မေလတုန်းက မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်မှာ ခြေချမိတဲ့အခါ စိတ်ကူးယဉ်ကမ္ဘာထဲက အဲလစ် (Alice in Wonderland) ရုပ်ရှင်ကားထဲက မင်းသမီးလေးလို မသိတဲ့အရာ တခုအတွက် စွန့်စားရင်း စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်သွားတာမျိုး မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်နေတဲ့အရာတွေဆီ ရောက်သွားတယ်လို့ သဘောပေါက်မိပါ တယ်။ ဒါပေမယ့် အံသြတာ၊ စူးမ်းချင်တာလေးတွေ နည်းနည်းတော့ ပါတာပေါ့။
ကျမတို့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်က လေဆိပ်အသစ်ကို ဆိုက်ရောက်ခဲ့ပါတယ်။ လေဆိပ်က မီးရောင်တွေ ပြိုးပြိုးပျက်ပျက် လက်နေပေမယ့် ကျမတို့လေယဉ်တစီးပဲ လေဆိပ်ထဲမှာ ရှိတာပါ။ မြက်ခင်းတွေ အသပ်ရပ်ဆုံး ခင်းထားတဲ့ အဆောက်အအုံကြီးတွေကို ကျမတွေ့ပါတယ်၊ ဒါပေမယ့် အဲ့ဒီမှာ နေတဲ့သူတွေ ဒါမှမဟုတ် အလုပ်သမားတွေကိုတော့ မတွေ့ပါဘူး။ ကျမတို့အဖွဲ့က ၁၂ လမ်းသွား အဝေးပြေးလမ်းမကြီးတလျှောက် ကား မောင်းသွားတဲ့အခါမှာလည်း ကားအရေအတွက် လက်တဆုပ်စာလောက်ကိုပဲ လမ်းမပေါ်မှာ တွေ့ရပါတယ်။
ဒါ့ပြင် ခမ်းနားကြီးကျယ်တဲ့ ဝန်ကြီးဌာနအဆောက်အအုံတွေ၊ လွှတ်တော်နဲ့ ရွှေရောင်တောက်နေတဲ့ သမ္မတအိမ် တော်ကိုလည်း တွေ့မိပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ့လူဦးရေ ၃ ပုံ ၁ ပုံက ဆင်းရဲနွမ်းပါးနေနေကြရတယ် ဆိုတာ ကျမသိပါတယ်။
အစိုးခေါင်းဆောင်တွေနဲ့ ကျမတွေ့တဲ့အခါမှာ အားလုံးရဲ့ဆွေးနွေးချက်တွေက အတူတူပါပဲ။ မြန်မာပြည်သူတွေ ပိုပြီး လွတ်လပ်လာဖို့ ကနဦးပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာတာတွေပဲ ပြောကြပါတယ်၊ ဒါ့ထက် မပိုပါဘူး။ သူတို့ပြောတာ တွေထဲမှာ ဘယ်ဟာကအမှန်လဲ ဘယ်ဟာက လုပ်ပြောတာလဲ စဉ်းစားဆုံးဖြတ်ဖို့ ခက်လှပါတယ်။
မေလ ၃၀ ကနေ ဇွန် ၁ ရက်နေ့အထိ ဘန်ကောက်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်းမှာ အရှေ့တောင်အာရှအတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီး စကားပြောဖို့ ဖိတ်တာမို့ အဲ့ဒီအစည်းအဝေးမတိုင်ခင် ကျမ မြန်မာပြည်ကို သွားလည်ခဲ့တာပါ။ (မကြာခင်ကမှ ရွေးကောက်ခံရတဲ့ လွှတ်တော်အမတ်) နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ ဝင် နိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းနဲ့လည်း ကျမ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဒီမိုကရေစီကိုရှေ့ရှုတဲ့ အကြိုဆောင်ရွက်မှုတွေက တကယ်အစစ်အမှန်ဖြစ်ပြီး ရေရှည်တည်တံ့မှာလား ဒါမှမဟုတ်လည်း ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအပေါ် အခြေခံပြီး နောက်ကြောင်းပြန်သွားနိုင်သလားဆိုတာ သိနိုင်ဖို့ အခုလို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအလဲတွေက လူမှု အခြေပြုလူ့အဖွဲ့အစည်းတွေအပေါ် ဘာတွေ အကျိုးသက်ရောက်မှုရှိမှာလဲဆိုတာကိုလည်း သိချင်တယ်။ ပြီးတော့ ခေါင်းဆောင်တွေအနေနဲ့ အပြောင်းအလဲတွေ ဆက်လုပ်မှာလားဆိုတာကိုလည်း အကဲဖြတ်ချင်တာကိုး။
