မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ စတင်လျှော့ချပြီး သံတမန် ဆက်ဆံရေး ပုံမှန်ပြန်စ လိုက်သည့် တချိန်တည်း၌ ပြည်သူ့လွှတ်တော်တွင် “မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုအား အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို ဆွေးနွေးရန် အတည်ပြုလိုက်သည်။
အဆိုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက လွှတ်တော်တွင် ကြားဖြတ် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်သော တနင်္သာရီတိုင်းမှ ဦးဌေးမြင့် (ယုဇန ဦးဌေးမြင့်)၊ ဦးဝင်းသန်း၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဒေါ်ခင်စောဝေတို့က ထောက်ခံဆွေးနွေးကာ ပြည်သူ့လွှတ်တော်က အရေးကြီးအဆိုအဖြစ် လက်ခံ အတည်ပြုခဲ့သည်။ ယင်းနေ့ လွှတ်တော်အစည်းအဝေး အပြီးတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖိတ်ခေါ်ခဲ့သဖြင့် ယင်းအဆိုနှင့် ပတ်သက်၍ သဘောထား မေးမြန်းခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်။
အတိုက်အခံ နိုင်ငံရေးရပ်ကွက်က ယင်းကိစ္စသည် အစိုးရပါတီ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို “ကျုံးသွင်းခြင်း” ဟု ယူဆနေကြသော်လည်း ယခုအထိ ဖြစ်ပေါ်ပြောင်းလဲ လာခဲ့သော နိုင်ငံတကာ၊ အထူးသဖြင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်မှုသည် သမ္မတ ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေးကို အခိုင်အမာ ထောက်ခံရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့၍လည်း ဖြစ်သည်။ ထိုင်းနှင့် ဥရောပ ခရီးစဉ်အတွင်း ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည် ဘက်က ထောက်ခံ ပြောဆိုမှု ပိုမို ခိုင်မာခဲ့ပြီး ဒဏ်ခတ်မှု လျှော့ချရေးကိုလည်း ကြိုဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဇူလိုင် ၁၆ ရက်နေ့ညက အမေရိကန် အထက်လွှတ်တော် အမတ် မစ်ချ် မက္ကောနယ်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ သက်တမ်း ၃ နှစ် ထပ်မံတိုးရန် ရှိနေသည့် Burma Freedom and Democracy Act -2003 (BFDA) ကို ဆွေးနွေးကြောင်းနှင့် မြန်မာ – အမေရိကန် ချစ်ကြည်ရေး ဆက်လက် တိုးတက်လာစေရေး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့် လာစေရေး၊ လူထု ဘဝများ ပိုမိုကောင်းမွန် တိုးတက်လာစေရေး တို့ကို အခြေခံပြီး ဆွေးနွေးကြကြောင်း သိရသည်။ မကြာမီသွားမည့် အမေရိကန် ခရီးစဉ်တွင်လည်း ဒဏ်ခတ်မှု လျှော့ချရေးကိစ္စ ထပ်မံဆွေးနွေးနိုင်မည်ဟု သုံးသပ်ရသည်။
ယခုအချိန်တွင် ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် မြန်မာပြည်တွင် အမေရိကန် သံအမတ် စတင် တာဝန်ထမ်းဆောင် နေပြီ ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ အပြင် အမေရိကန် အခြေစိုက် နိုင်ငံစုံ ကော်ပိုရေးရှင်းများ၏ ကိုယ်စားလှယ်များပါ မြန်မာပြည်သို့ လာရောက် လေ့လာကာ ရင်းနှီးမြှုပ်နှံနိုင်မှု အလားအလာကို ကြည့်ရှုနေကြပြီ ဖြစ်သည်။ အကယ်၍ အမေရိကန် အပါအဝင် အနောက်နိုင်ငံများမှ ကုမ္ပဏီကြီးများ ဝင်လာလျှင် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ အတွေ့အကြုံ၊ အလုပ်အကိုင်သစ်များ ရလာနိုင်သည်ဟု အကြမ်းဖျဉ်း မျှော်လင့်ထား နိုင်သည်။
သို့သော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ၁၀၀ ရာခိုင်နှုန်းပေးလိုက်ပါက ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင် မှုတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်ကာ အခွင့်အလမ်းများ ပျောက်ပျက်သွားနိုင်ကြောင်း စိုးရိမ်နေသည်၊ အမေရိကန်၏ ဒဏ်ခတ်မှု လျှော့ချရေးတွင် စစ်တပ်နှင့် ၎င်းနှင့် နီးစပ်သူ မြန်မာ့ စီးပွားရေး ထိပ်သီးများ မပါဝင်သဖြင့် ဘာမျှ မထူးဆန်းဟု ယူဆ သူများလည်း ရှိသည်။
