ပြိုင်ပွဲကြီးအကြောင်း ပြောရအောင်

ခရစ္စသျှာန် ကာရေးလ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ဒီလဆန်းပိုင်းက ထွက်ခဲ့တဲ့ ၁၃ ရက်ကြာ အာရှခရီးစဉ်အတွင်း မွန်ဂိုလီးယား၊ ဗီယက်နမ်နဲ့ လောနိုင်ငံတွေအပါအဝင် နိုင်ငံတွေမှာ အချိန်အတော်များများ ကုန်ဆုံးခဲ့ပါတယ်။ ဒီလို အချိန်ပေးခဲ့တာကလည်း အာရှကို အမေရိကန် နိုင်ငံခြားရေးမူဝါဒရဲ့ “အချက်အချာ” အစိတ်အပိုင်း တခုအနေနဲ့  ပြန်လည်နေရာချထားဖို့ဆိုတဲ့ သမ္မတအိုဘားမားအစိုးရရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီအောင် ဖြစ်ပါတယ်။

အချက်အချာဆိုတာကလည်း တကယ်တမ်းပြောရရင်၂၁ ရာစုမှာ အမေရိကန်ကြီးစိုးရေးကို အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်စေတဲ့ တရုတ်နိုင်ငံ တိုးတက်လာမှုအပေါ် နားလည် သဘောပေါက်လာရာကနေ အရင်းခံတာပါ (အစ္စလမ်မစ် တော်လှန်ရေးတွေကြောင့် လုံးဝ မဟုတ်တော့ပါဘူး)။ ကမ္ဘာ့စီးပွားရေးရဲ့  မောင်းနှင်အားအသစ်ဟာ အာရှဖြစ်တယ်၊ ပြီးတော့ ကမ္ဘာပေါ်က အရေးအကြီးဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတချို့ဟာလည်း အာရှမှာ ရှိနေကြတယ်လို့ သဘောပေါက်လာတာကိုး (ဒေသတွင်း နိုင်ငံတချို့အနေနဲ့ နယ်မြေပိုင်နက်နဲ့ သဘာဝသယံဇာတဆိုင်ရာ ကိစ္စတွေအတွက် အခုအချိန်မှာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်)။

ဒီလိုအခြေအနေအောက်မှာ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဟာ သူတို့ရဲ့ အာရှလုပ်ငန်းစဉ်သစ်အတွက် အဓိကကျတယ်လို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ မူဝါဒချမှတ်သူတွေက ပြောကြတာ အံ့သြစရာမဟုတ်ပါဘူး။ ဒါပေမယ့် လူအတော်များများ မေ့နေတာကတော့ အဲ့ဒီ “အချက်အချာ” ဆိုတာက တတိယအစိတ်အပိုင်းတခု (ဒီမိုကရေစီရေး ထောက်ခံအားပေးမှု) အပေါ်မှာ အမြဲတမ်း မူတည်ပြီး ဆောင်ရွက်ရမယ်ဆိုတာပါပဲ။

ဒါ့ကြောင့်လည်း “နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ကျမတို့ ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေဟာ မူဝါဒအချက်အချာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ အလေးထားမယ်ဆိုရင် အဲ့ဒီအရာတွေ ပိုတိုးတက်မှု ရှိလာအောင်လည်း အစိုးရက ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်လည်း အစိုးရအနေနဲ့ လုံခြုံရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေ မတိုင်ခင် ဒီမိုကရေစီရေးကိစ္စတွေ ပိုတိုးတက်မှုရှိလာအောင် ဆောင်ရွက်ဖို့ လိုပါတယ်” လို့ ဝါရှင်တန်ဒီစီအခြေစိုက် မူဝါရေးရာအဖွဲ့တခုဖြစ်တဲ့ Foreign Policy Initiative ရဲ့ အာရှရေးရာ ကျွမ်းကျင်သူ အယ်လ်လင် ဘော့ခ် က ပြောပါတယ်။

