ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို သတိပေးတဲ့ သတင်းနဲ့အတူ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံအခေါ်အဝေါ် ဝေါဟာရ အငြင်းပွားမှုမှာ နိုင်ငံရေးသဘော အဓိက အလေးနက်ထား စဉ်းစားရမယ့် အချက်က တိုင်းပြည်မှာ ဆယ်စုနှစ်များစွာ စွဲကပ်နေတဲ့ တိုင်းရင်းသား ပြဿနာနဲ့ သက်ဆိုင်တယ်။ အကြောင်းက နိုင်ငံကို ခေါ်ဝေါ် ညွှန်းဆိုတဲ့ အင်္ဂလိပ် မြန်မာ မူကွဲနှစ်မျိုးစလုံး၊ “မြန်မာ (Myanmar) နဲ့ ဗမာ (Burma)” ဟာ နိုင်ငံမှာ ရှေး ဓားမဦးချ အခြေချ မှီတင်းနေထိုင်နေတဲ့၊ မြန်မာ မဟုတ်တဲ့ တခြား တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မှု အားနည်းနေလို့ဖြစ်တယ်။
လွတ်လပ်ရေးခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်တပ်ကြီးစိုးတဲ့ တော်လှန်ရေးကောင်စီ၊ မဆလ တပါတီ အာဏာရှင် ခေတ်တွေမှာ ခေါ်ဝေါ်ခဲ့တဲ့ နိုင်ငံနာမည် မြန်မာလို “မြန်မာ” အင်္ဂလိပ်လို “Burma” နဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ် လက်ရှိအချိန်အထိ ကျင့်သုံးတဲ့ မြန်မာလို “မြန်မာ”၊ အင်္ဂလိပ်လို “Myanmar” နှစ်ခုစလုံးဟာ နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး တမျိုးတည်း ကိုသာ အဓိက ညွှန်းဆိုနိုင်တဲ့အတွက် ပဒေသရာဇ် ခေတ်လို အင်အားကြီး၊ အရေအတွက်များသူ ဦးဆောင် ချယ်လှယ်စတမ်း လူမျိုးကြီးဝါဒ သဘော၊ တိုင်းပြည်ကို မြန်မာလူမျိုး တစုတည်းကသာ ပိုင်သလို ဖြစ်နေလို့ ဖြစ်တယ်။
မူကွဲ နှစ်ခုစလုံးရဲ့ နိုင်ငံနာမည် မြန်မာလိုအခါ် “မြန်မာ” ဟာ မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား အားလုံးနဲ့ သမိုင်း အစဉ်အဆက် ဘယ်လိုမှ ဆက်နွှယ်မှု မရှိခဲ့ဘူး။ ဗြိတိသျှ ကိုလိုနီ မဖြစ်ခင်အထိ နိုင်ငံနယ်နိမိတ် အတွင်း နေထိုင်နေတဲ့ မြန်မာ အပါအဝင် တိုင်းရင်းသား တွေဟာ အပြန်အလှန် ပဒေသရာဇ်ခေတ် အင်ပါယာ ချဲ့ထွင်မှုသဘောအရ အတူယှဉ်တွဲနေထိုင်ရတဲ့ ကာလတွေ ရှိသော်ငြားလည်း တကယ့် သဘောအနေနဲ့က သီးသန့် ပဒေသရာဇ် နိုင်ငံလေးများ အသွင်၊ ကိုယ့်ထီး ကိုယ့်နန်း နဲ့ နေခဲ့ကြတဲ့ အတွက် “မြန်မာနိုင်ငံ” ဆိုတဲ့ အခေါ်ဟာ တခြား တိုင်းရင်းသားအားလုံးနဲ့ ပတ်သက်စရာ အကြောင်းလည်း မရှိဘူး။ ဥပမာ -ပဒေသရာဇ်ခေတ် တလျှောက် မြန်မာက အင်အားသာတဲ့ အချိန်မှာ မွန်နိုင်ငံဟာ မြန်မာနိုင်ငံ လက်အောက်မှာ ရောက်နေပြီး မွန်အင်အားသာတဲ့ အခါမှာ မြန်မာနိုင်ငံဟာ မွန်နိုင်ငံလက်အောက်မှာ ရောက်နေခြင်း သဘောဖြစ်တယ်။
မြန်မာစကား အရေးနဲ့အပြော နှစ်ခုစလုံးမှာ မြန်မာလူမျိုးကို ခေါ်တဲ့ အခေါ်အဝေါ်ဟာ “မြန်မာ” နဲ့ “ဗမာ” ဆိုပြီး နှစ်မျိုးစလုံး ရော ရောနေတယ်။ ယေဘုယျ အားဖြင့် “မြန်မာ” ကို အရေးမှာ သုံးလေ့ရှိပြီး အပြောမှာတော့ “ဗမာ” လို့ သုံးကြတယ်။ ဒါဟာ တခြားသော အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ဘာသာစကား များမှာလည်း တွေ့နိုင်တဲ့ အရေးနဲ့ အဖတ် အဓိပ္ပာယ်တူ စကားလုံးတချို့ ကွဲနေခြင်း ဖြစ်တယ်။ မြန်မာ စာပေ ပေါ်ထွန်းချိန်ကစပြီး လူမျိုးအခေါ် “မြန်မာ” “ဗမာ” အသုံးဟာ ရောထွေးနေတယ်၊ နှစ်မျိုးစလုံးကို လူမျိုးအမည်နဲ့ သုံးတဲ့ အထောက်အထားတွေ ရှိခဲ့တယ်။ သို့သော် “မြန်မာ” က မူလ ဖြစ်တယ်။