ကျမတွေ့ရှိခဲ့တာတွေကတော့ မြန်မာဗိုလ်ချုပ်ကြီးတွေက (တချို့က ယူနီဖောင်းမဝတ်တော့ပါဘူး) ပြုပြင် ပြောင်းလဲရေးဆီ ဦးတည်တဲ့ခြေလှမ်းတွေကို ဖြည်းဖြည်းချင်း ပိုလှမ်းနေတာနဲ့ ဖိနှိပ်မှုတွေ လျော့ပါးလာတဲ့အပေါ် ဘယ် လို အခွင့်ကောင်းယူမလဲလို့ ကိုယ့်ဘာသာကိုယ် အဖြေရှာနေတဲ့ လူ့အဖွဲ့အစည်းတခုပဲ ဖြစ်ပါတယ်။
ကနေ့ အမေရိကန်အထက်လွှတ်တော်မှာ ပါတီ ၂ ရပ်စလုံးက ထောက်ခံတဲ့ကိစ္စမျိုးဟာ တစထက်တစ ပိုရှားလာနေ တာပါ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်ဆိုင်ရာမူဝါဒအပေါ်မှာတော့ သမ္မတအိုဘားမားရဲ့ အစိုးရ အဖွဲ့နဲ့ ကျမရဲ့ ရီပတ်ဘလစ်ကင် (Republican) ပါတီ ၂ ခုစလုံးက ကျယ်ကျယ်ပြန့်ပြန့် သဘောတူကြပါတယ်။ မြန်မာ ပြည်ရဲ့ ဒီမိုကရေစီနည်းကျပြုပြင်ပြောင်းလဲမှုတွေကို ပါတီ ၂ ရပ်စလုံးက ထောက်ခံကြပြီး လူ့အခွင့်အရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပိုပြီးရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ကိုလည်း ထောက်ခံကြပါတယ်။ ဒါပေမယ့် မြန်မာပြည်အပေါ်ချမှတ် ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချတာဟာ သက်သေသာဓကပြနိုင်တဲ့ တိုးတက်မှုတွေနဲ့ ကိုက်ညီသင့်တယ် လို့ သူတို့က ယုံကြည်ကြတာဖြစ်ပါတယ်။ အဲ့ဒီတိုးတက်မှုတွေထဲမှာ တိုင်းရင်းသားအင်အားစုတွေကို ပြုမူဆက်ဆံမှု၊ နိုင်ငံရေးအကျဉ်းသားတွေ ပိုလွတ်မြောက်လာမှုနဲ့ အစဉ်အလာ ဒီမိုကရေစီအခွင့်အရေးတွေ ပိုရှိလာစေမှု စတာတွေ ပါဝင်ပါတယ်။
စစ်မှန်တဲ့ဆောင်ရွက်ချက်အတွက် အဲ့ဒီလိုတောင်းဆိုတာဟာ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုထိ အောက်ခြေမှာ ဆောင်ရွက်ခဲ့ပြီးတဲ့ ပြုပြင်ပြောင်းလဲမှုအနည်းအကျဉ်းဟာ (တကယ်စစ်မှန်ပေမယ့်) ဒီမိုကရေစီနည်းကျ တိုးတက်မှုတွေရှိလာစေဖို့အတွက် အားလုံးကဆန္ဒရှိလို့ ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ တကယ် တမ်းပြောရမယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေကို ကိုယ်ကျိုးမဖက် ဆောင်ရွက်နေကြတာလို့ ယုံကြည်ယူဆနေတဲ့ အနောက်နိုင်ငံတွေက မြင်နေတာနဲ့ လမ်းခွဲပြီး တကယ်ဖြစ်နေတဲ့ ဝန်းကျင်အခြေအနေထဲမှာပဲ နေရာတကျ ဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုဆီ ဦးတည်တဲ့ စမ်းသပ်အဆင့်တွေကို ကနဦးဆောင်ရွက်ခဲ့သူ သမ္မတဦသိန်းစိန်အပါအဝင် မြန်မာနိုင် ငံက “အပြောင်းအလဲလိုလားသူ” ဗိုလ်ချုပ်ကြီးတွေဟာ နိုင်ငံ့စီးပွားရေးနဲ့ ကြွယ်ဝတဲ့ သဘာဝသယံဇာတတွေ ရယူပိုင် ဆိုင်ခွင့်ကို မျိုးဆက်တခု ကြာ ထိန်းချုပ်ထားခဲ့ကြတာပါ။ ထိန်းချုပ်မှုကို ပိုပြီးအားကောင်းလာအောင် နိုင်ငံရေး ဖြစ်စဉ်ကို အသုံးချခဲ့တာမို့ ပြည်သူတွေ အထူးသဖြင့် နိုင်ငံသားအဖြစ်တောင် အစဉ်းစားမခံရတဲ့ တိုင်းရင်းသား အင်အားစုတချို့ ဆုံးရှုံးနစ်နာမှုတွေဆီ ဦးတည်ခဲ့ရပါတယ်။
သူတို့ရဲ့အုပ်ချုပ်မှုကတော့ (ခွင့်ပြုခဲ့တာမဟုတ်ဘူးဆိုရင်) အခွင့်အရေးတွေပိတ်ပင်ခြင်းခံထားရတဲ့ တိုင်းရင်းသားတွေ နေထိုင်ရာ နယ်စပ်တလျှောက်မှာ လူကုန်ကူးမှုအပါအဝင် ဘိန်းနဲ့ အခြားကုန်ပစ္စည်းတွေကို တရားမဝင်ရောင်းဝယ် ဖောက်ကားတာပဲဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ ကျမတွေ့ဆုံဆွေးနွေးကြတဲ့အခါမှာ သူက သူ့နိုင်ငံရင်ဆိုင်နေရတဲ့ ဒီကိစ္စတွေကို ထဲထဲဝင်ဝင် ဆွေး နွေးတာမျိုးမလုပ်ဘဲ ရှောင်ပါတယ်။ အဲ့ဒီကိစ္စတွေအစား သူရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကိုပဲ တည်တည်ငြိမ်ငြိမ် နဲ့ အကြာကြီးပြောပြပါတယ်။ သတ္တိရှိရှိနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကမကထပြုခဲ့တာမို့ သူ့ကို ဂုဏ်ပြုထိုက်ပါတယ်။
ဒါပေမယ့် ဒဏ်ခတ်အရေးအယူမှုတွေကလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ သူ့ကို တစိတ်တပိုင်းကနေ ဖိအားပေးခဲ့ တာပါ။ တကယ်လို့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် ရလာဒ်ကတော့ မြန်မာနိုင်ငံအနေနဲ့ သံတမန်ရေးနဲ့ စီးပွား ရေးတွေမှာ တစုံတရာအတိုင်းအတာအထိ အထီးကျန်ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီလို အထီးကျန်ဖြစ်လာရင် နိုင်ငံက ကိုယ့်ဝန်ကိုယ်မခံနိုင်ဘဲ ပြိုကျသွားတာမျိုး ဖြစ်လာပါလိမ့်မယ် ဒါမှမဟုတ်လည်း သွက်ချာပါဒဖြစ်ပြီး လူ့အဖွဲ့အစည်းရဲ့ အပယ်ခံ (မြောက်ကိုရီးယားနဲ့ အတော်ဆင်ဆင်) ဖြစ်လာပါလိမ့်မယ်။ ခနဲ့ပြီးပြောရမယ်ဆိုရင်တော့ အုပ်ချုပ်သူလူတန်း စားက အာဏာအခွင့်ထူးကို ဆက်ထိန်းထားဖို့နဲ့ ထပ်ချဲ့နိုင်ဖို့အတွက် အပြောင်းအလဲ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးတွေရဲ့ မက်လုံးက ဘာပဲဖြစ်နေဖြစ်နေ ဒီမိုကရေစီဒီလှိုင်းကတော့ တရိပ်ရိပ်တက်နေပါတယ်။ အပြောင်း အလဲလိုချင်တဲ့ ပြီးတော့ ပြုပြင်ပြောင်းလဲမှုမျှော်လင့်ချက်အတွက် သူတို့ဘဝတွေကို (အတော်လေး) ရင်းဖို့ လိုလိုလား လားရှိနေကြသူတွေ မြန်မာပြည်မှာ (ထောင်နဲ့ချီပြီး မဟုတ်ရင်တောင်) ရာနဲ့ချီပြီး ရှိကြပါတယ်။