စိတ်ဝင်စားဖွယ် ကောင်းတာကတော့ နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်က ဒီအချက်နဲ့ပတ်သက်ပြီး ကျနော်တို့ကို အသေအချာ ပြန်အမှတ်ရစေတာပါပဲ။ အာရှက ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတွေကို ဖေးမနိုင်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ပတ်သက်ပြီး မွန်ဂိုလီးယားခရီးစဉ်မှာ သူက တက်တက်ကြွကြွနဲ့ ပြောသွားခဲ့ပါတယ်။ “ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေအတွက် အထောက်အကူပေးမှုဟာ” အမေရိကန်ဗျူဟာသစ်ရဲ့ “အသည်းနှလုံး” ဖြစ်တယ်လို့တောင် သူက သုံးသွားပါတယ်။ ဒါ့အပြင် နိုင်ငံတကာအစိုးရများအကြား ညွန့်ပေါင်းအဖွဲ့တခုဖြစ်တဲ့ Community of Democracies က ကျင်းပတဲ့ အဆင့်မြင့် အစည်းအဝေးကိုလည်း အခြားနိုင်ငံခေါင်းဆောင်တွေနဲ့ အတူ တက်ရောက်ခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေက သူတို့ရဲ့ဘုံတန်ဖိုးတွေကို ပိုအားကောင်းလာအောင်လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီညွှန့်ပေါင်းအဖွဲ့ကို ၂၀၀၀ ခုနှစ်မှာ ဖွဲ့ခဲ့တာပါ။ အစည်းအဝေးကျင်းပဖို့ မွန်ဂိုလီးယားနိုင်ငံကို ရွေးချယ်ခဲ့တာက ထူးဆန်းကောင်း ထူးဆန်းနိုင်ပါတယ်၊ ဒါပေမယ့် မွန်ဂိုလီးယားနိုင်ငံသားတွေက သူတို့ရဲ့ ဒီမိုကရေစီ စနစ်ကို ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ သိသိသာသာတိုးတက်အောင် ဆောင်ရွက်နိုင်တဲ့အပေါ် စဉ်းစားမယ်ဆိုရင်တော့ နေရာရွေးချယ်မှုက တကယ့်ကို အတော်လေးသင့်တော်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။

အားလုံးကတော့ ကောင်းကောင်းမွန်မွန်ပါပဲ။ ဒီမိုကရေစီဆိုင်ရာ စံတန်ဖိုးတွေအကြောင်း ပြောဆိုဆွေးနွေးဖို့ အရေးကြီး လှပါတယ်။ ဒီလိုပြောဆိုမှုတွေက တက်ကြွလှုပ်ရှားသူတွေရဲ့ စိတ်ဓာတ်ရေးရာကို တဟုန်ထိုး မြင့်တက်စေပြီး အာဏာရှင်တွေကိုလည်း သွေးခုန်နှုန်းမြန်စေပါတယ်။ အဲ့ဒါတွေထက် ပိုအရေးကြီးတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒအပြောင်းအလဲက ဒေသတွင်းက ဒီမိုကရေစီဖြစ်တော့မယ့်နိုင်ငံတွေဆီ ဘာတွေ ယူဆောင်လာသလဲဆိုတာပဲ ဖြစ်ပါတယ်။

ဟီလာရီ ကလင်တန်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ အောင်မြင်မှုတချို့ကို သူ့မိန်းခွန်းထဲမှာ ကိုးကားသွားပါ တယ်။

“လူမှုအခြေပြု အဖွဲ့အစည်းတွေကို ဖိနှိပ်တဲ့ဥပဒေတွေ၊ နှောင့်ယှက်မှုတွေနဲ့ပတ်သက်ပြီး ကျမတို့ ဆန့်ကျင်ပါတယ်။ ခြိမ်းခြောက်ခံနေရတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGOs)၊ လူပုဂ္ဂိုလ်တွေအတွက် အရေးပေါ် ရံပုံငွေတရပ် ထူထောင်ခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UN Human Rights Council) ရဲ့ လွတ်လပ်စွာ စုဝေးခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် (Special Rapporteur for Freedom of Assembly) ခန့်အပ်ရေးကို အခိုင်အမာ ထောက်ခံခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ တရားဥပဒေစိုးမိုးမှုတွေကို အားပေးအားမြှောက်ပြု နိုင်ဖို့အတွက် Open Government Partnership လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖိုရမ်အသစ်တခုကို ဖန်တီးခဲ့ပါတယ်။ ပြီးတော့ လူ့အဖွဲ့အစည်းမှာ ဘေးဖယ်ခံထားရသူတွေ (လူမျိုးရေးအရ၊ ဘာသာရေးအရ၊ တိုင်းရင်းသားလူနည်းစုတွေ၊ လိင်ပိုင်း ဆိုင်ရာအရ ခွဲခြားခံရသူတွေ – LGBT နဲ့ အမျိုးသမီးတွေ) ကိုယ်စား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအတွက် အရေးပေါ် ရန်ပုံငွေဆိုတာကတော့ ဒေါ်လာ သန်းအနည်းငယ်သာ ရှိတယ်ဆိုရင်တောင်မှပဲ တန်ဖိုးရှိတဲ့ ကမကထပြုမှု အသွင်ဆောင်ပါတယ်။ Open Government Partnership ကလည်း အနိမ့်ဆုံး သီအိုအရ ချီးမွမ်းစရာကောင်းပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ခန့်အပ်မယ့် ရာထူးသစ်အတွက်တော့ (ဖြစ်ရင်တောင်မှပဲ သိပ်မကြာခင် ဖြစ်လာမှာမဟုတ်လို့) စောင့်မနေတော့ဘူးလို့ပဲ ပြောပါရစေ။

