ယခင် စစ်အစိုးရအဖွဲ့တွင် တတိယအဆင့်ရှိသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် ပြုပြင်ပြောင်းလဲရေးကို လိုလားသူအဖြစ် အများက မြင်ကြသည်။ ယခု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းသည် နိုင်ငံတွင်း လာဘ်စားမှုများရှိကြောင်း ဝန်ခံပြောဆိုခဲ့ပြီး အစိုးရဝန်ထမ်းများ လစာတိုးပေးရေးအတွက် လွှတ်တော်တွင် တင်ပြခဲ့သည်။ ဒု သမ္မတ ဦးတင်အောင်မြင်ဦး နုတ်ထွက်စာတင်ပြီးနောက် ဦးရွှေမန်းသည်လည်း ဒု သမ္မတ ဖြစ်လာနိုင်သူများထဲမှ တဦးအဖြစ် ထင်ကြေးပေးခံရသူဖြစ်သည်။
အင်တာဗျူး ဒုတိယပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စ၊ ပြည်သူ့ဆန္ဒနှင့် လွှတ်တော်၊ သတင်းမီဒီယာများ၏ အခန်းကဏ္ဍ၊ အနာဂတ်တွင် စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်မှု အလားအလာတို့ကို နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ဥက္ကဋ္ဌကြီးအနေနဲ့ မကြာခင်ကဖွဲ့စည်းခဲတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီထဲမှာလည်း ပါဝင်နေတာ ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ ကချင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်၊ တချိန်တည်းမှာပဲ ကရင်ပြည်နယ်နဲ့ တခြား ရှမ်းပြည်နယ်မှာဆိုလည်း အပစ်အခတ်ရပ်စဲတာ (Ceasefire) တွေ စပြီးလုပ်နေပြီ၊ ပြည်ထောင်စုအစိုးရအနေနဲ့ပေါ့လေ။ ဆိုတော့ အဲဒီကော်မတီအနေနဲ့များ ဒီပြည်တွင်းငြိမ်းချမ်းရေးတို့၊ အခုခေါ်ကြတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဘယ်လိုဖေါ်ဆောင်နိုင်မယ်ထင်ပါသလဲ၊ တိုင်းရင်းသားအရေးကိစ္စတွေပေါ့လေ။
ဖြေ။ ။မှန်ပါတယ် ဒီတိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စဟာ အစိုးရအဖွဲ့၊ လွှတ်တော်က အင်မတန် စိတ်ဝင်စားတာဖြစ်သလို ပြည်သူတရပ်လုံးကလည်း စိတ်ဝင်စားပြီး လိုလားတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒီကော်မတီအနေနဲ့ ဘယ်လောက် ဆောင်ရွက်ပေးနိုင်မလဲ ဆိုတဲ့အခါမှာ ဒီကော်မတီက ခုနကပြောတဲ့အတိုင်းပဲ နိုင်ငံမှာရှိတဲ့ အကြီးအကဲတွေပါဝင်ပြီး ဖွ့ဲစည်းထားတဲ့ အဖွဲ့စည်းပဲဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ ဒီကော်မတီအောက်မှာ လုပ်ငန်းကော်မတီဖွဲ့ပါတယ်။ အဲဒီလုပ်ငန်းကော်မတီမှာ ဒီနေ့ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ရှမ်းအမျိုးသားက ဦးစီးပြီးတော့ ဒုတိယ ဥက္ကဋ္ဌများအဖြစ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြီးတဲ့အခါ တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ဝန်ကြီး ဦးအောင်မင်းနဲ့ တခြားဝန်ကြီးများပါသလို လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်များပါဝင်ပါတယ်။ ဒါကြောင့်မို့ ဒီတခါ ဖွဲ့စည်းဆောင်ရွက်တဲ့ ဟာကတော့ အရင်ထက်စာလို့ရှိရင် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်ရမှာဖြစ်ပါတယ်။ ယုံကြည်ချက်အတိုင်းလည်း ဖြစ်အောင်လုပ်ဖို့ မိမိတို့ တိုက်တွန်းဆောက်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ဥက္ကဋ္ဌကြီးအနေနဲ့ အရင်တုန်းက တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တာ ကရင်ပြည်နယ်မှာ တာဝန်ကျခဲ့တာတွေရှိတယ်၊ တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ကိစ္စတွေလည်း ဖတ်ခဲ့ဖူးတယ်။ အဲဒီတုန်းက တပ်မတော်သား အရာရှိဘဝမှာ ဒီဖြေရှင်းရတဲ့ ပုံစံ၊ အခုလွှတ်တော်ဥက္ကဋ္ဌ ဖြေရှင်းရတဲ့ ပုံစံနဲ့ ဒီ ပဋိပက္ခပေါ့၊ ပြည်တွင်းစစ်ကို ဖြေရှင်းရတာ တော်တော်တော့ ကွာမယ်ထင်တယ်။
ဖြေ။ ။ ဒီလိုပေါ့၊ ကာလဒေသ အခြေအနေပေါ် မူတည်ပြီးတော့ ကွဲပြားမှုတွေ အများကြီးရှိပါတယ။ ဒီအမေးမေးတဲ့ အခါကျတော့လည်း မိမိ ဒီငယ်စဉ်ဘဝကနေပြီးတော့ နောက်ဆုံး ဒီတပ်မတော်မှာ တကယ့် အဓိကျတဲ့နေရာ ရောက်တဲ့အထိ မိမိတို့ ကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲငယ်၊ တိုက်ပွဲကြီး စစ်ဆင်ရေးများကို ပြန်ပြီးတော့ သုံးသပ်တဲ့အခါမှာလည်း တပ်မတော်ဘက်က စစ်သားတယောက်၊ စစ်ခေါင်းဆောင်တယောက်အနေနဲ့ ဒီလိုစစ်ပွဲတွေ၊ တိုက်ပွဲတွေ ဖြစ်ချင်လွန်းလို့ ဖြစ်တာ မဟုတ်ဘူး။ ဒါပေမယ့် ဟိုတုန်းက ရန်သူလို့ပြောတဲ့ ကရင်ပြည်နယ်က ဒီအဖွဲ့တွေပေါ့လေ၊ လက်နက်ကိုင်အဖွဲ့တွေပေါ့၊ သူတို့ကလည်း တိုက်ချင်လွန်းလို့ တိုက်ရတာမဟုတ်ဘဲနဲ့ အဲဒီအခြေအနေ အဲဒီအချိန်အခါက ဖန်တီးပေးလိုက်တဲ့ ပတ်ဝန်းကျင်နဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။
အဲလိုဆောင်ရွက်တဲ့နေရာမှာ မိမိ အရာရှိငယ်ဘဝအတွင်းမှာ မိမိနဲ့အတူ စစ်ကြောင်းများမှာ ပါလာတဲ့ ကိုယ်တို့ခေါ်တော့ ပေါ်တာ (Porter) ပေါ့လေ၊ မိမိတို့ တပ်ကခေါ်တော့ ဝန်ထမ်းပေါ့၊ အဲဒီ ဝန်ထမ်းတွေထဲမှာလည်း ခုနက ဒေသမှာ ရှိကြတဲ့ ပြည်သူတွေ၊ ပြောရမယ်ဆိုရင် တိုင်းရင်းသားတွေပါတယ်၊ တဖက်မှာလည်း တိုင်းရင်းသားတွေပါတယ်။ အဲဒီတော့ မိမိတပ်ထဲမှာကိုယ်နှိုက်က KNU ဆိုလို့ရှိရင် ဒီဘက်က မိမိတို့ဘက်မှာလည်း ကရင်ရဲဘော်တွေပါတယ်၊ ကရင်အရာရှိတွေပါတယ်၊ ကရင်ဆရာတွေပါတယ်။ အဲဒီအချိန်မှာလည်း ခုနက တိုက်ပွဲမှာ ဆုံတဲ့အခါကျတော့ တယောက်နဲ့တယောက် ကရင်လိုလှမ်းပြီးတော့ ပြောတာတွေရှိတယ်၊ ဆဲတာတွေရှိတယ်၊ တယောက်ကိုတယောက်ပြောတာတွေရှိတယ်။ ဒီကိစ္စတွေက မိမိရဲ့ တကယ့်စိတ်ထားအနေနဲ့ ပြောမယ်ဆို ကောင်းတဲ့ကိစ္စတွေ မဟုတ်ဘူး။ ဒါပေမယ့်လို့ ကောင်းတဲ့ကိစ္စမဟုတ်ဘဲနဲ့ အဲဒီကိစ္စတွေ မိမိတို့ လုပ်ခဲ့ရတယ်။ ဟိုဘက်ကလည်း ဒီလိုပဲလုပ်ခဲ့ကြတယ်။
အဲဒီကနေပြီးတော့ နောက်ပိုင်း ငြိမ်းချမ်းရေး ရလာတဲ့အချိန်၊ ငြိမ်းချမ်းရေးဆိုတာ ဟိုတုန်းက ယာယီ အပစ်အခတ် ရပ်စဲရေးကာလအတွင်းမှာ ပြန်တွေ့တဲ့ အခါကျတော့လည်း ပြန်ပြောကြတယ်၊ ဟိုတုန်းက ဗိုလ်ချုပ်ကြီးက ဘယ်နေရာမှာ ကျနော်က ဘယ်နေရာမှာ ဆိုတဲ့အခါကျတော့ ဒီကိစ္စတွေက တကယ်တမ်း ဘယ်လိုမှ ဖြစ်သင့်တဲ့ ကိစ္စတွေမဟုတ်ဘူး။ အဲဒီအတွက် မိမိအနေနဲ့ တကယ့်ကို ငြိမ်းချမ်းရေးရချင်တယ်၊ လိုချင်တယ်။ ခုနက ကွာလားဆိုတဲ့နေရာမှာ ဒီနေ့တော့ ကွာသွားပြီ။ ဘာကွာလဲ၊ ဟိုတုန်းက ကိုယ်ကိုယ်တိုင် သေနတ်ကိုင်ပြီးတော့ သူနိုင်ငါနိုင် တိုက်ရတဲ့အချိန်၊ သူက ကိုယ့်ကိုသတ်ချင်မယ်၊ ကိုယ်ကလည်း သူ့ကို သတ်ချင်မယ်၊ သတ်ချင်မယ်ဆိုတာ ကိုယ်မသေအောင်လုပ်တဲ့အခါမှာ သူ့ကိုအရင်သတ်ဆိုတဲ့ သဘောဖြစ်တာကိုး။ ဒီအခြေအနေကျတဲ့ အခါကျတော့ ကိုယ်ကိုယ်တိုင်လည်း လက်နက် မကိုင်ဘူး၊ ဘေးကနေပြီးတော့ အမြင်နဲ့ ခေါင်းအေးအေးနဲ့ စဉ်းစားတဲ့အတွက် ပိုပြီးတော့ မှန်မှန်ကန်ကန် စဉ်းစားပေးနိုင်မယ်လို့ထင်ပါတယ်။ မျှပြီးတော့ ပိုပြီးတော့ စဉ်းစားပေးနိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။အခုပြည်ပ Investment တွေက လာမယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။ လာပြီး လေ့လာတာတွေရှိတယ်၊ ကျန်တဲ့တဖက်မှာလည်း စိုးရိမ်မှုတွေရှိတယ်ဆိုတဲ့အတွက် ပြည်တွင်းမှာဆိုရင်ပေါ့ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို အခုချိန်အထိအများစုက ခရိုနီ (Cronies) ဆိုတဲ့သူတွေက စီးပွားရေးကို ထိန်းချုပ်ထားတာတွေ့ရတယ်။ ဒီမေးခွန်း ဘယ်လောက်ထိ ဆိုင်မလဲတော့မသိဘူး၊ ဒါပေမယ့် လွှတ်တော်အနေနဲ့ ဒီကိစ္စတွေကို အစိုးရက ကိုင်တွယ်နေတာတွေကို ဘယ်လို ထိန်းကျောင်းပေးနိုင်မယ်ထင်သလဲ။
