၁၉၃၁ ခုနှစ်ကတည်းက ရန်ကုန် တက္ကသိုလ်ဝန်း အတွင်း တည်ရှိခဲ့သော သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက် အဦးကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီ အစိုးရက မိုင်းခွဲဖျက်ဆီး ခဲ့သည့်အပြင် ရန်ကုန် တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှုကို ပြင်းထန်စွာ ဖြိုခွင်းခဲ့သောကြောင့် ကျောင်းသားများစွာ အသက်ဆုံးခဲ့ရသည်။ ယခုနှစ်သည် ကျောင်းသားသမဂ္ဂ အဆောက်အဦး မိုင်းခွဲဖျက်ဆီး ခံရသည့် နှစ် ၅၀ ပြည့် ဖြစ်သည်။ ဤဖြစ်ရပ်များနှင့် ပတ်သက်၍ ထိုစဉ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၏ အတွင်းရေးမှူး အဖွဲ့ဝင် တဦးဖြစ်သည့် ၁၉၆၂ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးလှရွှေကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင်ဟောင်း တယောက်ဖြစ်တဲ့ ဦးလှရွှေအနေနဲ့ ဒီနှစ် ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့်နဲ့ ပတ်သက်လို့ ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။
ဖြေ။ ။ ဆဲဗင်းဇူလိုင် နှစ် ၅၀ ပြည့်နဲ့ ပတ်သက်လို့တော့ ကျနော် နိုင်ငံရေး အကြောင်းတွေနဲ့ မပြောတော့ပါဘူး။ ဒီနှစ် ဆဲဗင်းဇူလိုင် အခမ်းအနားမှာ အချက် ၃ ချက် သတင်းစကား ပါးဖို့ရှိပါတယ်။ အဲဒီ ၃ ချက်ကို ကျနော်ပြောပြ ချင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အခုအထိ ဆဲဗင်းဇူလိုင် အခမ်းအနားဟာ ရန်ကုန်မှာ လုပ်လို့ရမလား၊ မရဘူးလားဆိုတာ မသေချာသေးဘူး။ နံပတ် ၁ က ဆဲဗင်းဇူလိုင် အဖြစ်အပျက်ကို တရားမျှမျှတတနဲ့ ကိုယ်စားပြုနိုင်မယ့် သူတွေပါမယ့် စုံစမ်းရေးကော်မရှင် တခုဖွဲ့ပြီးတော့ တိုင်းပြည်ကို အသိပေးကြေညာဖို့၊ အဆိုပြုဖို့ စဉ်းစားထားတယ်။ ဒါဟာ အနှစ် ၅၀ ရှိပြီ။ ဆဲဗင်း ဇူလိုင်ကို တတ်နိုင်သမျှ မှေးမှိန်အောင်၊ မေ့အောင် လုပ်တာတွေရော၊ မတော်တဆ ဖြစ်တာတွေရော ရှိတယ်။ ဒီလို ကျောင်းသားတွေ ရာချီပြီး အသက်ပေးရတဲ့ အဖြစ်အပျက်ကြီးတခု ဗမာပြည်မှာ လူမသိ သူမသိနဲ့ မပျောက်ပျက် သွားရ အောင်လို့ပါ။
အသက်ပေးသွားရတဲ့ ကျောင်းသားတွေရဲ့ အသက်တွေ၊ ချွေးတွေ သွေးတွေအတွက် ကျနော်တို့မှာ တာဝန်ရှိတယ်။ ကျနော်တို့ ကျောင်းသား ခေါင်းဆောင်တွေလည်း အများကြီး မရှိတော့ဘူး။ ဒုတိယ အချက်နဲ့ ပတ်သက်လို့ ပြဿနာ ၂ ခုရှိ တယ်။ ဒါက ၁၉၃၁ ခုနှစ်က တည် ဆောက်ထားခဲ့တဲ့ သမဂ္ဂ အဆောက်အဦးကို ဖြိုဖျက်ရုံတင် မကဘူး၊ နောက် ဆဲဗင်း ဇူလိုင် ၁ နှစ်မြောက် နေ့မှာ ကျနော်တို့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ စိတ်ဝင်စားသူတွေ အားလုံး ဝိုင်းဝန်းပြီးတော့ ပြန်ဆောက်တဲ့ သမဂ္ဂ အဆောက်အဦးပေါ့။ ဒါက ဆဲဗင်းဇူလိုင် ၁ နှစ်မြောက်တဲ့အချိန်မှာ ပြန်အစားထိုးတဲ့ ဝါးတဲကြီး။ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲပျက်ပြီး ၁၉၆၃ ခု နိုဝင်ဘာ ၁၄ ရက်နေ့ နောက်ပိုင်းမှာ အဲဒီ သမဂ္ဂ အဆောက်အဦး ကိုလည်း သူတို့ ဖြိုလှဲ ပစ်လိုက်တယ်။
