အမေရိကန် သမိုင်းတလျှောက် အနီးကပ် စောင့်ကြည့် ခံရဆုံးနဲ့ အကုန်အကျ အများဆုံးက၂၀၀၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲပါ။ အားလုံးပြီးသွားတဲ့ အခါမှာတော့ ဟီလာရီ ရော့ဟမ် ကလင်တန် (Hillary Rodham Clinton) ဟာ ညာလက် ကိုမြှောက်၊ ကျမ်းသစ္စာကျိန်ဆိုလို့ အမေရိကန်ပြည်ထောင်စုရဲ့ အထက် လွှတ်တော်မှာ နေရာယူခဲ့ပါတယ်။ သမ္မတ ကတော် ဖြစ်ခဲ့ ဖူးသူတွေထဲမှာ အထင်ရှားဆုံးတဦး ဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်ခံရတဲ့ သမ္မတကတော် ဟောင်းလည်းဖြစ်တာမို့ လူဟောင်းတွေ ကြီးစိုးပြီး လူသစ်တွေကို ထုံးစံအတိုင်း ဘေးဖယ်ထားတတ်တဲ့ အထက်လွှတ်တော်ကို သူ ဘယ်လို ချဉ်းကပ် သလဲဆိုတာ လေ့လာစောင့်ကြည့်သူတွေက စိတ်လှုပ်ရှားစွာနဲ့ စူးစမ်းခဲ့ကြပါတယ်။
ဟီလာရီ ကိုယ်တိုင်မှာလည်း မေးစရာ မေးခွန်းတွေနဲ့ပါ။ ဒါကြောင့် ကျမ်းသစ္စာ မကျိန်ဆိုခင် အထက်လွှတ်တော်မှာ သဘာ အရင့် ဆုံး တယောက်ဖြစ်တဲ့ ရောဘတ် ဘာ့ဒ်(Robert Byrd) ကို ချဉ်းကပ်ခဲ့ပါတယ်။ အထက်လွှတ်တော် အကြီးအမှူးက နယူးယောက် ကလာတဲ့ အထက်လွှတ်တော်အမတ် အသစ်ကို ပေးခဲ့တဲ့အကြံဉာဏ်ကတော့ လိုတိုရှင်းပါပဲ။ “အလုပ်ကြိုးစားပါ၊ ပြယုဂ်သက်သက် မဖြစ်ပါစေနဲ့ (Be a workhorse, not a show horse)”တဲ့။
ဒီလိုနဲ့ နိုင်ငံရေးသမားတယောက်အဖြစ် တကမ္ဘာလုံးကသိကြပြီး နိုင်ငံထဲမှာရော နိုင်ငံတကာမှာပါ ထောက်ခံမှုတွေ ရထားတဲ့ အထက် လွှတ်တော်အမတ် ဟီလာရီ ကလင်တန်တယောက် သူ့ရဲ့မာနကို ချိုးနှိမ်လို့ လွှတ်တော်ထဲက ပြိုင်ဘက် ဟောင်းတွေနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်အောင် အလုပ်တွေကို စိတ်ပိုင်းဖြတ်ပြီး လုပ်ခဲ့ပါတယ်။ အဲ့ဒီလို လုပ်ခဲ့တဲ့အတွက်လည်း အထက် လွှတ်တော်ထဲမှာ အကျော်ကြားဆုံးနဲ့ အထိရောက်ဆုံး လွှတ်တော်အမတ် တယောက် ဖြစ်လာခဲ့ပါတယ်။ ပြယုဂ်သက်သက် မဟုတ် တဲ့ အထက်လွှတ်တော်အမတ် တယောက် ဖြစ်လာဖို့ သူက ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဂရုတစိုက် ရွေးချယ်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ဥရောပခရီးစဉ်ကို လေ့လာကြည့်နေတုန်းမှာ ဟီလာရီ ကလင်တန်အကြောင်းကို ကျနော် တွေးမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိသျှတွေက ဘားမား(Burma) လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးတိုက်ပွဲမှာ ရေရှည်ပြယုဂ်အဖြစ် ရှိနေခဲ့ပြီး အခုတော့ အလျှင်အမြန်ပြောင်းလဲနေတဲ့ ဒီနိုင်ငံရဲ့ လွှတ်တော်ထဲမှာ လူနည်းစု လွှတ်တော် အမတ် တယောက် ဖြစ်နေပါပြီ။
နိုဘဲလ် ငြိမ်းချမ်းရေး ဆု လက်ခံတဲ့အခမ်းအနားမှာ သူပြောခဲ့တဲ့ ဆွဲဆောင်အားကောင်းလှတဲ့ စကားလုံးတွေကို ကြားရတဲ့အခါ တကယ့်ကို ခံစားရပါတယ်။ ဒီဆုကို လွန်ခဲ့တဲ့ ၂၁ နှစ်အချိန် ၁၉၉၁ ခုနှစ်မှာ သူ့ကိုချီးမြှင့်ခဲ့တဲ့တာ ဖြစ်ပါတယ်။
“The Lady” လို့ လူသိများတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် စစ်အစိုးရက အာဏာလွှဲမပေး ဘဲ ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ်နဲ့ ထားခဲ့တာပါ။ မြန်မာနိုင်ငံရဲ့သမ္မတအသစ် ဦးသိန်းစိန်က နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို စနစ်တကျနဲ့ အံ့အားသင့်စရာကောင်းလောက်အောင် စတင်ဆောင်ရွက်တဲ့၂၀၁၀ နိုဝင်ဘာလအထိ သူ့ကိုမလွှတ် ပေးသေးပါဘူး။ ဒီအပြောင်းအလဲတွေ လုပ်တာကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားကြောင့်မဟုတ်ဘဲ မြန်မာနိုင်ငံအပေါ် တစစ တိုးလာနေတဲ့ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ထိန်းညှိဖို့သာ ဖြစ်ပါတယ်။
ကျနော် စိတ်အနှောင့်အယှက်စဖြစ်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့“အောင်မြင်မှုပတ်လမ်း (Victory Lap)” အပေါ် နားလည်မှုတွေ မီးလောင်ရာလေပင့်ဖြစ်ပြီး ဂါးဒီးယမ်း The Guardian သတင်းစာက “မြန်မာသမ္မတ၂ ဦး၏ ပုံပြင်(Burma’s tale of two presidents)” လို့ သုံးစွဲလိုက်တဲ့အချိန် ဒါမှမဟုတ် မြန်မာ့အရေး လေ့လာသုံးသပ်သူ တယောက်က “ဦးသိန်စိန်ဟာ အားကောင်းတဲ့ ခေါင်းဆောင်တယောက် မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတလို့ သူ့ကိုယ်သူမထင်ဘူး၊ ဘုရင်မ လို့ ထင်တာ”လို့ ကျနော့်ကို ပြောတဲ့အချိန် ဖြစ်ပါတယ်။
အိုင်ယာလန်နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို U2 အဖွဲ့က အဆိုတော်ဘိုနိုနဲ့အတူ နာမည်ကျော် ရော့ခ် အဆိုတော် တယောက် လိုမျိုး တေးဂီတဖျော်ဖြေပွဲနဲ့ ကြိုဆိုခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာရောက်လို့ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၊ အိမ်ရှေ့မင်းသား ချားစ် တို့နဲ့ တွေ့ဆုံပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှလွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။ ဗြိတိသျှလွှတ် တော် က သမ္မတ ဘားရက် အိုဘားမား နဲ့ ပုပ်ရဟန်းမင်းကြီး ဘင်နက်ဒစ်တ် တို့ကိုပဲ ဒီလိုဂုဏ်ပြုမှုမျိုး ပေးအပ်ခဲ့ဖူးပါတယ်။
ဆွစ်ဇာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှာ စကားပြောတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် လာတဲ့ပရိသတ်ကို “အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ဒါမှမဟုတ် အလုပ်ရှင်တွေရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ဒါမှမဟုတ် အစိုးရရဲ့ကိုယ်စားလှယ်အဖြစ်နဲ့ ကျမ ဒီနေရာမှာ ရပ်နေတာမဟုတ်ပါဘူး”လို့ သတိပေးစကား ပြောပါတယ်။ ပြီးတော့ ရွှင်ရွှင်ပျပျနဲ့ “အခုတော့ မဟုတ်သေးပါဘူး”လို့လည်း ဖြည့်ပြောပါတယ်။
ဒါပေမယ့် မြန်မာပြည်မှာ စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေ လုပ်ကြဖို့အတွက် တိုက်တွန်းဖို့ ရည်ရွယ်တဲ့“ပြုပြင်ပြောင်းလဲရေး ဒုတိယ အဆင့် (Second wave of reforms)”ကို သမ္မတ ဦးသိန်းစိန်က ကြေညာ စမို့ အခုလို ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့စင်မြင့်ပေါ်မှာ ပေါ်ထွက်လာမှုဟာ မြန်မာနိုင်ငံရဲ့ မူဝါဒတွေအပေါ် ရှုပ်ထွေးစေပြီး ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ အစိုးရကိုလည်း အားလျော့သွားစေနိုင်မလားပဲ။
ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းမြင်သာမှု မရှိတဲ့အရာတွေ(ဥပမာ- အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း – MOGE) နဲ့တွဲပြီး စီးပွားရေးမလုပ်ဖို့ နိုင်ငံခြားရေနံကုမ္ပဏီတွေကို မကြာသေးခင်က သတိပေးခဲ့တာဟာလည်း သိပ်ခန့်မှန်းရခက်တဲ့ ဒီအစိုးရကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် ဘန်ကောက်မှာကျင်းပတဲ့ ကမ္ဘာ့စီပွားရေးဖိုရမ်(WEF) ကို တက်ရောက် တာဟာလည်း(အဲ့ဒီဖိုရမ်မှာ သူက အားလုံးရဲ့အာရုံစိုက်မှုကို မမျှော်လင့်ဘဲရသွားတယ် “Steal the show” လို့ ဧရာဝတီသတင်းမှာ ဖော်ပြခဲ့ပါတယ်) သမ္မတဦးသိန်းစိန်ကို ဖိုရမ်တက်ရောက်ဖို့ စီစဉ်ထားပြီးမှ ရုတ်တရက်အစီအစဉ်ဖျက်ဖို့ ဖိအားဖြစ်စေခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ သမ္မတအတွက် အရှေ့အာရှက အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ပထမဆုံးတွေ့တဲ့ ခရီးစဉ်ဖြစ်ပေမယ့် WEF ကိုတက်ရောက် ရင် နေရာပေးမခံရမှာကို စိုးရိမ်တဲ့အတွက် ခရီးစဉ်ဖျက်လိုက်တာလို့ ကြားရပါတယ်။ WEF မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲမှုတွေအပေါ် “အရမ်းကာရော အကောင်းမြင်တာမျိုး (Reckless Optimism)” မလုပ်ကြဖို့ သတိပေးခဲ့တာ ကလည်း နေပြည်တော်က စစ်အစိုးရ အဖွဲ့ဝင် ဟောင်းတွေကို ဒေါသထွက်စေတယ်လို့ သိရပါတယ်။
“ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က လူပုဂ္ဂိုလ် ၂ ယောက်အပေါ်မှာ ကြီးကြီးမားမား မူတည်နေတုန်းပဲ”လို့ ဗြိတိန်အခြေစိုက် နိုင်ငံတကာ အန္တရာယ်နဲ့ မဟာဗျူဟာ အတိုင်ပင်ခံအဖွဲ့ Maplecroft ရဲ့အထက်တန်း အာရှရေးရာ လေ့လာသုံးသပ်သူ ဂွီလီယာ ဇင်နို က ရေးပါတယ်။ ဒီဖြစ်စဉ်က “အချိန်မရွေး ပြိုဆင်းသွားနိုင်တဲ့ အလားအလာရှိတယ်” လို့ သူက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ကလည်း “မစဉ်းစားဘဲ လုပ်လိုက်တဲ့ လုပ်ရပ်တခုဟာ ရေရှည်တည်တံ့ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးတွေကို ဖယ်ရှားပစ်ဖို့ လုံလောက် နိုင်တယ်”လို့ နိုဘဲလ် ဆု မိန့်ခွန်းထဲမှာ ဒီအမြင်ကို ပဲ့တင်ထပ်ခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေအပေါ် အောင်အောင်မြင်မြင်နဲ့ ပြန်ခြေချနိုင်တာဟာ စစ်အုပ်စုဝင်ဟောင်းတွေရဲ့“ဒုတိယ အစီအစဉ်(Plan B)”ကို ချောင်ထိုးထားဖို့ဆီ ဦးတည်သွားပုံပေါ်ပေမယ့် (နှိမ်နင်းမှုအသစ် ပြန်စနိုင်တယ်၊ ပြီးတော့ အလယ်အလတ်အဆင့် တိုးတက် မှုတွေကို ပစ်ပယ်ထားလိုက်တာမျိုး ဖြစ်လာနိုင်တယ်လို့ မြန်မာ့ကွန်ရက် – Network Myanmar ရဲ့ ဥက္ကဌ ဒဲရက် တွန်ကင် ဆိုခဲ့ သလိုမျိုး) ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ လုပ်ပိုင်ခွင့်ကို သိမ်းယူနေတယ်လို့ အမြင်တစုံတရာရှိခဲ့ရင် ဒီမိုကရေစီ ဖော်ဆောင်ရေး ဦးတည်နေတဲ့ လုပ်ငန်းစဉ်တွေကို ချိုးဖျက်ပစ်ဖို့အတွက် အားပေးအားမြှောက် ပြုပါလိမ့်မယ်။