ဟီလာရီ ကလင်တန်ဟာ မွန်ဂိုလီးယားနိုင်ငံရဲ့မြို့တော် အူလန်ဘာထာ (Ulaanbaatar) မှာ ရှိနေတုန်း LEND Network လို့ခေါ်တဲ့ နိုင်ငံတကာကွန်ရက် ဖွင့်ပွဲ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။ ဒီကွန်ရက်က ပုဂ္ဂိုလ်ရေးအဆက်အသွယ်တွေ၊ အမြင့်ဆုံးနည်းပညာတွေကို သုံးပြီး ဒီမိုကရေစီရေးဆန္ဒ ပြင်းပြနေကြတဲ့ နေရာတွေက ခေါင်းဆောင်တွေကို အရေးပေါ်လိုနေတဲ့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေ ထောက်ပံ့ဖို့ ရည်ရွယ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ ကြိုးပမ်းမှုတရပ် ဖြစ်ပါတယ်။ စဉ်းစားချက်ကတော့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတွေ အနေနဲ့ မကြာသေးခင်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အခြားနိုင်ငံက ပုဂ္ဂိုလ်တွေနဲ့ အပြန်အလှန် အချိတ်အဆက် ရှိနေစေဖို့ပါပဲ။ ဒီလုပ်ရပ်က တကယ့်ကို ယုတ္တိရှိပုံ ပေါ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကနေ့အချိန်မှာ ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေနဲ့ပတ်သက်ပြီး ပြောကြမယ်ဆိုရင် အီဂျစ်တွေ ဒါမှမဟုတ် ဆူဒန်တွေက အမေရိကန်တွေ ဒါမှမဟုတ် ဥရောပသားတွေ ပြောတာထက်စာရင် တူရကီတွေ ဒါမှမဟုတ် အင်ဒိုနီးရှားတွေပြောတာကို ပိုနားထောင်မယ့်သဘောရှိတာကိုး။

ဒီနေရာမှာ မှတ်ထားသင့်တာကတော့ ဟီလာရီ ကလင်တန် ဖော်ပြတဲ့ ကမကထပြုမှုတွေထဲမှာ ဘယ်တခုကိုမှ အာရှအတွက် တိတိကျကျ အသုံးမချဘူး ဆိုတာပါပဲ။ မြန်မာပြည်က တိုးတက်မှုတွေဟာ ဒီမိုကရေစီဖော်ဆောင်ရေးကို အားပေးကူညီဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အောင်မြင်မှုသက်သေလို့ သူက ကိုးကား ပြောဆိုသွားပါတယ်။ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ အမှတ်အများကြီး ရမှာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေသတွင်းမှာရှိတဲ့ လူအတော်များများက မြန်မာပြည်မှာ အပြောင်းအလဲ တွေဖြစ်တာဟာ အမေရိကန်ပြည်ထောင်စုရဲ့ သေနင်္ဂဗျူဟာကြောင့် မဟုတ်ဘဲ အာဆီယံလို ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ ဆက်စပ်ဆောင်ရွက်ရေး မူဝါဒတွေကြောင့် ဖြစ်တယ်လို့ ဆက်လက်ချေပနေကြမှာမို့ပါပဲ။ တကယ်လို့ မြန်မာပြည် အပြောင်းအလဲဖြစ်တာဟာ အာဆီယံနဲ့ အမေရိကန် ၂ ခုပေါင်း နည်းနာတွေကြောင့်ဆိုရင်ရော။ ဒါကလည်း ဘယ်လိုပဲဖြစ်ဖြစ် ဆက်ဆွေးနွေးကြမယ့်ကိစ္စပါ။