အခုဆိုရင် ဆရာမြင့် (ဒေါက်တာဦးမြင့်) က တက္ကသိုလ်ကြီး တခုလုံး ပြန်ဖွံ့ဖြိုးဖို့နဲ့ ကျောင်းသား သမဂ္ဂ အဆောက်အဦးကြီး ပြန်ဆောက်ဖို့ အဆိုပြုခဲ့တာရှိတယ်။ ဒီလိုအဆိုပြုတာ အတွက်လည်း ကျနော်တို့ ယေဘုယျ ပြောရရင် ကြိုဆိုရမှာပဲ။ သမဂ္ဂ အဆောက်အဦး ကိစ္စက ဆဲဗင်းဇူလိုင်ကိစ္စရဲ့ အကျိုးဆက်ပဲ။ ဆဲဗင်းဇူလိုင် ကိစ္စကို ဘာမှ မပြောဘဲနဲ့ နောင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်ဆောက်ဖို့ပဲ ပြောမယ်ဆိုရင် အဲဒီတုန်းက တာဝန်ရှိတဲ့ ကျောင်းသား ခေါင်းဆောင် တဦးအနေနဲ့ ဒီဟာကို ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါကြောင့် ဆဲဗင်း ဇူလိုင်အကြောင်းကို ပထမပြောပါ၊ ပြီးရင် သမဂ္ဂ အဆောက်အဦး ပြန်ဆောက်ဖို့ ပြောပါ။
ဒေါက်တာ မောင်မောင်ကလည်း ပြီးခဲ့တဲ့ ၁၉၈၈ တုန်းက ပြောခဲ့တာပဲလေ။ ပျော်ပျော်ကြီး အုတ်မြစ် ချရအောင်ဆိုပြီး။ ဆဲဗင်းဇူလိုင် အကြောင်း ဘာမှ မပြောဘဲနဲ့ ကျောင်းသားတွေ ကျေနပ်အောင် သမဂ္ဂ အဆောက်အဦး ဆောက်ပေးမယ် ဆိုတဲ့ဟာမျိုး ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒုတိယ အချက်က သမဂ္ဂ အ ဆောက် အဦး ပြန်ဆောက်ပေးဖို့ ကြိုးပမ်းနေကြတာ ရှိတယ်၊ ဒါလည်း အကောင်အထည်က မပေါ်လာသေးပါဘူး။
တတိယ အချက်ကတော့ ဆဲဗင်း ဇူလိုင် ၆ လပြည့်မှာ အထိမ်းအမှတ် ကျောက်တိုင် ကျနော်တို့ စိုက်ခဲ့တာ ရှိတယ်။ အဲဒါလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးတော့ သူတို့ ဖျက်ပစ်လိုက်တယ်။ ဒါကို ပြန်ဆောက်ပေးဖို့ပေါ့။ ပြန်ချုပ် ရမယ်ဆိုရင် ဆဲဗင်းဇူလိုင် အဖြစ်အပျက်ကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး တိုင်းပြည်ကို အသိပေး ကြေညာဖို့၊ သမဂ္ဂ အဆောက်အဦး ပြန်ဆောက်ပေးပြီး မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းပြတိုက် ဆိုပြီးထားဖို့နဲ့ ဆဲဗင်း ဇူလိုင် ၆ လ ပြည့် အထိမ်းအမှတ် ကျောက်တိုင် ပြန်ဆောက်ပေးဖို့ ၃ ချက်ကို ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့်မှာ သတင်း စကား ပါးချင်တယ်။