အမေရိကန် အစိုးရ၏ အကန့်အသတ်ကလည်း ရှင်းသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင် ပတ်သက်သည်ဟု စာရင်းသွင်းခံရသည့် မည်သည့်လုပ်ငန်းရှင်နှင့်မျှ တွဲမလုပ်လိုကြောင်း မကြာသေးမီကပင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ရောဘတ် ဟောမတ်စ်နှင့် နိုင်ငံတကာ ကုန်သွယ်ရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဖရန်စစ်ကိုစန်ချက်ဇ် တို့နှစ်ဦး ဦးဆောင်လာသော အမေရိကန် ကုမ္ပဏီ ၃၈ ခု၏ ကိုယ်စားလှယ်များ ပါဝင်သည့် စီးပွားရေးအဖွဲ့တဖွဲ့ မြန်မာပြည်သို့ သွားရောက် လေ့လာခဲ့စဉ် ပြောဆိုထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် ရောဘတ် ဟောမတ်စ်က အမေရိကန် – မြန်မာ ဆက်ဆံရေးသည် “အလုပ်သမား ရပိုင်ခွင့် အပါအဝင် လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ လူနည်းစု တိုင်းရင်းသားများ၏ ရပိုင်ခွင့်ကို ကာကွယ် စောင့်ရှောက်မှုနှင့် ဆက်လက် ထိန်းသိမ်းထားသော ရာချီသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်မှု” များအပေါ် နက်ရှိုင်းစွာ တည်မှီနေကြောင်း ပြောဆိုထားသည်။
အမေရိကန်အနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဲ့သို့သော နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများတွင် ခြစားမှု တိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာမှု ပိုရှိလာစေရေး အတွက် မြန်မာအစိုးရနှင့် အတူ ဆောင်ရွက်သွားရန် စိတ်ပိုင်းဖြတ်ထား ကြောင်းလည်း ဆိုသည်။
မြန်မာအစိုးရအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ခြစားမှု တိုက်ဖျက်ရေးနှင့် ပိုမို ပွင့်လင်းမြင်သာမှု ရှိရေး နိုင်ငံတကာ စာချုပ် Extractive Industries Transparency Initiative (EITI) ကို လက်မှတ်ထိုးရန်လည်း အမေရိကန် အစိုးရက တိုက်တွန်းထားသည်။ ထိုအချက်ကို နေပြည်တော်က စိတ်ဝင်စားသဖြင့် နော်ဝေတွင် ရုံးထိုင်သော EITI ၏ အကြီးအကဲ မစ္စတာ ဂျဲနပ်စ် မိုဘာ့ဂ် ယခုတပတ် မြန်မာပြည်သွားမည် ဖြစ်သည်။
အမှန်တကယ်လည်း လတ်တလော မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေး ဖြစ်ထွန်း တိုးတက်မှုများသည် နှစ်ပေါင်းများစွာ အထီးကျန် နေခဲ့သော မြန်မာ့လူ့အဖွဲ့အစည်းကို ကမ္ဘ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစနစ်နှင့် ပြန်လည်ချိတ်ဆက်ရန် မဟာဗျူဟာ တကျ ကြိုးပမ်းရမည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု ဧရာဝတီက ရှုမြင်သည်။
နိုင်ငံတကာ ဆက်ဆံရေး တိုးတက်ကောင်းမွန် လာစေရေးသည် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်တိုးတက်မှု၊ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးနိုင်ရန် ရေခံမြေခံကောင်းများ အခြေခိုင်မှု၊ လူမျိုး ဘာသာမခွဲ ရင်းနှီး ချစ်ခင်တတ်မှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် လိုက်လျောညီထွေ ဖြစ်မှု စသည်တို့နှင့် တွဲဖက်လျက် ရှိသောကြောင့် တလမ်းသွား မဟုတ်ပေ။
မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒ လုပ်ထုံးလုပ်နည်း အပြောင်းအလဲများနှင့် အနောက်ကမ္ဘ္ဘာ၏ ဒဏ်ခတ် ပိတ်ဆို့မှုများ လျှော့ချ ပယ်ဖျက်ခြင်းသည် တခုမဟုတ် တခု ရွေးရမည့် နိုင်ငံရေး လောင်းကစားပွဲ မဟုတ်ဘဲ ခေါင်းနှင့် ပန်းပမာ ခွဲမရသည့် ဆန့်ကျင်ဘက်များ ပေါင်းစည်းထားခြင်း ဖြစ်သည်။ အပြောင်းအလဲ ပိုအခြေခိုင်လေ၊ ဒဏ်ခတ်မှူ ပိုကင်းစင်လေ ဖြစ်ပြီး ပိတ်ဆို့မှု မရှိလေ ဖွံ့ဖြိုးမှု အခွင့်အလမ်း ပိုရလေ ဖြစ်မည်။
နှစ်ဘက် အကျိုးဖြစ်မည့် နည်းကို ရှာဖွေကာ ဆက်လက် အသုံးချနိုင်လေ အကျိုးများလေ ဖြစ်သောကြောင့် နတ်လူ သာဓုခေါ်မည့် ကိစ္စဖြစ်သည်။ ပေါ်ပေါက်လာနေသော အပြောင်းအလဲ၏ အကျိုးဆက် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်း သွားခြင်းသည် နောက်ပြန် ဆုတ်သွားရန် မဟုတ် ရှေ့တိုးရန်သာ ဖြစ်သောကြောင့် မဖြေရှင်းရသေးသည့် ပြဿနာများကို အမြန်ဆုံး ဖြေရှင်းယူရန်သာ ရှိတော့သည်။