“ရခိုင်ပြည်နယ် တည်ငြိမ်ဖို့ နောက်ကွယ် ပယောဂ ရှာဖို့လိုတယ်”
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့က မောင်တော၊ ဘူးသီးတာင် မြို့နယ်များက စတင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး နောက်ကွယ်တွင် အကြမ်းဖက်လိုသော လူတစု၏ ပယောဂများ ပါဝင်ကြောင်း ရန်ကုန် အခြေစိုက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့ကြီးက ပြောဆို လိုက်သည်။
တည်ငြိမ် အေးချမ်းမှု ရရှိစေရန် အစိုးရက ဦးဆောင် လုပ်ကိုင်နေ သော်လည်း သာမန် မဟုတ်သော နောက်ကွယ်မှ အဖျက်ပယောဂ ရှိနေခြင်းကြောင့် ထိရောက်မှု အားနည်း နေကြောင်း၊ တည်ငြိမ် အေးချမ်းမှု ရရှိရန် အစိုးရ အနေဖြင့် ဆူပူမှုများ ဖြစ်စေရန် လုပ်ဆောင် နေသော အဖွဲ့ကို ဖော်ထုတ် အရေးယူရန် လိုအပ်ကြောင်း အစ္စလမ် ဘာသာရေး အဖွဲ့ကြီးက ဆိုသည်။
ထို အဖွဲ့သည် ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှု များနှင့် ပတ်သက်၍ အစိုးရ သတင်းစာက အရေးအသား အသုံးအနှုန်း အပေါ် အဖွဲ့တာဝန်ရှိသူများ ကိုယ်တိုင် အစိုးရနှင့် တရားဥပဒေ ဘောင်အတွင်းမှ ဖြေရှင်းလျက်ရှိပြီး လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံ တားမြစ်ခဲ့သေးသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားမှု အခြေအနေများ၊ နောက်ဆုံးအခြေအနေများနှင့် သဘောထားအမြင်များကို ဧရာဝတီ သတင်းထောက် ကျော်ခ က အမှတ်-၂၁၄၊ ဗိုလ်ဆွန်ပက် လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင် နှင့် ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ရခိုင်ပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအခြေအနေနဲ့ ပတ်သက်ပြီး အစိုးရကတော့ တည်ငြိမ်နေပြီလို့ ပြောတယ်။ ဘယ်လောက် အတိုင်းတာထိ တည်ငြိမ်နေပြီလဲ ခင်ဗျ။
ဖြေ ။ ။ ဖြစ်ခဲ့တဲ့နေရာတွေအားလုံးမှာ ဒီနေ့ထိတော့ အေးသွားပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် Stable (တည်ငြိမ်မှု) မဖြစ်သေး ဘူး။ တချို့နေရာတွေမှာ တဘက်နဲ့ တဘက် သူကပဲ ငါတို့ကို လာရိုက်မလား၊ ငါကပဲ သူ့ကို ရိုက်မလားဆိုတဲ့ အမြင်စောင်းပြီး ရန်ဆောင်နေတဲ့ အုပ်စုတွေရှိတယ်။ သံသယတွေရှိနေကြတုန်း အများအားဖြင့်တော့ Stable မဖြစ်သေးဘူး။
မေး ။ ။ WFP တို့ UNHCR တို့အပြောအရတော့ ဒုက္ခသည်တွေက ၉ သောင်းကျော်တောင် ရှိနေတယ်လို့ ဆိုတယ်။ ဒီ ဒုက္ခသည် တွေကိုရော ဆရာတို့အဖွဲ့အနေနဲ့ အကူအညီတွေ သွားပေးဖို့ ရှိလား။
ဖြေ ။ ။ အတိအကျ စာရင်းကတော့ ကျနော်တို့အနေနဲ့ မြေပြင်သွားပြီးကောက်လို့ မရသေးဘူးဗျ။ အခက်အခဲတွေ ရှိနေသေး တယ်။ ကျနော်တို့အနေနဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါး၊ ပြန်လည်ထူထောင်ရေး ပံ့ပိုးဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ ကော်မတီလည်း ဖွဲ့ထားပြီးပါပြီ။ အဲဒီအတွက် သက်ဆိုင်ရာ သမ္မတရုံးနဲ့ အခြား အစိုးရရုံးတွေကိုလည်း စာပို့ထားပါတယ်။ ခုတော့ ပထမအဆင့် ဆောင်ရွက်နေပါပြီ၊ လက်တွေ့ကျကျ ကွင်းဆင်းဆောင်ရွက်ဖို့ကတော့ အခြေအနေ မပေးသေးပါဘူး။