မေး။။ ဦးလှရွှေနဲ့ ဆဲဗင်းဇူလိုင်ရယ်၊ သမဂ္ဂ အဆောက်အဦးရယ်က တိုက်ဆိုင်မှုတွေလည်း ရှိတယ်လေ။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှာပဲ ဖြိုချခံခဲ့ရတဲ့ အဆောက်အဦးမှာ ဦးလှရွှေနဲ့ ဒေါ်ခင်မာအေးနဲ့ မင်္ဂလာ လက်ထပ်ပွဲ ကျင်းပခဲ့တယ်။ အဲဒီလို ဆိုတော့ ဒီဆဲဗင်းဇူလိုင် ဖြစ်ရပ် ကာလတုန်းက သမဂ္ဂမှာ ဦးလှရွှေက ဘာတာဝန်တွေ ထမ်းဆောင် နေခဲ့တဲ့ အချိန်လဲ၊ အဲဒီတုန်းက ကျောင်းသား အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံ မြင်ကွင်းကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ကျနော်က အဲဒီတုန်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အတွင်းရေးမှူး အဖွဲ့ဝင်ပါ။ ဗကသမှာ အမှုဆောင် ၁၂ ယောက်ရှိတယ်။ သဘာပတိ (ဥက္ကဋ္ဌ) အဖွဲ့ဝင် ၆ ယောက်နဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ၆ ယောက်၊ ကျနော်က အဲဒီထဲက အတွင်းရေးမှူး အဖွဲ့ဝင် တဦးပေါ့။
ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂရဲ့ အမှုဆောင်နဲ့ အိုးဝေ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား ညီညွတ်ရေး တပ်ဦးမှာ ထောင်ထဲမှာ ကွယ်လွန်သွားတဲ့ ဦးညိုဝင်းက ဥက္ကဋ္ဌ၊ ကျနော်က အထွေထွေ အတွင်းရေးမှူး၊ နောက် ရန်ကုန်တက္ကသိုလ်မှာ အဲဒီတုန်းက အဆောင် ၂၂ ခုရှိတယ်၊ သဟာယနဲ့ စာဖတ်အသင်းဆိုတာ ရှိတယ်။ ဥက္ကဋ္ဌက ရှေ့နေတယောက်၊ အတွင်းရေးမှူးက ကျနော်။
နောက်တခါ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆောင် ကော်မတီ ဆိုတာ ရှိတယ်။ အဲဒီမှာ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂကို ပို့တဲ့ ကျောင်းဆောင် ကော်မတီဝင် ၂ ယောက်ထဲမှာ တယောက်က ကျနော်တ။ အဲဒီတုန်းက ဗကသ၊ တကသ၊ တပ်ဦး စတဲ့ ၆၂ ခုနှစ်က ကျောင်းသား အဖွဲ့အစည်းတွေထဲက ကျန်တဲ့သူတွေလည်း အတော့်ကို နည်းနေပြီ။
မေး။။ ဦးလှရွှေဟာ ၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အဖြစ်အပျက်ကြီးနဲ့ ပတ်သက်လို့ အထင်အရှား သိသူတဦး ဖြစ်တော့ ကျောင်းသား သမဂ္ဂ အဆောက်အဦး ကြီးမိုင်းခွဲဖျက်ဆီး ခံရတာနဲ့ ဆဲဗင်းဇူလိုင်မှာ ကျောင်းသားတွေရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ ဒီကိစ္စကြီးမှာ ဘယ်သူတွေက တာဝန်အရှိဆုံးလို့ ယူဆပါသလဲ။
ဖြေ။ ။ ဒါကတော့ ကျနော် တယောက်ထဲတင် မဟုတ်ဘူးပေါ့။ အားလုံးရဲ့ ပြောဆိုတဲ့ အသံကတော့ အဲဒီတုန်းက တာဝန် အရှိဆုံး သူတွေပဲလေ။ ဥပမာ – ဗိုလ်အောင်ကြီးက ၈၈ အရေးအခင်းမှာ ၄၁ မျက်နှာ စာထွက်ပြီး ဆဲဗင်းဇူလိုင်မှာ သူမပါတဲ့ အကြောင်း ပြောတာပေါ့။ ဒီလို ငြင်းချက်တွေ ရှိပေမယ့် အားလုံး ပြောနေတာကို ကျနော်ပြောမယ်။ ဆဲဗင်းဇူလိုင် အရေးအခင်းမှာ ဗိုလ်နေဝင်းက တရားခံ ၁ ဆိုရင် ဗိုလ်အောင်ကြီးက ၂ ပေါ့။ ဗိုလ်အောင်ကြီးက တရားခံ ၁ ဆိုရင် ဗိုလ်နေဝင်း က ၂ ပေါ့။ ဖြစ်စဉ်အရ အဲဒီတုန်းက တည်ရှိနေတဲ့ တာဝန်အရှိဆုံးသူတွေပေါ့။
