးအင်အား ရှိပါတယ်ခင်ဗျ။ စဖြစ်တုန်းကတော့ ကျနော်တို့က ရဲတပ်ရင်းကိုပဲ သုံးတယ်။ ပြည်ထောင်စု အစိုးရက စစ် တပ် ကို သုံးခွင့်ပြုတယ် ဆိုပေမယ့် ကျနော်တို့က နိုင်လောက်တဲ့ အင်အားရှိတယ်လို့တွက်ပြီးတော့ ကျနော်တို့ မသုံးပါဘူး။ နောက် ပိုင်းကြမှပဲ တမြို့လုံးက ဟိုဘက်၊ ဒီဘက်တွေဖြစ်လာတာတွေများလာမှ တပ်ကို စသုံးပြီးတဲ့အချိန်ကစပြီးတော့ အခုတော့ အကုန် လုံး ကောင်းသွားပါပြီ။
မေး။ ။ စစ်တွေမြို့ခံတွေနဲ့ အဲဒီကိုရောက်နေတဲ့ သတင်းထောက်တွေကတော့ လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်နှိမ်နှင်းတာတွေလည်း ရှိတယ်လို့ ပြောကြတယ်။
ဖြေ။ ။ စဖြစ်တုန်းကတော့ မိုးပေါ်ထောင်ဖောက်တာပဲ ရှိပါတယ်။ ၁၂ ရက်နေ့က စစ်တွေမြို့ပေါ်မှာ ကျနော်တို့က မိုးပေါ်ထောင် ပစ် တယ်။ အဲဒါကို ဟိုဘက်က လူစုက အတင့်ရဲလာလို့ လူစုခွဲတဲ့အနေနဲ့ လုံထိန်းတပ်ကသုံးတဲ့ ရော်ဘာ ကျည်တွေကိုပဲ သုံးပါတယ် ခင်ဗျ။ လုံထိန်းတွကပစ်လို့ အမျိုးသမီးတယောက် ဒဏ်ရာရသွားတာတော့ ရှိပါတယ်။ သေဆုံးလောက်တဲ့ ဒဏ်ရာ ရတာ တော့ မရှိပါဘူး။
မေး။ ။ အပြင်မှာ သတင်းတွေ ထွက်ပေါ်ချက်တွေအရ ဘင်္ဂါလီတွေဘက်က သေနတ်တွေပါတယ်။ အယ်လ် ကေးဒါး အဖွဲ့နဲ့ ဆက် သွယ်တဲ့ စာရွက်စာတမ်းတွေ တွေ့ရတယ် ဆိုပြီး ပြောနေတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီးလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ အဲဒါကတော့ ဒီလိုပဲ ဟိုအရင်ကတည်းက သတင်းတွေ ပျံ့နေတာပေါ့။ အခုချိန်အထိတော့ သူတို့ဆီကနေ သေနတ်တွေ့တာ မရှိသေးပါဘူး။ တပ်က မရောက်ခင်တော့ ပြန်ပစ်တယ် ဘာညာနဲ့ သတင်းတွေထွက်တာတော့ ရှိတယ်။ အယ်လ် ကေးဒါး အဖွဲ့နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ တွေ့တယ်ဆိုတာတော့ ဟုတ်တယ်။ မောင်တော ဘက်ကနေပြီးတာ့ သူတို့ ဒီဘက်တွေကို ဖြန့် တာတွေလည်း ပါပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်ထဲမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းတွေမှာ မတူတာတွေကို တွေ့ရတယ်။ တချို့က မီးရှို့တာ ရခိုင်တွေလို့ပြောနေသလို၊ တချို့ကလည်း ဘင်္ဂါလီတွေပဲရှို့တာလို့ ဖော်ပြတာတွေ တွေ့နေကြရတယ်။ ဒီ သတင်းတွေနဲ့ ပတ်သက်ပြီး ဆရာတို့က ဘာပြောချင်လဲ။
ဖြေ။ ။ မွတ်စလင်တွေက သူတို့အိမ်ကို သူများအိမ်တွေရှို့သလို သူတို့အိမ်ကို သူတို့ပြန်ရှို့ပြီး ထွက်ပြေးတာတွေလည်း ရှိတယ်ဗျ။ ရခိုင်ကနေ ပြန်ရှို့တာတွေလည်း ရှိပါတယ်။