ဖြေ။ ။အစိုးရက ကိုင်တွယ်နေတာကို ဘယ်လို ထိန်းကျောင်းပေးနိုင်မလဲ ဆိုတဲ့ခါမှာ လွှတ်တော်ရဲ့သဘောသဘာ၀ ဥပဒေနဲ့ပဲ ထိန်းကျောင်းပေးရမယ့် သဘောရှိပါတယ်။ ဒါကြောင့်မို့လို့ မှန်ကန်တဲ့ဥပဒေ၊ ပြီးတဲ့အခါမှာ နည်းဥပဒေ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေက တကယ့်ပြည်သူတွေလိုလားတဲ့ ပြည်သူတွေဖော်ဆောင်ပေးလိုက်တဲ့ အပေါ်မှာမူတည်ပြီးတော့ ဥပဒေကနေတဆင့် လုပ်ဆောင်တဲ့၊ နောက်ဆုံးပြောမယ်ဆိုရင် အမိန့်ကြော်ငြာစာ ညွှန်ကြားချက်အတိုင်း လိုက်နာရေးအတွက် ဆောင်ရွက်ဖို့ အမှန်တကယ်လိုမှာ ဖြစ်ပါတယ်။
မေး။ ။အဲဒီအဆင့်ကိုရော ကျနော်တို့ရောက်နေပြီလား။
ဖြေ။ ။ကြိုးစားနေဆဲပဲ။ တလောတုန်းကပဲ ဂျာမန် ဒုတိယ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒီခန်းမမှာ၊ ဒီနေရာမှာ တွေ့စဉ်တုန်းက သူ့အနေနဲ့ပြောမယ်ဆိုရင် ဒီမိုကရေစီဆိုတာ အမြဲပြုပြင်ပြောင်းလဲနေတဲ့ ဖြစ်စဉ်တခုဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ အဲဒီအဆင့်ရောက်ဖို့ ဆိုတဲ့နေရာမှာလည်း အမြဲ မိမိတို့ ပြောင်းလဲနေရမယ်၊ ဒီမိုကရေစီရတဲ့ နိုင်ငံအများစုမှာလည်း ဒီဟာမျိုးတွေ တခါတလေ သို့မဟုတ် အခါခါကြုံတွေ့ရမှာဖြစ်ပါတယ်။ မိမိဘက်ကပြောချင်တာက ကြိုးစားပါမယ်၊ အမြဲကြိုးစားပါမယ်၊ ဘယ်သူနဲ့အတူလဲ၊ လွှတ်တော် ကိုယ်စားလှယ်များနဲ့အတူ ကြိုးစားပါမယ်။ တယောက်ထဲလည်းမရဘူး။ လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပါဝင်မှရမယ့် သဘောရှိပါတယ်။ ဒါတင်လားဆိုရင် မဟုတ်သေးဘူး၊ ပြည်သူတွေ၊ ပြည်သူတွေဘက်ကလည်းလိုပါတယ်။
ဘာကြောင့်လဲ၊ ပြည်သူတွေက အလုံးစုံသော အာဏာပိုင်ရှင်များဖြစ်ပါတယ်။ ပြည်သူတွေကနေပြီးတော့ ပြည်သူ့ကိုယ်စားလှယ် မိမိတို့ကို ရွေးထားတယ်။ အဲဒီကိုယ်စားလှယ်နဲ့ ဖွဲ့စည်းပြီးတဲ့အခါမှာ လွှတ်တော်ဖြစ်လာတယ်၊ လွှတ်တော်က ခုနကပြောသလို အစိုးရဖွဲ့ ဖွဲ့စည်းတာဝန်ပေးတယ်။ အစိုးရအဖွဲ့က လွှတ်တော်က ပြဌာန်းလိုက်တဲ့ဥပဒေတွေကို အကောင်ထည်ဖော် ဆောင်ရွက်။ ဘယ်မှာ ဆောင်ရွက်ရသလဲ၊ ပြည့်သူကြားမှာ။ ပြီးတဲ့အခါမှာ ဒီအစိုးရအဖွဲ့ကလည်း အစိုးရအဖွဲ့ သက်သက်ချည်းမရ။ သူ့အောက်မှာ ဘာရှိသေးလဲဆိုရင် အစိုးရဝန်ထမ်းများရှိတယ်။ ဝန်ထမ်းများကနေတဆင့် တည်ဆောက်တဲ့အခါမှာ ပြည်သူရယ်၊ ပြည်သူ့ကိုယ်စားလှယ်ရယ်၊ ပြည်သူ့ဝန်ထမ်းတွေရယ်။ သူ့ကဏ္ဍနဲ့သူ အားလုံးပါဝင်ဖို့လိုတယ်။