ခုအခေါ် မြန်မာ (ဗမာ) ဖြစ်လာမယ့် သူတွေဟာ လက်ရှိနိုင်ငံ နယ်နိမိတ် အရှေ့ဘက် တောင်ပေါ်ဒေသကနေ အလယ်ပိုင်း မြေပြန့်ကို ၉ ရာစုမှာ ဝင်တယ်၊ ပုဂံမှာ အခြေပြုတယ်။ သူတို့ကို မြေပြန့်မှာ ရှေးဦး ရှိနေပြီး ဖြစ်တဲ့ မွန်တွေက “မရမာ၊ မိုင်းရ်မာ” (Mirma/Mranma) လို့ ခေါ်တယ်။ ဒီအချက် ကို လက်ရှိအချိန်အထိ ကျန်ရှိနေသေးတဲ့ အထဲမှ ရှေးအကျဆုံး မွန်ဘာသာနဲ့ ရေးထားတဲ့ မွန်ကျောက်စာ (၁၁၀၂) မှာ တွေ့နိုင်တယ်။ ရှေး မြန်မာတွေ အလယ်ပိုင်းကို အခြေချ နေထိုင်ပြီးနောက် ပျူ၊ မွန်တွေ ဆီကတဆင့် အိန္ဒိယ အက္ခရာကို အခြေခံတဲ့ စာပေကို ရလို့ သူတို့ကိုယ်တိုင် မှတ်တမ်းတွေ ရေးလာ နိုင်ရာမှာလည်း သူတို့လူမျိုးနာမည်ကို မွန်တွေ ခေါ်တဲ့နာမည်အတိုင်းပဲ သုံးတယ်။ ဒါကို လက်ရှိ ရှာဖွေတွေ့ရှိလို့ရတဲ့ အထဲက နာမည် အခေါ်နဲ့ သက်ဆိုင်တဲ့ ရှေးအကျဆုံး မြန်မာဘာသာနဲ့ ရေးထိုးထားတဲ့ မြန်မာကျောက်စာ (၁၁၉၀) မှာ တွေ့နိုင်တယ်။
နောက်ပိုင်း မြန်မာဘာသာ စကားမှာ “ရ (Ra)” သံ ထည့်ရွတ်တာ ပျောက်ကွယ်သွားတဲ့ အတွက် “မရမာ၊ မိုင်းရ်မာ” (Mirma/Mranma) ကနေ “မြမ္မာ၊ မြန်မာ” (Myanmar) ဆိုပြီး လက်ရှိသိတဲ့ လူမျိုးနာမည် “မြန်မာ” အဖြစ် ပြောင်းသွားတယ်။ (စကားချပ် – မြန်မာ စကားနဲ့ ဘာသဗေဒ သဘောတူတဲ့ ရခိုင်၊ ထားဝယ်နဲ့ ယော လူမျိုးတွေရဲ့ အသုံးမှာ မျက်မှောက် ခေတ်အထိ “ရ (Ra )” သံ ထည့်ရွက်နေဆဲဆိုတာ သတိပြုပါ)
ရှေးမြန်မာတွေဟာ ပျူ၊ မွန်၊ အိန္ဒိယ တို့ဆီက ယဉ်ကျေးမှု၊ စာပေ တင်သာမက ကိုးကွယ်ယုံကြည်မှု ဘာသာတရားပါ ရရှိခဲ့တဲ့အတွက် ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်နွှယ်တဲ့ “ဗြဟ္မာ” က ဆင်းသက်တဲ့ သဘော “ဗြဟ္မာ” လူမျိုး၊ တဆင့် “ဗမာ” လူမျိုး ဆိုပြီး လူမျိုး နာမည် အသစ် မူကွဲ တမျိုးအနေနဲ့လည်း ထပ်ပေါ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ် တွေ့ရှိရတဲ့ သမိုင်း ကျောက်စာ အထောက်အထား၊ သုတေသန အရ စဝင်လာခဲ့တဲ့ အချိန်မှာ သူတို့ကို အထက်မှာ ဆိုခဲ့သလို “မြန်မာ” လို့သာ ခေါ်တဲ့အတွက် လူမျိုးနာမည် အနေနဲ့ “မြန်မာ” က မူလ၊ “ဗမာ” က ဆင့်ပွားဖြစ်တယ်ဆိုတာ ထင်ရှားတယ်။
ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာတဲ့အချိန်မှာ နိုင်ငံမရှိသေးဘူး ဆိုတာကို သတိပြုစေချင်တယ်။ နောက်ပိုင်း အင်အား ကြီးမားလာပြီး ပုဂံ ပဒေသရာဇ် လက်နက် နိုင်ငံတော် အင်ပါယာကို ချဲ့ထွင်ရင်းနဲ့ ပုဂံလက်နက် နိုင်ငံတော်ကြီး၊ တနည်း အားဖြင့် ပထမ မြန်မာနိုင်ငံတော် ပေါ်လာတယ်။
ကျန်ရှိနေသေးတဲ့ ကျောက်စာ မှတ်တမ်းတွေအရ နိုင်ငံကို “မြန်မာပြည်” လို့ တိုက်ရိုက်တပ်ခေါ်တာကို နရပတိစည်သူ/ ဒုတိယ စည်သူ (၁၁၆၅-၁၂၁၁) ရဲ့ မြေး၊ ဇေယျသိင်္ခ ခေါ် နားတောင်းများမင်း (ထီးလိုမင်းလိုမင်း) ရဲ့သား၊ ကျစွာမင်း (၁၂၃၄-၁၂၅၀) လက်ထက်က မြန်မာဘာသာနဲ့ ရေးထိုးတဲ့ ကျောက်စာ မှတ်တမ်း (တွဲလျက် ဓာတ်ပုံပါ) မှာ အထင်အရှား တွေ့နိုင်တယ်။
နောက်ပိုင်း ခေတ်တွေမှာလည်း နိုင်ငံနာမည်ကို ဒီသဘောမျိုးပဲ ခေါ်ခဲ့တယ်။ ဥပမာ – ကုန်းဘောင်မင်းဆက် မင်းတုန်းမင်း (၁၈၀၈-၁၈၇၈) က သူဟာ မြန်မာလူမျိုးတို့ရဲ့ ဘုရင်ဆိုပြီး ညွှန်းဆိုခဲ့တယ်။ ဒါပေမယ့် သူ့မင်းဆက် မြန်မာကုန်းဘောင် အင်ပါယာဟာ မြန်မာလူမျိုး တမျိုးတည်း နေထိုင်တဲ့ နေရာတွေထက် ကျော်လွန်ပြီးဖြစ်တဲ့ အတွက် ဒီအခေါ်ဟာ တခြား တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေးကို ထိခိုက်တဲ့ မြန်မာလူမျိုးကြီးဝါဒ သဘော ပဒေသရာဇ်အခေါ် သက်သက်သာ ဖြစ်တယ်။ အဲဒီခေတ်အခြေအနေ၊ စနစ်နဲ့ အတွေးအခေါ် အရ နိုင်ငံနာမည်ကို လူအများစု အခြေပြုတဲ့ “မြန်မာ” ဆိုပြီး တပ်ခေါ်ခဲ့ ခြင်းဟာ မျက်မှောက်ခေတ်လို တိုင်းရင်းသား လူမျိုးစုအားလုံး မူရင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေ အတိုင်း တန်းတူ သာတူညီမျှ ဖြစ်အောင် ကြိုးစားနေတဲ့ အချိန်မှာ လုံးလုံး မသင့်လျော်တော့ပါ။
ဒါကြောင့် ဌာနေတိုင်းရင်းသား အားလုံးဖြစ်တဲ့၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ်၊ ကရင်၊ ကချင်၊ ချင်း အစရှိတဲ့ သူတွေနဲ့ နိုင်ငံခြားကနေ လာရောက် အခြေချနေထိုင်သူ တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးစုံ ပူးပေါင်းပါဝင်ခဲ့တဲ့ ကိုလိုနီကျွန်ဘဝ လွတ်မြောက်ရေး ကြိုးပမ်းမှုခေတ်မှာ သခင်ဘသောင်း (၁၉၀၂-၁၉၈၀) ဦးဆောင်တဲ့ လူမျိုးစုံ ပါဝင်တဲ့ သခင်ကြီးတွေရဲ့ “ဒို့ဗမာ အစည်းအရုံးကြီး” က တနိုင်လုံးမှာ ရှိတဲ့ လူမျိုးအသီးသီးရဲ့ အမျိုးသားရေးစိတ် နိုးကြားလာစေဖို့ နှိုးဆော်ရာမှာ ဒီနိုင်ငံဟာ “မြန်မာ” နိုင်ငံမဟုတ်၊ “မြန်မာ” တမျိုးတည်း မပိုင်၊ “မြန်မာ” အပါအဝင် တိုင်းရင်းသား အားလုံးနဲ့ လူနည်းစု လူမျိုးစုများ ပိုင်တဲ့ နိုင်ငံဖြစ်တဲ့ အတွက် “ဗမာ” နိုင်ငံ လို့သာ ခေါ်ဆိုရမယ် ဆိုပြီး “ဒို့ဗမာအစည်းအရုံး ကြေညာစာတမ်း” မှာ အတိအလင်း ရေးသား ဖော်ပြခဲ့တယ်။
အဖွဲ့အစည်း နာမည်ကိုလည်း အားလုံးကို ကိုယ်စားပြုနိုင်တဲ့ သဘော “ဒို့ဗမာ အစည်းအရုံး” လို့သာ ပေးခဲ့ပြီး “ဒို့မြန်မာ အစည်းအရုံး” လို့ မခေါ်တွင်စေခဲ့ဘူး။ ဒါဟာ မြန်မာအပါဝင် တခြား လူမျိုးစုတွေ မှီတင်းနေထိုင်နေတဲ့ နိုင်ငံရဲ့ နာမည်ကို သမိုင်းအထောက်အထားနဲ့ ဘာသာဗေဒ သဘောအရလည်း ဆီလျော်ပြီး မြန်မာ လူမျိုးနာမည် အစမူလ ဖြစ်တဲ့ “မြန်မာ” ကို မသုံးဘဲ ဆင့်ပွားမူ “ဗမာ” ကိုသာ “ဒို့ဗမာအစည်းအရုံးကြီး” က သုံးဖို့ ညွှန်းဆိုခဲ့ခြင်း၊ တကယ် သုံးခဲ့ခြင်းဟာ မြန်မာ မဟုတ်တဲ့ အခြားလူမျိုးစုများ အတွက်လည်း ခေတ်အခြေအနေအရ ကျေနပ်လက်ခံစရာ ဖြစ်ခဲ့ရတယ်။ “ဒို့ဗမာ အစည်းအရုံး” က မွေးထုတ်လိုက်တဲ့ အမည်နာမကို သုံးတယ်။ ဂျပန်ခေတ် နိုင်ငံရဲ့ တရားဝင် နာမည်ဟာ “ဗမာနိုင်ငံတော်” ဖြစ်ခဲ့တယ်။