မေး။ ။ စစ်တွေမြို့ခံတွေကတော့ ပြောတယ်။ အစိုးရလုံခြုံရေးတပ်တွေ ရောက်လာတဲ့ အတွက် သူတို့ဝမ်းသာပေမယ့်။ ရပ်ကွက် တွေထဲအထိ လုံခြုံရေးုယူမပေးနိုင်တဲ့ အတွက် သူတို့အိမ်တွေ မီးရှို့ခံရတယ်။ လုံခြုံရေးကို သူတို့ကိုယ်တိုင်ယူနေရတယ်လို့ ပြော တယ်။
ဖြေ။ ။ သူတို့ပြောတာတော့ ကျနော်တို့ တပ်မရောက်ခင်က အခြေအနေတွေကို ပြောတာဖြစ်ပါလိမ့်မယ်။ ကျနော်တို့ တပ် ရောက် လာပြီး နောက်ပိုင်းမှာ အခြေအနေတွေက အေးအေးဆေးဆေး ဖြစ်သွားပါတယ်။ မနေ့ညနေက စပြီး အခုချိန်အထိ အေးအေးဆေး ဆေးပါ။ တပ် မရောက်ခင်ကတော့ မွတ်စလင်တွေက ဓာတ်ဆီပုလင်းတွေမီးရှို့ပြီး သူတို့အိမ်တွေကို ပစ်တာတွေရှိတာတော့ ဟုတ် ပါတယ်။ အခု အဲဒီအခြေအေနေတွေ မရှိတော့ပါဘူး။ ဒီမှာလည်း ပြည်တွင်း၊ ပြည်ပ မီဒီယာတွေလည်း ရှိပါတယ်။ မေးကြည့်နိုင်ပါတယ်။
မေး။ ။ အဓိကရုဏ်း အခြေအနေတွေကြားမှာ သေဆုံးဒဏ်ရာရရှိတဲ့ စာရင်းတွေက ဘယ်လောက်ရှိနေပြီလဲ ခင်ဗျ။
ဖြေ။ ။ ကျနော့်စီမှာ ဇွန် ၁၁ ရက်နေ့အထိ စာရင်းပဲရှိတယ်ဗျ။ မောင်တောမှာဖြစ်တဲ့ ဖြစ်စဉ်မပါဘဲ ပြည်နယ်တခုလုံးမှာ ဖြစ်တဲ့ဟာ၊ သေဆုံးသူ ရခိုင် ၁၂ ဦး၊ ဒဏ်ရာရတဲ့ လူ ၁၁ ယောက်၊ မွတ်စလင်ဘက်ကတော့ သေဆုံးသူ ၉ ဦး ဒဏ်ရာရတဲ့လူ ၁၀ ဦး အဲဒါပဲ။ တခြားမှာ သေတယ် ဘာညာ သတင်းတွေထွက်နေပေမယ့်လည်း ကျနော်တို့ အတည်ပြုလို့ မရသေးပါဘူး။ ဒါတွေကတော့ ဆေးရုံ ကိုရောက်လာတဲ့ စာရင်းပါ ခင်ဗျ။
မေး။ ။ ဒီအဓိကရုဏ်းတွေ ဖြစ်ပေါ်ရခြင်း အခြေအနေမှန်ကိုပြောပါဆိုရင် ဘာဖြစ်မလဲ ခင်ဗျ။
ဖြေ။ ။ အဲဒါတွေပြောရမယ်ဆိုရင် ခက်တယ်ဗျ။ အခုအချိန်မှာ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ နိုင်ငံတော်အစိုးရကနေပြီးတော့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို သွားနေတဲ့အချိန်မှာ ဒီ လိုမလိုလားအပ်တဲ့ ပြဿနာတွေတော့ မဖြစ်စေချင်ဘူးပေါ့ ဗျာ။
မေး။ ။ ရခိုင်ပြည်နယ်ထဲမှာဖြစ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ မြန်မာမီဒီယာ အများစုမှာဖော်ပြတာတွေနဲ့ နိုင်ငံတကာ မီဒီယာ တချို့မှာ ဖော်ပြတာတွေက အရမ်း ကွာနေတယ်။ ဒါက ဘယ်လိုဖြစ်တာလဲဆိုတာ ရှင်းပြပါဦး ခင်ဗျ။
ဖြေ။ ။ အဲဒါကတော့ မျက်မြင်ကိုယ်တွေ့ ပြောရမယ်ဆိုရင် ဒါဟာ ဆန့်ကျင်ဘက်လို့ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘူးသီးတောင်၊ မောင်တောမှာ ရခိုင်လူမျိုးက သိပ်မရှိဘူး ခင်ဗျ။ နိုင်ငံတကာကလည်း သိသလို ခင်ဗျားတို့လည်း သိမှာပါ။ ရှင်းရှင်းပြောရရင် စစ်တွေမှာလည်း သူတို့ အင်အား မနည်းဘူး ရှိနေတာပဲ။ ဖြစ်နေတဲ့လူတွေကိုယ်တိုင် အသိဆုံးပါ။ သူတို့က ဘာသာရေး အရ လူမျိုးရေးအရ ပုံကြီးချဲ့ပြောတာတွေတော့ ရှိတာပေါ့။