မြန်မာပြည်ခရီးအပြီး ဘန်ကောက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မြန်မာပြည်ရဲ့ အထင်ရှားဆုံး နိုင်ငံရေးလှုပ်ရှားသူဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် သူ့ကိုထောက်ခံသူတွေက ချစ်ခင်မြတ်နိုးစွာနဲ့ “အမေ” လို့ခေါ်သူနဲ့ ကျမ အတူထိုင် စကားပြောခဲ့ပါတယ်။ ဒီဖိုရမ်ကို တက်ရောက်တာဟာ ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချခံထားရပြီးတဲ့နောက် ပြီးတော့ ပြင်ပကို ထွက်လိုက်ရင် ပြန်ဝင်ခွင့်ရမှာမဟုတ်တော့ဘူးလို့ခံစားရပြီး ၂၄ နှစ်ကြာနေခဲ့တဲ့ နိုင်ငံတခုရဲ့ ပြင်ပကို ပထမဆုံးထွက်တဲ့ ခရီးစဉ်ပါ။ ရာနဲ့ချီတဲ့ သူ့အပေါ် ချစ်ခင်နှစ်သက်သူတွေ အထဲမဝင်လာနိုင်အောင် အခန်းတခါးကို ပိတ်ပြီး မြန်မာပြည်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ကျမတို့ ဆွေးနွေးခဲ့ကြပါတယ်။
ဖိုရမ်မှာရရှိတဲ့ အလေးထားမှုတွေအပေါ် တကယ့်ကို အံ့အားသင့်ပုံပေါ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အာဏာရှိနေ သေးသူတွေနဲ့ပတ်သက်ပြီး သတိထားစောင့်ကြည့်ဖို့ လိုတဲ့အကြောင်း အလေးအနက် ထုတ်ပြောပါတယ်။ ဒါပေမယ့် သူတို့မှာ ဘာအကြောင်းပြချက်ပဲ နောက်ကွယ်မှာရှိရှိ တိုင်းပြည် အကျိုးရှိဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေကို အသုံးပြု တဲ့နေရာမှာ ညီမျှတဲ့ဆုံးဖြတ်ချက် ချဖို့လိုတယ်လို့လည်း ဆက်ပြောပါတယ်။ နောက်ပိုင်း ဖိုရမ်မှာ စကားပြောရာမှာတော့ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိသေးကြောင်း၊ ပြီးတော့ ခေတ်မှီဒီမိုကရေစီနိုင်ငံတွေမှာရှိတဲ့ ကူးသန်းရောင်းဝယ် ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အကာအကွယ်ပေးမှုတွေ မြန်မာပြည်မှာ မရှိသေးဘူးဆိုတဲ့အကြောင်း နိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုသွားလုပ်ကြမယ့်သူတွေကို သူက ဘွင်းဘွင်းရှင်းရှင်းပဲ သတိပေးခဲ့ပါတယ်။
အခြားစကားလုံးနဲ့ပြောရမယ်ဆိုရင် မြန်မာပြည်အခြေအနေဟာ ၁၉ ရာစု ဒုတိယထက်ဝက်က အမေရိကန်ပြည်ထောင်စု အစွန်အဖျားဒေသတွေမှာ ကိုယ့်သဘောကိုယ်ဆောင်တဲ့ကာလ (Wild West) လို့ တခါတရံခေါ်ကြတာနဲ့ နည်းနည်းဆင်တာမို့ ကုမ္ပဏီတွေအနေနဲ့ ကိုယ့်သဘောကိုယ်ဆောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မြန်မာပြည်ရဲ့မြို့တော်ဟောင်း ရန်ကုန်မှာတော့ မြန်မာပြည်သူတွေအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အောက်ခြေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတစုနဲ့ ကျမ အတူထိုင်းစကားပြောခဲ့ပါတယ်။ သူတို့တွေထဲမှာ HIV ရောဂါသည်တွေကို အလုပ်ခန့်ထားတဲ့ စတင်လည်ပတ်ခါက ကုမ္ပဏီငယ်လေးတခုကို တည်ထောင်သူနဲ့ ကျမ စကားပြောခဲ့ပါတယ်။ ဒီကုမ္ပဏီက ငှက်ဖျားရောဂါတားဆီးရာမှာ အထောက်အကူပြုနိုင်တဲ့ ခြင်ထောင်တွေထုတ်တဲ့ ကုမ္ပဏီပါ။ နောက်ပြီးတော့ နိုင်ငံတကာ သတ္တိရှင်အမျိုးသမီးဆု (Internation Women of Courage Award) ရခဲ့တဲ့ မဇင်မာအောင်နဲ့လည်း တွေ့ခဲ့ပါတယ်။ သူက လူမှုအခြေပြုလူ့အဖွဲ့အစည်း ၄ ဖွဲ့ထူထောင်ထားသူပါ။ သူတို့သာ လုပ်ခွင့် ရမယ်ဆိုရင် ဒီအမျိုးသမီးငယ်တွေဟာ ပြည်သူလူထုဘဝတွေကို ပိုကောင်းအောင်လုပ်နိုင်မယ့် မြန်မာနိုင်ငံရဲ့ အနာ ဂတ်တွေပဲ ဖြစ်ပါတယ်။