တကယ် ဗြိတိသျှ ကိုလိုနီ ဘဝကနေ လွတ်မြောက်လာပြီး အပြည့်အဝ လွတ်လပ်ရေး ယူတဲ့ အချိန်မှာတော့ “ဒို့ဗမာ အစည်းအရုံး” ခေတ်က တည်ဆောက်ထားနိုင်ခဲ့တဲ့ မြန်မာနဲ့ တခြား တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်၊ သာတူညီမျှ၊ ဥမကွဲ သိုက်မပျက် စိတ်ဓာတ်နဲ့ အနှစ်သဘောတွေဟာ နယ်ချဲ့ရဲ့ သွေးထိုးမှု၊ ဘက်နှစ်ဘက် စလုံးရဲ့ လူမျိုးရေး သူငယ်နာ မစင်မှုနဲ့ နိုင်ငံရေး သဘောတွေကြောင့် မှေးမှိန်လာခဲ့တယ်။ လွတ်လပ်တဲ့ နိုင်ငံရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ ပထမဆုံး ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) မှာ ကိုက ပြည်ထောင်စု စစ်စစ် မူ မျှတတဲ့ ပြည်နယ်၊ အာဏာ၊ ခွဲဝေမှု အုပ်ချုပ်ရေး သဘော နဲ့ အကြိုသဘော တူညီထားခဲ့တဲ့ ပင်လုံ ကတိကဝတ် တွေကို အပြည့်အဝ မဖော်ဆောင်နိုင် ဖြစ်ခဲ့ရပြီး ရှေးယခင် ပဒေသရာဇ် ခေတ်မှာကတည်းက အပြန်အလှန် အင်ပါယာ ချဲ့ထွင်မှုကြောင့် အရင်းတည်ခဲ့တဲ့ လူမျိုးစုချင်း မယုံကြည်နိုင်မှု သံသယနဲ့ အမုန်းဟာ ပြန်လည် အသက်ဝင် လာခဲ့တယ်။ (စကားချပ် – အပြန်အလှန် ဆိုတဲ့ သဘောဟာ မွန်နဲ့ မြန်မာကြားသာ ဖြစ်တယ်၊ မြန်မာနဲ့ တခြား လူမျိုးစုများကြားမှာက များသောအားဖြင့် မြန်မာကသာ အင်အားကြီးတဲ့ အချိန်တွေမှာ လူမျိုးစု ဒေသ ပဒေသရာဇ် မြို့ပြ နိုင်ငံငယ်တွေကို နယ်ချဲ့ပြီး အပြည့်အဝ သွားသိမ်းတယ်၊ ဒါမှမဟုတ် သြဇာခံ ပဏ္ဍာဆက် ခိုင်းတယ်၊ ဥပမာ – ရခိုင်နိုင်ငံ၊ ရှမ်းပြည်လို့ ခေါ်တဲ့ မောသျှမ်းနိုင်ငံ)
လွတ်လပ်ရေး ရရချင်းမှာ မြန်မာ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ တချို့ လူမျိုးစုတွေနဲ့လည်း စတင်ပြီး ပြည်တွင်းစစ်ပွဲ ဖြစ်ခဲ့တယ်။ ဥပမာ – ကရင်နဲ့။ ကရင်နဲ့က ဒုတိယကမ္ဘာစစ်အတွင်း ပထမအကြိမ် အင်္ဂလိပ် အဆုတ်မှာ ကတည်းက လူမျိုးရေး ပဋိပက္ခတွေ ရှိခဲ့တယ်။ တကယ် လွတ်လပ်ရေးရတဲ့ အချိန်မှာတော့ နှစ်ဘက် စလုံး လူမျိုးရေး အမြင်ကျဉ်းမြောင်း မှုတွေအပြင် အထက်က ဆိုခဲ့တဲ့ ပြည်ထောင်စု စစ်စစ် မတည်ထောင်နိုင်ခြင်း သဘောတွေကြောင့် စစ်ပွဲ အသွင်အထိ ဖြစ်ခဲ့ရတယ်။ ဒီလို လွတ်လပ်ရေး ခေတ်ဦး ဝါဒရေးရာ စစ်ပွဲ၊ နိုင်ငံရေး၊ လူမျိုးရေးရာ သဘောဆောင်တဲ့ စစ်ပွဲတွေကြောင့် “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်” ဖြစ်နေတဲ့ကာလ၊ မြန်မာနဲ့ တခြား တိုင်းရင်းသားတွေအကြား နိုင်ငံရေး သဘောတူညီမှု အတွက် အပြည့်အဝ ညှိမရသေးတဲ့ အချိန်မှာ လူမျိုးကြီး ဝါဒ သဘောဆောင်တဲ့၊ အများစု မြန်မာတွေကိုသာ ကိုယ်စားပြုတဲ့ နိုင်ငံနာမည် “မြန်မာ” ဟာလည်း ပြန်လည် အသက်ဝင် လာခဲ့တယ်။
လွတ်လပ်တဲ့ နိုင်ငံရဲ့ ခေတ်ဦး ပါလီမန်ဒီမိုကရေစီ အစိုးရမှာ တိုင်းရင်းသားတွေလည်း အထိုက်အလျောက် နေရာရခဲ့တယ်။ အခြေခံဥပဒေ အရ နိုင်ငံ့အုပ်ချုပ်ရေးမှာ အာဏာ မရှိတဲ့ သမ္မတ ရာထူးတွေဟာ တိုင်းရင်းသားတွေချည်း ရခဲ့တယ်။ တိုင်းရင်းသား အခွင့်အရေးကို လေးစားတယ်လို့ ဆိုနိုင်ပေမယ့် အထက်မှာ ဆိုခဲ့သလို ရှုပ်ထွေးနေတဲ့ မွေးကင်းစ တိုင်းပြည်မှာ ပြည်ထောင်စု စစ်စစ် ပင်လုံ အနှစ်သာရဟာ အပြည့်အဝ မဖော်ဆောင်နိုင် ခဲ့တဲ့အပြင် လူမျိုးကြီးဝါဒ သဘောဆောင်တဲ့ တိုင်းရင်းသား လူမျိုးစုရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက်ချယ်လှယ်တာ၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို မျှမျှတတ မခွဲဝေတဲ့ သဘောတွေဟာ တဖြည်းဖြည်းနဲ့ အခြေ တည်လာခဲ့တယ်။ မြန်မာလူမျိုးကြီး ဝါဒဟာ ခေတ်ဦး ပါလီမန် ဒီမိုကရေစီ စနစ်မှာ အဓိက မကျင့်သုံး၊ မရှင်သန်ခဲ့ပေမယ့် အာဏာရပါတီရဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အစိတ်အပိုင်း တချို့မှာတော့ အဲဒီ သဘောနဲ့ အတွေးအခေါ် တွေကို စတင်တွေ့ခဲ့ရတယ်။
တိုင်းပြည်ကို ချောက်ထဲ လုံးလုံး ကျစေခဲ့တဲ့ စစ်အာဏာရှင်စနစ် စတင်ကျင့်သုံးတဲ့ ကာလမှာတော့ စစ်အာဏာရှင် အဆက်ဆက်ဟာ လူအများစု ထောက်ခံမှုကို ရနိုင်ဖို့အတွက် အမျိုးသားရေး စိတ်ဓာတ်ကို အလွဲသုံးစားလုပ်ပြီး လူမျိုးကြီးဝါဒ အတွေးအခေါ်၊ သဘောတရား တွေကို စိတ်ကြိုက် ဖန်တီးထားတဲ့ စာပေ၊ ရုပ်ရှင်၊ သမိုင်း၊ ပညာရေးစနစ် စတဲ့ လူထု ဝါဒဖြန့်ချိရေး ကြားခံတွေမှာ အကြီးအကျယ် သွတ်သွင်းခဲ့တယ်။ ဒါကြောင့် တိုင်းရင်းသား ပြဿနာ ပိုမို အမြစ်တွယ်ပြီး ဖြေရှင်းမရ ဖြစ်ခဲ့မှုနဲ့ အတူ အကျိုးဆက် များစွာထဲက တခုကတော့ နိုင်ငံနဲ့ အများစု ရှိတဲ့ လူမျိုးရဲ့ နာမည်ဟာ မူရင်းနဲY ပြောင်းပြန် ဖြစ်ခဲ့ရတယ်။
နိုင်ငံကို “မြန်မာ”၊ လူမျိုးကို “ဗမာ” ဆိုပြီး နိုင်ငံကို “မြန်မာ” လူမျိုးသာ သီးသန့် ကိုယ်စားပြုတဲ့ နာမည် သုံးသလို၊ လူမျိုး နာမည်ကိုလည်း ဒုတိယမူကွဲ “ဗမာ” အဖြစ်သတ်မှတ်ခြင်းဖြင့် အမှန်တရားဟာ ပြောင်းပြန်လုပ်၊ လူမျိုးကြီး ဝါဒ ဇာတ်သွင်းခြင်း ခံခဲ့ရတယ်။ ဒါဟာ နိုင်ငံနာမည်နဲ့ လူမျိုးနာမည် မြန်မာလို အခေါ်ရဲ့ “အမှန်” “အမှား” သမိုင်းမှန်ပဲ ဖြစ်တယ်။
နိုင်ငံနာမည် အင်္ဂလိပ်လို အခေါ်ကို “Burma” ကနေ “Myanmar” လို့ ပြောင်းတာကတော့ ၁၉၈၉ နဝတ စစ်အစိုးရခေတ်မှာ ဖြစ်ခဲ့တယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်း ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ အကြား အဖွဲ့ တည်ထောင်မှု အကွဲ (ဗကသ/ မကသ အကွဲ) ကို ပိုမို သပ်လျှို သွေးထိုးလိုစိတ်နဲ့ အာဏာရှင်ဟောင်း ဦးနေဝင်း အမွေခံ ဗိုလ်ချုပ်ကြီးခင်ညွန့်က ပညာရှင်တွေ ပါတဲ့ ကော်မရှင် တခုဖွဲ့ပြီး ဇွတ်အတင်း ပြောင်းစေခဲ့တယ်။
ကော်မရှင်က နိုင်ငံ နာမည်ကို အင်္ဂလိပ်လို “Myanmar” လို့သာ ခေါ်သင့်ကြောင်း အခြေအမြစ်မရှိ၊ မခိုင်လုံတဲ့ အကြောင်းပြချက် ၃ ချက် ပေးခဲ့တယ်။ အဲဒီအထဲက မခိုင်လုံဆုံး အချက်ကတော့ မြန်မာလို နိုင်ငံနာမည် “မြန်မာ” ဟာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်၊ ဒါကြောင့် အင်္ဂလိပ်လို မှာလည်း မြန်မာ အသံထွက်ကို တိုက်ရိုက် အင်္ဂလိပ် စာလုံး ပေါင်းတဲ့ “Myanmar” လို့ သုံးမယ်ဆိုတဲ့ အချက်ဖြစ်တယ်။ အဲဒီ အချက်ဟာ အထက်မှာ ရှင်းပြခဲ့တဲ့ မြန်မာလို “မြန်မာ” ရဲ့ အဓိပ္ပာယ်ဟာ တိုင်းရင်းသား အားလုံးကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်တဲ့ အတွက် အင်္ဂလိပ်လို “Myanmar” ဟာလည်း တိုင်းရင်းသားအားလုံးကို ညွှန်းဆိုနိုင်စရာ အကြောင်းမရှိပါ။