မေး။ ။ ဒါဆိုရင် မြန်မာအစိုးရအနေနဲ့ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အခြေအနေမှန်တွေကို နိုင်ငံတကာက သိအောင် ထုတ်ပြန် ပေး ဖို့ ရှိလား ခင်ဗျ။
ဖြေ။ ။ ရှိပါတယ်။ အခုလည်း ကျနော်တို့ ဆီမှာ တိုက်ရိုက် ထုတ်လွှင့်ဖို့အတွက် ဆိုပြီး ပြည်တွင်း မီဒီယာတချို့က တောင်းဆို ထား တာကို ခွင့်ပြုထားသလို၊ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေကိုလည်း လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပြုထားတာ အများမျက်မြင်ပါပဲ။ ကျနော်တို့ ဘာမှ တားဆီးမထားပါဘူး။
မေး။ ။ အဓိကရုဏ်း အခြေအနေတွေကြောင့် နှစ်ဘက်လုံးမှာ ဒုက္ခသည်အဖြစ်နဲ့ ခိုလှုံနေကြရတယ်လို့ သိရတယ်။ ဘယ်လောက် တောင် များနေပြီလဲ။
ဖြေ။ ။ လောလောဆယ်တော့ ၃၀၀၀၀ ကျော်လောက် ခန့်မှန်းပါတယ်။ မွတ်စလင်ဘက်မှာတော့ ကလေးတွေအရမ်းများတော့ သူတို့ဘက်က ပိုများတယ်လို့ ပြောလို့ရတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မနေ့က ကုလ ကိုယ်စားလှယ် မစ္စတာ နမ်ဘီယာ လာသွားပါတယ်။
မေး။ ။ အခုလူပြောများနေတာက အစိုးရအနေနဲ့ အခု ရခိုင်ပြည်နယ် အဓိကရုဏ်းကိုင်တွယ်ရာမှာ ထိရောက်မှုမရှိဘူး။ လုံခြုံရေး ယူထား နေရင်းနဲ့ပဲ အိမ်တွေ မီးရှို့ခံနေရတယ်။ အရင်တုန်းကဆိုရင် ဆန္ဒပြတာနဲ့ ပစ်ခတ်နှိမ်နှင်းတယ်လို့ ပြောနေကြတယ်။
ဖြေ။ ။ အခုဟာ ကျနော်တို့က ဒီမိုကရေစီနိုင်ငံသွားမှာကိုး၊ အရင်တုန်းကတော့ တပ်ကအုပ်ချုပ်တာကိုး၊ အရင်တုန်းကတော့ ဖြစ် လာပြီဆိုရင် တပ်က ချက်ချင်း ဝင်တယ်လေ။ ကျနော်တို့က အခု ဒီမိုကရေစီနိုင်ငံဆိုတော့ တပ်အင်အားကို ဖြစ်နိုင်ရင်တော့ မသုံး ဘူး ပေါ့ဗျာ။ ဖြစ်နိုင်ရင်တော့ လုံထိန်းအဖွဲ့တွေနဲ့ပဲ နိုင်အောင် ထိန်းစေချင်တာ။ ကျနော်တို့ သမ္မတကြီးပြောသလိုပေါ့။ ခေတ်နောက် ဘက်ပြန်သွားမှာကို စိုးရိမ်တဲ့အတွက် ကျနော်တို့ တပ်ကို မသုံးတာပါ။ အရင်တုန်းကတော့ တပ်က ဖြစ်ပြီဆိုရင် အင်အားနဲ့သုံးတဲ့ အခါကြတော့ ဒီလောက်မကြာဘူးပေါ့လေ။ ဒီမှာလည်းသူတို့က ပြောပါတယ်။
မေး။ ။ ဒီ အဓိကရုဏ်းအခြေအနေတွေက ထပ်ပြီးကြာနိုင်သေးလား။ ဘယ်ချိန်လောက် ပုံမှန်အခြေအနေကို ပြန်ရောက်သွားနိုင် လဲ။
ဖြေ။ ။ ကျနော်တို့ကတော့ သိပ်ကြာတော့မယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ကပဲ သူတို့ ဘာသာရေးခေါင်းဆောင် တွေ လဲ လာတယ်လေ။ ဒီဘက်က ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ ဆွေးနွေးတဲ့အခါကြတော့ မကြာခင်ပြေလည်သွားမယ် လို့ ယုံကြည်ပါတယ်။ ။