လတ်တလောတော့ အရေးတကြီးလိုအပ်နေတဲ့ ဆေးဝါးကိစ္စကိုတော့ ဦးစားပေးအဖြစ်နဲ့ ဗုဒ္ဓဟူးနေ့လောက် သွားပြီးပို့ဖို့ အစီအစဉ် ရှိပါတယ်။ ကျန်တဲ့ စားနပ်ရိက္ခာတွေ ပို့ပေးဖို့တော့ စိုင်းပြင်းနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။
မေး ။ ။ ဒုက္ခသည်တွေရဲ့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး ဘယ်လို အခက် အခဲ တွေ ရှိလဲဆိုတာ။
ဖြေ ။ ။ အခြေအနေတွေက တည်ငြိမ်မှုမရှိသေးသော်လည်း အခက်အခဲတွေက ရှိနေပါတယ်။ ရိက္ခာကတော့ မျှဝေ စားသောက် နေရတဲ့ အနေအထား ရှိနေပါတယ်။
မေး ။ ။ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်ပြီး အစိုးရက လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက် နေတယ်။ ဒီ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြလို့ရနိုင်မလား ခင်ဗျ။
ဖြေ ။ ။ အကြမ်းဖက်မှု နှစ်ဘက်စလုံး ဖြစ်တဲ့လူတွေကို တာဝန်ရှိသူတွေက ဖမ်းဆီးအရေးယူနေပါတယ်။ အဲဒါ ကျနော်တို့လည်း တွေ့နေရပါတယ်။ အရေအတွက် အတိအကျတော့ ကျနော်တို့ ပြောလို့မရသေးဘူးဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ အခုဟာက ဘာ မှ ထုတ်ပြန်ထားတာ မရှိသေးဘူးလေ။ ဥပမာ ရသေ့တောင် အကြမ်းဖက်မှုမှာ လူ ၂၂ ယောက်ကို ဖမ်းဆီးထားလိုက်ပြီ အဲဒါမျိုးကိုတော့ သတင်းတွေအရ ကြားသိနေရတာပေါ့နော်။
မေး ။ ။ အခုဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ တဘက်နိုင်ငံသားတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေလည်း ကြားနေ တယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာတို့ သိထားရသလောက် ရှင်းပြပေးပါဦးခင်ဗျ။
ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ၊ သမိုင်းကြောင်းအရ၊ ပထဝီအနေအထားအရ၊ နိုင်ငံရေး သဘောတရား အရ ရိုးသားစွာဖြေရှင်းရမယ့် ကိစ္စဖြစ်တဲ့အတွက်ကြောင့် လတ်တလောတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့တော့ ကျနော်တို့ ဘာမှ ပြောလို့ မရသေးပါဘူး။ ကျနော်တို့အနေနဲ့တော့ အကြမ်းဖက်မှုမှန်သမျှကို မလိုလားဘူး။ တည်ငြိမ်အေးချမ်းရေးအတွက် တတ်နိုင်တဲ့ ဘက်က အစွမ်းကုန်ကြိုးစားသွားမယ်။

မေး ။ ။ အခုဖြစ်သွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့ကြီးအနေနဲ့ ဘယ်လိုမြင် လဲ ခင်ဗျ။
ဖြေ ။ ။ ဒါက လူတယောက် အုပ်စု တစုရဲ့ ဥပဒေမဲ့ ရမ်းကားမှုမှ ဖြစ်တဲ့ကိစ္စပဲလေ။ ဥပဒေမဲ့ ဖြစ်တဲ့ကိစ္စကို ပယောဂ ပေါင်းပြီး တော့ ဆူပူမှုဖြစ်အောင် လုပ်တာပဲ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ ရှုတ်ချတယ်။ မဖြစ်သင့်ဘူး။ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို တိုက်ရိုက် ထိခိုက်တယ်။ ကျနော်တို့ အနေနဲ့ လုံးဝ မလိုလားဘူး။