အစဉ်အဆက် နိုင်ငံနာမည်ကို “Burma” လို့ပဲ သုံးစွဲလာခဲ့တယ်။ ဗမာနိုင်ငံသား အားလုံးပါဝင်တဲ့ အဖွဲ့အစည်း တွေကိုလည်း အင်္ဂလိပ်လို “Burma” လို့ပဲ တပ်ခဲ့တယ်။ ဥပမာ – BIA၊ BDA သာဖြစ်တယ်၊ MIA၊ MDA မဟုတ်ပါ။ စစ်အစိုးရ တည်ထောင် ခဲ့တဲ့ “မဆလ” ပါတီ ကိုယ်တိုင်လည်း အင်္ဂလိပ် အမည်ကို “BSPP” ဆိုပြီး “Burma” နာမည် သုံးခဲ့တယ်။
နိုင်ငံနာမည် အင်္ဂလိပ်လို “Burma” ဟာ ကိုလိုနီ ဖြစ်ခဲ့ခြင်းက အစပြုခဲ့တယ်။ စကားလုံးရဲ့ မူရင်းနဲ့ ရှေ့ကွင်းဆက် သဘောကတော့ နိုင်ငံခြားတိုင်းပြည်က လူမျိုးတွေနဲ့ စတင်ထိစပ်တဲ့ အချိန်တွေ ကတည်းက ဖြစ်တယ်။ အိန္ဒိယမှာရှိတဲ့ လူမျိုးတွေက မြန်မာ ဗမာတွေကို ဗရမာ၊ ဗြဟ္မာ၊ စာကို ဘာရမီလို့ ခေါ်ကြတယ်။ ဒါဟာ မြန်မာ (ဗမာ) တွေ မိမိကိုယ်ကိုယ် ညွှန်းဆိုတဲ့ စကား (စာပေ မဟုတ်) အရ သူတို့နဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုခြင်း ဖြစ်နိုင်သလို၊ ဗြဟ္မာ အယူအဆကို လက်ခံတဲ့ လူမျိုးတွေလို့ ညွှန်းဆို ခေါ်ဝေါ်ခြင်းလည်း ဖြစ်နိုင်တယ်။ ဒီ အိန္ဒိယ အခေါ်ကို ၁၆၊ ၁၇ ရာစုလောက်မှာ ပူတကေ (ပေါ်တူဂီ) လူမျိုးတွေက မွေးစားပြီး မြန်မာ (ဗမာ) တွေကို သူတို့ အသံထွက်နဲ့ ဘာမင်နီယား (Birmania) လို့ ခေါ်တယ်။ ဒီအခေါ်ကိုပဲ အင်္ဂလိပ်တွေက (၁၈) ရာစု လောက်မှာ ထပ်မံမွေးစားပြီး မြန်မာ (ဗမာ) တွေ နေထိုင်တဲ့ နေရာဟာ ဘားမား (Burma) ဖြစ်လာတယ်။
ကနဦး အင်္ဂလိပ်စာလုံးပေါင်းမှာ “Burma” ဆိုတာအပြင် မူကွဲတွေ အမျိုးမျိုး ရှိခဲ့တယ်။ ဥပမာ – Bermah, Birmah, Brama, Burmah။ နောက်ပိုင်းကျမှ လူမျိုးနာမည် “Burma” က အတည်ဖြစ်ပြီး ကိုလိုနီ ဖြစ်တဲ့ အချိန်မှာလည်း နိုင်ငံနာမည်ပါ “Burma” ဆိုပြီး တရားဝင် ရုံးသုံး အခေါ်ဖြစ်လာခဲ့တယ်။ မြန်မာ လူမျိုးကိုတော့ “Burman/ Burmese” ဆိုပြီး သုံးနှုန်းခဲ့တယ်။
ဘယ် နိုင်ငံခြားသား မဆို မြန်မာ (ဗမာ) လူမျိုးတွေကို ခေါ်ရင် သူတို့ကြားရတဲ့ စကားသံ “ဗမာ” ကို သူတို့လျှာနဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုမှာသာဖြစ်တယ်။ ဒါပေမယ့် ဒီနေရာမှာ သူတို့ မဖတ်တတ်တဲ့ စာပေ အရေးအသားမှာ အများစု သုံးတဲ့ “မြန်မာ” ကို အခြေပြုပြီး မခေါ်ဆိုနိုင်တာကို သတိပြုရပါမယ်။ ဒါကြောင့် လူမျိုးခြား အားလုံးက မြန်မာ (ဗမာ) တွေကို ခေါ်တဲ့ နေရာမှာ စကားသံ “ဗမာ” ကိုပဲ အခြေပြု ခေါ်ခဲ့တယ်။ ဥပမာ – ထိုင်းတွေက မြန်မာ (ဗမာ) တွေကို “ဖမ” လို့ခေါ်တယ်။