ဒီနေရာမှာ ဒီခေတ်ဒီစနစ် သွားတဲ့အခါမှာ ပြည်သူတွေဘက်က မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီးတော့ မှန်မှန်ကန်ကန် ပြောဖို့လိုပါတယ်။ အဲဒီအတိုင်းပဲ မှန်မှန်ကန်ကန်နဲ့ပဲ ပြည်သူ့ကိုယ်စားလှယ်တွေကို တာဝန်ပေးဖို့လိုပါတယ်။ ကျနော်တို့ဆီမှာ ဒါတွေတွေ့နေပြီ၊ ဒါတွေဖြစ်နေပြီ ဆိုတာကို သူပြောနိုင်သလောက်ပြော။ သူပြောလို့မရဘူး၊ လွှတ်တော်ကိုပြောရမယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်ကိုပြော။ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာတင်ပြ၊ လွှတ်တော်ကဆုံးဖြတ်။ ဆုံးဖြတ်တဲ့ဟာ ပေါ်လစီ ဖြစ်မယ်။ တချို့ကျတော့ နောက်အခါ ဥပဒေတွေဖြစ်သွားမယ်။ ဒါကြောင့်မို့လို့ ဒီစနစ်အောင်မြင်ဖို့ဆိုရင် ပြည်သူ့မှာလည်း တာဝန်ရှိတယ်။ မိမိတို့လို လွှတ်တော်ကိုယ်စားလှယ်များမှာလည်း တာဝန်ရှိတယ်။ နောက်ပြီးတဲ့အခါမှာ သမ္မတအစိုးရအဖွဲ့မှာလည်း တာဝန်ရှိတယ်။ အစိုးရဝန်ထမ်းတွေမှာလည်း တာဝန်ရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီဟာအောင်မြင်ဖို့ဆိုလို့ရှိရင်တော့ ဘက်ပေါင်းစုံက ဖေါ်ဆောင်ဖို့လိုတယ်။
ဒါကြောင့် မိမိလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောခဲ့တာရှိပါတယ်။ အတိတ်ပြီးခဲ့တာတွေပြီးပြီ၊ အဲဒီမှာ လိုတာတွေရှိမယ်၊ မှားတာတွေရှိမယ်၊ လွဲတာတွေရှိမယ်။ အဲဒါတွေကို ပြန်ပြောပြီးတဲ့အခါမှာ အပြစ်တွေပြောနေဖို့ အချိန်မဟုတ်ဘူး၊ အရေးကြီးတာက ရှေ့လုပ်မယ့်အလုပ်မှာ မိမိတို့အနေနဲ့ မှန်မှန်ကန်ကန် လုပ်ဖို့လိုတယ်။ အဲလိုလုပ်ဖို့အတွက် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ဖို့လိုတယ်၊ မရဲမဝံ့ သတ္တိမရှိဘူးဆိုရင် လုပ်လို့မရဘူး။ မိမိတို့နိုင်ငံမှာ ခုနက မရဲမဝံ့ သတ္တမရှိမှုနဲ့ ပတ်သက်ပြီးတော့ ကိုအောင်ဇော်တို့ သဘောပေါက်ပါတယ်၊ ပြောရဲသလား တင်ပြရဲသလား၊ မပြောရဲဘူး မတင်ပြရဲဘူး ဆိုလို့ရှိရင်တော့ လုပ်ပေးမယ်သူကလည်း မသိနိုင်ဘူး။ အဲဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းတာလည်းရှိပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အဲဒီလို ခံယူထားပါတယ်။