နောက်တခုက အဲဒီ ဆဲဗင်းဇူလိုင် ဖြစ်တဲ့နေမှာ အဲဒီ အဖြစ်အပျက်တွေကို လက်တွေ့ ကွပ်ကဲနေတဲ့ အဖွဲ့တဖွဲ့က အသံလွှင့်ရုံမှာ ထိုင်တယ်။ အဲဒီတုန်းက ဗဟို လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး ဆိုတာ အသံလွှင့်ရုံမှာ ထိုင်တာ။ သူက အဲဒီမှာ တာဝန်အရှိဆုံးသူ ဖြစ်တယ်။ နောက် အဲဒီ ကွပ်ကဲရေး အဖွဲ့ကို သူက ကိုင်တွယ် တယ်။ နောက် ဗိုလ်မှူးကြီး ဗစိန်ဆိုတာရှိတယ်။ သူ့ကို ဗိုက်ပူဗစိန်လို့ ခေါ်တယ်။ တခြား ဗစိန်တွေလည်း ရှိနေလို့ပေါ့။ ပြန်ကြားရေး ဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးကြီး ဘနီ ရှိတယ်။ နောက် ပညာရေး ဝန်ကြီး ဒေါက်တာ လှဟန်ရှိတယ်။ နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဦးကာ ရှိတယ်။ သူတို့ အကုန်လုံးက အသံလွှင့်ရုံ ကွပ်ကဲရေးခန်းမှာ ရှိနေကြတယ်။
အဲဒီနေ့နဲ့ ပတ်သက်တဲ့ လက်တွေ့ တခုချင်းစီနဲ့ ပတ်သက်လို့ ကွပ်ကဲမှုတွေက သူတို့ဆီက လာတာ။ အဲဒီအထဲမှာ ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်ပါတယ်။ သူက အဲဒီတုန်းက ဗိုလ်နေဝင်း လုံခြုံရေးတပ်တွေဖြစ်တဲ့ တပ်ရင်း ၄ လား ၅ လားတော့ ကောင်းကောင်း မမှတ်မိတော့ဘူး၊ အဲဒီမှာ သူက တပ်မှူး။ အဲဒီတုန်းက တက္ကသိုလ်ဝန်းထဲမှာ ပစ်တဲ့ ခတ်တဲ့ တပ်ရင်းမှာ ဗိုလ်စိန်လွင်က တာဝန်ယူတာ။ ဒီလူတွေဟာ အဲဒီ ဆဲဗင်းဇူလိုင်နေ့နဲ့ ပတ်သက်တဲ့ ဆိုးမွေ ကောင်းမွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေပဲ။
ဒီလောက်ကြီးကျယ်တဲ့ အရုပ်ဆိုးတဲ့ ဒီအဖြစ်အပျက်ကြီးမှာ အားလုံးက ပြောနေတာက ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီး နှစ်ယောက်ပဲ။ ဒါဘာသက်သေ ရှိသလဲ ဆိုရင် ဆဲဗင်းဇူလိုင် ဖြစ်တဲ့ညမှာ ဦးနေဝင်းပြောတဲ့ မိန့်ခွန်းဗျာ၊ ဒါတွေတော့ မှတ်တမ်းတွေ ရှိမှာပေါ့ဗျာ။ သူက အဲဒီမှာ ဘာပြောလဲဆိုတော့ ဒီနေရာဟာ သံတမန်အခွင့်အရေး ရတဲ့နေရာ ဖြစ်နေတယ်တဲ့။ အာခံတွင်းထဲက အရိုးဖြစ်နေတယ်တဲ့။ ကျနော်တို့ကတော့ ဓား ဓားချင်း၊ တုတ် တုတ်ချင်းပဲလို့ အဲဒီည ၈ နာရီ ၁၅ မိနစ် မိန့်ခွန်းမှာ အဲဒီလို ပြောခဲ့တာ။
အဲဒီမိန့်ခွန်းဟာ သက်သေတခုပဲလို့ အဲဒီလို ပြောလို့ရတယ်။ သူက နောက် ၈၈ တုန်းကလည်း တပ်မတော်ဆိုတာ သေနတ် မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့် ပစ်တယ်လို့ ထပ်ပြောတာ။ အဆိုးဆုံးက ဒီကျောင်းသား သမဂ္ဂကြီးက ကျောင်းသား မျိုးဆက် ၃ ဆက် လောက်ကို မွေးထုတ်ပေးခဲ့ဲ့တဲ့ နေရာ၊ ဒီနေရာက အမျိုးသားရေး လှုပ်ရှားမှုတွေ မွေးဖွားလာတာ။ ဒါကို ဖြိုဖျက်တာဟာ အဆောက်အဦးကို ဖြိုဖျက်တာတင်မကဘူး သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေကိုပါ ဖျက်ဆီးပစ်ခဲ့တာ။