နိုင်ငံ နာမည် “Burma” ဖြစ်ခဲ့ခြင်း သဘောက ကိုလိုနီ စဖြစ်ခဲ့တဲ့ အချိန်နဲ့ သက်ဆိုင်တယ်။ ကိုလိုနီ စဖြစ်ချိန်မှာ မြန်မာ ကုန်းဘောင် မင်းဆက် လက်နက်နိုင်ငံတော် အင်ပါယာရဲ့ အာဏာဟာ မျက်မှောက်ခေတ် နိုင်ငံ နယ်နိမိတ်မှာရှိတဲ့ နေရာ အများစုလို့ ဆိုနိုင်တဲ့အထိ သက်ရောက်နေပြီ ဖြစ်တယ်။ ရခိုင်နဲ့ မွန် နိုင်ငံတွေဟာ လုံးလုံး မြန်မာကုန်းဘောင်မင်း နိုင်ငံရဲ့ လက်အောက် ကို ရောက်နေပြီ ဖြစ်တယ်။ ဒီအနေအထားမှာ ဗြိတိသျှ အင်ပါယာနဲ့ မြန်မာကုန်းဘောင်ဘုရင် အင်ပါယာတို့ အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆) စ ဖြစ်တယ်။ မြန်မာက စစ်ရှုံးလို့ စစ်ပြေငြိမ်းရာမှာ သူတို့ နယ်ချဲ့သိမ်းပိုက် ထားတဲ့ နယ်မြေတချို့ဖြစ်တဲ့ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်လက်ထဲ လွှဲလိုက်ရတယ်။ အဲဒီမှာ အင်္ဂလိပ်က မြန်မာ (ဗမာ) ထံကနေ ရလိုက်တဲ့ အတွက် အဲဒီ နယ်မြေတွေကို အောက် ဗမာပြည် (Lower Burma) ဆိုပြီး နာမည်ပေးပြီး ဗြိတိသျှ – အိန္ဒိယ လက်အောက်ကို ထည့်လိုက်တယ်။
နောက်ပိုင်း အင်္ဂလိပ်-မြန်မာ နှစ်ကြိမ် စစ်ဆက်ဖြစ်ပြီး အင်္ဂလိပ်က မြန်မာကုန်ဘောင်မင်း နန်းစိုက်တဲ့ နေရာအထိ သိမ်းပြီးတဲ့ အချိန်မှာတော့ ကုန်ဘောင်မင်းဆက် အာဏာစက် ရောက်ခဲ့တဲ့ လက်ရှိ နိုင်ငံနယ်နမိတ် နေရာအများစုကို ဗမာနိုင်ငံ “Burma” ဆိုပြီး သတ်မှတ်တယ်၊ ဗြိတိသျှ အင်ပါယာထဲ ထည့်လိုက်တယ်။ ဒီနေရာမှာ သတိပြုရာမှာက ကုန်းဘောင်မင်းဆက် အာဏာ အပြည့်အဝ မသက်ရောက်ခဲ့တဲ့၊ နေရာတချို့ဖြစ်တဲ့ ရှမ်းပြည်လို နေရာတွေကို အင်္ဂလိပ်က တိုက်ရိုက် ကိုလိုနီအဖြစ် မသိမ်း ပိုက်ဘဲ၊ အစောင့်အရှောက်ခံ နယ်မြေ အဖြစ်သတ်မှတ်ပြီး ဒေသခံ ပဒေသရာဇ် စော်ဘွားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးခဲ့တယ်။
အင်္ဂလိပ်တွေ အနေနဲ့ သူတို့ စစ်ဖြစ်ခဲ့ရတဲ့ လူမျိုး တမျိုးတည်းသာ ဒီနိုင်ငံမှာ မနေထိုင်တဲ့ သဘောကို သိတယ် ဆိုတာ မတူကွဲပြားတဲ့ အုပ်ချုပ်ပုံ စနစ်တွေ ကျင့်သုံးခဲ့ပြီး ပိုမို သွေးကွဲစေခြင်းက သက်သေပြုတယ်။
ဒါ တနည်းအားဖြင့် အင်္ဂလိပ်တွေသုံးခဲ့တဲ့ “Burma” ဟာ မြန်မာ မဟုတ်တဲ့ တခြား တိုင်းရင်းသား လူမျိုးစုတွေကိုပါ သက်ရောက်တယ်လို့ ဆိုနိုင်တယ်။ နိုင်ငံအမည် အင်္ဂလိပ်လို “Burma” ဟာ မြန်မာ (ဗမာ) လူမျိုးကိုသာ အခြေခံပြီး ဖြစ်ခဲ့ပေမယ့် အထက်ပါ ဆိုခဲ့တဲ့ ကိုလိုနီ ဖြစ်စဉ်သဘောအရ တိုင်းရင်းသားတွေကိုလည်း ကိုယ်စားပြုတယ်လို့ ဆိုချင်ရင် ရတယ်။ သေချာတာကတော့ မြန်မာ (ဗမာ) လူမျိုးတွေရဲ့ အခေါ် မူရင်းနဲ့ အမှန်အခေါ် “မြန်မာ” ကို တိုက်ရိုက် အင်္ဂလိပ် စကားလုံး ဖလှယ် သုံးထားတဲ့ “Myanmar” ထက်တော့ “Burma” က နိုင်ငံမှာ အတူယှဉ်တွဲ နေထိုင်နေရတဲ့ တခြား မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုရာ ရောက်တယ်လို့ ဆိုနိုင်တယ်။
ဒါကြောင့် မြန်မာ၊ အင်္ဂလိပ် နိုင်ငံအမည် အခေါ်အဝေါ် နှစ်မျိုးစလုံးရဲ့ မူကွဲ နှစ်ခုမှာ အထက်က တင်ပြခဲ့တဲ့အတိုင်း မြန်မာ လူမျိုးအခေါ် မူရင်း “မြန်မာ” ဖြစ်တယ်ဆိုတဲ့ သမိုင်းအထောက်အထား အချက်အလက်တွေအရ ဖြစ်ဖြစ်၊ ကိုလိုနီ ဖြစ်စဉ် သဘောအရ ဖြစ်ဖြစ်၊ ဒို့ဗမာအစည်းအရုံးကြီးက ချမှတ်ခဲ့တဲ့ ပဒေသရာဇ်ခေတ်စနစ် မြန်မာလူမျိုးကြီးဝါဒ တိုက်ဖျက် စေလိုတဲ့ မူအရပဲ ဖြစ်ဖြစ်၊ နိုင်ငံအမည် ဗမာနိုင်ငံ (Burma) ဆိုတဲ့ နာမည်က နိုင်ငံရဲ့ လူမျိုးစုအားလုံးကို ကိုယ်စားပြုတဲ့၊ သင့်လျော်တဲ့ စကားလုံး ဖြစ်ပါတယ်။