ပြီးတော့ လူ့အဖွဲ့အစည်းမှာ ဘေးဖယ်ခံထားရသူတွေ ကိုယ်စား ထုတ်ဖော်ပြောဆိုတာလည်း ရှိခဲ့ပါတယ်။ ဟီလာရီ ကလင်တန်  မွန်ဂိုလီးယားမှာ ပြောတဲ့မိန့်ခွန်းက အာရှရဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်သူ တရုတ်နိုင်ငံကို မခံချိမခံသာ ဖြစ်စေပါတယ်။ “၂၁ ရာစုမှာ အာရှတလွှားက ပြည်သူတွေ ပိုပြီး ကြွယ်ဝချမ်းသာလာဖို့သာမကပဲ ပိုပြီးလွတ်လပ်မှု ရှိလာရအောင် ကျမတို့ လုပ်ဖို့လိုတယ်” လို့ သူက ပြောပါတယ်။ ဒါပေမယ့် ဒီလို ညင်ညင်သာသာ ပြောတာမျိုးကတော့ တရုတ်အစိုးရကို အိပ်ရေးတောင် ပျက်စေမှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံလို့ အမည်တပ်ပြီး ပြောတာမှ မရှိတာကိုး။

မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်အပြီး ဗီယက်နမ်နိုင်ငံမှာ စကားပြောတဲ့အခါမှာလည်း အလားတူပါပဲ။ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ပြီးတဲ့အခါ ဟေလာရီကလင်တန်က “စီးပွားရေးဖွံ့ဖြိုးမှု” ရဲ့ အရေးကြီးမှုနဲ့ ဒေသတွင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ပြောကြတယ်လို့ ဆိုပါတယ်။ ပြီးတော့ နှစ်နိုင်ငံစီးပွားရေးနဲ့ ကုန်သွယ်မှု ကိစ္စတွေကိုလည်း နည်းနည်း ထပ်ပြောပါတယ်။ ပြီးခါနီးမှာတော့ သူက “ဒီမိုကရေစီနဲ့ ကြီးပွားတိုးတက်မှုဟာ အတူ တွဲယှဉ်တွဲနေတာဖြစ်တယ်၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာလည်း တခုနဲ့တခု ချိတ်ဆက်နေကြတာ ဖြစ်တယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲ့ဒီ နယ်ပယ် ၂ ခုစလုံးမှာ တိုးတက်မှုရှိလာအောင် ကူညီချင်ပါတယ်” လို့ ပြောသွားပါတယ်။

“သူတို့ရဲ့ထင်မြင်ယူဆချက်တွေ၊ စဉ်းစားချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထုတ်ဖော်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွေနဲ့ ဘလော့ဂါတွေကို ဆက်လက်ချုပ်နှောင်နေတာတွေ အပါအဝင် လူ့အခွင့်အရေး ကိစ္စတွေအပေါ် ကျမတို့ စိုးရိမ်မှုရှိတယ်လို့လည်း ပြောခဲ့ပါတယ်။၊ အတိအကျပြောရမယ်ဆိုရင်တော့ အွန်လိုင်းမှာ လွတ်လွတ်လပ်လပ် ထုတ်ဖော်တာကို ကန့်သတ်တာတွေနဲ့ လာမယ့် လွတ်လပ်သော သတင်းထောက်များကလပ် (Free Journalists Club) လို့ခေါ်တဲ့ ကလပ်ထူထောင်သူတွေကို အမှုစစ်ဆေးတာအပေါ် ကျမတို့ စိုးရိမ်မှုရှိပါတယ်။ ပွင့်ပွင့်လင်းလင်းဆက်ပြော ကြဖို့နဲ့ ၂ နိုင်ငံ ပူးတွဲလုပ်ငန်းတွေကို ဆက်လက်ချဲ့ထွင်သွားကြဖို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကျမ သဘောတူခဲ့ပါတယ်” လို့လည်း သူက ဆက်ပြောပါသေးတယ်။