လန်ဒန် တက္ကသိုလ်က အရှေ့တောင်အာရှရေးရာ အထူးကျွမ်းကျင်သူ ဒေါက်တာ မယ်ရီ လောလ် ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သတ်ပြီး“ သူဟာ နှစ်တွေအတော်များများ စွန့်လွှတ်အနစ်နာခံခဲ့၊ အထီးကျန်ဖြစ်ခဲ့ရတာမို့ အခု ခရီးစဉ် နဲ့ သူရရှိမယ့် ကောင်းချီးသြဘာပေးမှုတွေ၊ ချီးကျူးဂုဏ်ပြုမှုတွေက သူနဲ့ တကယ့်ကို ထိုက်တန်ပါတယ်။ ဒါပေမယ့် ဒါက နိုင်ငံရေး သမား အလုပ်(Political Career) မှာ အမြင့်ဆုံးနေရာ မဟုတ်ပါဘူး၊ အစပဲ ရှိပါသေးတယ်”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇူလိုင်လ ၄ ရက်နေ့မှာစမယ့် လွှတ်တော်အစည်းအဝေးအမီ မြန်မာပြည်ပြန်မှာမို့ အဲ့ဒီ အစည်း အဝေးမှာ သူပါဝင်ပတ်သက်နိုင်တဲ့ အရေးပေါ်ကိစ္စရပ်တွေ ရှိပါတယ်။
ဥရောပမှာရှိနေတုန်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေ နိုင်ငံသားဖြစ်မှုကိစ္စနဲ့ဆိုင်တဲ့မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ဖြေ ကြားခဲ့ပြီးပါပြီ။ ရိုဟင်ဂျာ ၈ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ မြန်မာပြည် အနောက်ပိုင်း နယ် စပ် တလျှောက်မှာ နေထိုင်နေကြတာဖြစ်ပြီး အဲ့ဒီမှာဖြစ်ပွားနေတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မကြာသေးခင်က လူ ၂၉ ယောက် သေဆုံးတဲ့အပြင် လူ ၃၀၀၀၀ ကျော် သူ့တို့အိုးအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ အဖိနှိပ်ခံတွေရဲ့ သူရဲကောင်းဖြစ်တာမို့ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေရှာတဲ့နေရာမှာ သူ့အနေနဲ့ သူမတူတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်ပါတယ်။
အလားတူပဲ အစိုးရတပ်နဲ့ တိုင်းရင်းသားအင်အားစုတွေကြားက စစ်ပွဲတွေဟာလည်း နိုင်ငံတော်ရဲ့ ပြဿနာတရပ်အဖြစ် ဒေါ်အောင် ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးကတည်းက အခုထိ ဆက်ရှိနေတုန်းပါ။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေ ငြိမ်းငြိမ်းချမ်းချမ်းအတူလက်တွဲနေထိုင်ကြဖို့ သဘောတူထားတဲ့စာချုပ်ကို အကောင်အထည် မဖော်နိုင်ခင်မှာ လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ (တရားဝင် အစိုးရလမ်းကြောင်းတွေကနေ တဆင့်) အားလုံးလက်တွဲနေ နိုင်ဖို့အတွက် လမ်းပြမြေပုံတခုကို ကူညီရေးဆွဲနိုင်တဲ့ လုပ်ပိုင်ခွင့်ရော အခွင့်အလမ်းပါ ရှိပါတယ်။
လူနည်းစုတိုင်းရင်းသားတွေက လူများစု ဗမာတွေလက်ထဲ ရေရှည်ဒုက္ခရောက်နေရတဲ့ နိုင်ငံတခုမှာ သူက အဲ့ဒီနိုင်ငံကို ဘားမားလို့ ဆက်တိုက်ခေါ်နေတာဟာ အထောက်အကူမပြုပါဘူး။ (ဒီနာမည်ကို အာဏာပိုင်တွေနဲ့ တိုင်းရင်းသားတွေ က မနှစ်မြို့ပေမယ့် နိုဘဲလ် ဆု မိန့်ခွန်းထဲမှာလည်း သူက ဒီနာမည်ပဲ ထပ်သုံးခဲ့ပါတယ်။)