ဒါပေမယ့် အထက်က ဆွေးနွေးတင်ပြချက်မှာ ထောက်ပြခဲ့သလို ဒီ ဗမာနိုင်ငံ (Burma) ဆိုတဲ့ နိုင်ငံအမည် အခေါ်ဟာလည်း မြန်မာ လူမျိုးအပေါ်မှာသာ အခြေပြု ပေါ်လာခဲ့တဲ့အတွက် မြန်မာလူမျိုးတမျိုးတည်းသာ ကိုယ်စားပြုသလို ဖြစ်နေနိုင်သေးတဲ့ အတွက် နောက်ကို တိုင်းပြည်မှာ မြန်မာ မဟုတ်တဲ့ တခြား လူမျိုးစု အသီးသီးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပီပီပြင်ပြင် သီးသီးသန့်သန့် ဖော်ဆောင်ခွင့်ရတဲ့ ဖယ်ဒရယ် ပြည်ထောင်စု စစ်စစ် ဖော်ဆောင်နိုင်တဲ့ အချိန်ကျရင် ဒီ နိုင်ငံ အမည် ဗမာနိုင်ငံ (Burma) ဆိုတဲ့ သဘောကို ပြည်သူလူထု ဆန္ဒ၊ အထူးသဖြင့် လူနည်းစု လူမျိုးစုတွေရဲ့ ဆန္ဒ သဘော တောင်းခံပြီး ပညာရှင်တွေရဲ့ အကြံပြုချက်နဲ့ အညီ ပြုပြင်ပြောင်းလဲဖို့၊ ဒါမှမဟုတ် ထပ်မံ ဖြည့်စွက်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အခု လောလောဆယ် တိုင်းရင်းသားအားလုံးကို ပိုမို ကိုယ်စားပြုနိုင်တဲ့ စကားလုံးတွဲ ထပ်မံ ရှာဖွေဖို့ အခြေအနေ အခွင့်အရေး မရှိခင်မှာ ဒီဝေါဟာရ ပြဿနာဟာ သာမန် ဘာသာဗေဒ သဘော အငြင်းပွားမှုထက် ပိုတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာ၊ တိုင်းရင်းသား လူမျိုးစု အချင်းချင်း ဖြစ်နေတဲ့ ပဋိပက္ခနဲ့ တိုက်ရိုက်ပတ်သက် နေတဲ့အတွက် တိုင်းရင်းသား ပြည်သူ အားလုံး၊ အထူးသဖြင့် သမိုင်းကို သေသေချာချာ မလေ့လာ မသင်ကြားခဲ့ရတဲ့ မျိုးဆက်သစ်လူငယ်တွေ အတွက် သမိုင်းဆိုင်ရာ အချက်အလက်၊ ဘာသာဗေဒနဲ့ ဝေါဟာရဆိုင်ရာ အယူအဆ ဖြစ်ပေါ်တိုးတက်လာမှုကို သိရှိနားလည်စေလိုတဲ့ ရည်ရွယ်ချက် စေတနာနဲ့ ဒီဆောင်းပါးကို ရေးပါတယ်လို့ နိဂုံးချုပ် ပြောချင်ပါတယ်။
ရည်ညွှန်း။ ။
•Hall, DGE, “Pre-Pagan Burma”, (3rd Edition), (1960).
•Ammon, Ulrich, “Sociolinguistics: An International Handbook of the Science of Language and Society”, Volume 3/3, (2nd Edition), (2004).
•Houtman, Gustaaf, “Mental culture in Burmese crisis politics”, ILCAA Study of Languages and Cultures of Asia and Africa Monograph Series No. 33, Institute for the Study of Languages and Cultures of Asia and Africa, (1999).
•Dittmer, Lowell, “Burma Or Myanmar? The Struggle for National Identity”, World Scientific, (2010).
•Thant Myint-U, “The River of Lost Footsteps–Histories of Burma”, (2006).
•Thant Myint-U, “The Making of Modern Burma”, (2001).
•Ma Thanegi, “Defiled on the Ayeyarwaddy: One Woman’s Mid-Life Travel Adventures on Myanmar’s Great River”, (2011).
•တင်မောင်သန်း၊ “သခင်နိုင်ငံတော်”၊ (၂၀၀၂).
ငြိမ်းချမ်းအေးသည် ဩစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့တွင် နေထိုင်လျက်ရှိသည့် အိုင်တီနည်းပညာရှင် တဦးဖြစ်သည်။