သတင်းမီဒီယာအခန်းကဏ္ဍနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ မိမိတို့ လွှတ်တော်ကို ပြန်ပြီးတော့ ဝေဖန်ပါ၊ အကြံပြုပါ။ သတင်းမီဒီယာတွေလည်း ခုနက စတုတ္ထမဏ္ဏိုင်မှာ တကယ့်ကို နေရာပေးချင်ပါတယ်၊ နေရာလည်းပေးထားပါတယ်။ ပြောရမယ်ဆိုရင် သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ ခုနက အာဏာသုံးရပ်နဲ့အတူပေါ့လေ၊ သတင်းမီဒီယာက မဏ္ဍိုင်သုံးခုနဲ့အတူ ရှိနေမှာဖြစ်တဲ့အတွက်ကြောင့် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို မိမိတို့ အလေးထားပါတယ်။ အဲဒီနေရာမှာလည်း ဒီစနစ်ကြီး အောင်မြင်ရှင်သန်ဖို့ဆိုရင် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့နေရာမှာ ရှိမယ်လို့ မိမိ အဲလိုပဲယုံကြည်ထားပါတယ်။
မေး။ ။ ဒီလိုဖြေသွားတဲ့အဖြေက ကျနော့်အတွက် မေးစရာ ပိုရလာတယ်။ ဘာကြောင့်လဲဆိုတော့လေ ခုနက သတင်းမီဒီယာဆိုလို့ Media Law မကြာခင်တင်တော့မယ်။ Media Law တင်တဲ့ ကိစ္စတွေကိုလည်း အပြင်မှာ အမျိုးမျိုး အသံတွေထွက်နေကြတယ်။ ဆိုတော့ Media Law မှာ ဆိုရင်လည်း အခုထက်ထိ ကျနော်တို့ မတွေ့ရသေးဘူး။ ဘယ်လောက်အထိ ဒီပြည်သူတွေက အမှန်တရားကို သိခွင့်ရမလဲ။ ဂျာနယ်လစ်တွေအပေါ် ဘယ်လောက် သူတို့ရဲ့အခွင့်အရေး ကာကွယ်မှုတွေရှိမလဲ၊ Independence Press တွေ Press Freedom တွေ ဒီလို ကာကွယ်တဲ့ဟာတွေပါလား၊ အဲဒါကို လွှတ်တော်ဘက်ကလည်း အများကြီး Debate တွေတော့ အကြီးအကျယ်ဖြစ်မယ်ထင်တယ်။
ဖြေ။ ။ကိုအောင်ဇော် ပြောသလိုပဲ။ ဒီဥပဒေကြမ်း တင်သွင်းမှုရှိတာက လွှတ်တော်ကိုယ်စားလှယ်တွေက တင်သွင်းခွင့်ရှိသလို သက်ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုအဆင့်တွေကလည်း တင်သွင်းခွင့်ရှိပါတယ်။ အခုတင်မယ့် Media Law ကတော့ ထင်ပါတယ်၊ ဒီက ပြည်ထောင်စုဝန်ကြီးဌာနက တင်ပါလိမ့်မယ်။ လာတင်တဲ့အခါ လွှတ်တော်ရောက်ပါလိမ့်မယ်၊ လွှတ်တော်ထဲရောက်တဲ့အခါမှာ တင်လာတဲ့ ဥပဒေတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါလိမ့်မယ်။ အများစုကလည်း ဆွေးနွေးမယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲ၊ လွှတ်တော်ထဲမှာ မီဒီယာနဲ့ ပတ်သက်လို့ အင်မတန် စိတ်ဝင်စားပြီးတော့ Media Cover လုပ်ချင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း အများကြီးပါပါတယ်။ ဒါကြောင့်မို့ သေချာပါတယ်၊ အများကြီးဆွေးနွေးမှာပါ။ အဲဒီကလည်း အများကြီး ပညာရမှာပါ။ အများကြီးလည်း စိတ်ဝင်စားကြမှာပါ။ အဲဒီလို ဆွေးနွေးတဲ့အချိန်မျိုးကိုလည်း ဧရာဝတီလည်း လာရောက်ပြီးတော့ တက်မယ်ဆိုလို့ရှိရင် မိမိတို့ကတော့ ဖိတ်ကြားပါတယ်။
မေး။ ။ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်တို့ကတော့ အဲဒီအတွက် Ready ပါပဲ။ ကျနော်တို့ကလည်း အများကြီး အလုပ်လုပ်ပေးချင်တာပေါ့။ ကျနော်တို့ လက်တွေ ခြေထောက်တွေကို ချည်ထားတဲ့ဥပဒေဆိုရင်လည်း ကျနော်တို့မှာ ပြဿနာရှိတယ်လေ။ အဲဒါကြောင့် ကျနော်တို့ဘက်က လာပြီး အရမ်းလာလေ့လာချင်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ စတုတ္ထမဏ္ဏိုင် ရှင်သန်ရေးအတွက် အများကြီးလိုက်ပြီးတော့ ကိုယ်စားလှယ်တော်တွေ လိုက်ပြီးပြောပေးနိုင်မယ်လို့ ကျနော်တို့ဘက်ကလည်း မျှော်လင့်ထားတာရှိတာပေါ့။
နောက်မေးခွန်းတခုက အနာဂတ်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍက နိုင်ငံရေးပါဝင်မှုအခန်းကဏ္ဍပေါ့၊ လျော့သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း ကနေပြီးတော့ Shangri-La Dialogue မှာ ပြောသွားပါတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်အားရပါတယ်ဆိုပြီး ပြောသွားပါတယ်။ တပ်မတော်ရဲ့အခန်းကဏ္ဍက ဒီအမျိုးသားနိုင်ငံရေးမှာ ဘယ်လိုဆက်ပြီး ရှိမယ်ထင်ပါသလဲ။
ဖြေ။ ။ခုနက ကာကွယ်ရေးဝန်ကြီး ဘယ်လိုဖြေသလဲတော့ မသိဘူးလေ။ တကယ်တမ်းကျတော့ အခုမိမိတို့ ဆောင်ရွက်နေရတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအထဲမှာ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါရမယ်လို့ ပြဌာန်းထားတာဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်သူ အတည်ပြုတာလဲဆိုတော့ ပြည်သူက အတည်ပြုတာ ဒါကြောင့်မို့လို့ ပြည်သူတွေဆက်ပြီး လိုလားတယ်ဆို ထည့်ပေးလိမ့်မယ်။ ပြည်သူတွေက မလိုလားတော့ဘူးဆိုတဲ့အခါမှာ အဲဒီအခါကျလို့ရှိရင်တော့ ပါခြင်းမပါခြင်းဟာ ပြည်သူရဲ့ဆန္ဒ ပြည်သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။