နောက်ဆုံးအချက်ကတော့ မြန်မာအစိုးရအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေး ပြန်တည်ဆောက်နေတာတွေ၊ အနောက်နိုင်ငံတွေက မြန်မာပြည်အပေါ်ထားရှိခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတချို့ကို ဆိုင်းငံ့လိုက်တာတွေဟာ နှစ် ၆၀ လောက် မြန်မာပြည် ထဲမှာ မရှိခဲ့တဲ့ ကိုကာ ကိုလာ (Coca-Cola) ကုမ္ပဏီကို နိုင်ငံထဲပြန်လာအောင် ဆွဲဆောင်ခဲ့တယ်၊ ပြီးတော့ အဲ့ဒါတွေကြောင့် အခြား အနောက်နိုင်ငံကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စောင့်ကြည့်နေကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။
တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တာဝန်သိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို သမ္မတနဲ့အတူ လက်တွဲပြီး အားပေးအားမြှောက်ပြုမယ်ဆိုရင် ဆင်းရဲတွင်းနက်နေကြတဲ့ မြန်မာနိုင်ငံသား ၅၅ သန်းကို ရှေရှည် အကူအညီ ပေးနိုင် မှာဖြစ်ပြီး တချိန်တည်းမှာလည်း အစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ အားပေးရာ ရောက်ပါလိမ့်မယ်။
ဒီစိန်ခေါ်ချက်တွေနဲ့ အခြားအရာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြဲတမ်း ဆွဲဆောင်အား ကောင်းလှတဲ့အသံက မရှိမဖြစ် လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့အသံကို တတိုင်းပြည်လုံးအတွက် ကြေညာချက် ထုတ်ပြောတဲ့ နေရာမှာ မသုံးဘဲ သူ့ရဲ့သဘောထားတွေကို အစိုးရကိုချပြတဲ့ နေရာမှာ သုံးမယ်ဆိုရင်၊ ပြီးတော့ သူရဲ့ယုံကြည်ချက်တွေ တကယ် အကောင် အထည်ပေါ်လာဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ အားအရှိဆုံး ဖြစ်ပါလိမ့်မယ်။
အခု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေတဲ့ ဟီလာရီ ကလင်တန်ဟာ ပြီးခဲ့တဲ့နှစ်မှာ ၅၅ နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်တဲ့ တာဝန်အရှိဆုံး အမေရိကန် သံတမန်တယောက်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့လည်း နာရီအတော်ကြာ တွေ့ဆုံစကားပြောခဲ့ပါတယ်။ အဲ့ဒီကာလလေးထဲမှာ အနီးကပ် ပုဂ္ဂိုလ်ရေးဆက်ဆံမှုကို သူတို့ ၂ ယောက် အလျှင်အမြန် ထူထောင်နိုင်ခဲ့ကြပြီး သူတို့ ဘယ်လောက်ရင်းနှီးသွားကြတယ်ဆိုတာကိုတော့ ဖက်ပြီးနှုတ်ဆက်ကြတဲ့ အချိန်မှာ “မျက်ဝါးထင်ထင်” မြင်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အတွက် မြန်မာနိုင်ငံကို ရှေ့ကိုရောက်အောင် ရွှေ့နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ အမေရိကန် လွှတ်တော်ထဲက သူ့မိတ်ဆွေ ဟီလာရီရဲ့ ဆောင်ရွက်မှုတွေအတိုင်း ဆောင်ရွက်ဖို့၊ တိုင်းပြည် တိုးတက်ဖို့ အတွက် သူ့ရဲ့ထင်ပေါ် ကျော်ကြားမှုကို နောက်မှာထားဖို့နဲ့ ပြယုဂ် သက်သက်မဟုတ်ဘဲ အလုပ်ကြိုးစားသူ ဖြစ်လာဖို့ပါပဲ။ ။
What the Lady Could Learn from the First Lady by Stanley A. Weiss ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။ စာရေး သူဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ အခြေစိုက် Business Executives for National Security (BENS) ကို တည်ထောင် သူဖြစ်ပြီး အဖွဲ့ရဲ့ ဥက္ကဌ လည်း ဖြစ်ပါတယ်။ ဆောင်းပါးမှာ ရေးသားထားတာတွေက စာရေးသူရဲ့ ပုဂ္ဂိုလ်ရေး အမြင်တွေသာ ဖြစ်ပါတယ်။