လုပ်ငန်းမှာ ပယောဂ ပါရင် ဒီပယောဂကို ရှာဖို့လိုတယ်လေ။ ဒီပယောဂကို အဆုံးသတ်လိုက်မှပဲ ငြိမ်းချမ်းရေးက ရမှာကိုး ကျနော် တို့လည်း သက်ဆိုင်ရာ အစိုးရတွေကို တင်ပြနေပါတယ်။ ဒီပယောဂကို ရှာပါ။ ရှာပြီး အဆုံးသတ်လိုက်ရင် အကုန်လုံး ငြိမ်းချမ်းသွားမှာပါ။
မေး ။ ။ တည်ငြိမ်အေးချမ်းမှုတွေ ရရှိဖို့ အတွက် ဘာတွေလိုအပ်မလဲ။ ဆရာတို့ အဖွဲ့အနေနဲ့ ရော ဘာတွေလုပ်ပေးနိုင်မလဲ။ ဘာတွေ လုပ်ပေးနေတာရော ရှိလဲခင်ဗျ။
ဖြေ ။ ။ ငြိမ်းချမ်းမှုကို တည်ဆောက်တဲ့ နေရာမှာ တဘက်နဲ့ တဘက် သံသယ ကင်းရှင်းဖို့ လိုတာပေါ့နော်။ သံသယ ကင်းရှင်းပြီး တော့ မေတ္တာပေါင်းစပ်ပြီးတော့မှ ငြိမ်းချမ်းရေးက တည်ဆောက်လို့ရမှာကိုး အဲဒီတော့ သံသယ ကင်းရှင်းရေး လုပ်ငန်းတွေ တဘာသာ နဲ့ တဘာသာ၊ လူမျိုးတမျိုးနဲ့ တမျိုး သဟဇာတဖြစ်အောင် နေထိုင် ပြုမူ ဆက်ဆံသွားပြီးတော့ ကိုယ့်အကြောင်းသူသိ၊ သူ့အကြောင်း ကိုယ်သိပြီးတော့ သံသယ ကင်းရှင်းရေးလုပ်ငန်းကို ပထမ ဦးစွာ ဆောင်ရွက်ရပါမယ်။ ဒုတိယကတော့ မေတ္တာတရား နဲ့ ပေါင်းစပ်ပြီး လုပ်ရပါမယ်။ ဒါမှ ဘယ်အရာမဆို ငြိမ်းချမ်းမှာပါ။
ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ အစ္စလမ် ဘာသာရေး အဖွဲ့အစည်းအနေနဲ့ ကတော့ မေတ္တာရပ်ခံ ပန်ကြားလွှာတွေ၊ သဘောထား ကြေ ညာချက်တွေ ထုတ်ပြန်တယ်။ တဘက်ကလည်း ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော် သံဃ မဟာနာယက ကို လျှောက်တင်ပါတယ်။ သြဝါဒ ခံယူပါတယ်။ ဖြစ်ပွားရာဒေသက တိုင်းရင်းသား ရခိုင်လူမျိုးများနဲ့ တွေ့ဆုံ ပြီးတော့ ဒီကိစ္စ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် ဆောင်ရွက်ပါတယ်။ ရှေ့ဆက်ပြီးလည်း တိုးမြှင့်ဆောင်ရွက်သွားမှာပါ။ ကျနော်တို့ ဘာသာ ဝင်တွေကိုလည်း နိုင်ငံ့သားကောင်း ပီသအောင်လည်း သာသနာရဲ့အဆုံးအမအတိုင်း နေထိုင်ဖို့လည်း ကျနော်တို့ ဆော်သြ နေပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်ထဲမှာဖြစ်နေတဲ့ အခြေအနေတွေ အမြန်ဆုံး တည်ငြိမ်အေးချမ်းသွားဖို့အတွက် ဘယ်အချက်က အရေးအကြီး ဆုံးဖြစ်မလဲဗျ။
ဖြေ ။ ။ သံသယကင်းပြီးတော့ တယောက်နဲ့ တယောက် မေတ္တာနဲ့ ပေါင်းစပ်မှပဲပြီးမှာ၊ ပယောဂဆိုလည်း ဒီပယောဂကြီးကို အားလုံး တာဝန်သိသိနဲ့ တွန်းလှန် တိုက်ခိုက်ဖို့ လိုတာပေါ့။ ဒီလိုအဖျက်အမှောင့်လုပ်ငန်းတွေ လုပ်မယ့် ပယောဂ ကဘာလဲ။ အားလုံး နှစ်ဘက်နှစ်လမ်းက သိပြီးတော့ ချေမှုန်းလိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးက အမြန်ဆုံး ရရှိသွားမှာပါ။
မေး ။ ။ အခု အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီးတော့ ဆရာတို့အနေနဲ့ရော ကျေနပ်၊ အားရ မှုရှိရဲ့လား။
ဖြေ ။ ။ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ်မှာ ကျနော်တို့ တင်ပြချက်တွေကိုတော့ အစိုးရက လုပ်ပေးပါတယ်။ သို့သော်လည်း ပယောဂ ပါနေတဲ့အတွက်ကြောင့် လုပ်သလောက်တော့ အကျိုးသက်ရောက်မှု အားနည်းနေတယ်ပေါ့နော်။ သို့သော်လည်း နိုင်ငံတော် အစိုးရအနေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံး နည်းလမ်းတွေနဲ့ လုပ်နေပါတယ်။ ။