ဒါက မြန်မာပြည်ရဲ့ တော်လှန်ရေးလား။ လက်နက်တွေ၊ လမ်းပေါ်က လူထုဆန္ဒပြပွဲတွေမဟုတ်ဘဲ အပြောင်းအလဲဆီ ဖြည်းဖြည်းချင်း ပိုလှမ်းဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ တက်ကြွသူတွေက ရွေးချယ်ထားတဲ့ တော်လှန်ရေးမျိုးလား။ ဒါက နိုင်ငံတကာမီဒီယာတွေ သိပ်စိတ်လှုပ်ရှားတတ်တဲ့ အဖြစ်အပျက်မဟုတ်ပေမယ့် နောက်ဆုံးမှာ ထိရောက်မှု ပိုရှိပါလိမ့်မယ်။ အကြမ်းဖက်မှုတွေလည်း နည်းလိမ့်မယ်လို့ ကျမ မျှော်လင့် ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီမျိုးစေ့တွေ ရှင်သန်လာတဲ့အခါ အမေရိကန်ပြည်ထောင်စုလည်း အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီမျိုးစေ့တွေ ဆက်လက်ရှင်သန်ဖို့အတွက် ဗိုလ်ချုပ်ကြီးတွေ ဘာလဲဘယ်လဲဆိုတာကို ဂရုတစိုက်နဲ့ စောင့်ကြည့်နေသလို အခြေတည်စ ပြုပြင်ပြောင်းလဲမှုတွေကို ကျမတို့ ဆက်လက် ထောက်ခံရမှာပါ်။ ပြီးတော့ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ တိုးတက်အားကောင်းလာအောင် ဆောင် ရွက်နေကြသူတွေကိုလည်း ဆက်ပြီး ကူညီထောက်ပံ့ရမှာဖြစ်ပါတယ်။
မြန်မာပြည်အနောက်ပိုင်းမှာ မကြာသေးခင်ကဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေ၊ အကြမ်းဖက်မှုတွေက တိုးတက်မှုဟာ ကျိုးပဲ့ လွယ်တယ်။ ဗိုလ်ချုပ်ကြီးတွေအနေနဲ့လည်း အရင်ဆယ်စုနှစ်တွေက သူတို့လုပ်ခဲ့တဲ့ ဖိနှိပ်မှုတွေဆီ တကယ်ပြန်သွား နိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိသာစေပါတယ်။ အစိုးရအပေါ် ဆက်လက်ဖိအားပေးဖို့အတွက် ကျမတို့ရဲ့ ဘဏ္ဍာရေး အကူအညီ၊ ဒဏ်ခတ်မှုနဲ့ ဒေသတွင်း အမေရိကန်ပြည်ထောင်စုရဲ့ သြဇာလွှမ်းမိုးမှုတွေအပါအဝင် ကျမတို့ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ အကုန်လုံး ဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတာကို သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေကလည်း တိတိကျကျ ဖော်ပြထားပါတယ်။ ဒါမှပဲ ကျမတို့ အဲလစ်လို စိတ်ကူးယဉ်ကမ္ဘာထဲ တခါပြီး တခါ ရောက်သွားတာမျိုး မဖြစ်တော့မှာပါ။
Susan Collins ၏ Republicans and Democrats can Agree on Myanmar (Burma) ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။ မိန်း (Maine) ပြည်နယ်မှ အမေရိကန်အထက်လွှတ်တော်အမတ် ဆူစန်ကောလင်းစ်သည် နိုင်ငံတော် လုံခြုံရေးနှင့် အစိုးရရေးရာ အထက်လွှတ်တော်ကော်မတီ၏ ဦးဆောင်အဖွဲ့ဝင်တဦးဖြစ်သည်။