ဆိုတော့ သူက “စိုးရိမ်တဲ့အကြောင်း” ပြောခဲ့တာပေါ့။ တရုတ်လိုပဲ တပါတီစနစ်နဲ့ ဆက်ရှိနေတဲ့ နိုင်ငံတခုမှာ ဒီကိစ္စတွေကို တယောက်ယောက်က ပွင့်ပွင့်လင်းလင်း ပြောတယ်လို့ ကြားရတာဟာ ကောင်းပါတယ်။ ဒါပေမယ့် သူ့ကို လက်ခံတဲ့ အိမ်ရှင်တွေက သူပြောတာတွေထဲမှာ ဘယ်အရာတွေက ဦးစားပေးတွေဆိုတာကို အစဉ်လိုက် လိုက်မှတ် မမှတ် အလောင်းအစားတောင် လုပ်လို့ရပါတယ်။ အမေရိကန်နဲ့ ဗီယက်နမ် ၂ နိုင်ငံကုန်သွယ်ရေးပမာဏက အခုဆိုရင် တနှစ်ကို ဒေါ်လာ ၂၂ ဘီလီယံ တန်ဖိုးရှိပါတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက တစထက်တစ ရန်လိုလာတဲ့အပေါ် မျက်ခြေမပြတ်ရှိနေတဲ့ ဗီယက်နမ်နိုင်ငံအနေနဲ့ အမေရိကန်အစိုးရနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ဖို့ စိတ်အားထက်သန်နေတာပါ။ ဒီလို အခွင့်အလမ်းတွေ ရနိုင်တဲ့အနေအထားမှာ ဟနွိုင်းမှာရှိတဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်တွေတောင်မှပဲ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အလေးအနက် ဟောပြောမှုတွေကို သည်းခံနားထောင်ဖို့ အဆင်သင့်ဖြစ်နေမှာ အသေအချာပါပဲ။

“ကျမတို့အနေနဲ့ အဲ့ဒီနိုင်ငံတွေမှာ ထိထိရောက်ရောက် လုပ်နိုင်တဲ့ အာဏာမရှိဘူးလို့ အမြဲတမ်း ညည်းကြတယ်။ ဒါပေမယ့် ဒါက ကျမတို့ လုပ်တယ်ဆိုတဲ့ အကောင်းဆုံး ဖြစ်ရပ်တခုပဲလေ။ ဗီယက်နမ်နိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်တဲ့အခါမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို တစုံတရာ လေးစားဖို့နဲ့ အရည်အသွေးရှိတဲ့ ပြောင်းလဲမှုတွေဖြစ်လာဖို့ ကျမတို့ တောင်းဆိုတာဟာ သဘာဝကျပါတယ်။ ဒါပေမယ့် တောင်းဆိုတဲ့အတိုင်း ဖြစ်နေတာကိုတော့ ကျမ မတွေ့ရသေးဘူး” လို့ အယ်လ်လင် ဘော့ခ် က ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တော် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးတဲ့အခါကျရင် လူ့အခွင့်အရေးကိစ္စတွေကို အဓိကထားဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဟီလာရီကလင်တန်ကို တောင်းဆိုခဲ့တာပါ။

ဆိုတော့ ဘာလဲ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ နောက်ဆုံးမှာ အာရှဒီမိုကရေစီရေးကို ထောက်ခံအားပေးဖို့ အတွက် သေသေချာချာ ဆောင်ရွက်မှာလား။ ကျနော့်အနေနဲ့ကတော့ ဒါနဲ့ပတ်သက်ပြီး တကယ့်ကို ဘာမှ အခိုင်အမာ မပြောနိုင်ပါဘူး။ အပြောက လွယ်တာကိုး (အထူးသဖြင့် ငွေ ဒေါ်လာသန်းထောင်နဲ့ ယှဉ်ကြည့်တဲ့အခါမျိုးမှာ လွယ်ပါတယ်)။ မြန်မာနိုင်ငံက လူမှုအခြေပြု အဖွဲ့အစည်းတွေအတွက် ငွေကြေးအကူအညီ ကြီးကြီးမားမား ထောက်ပံ့ပေးဖို့ဆိုရင်ရော ဘယ်လိုရှိမလဲ။ ဒီလို ထောက်ပံ့တာမျိုးဟာ အာရှထဲက ဗျူဟာအမြောက်ဆုံး တည်ရှိနေတဲ့ နိုင်ငံတခုမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ တကယ်ဖြစ်လာစေနိုင်တာပါ။ အခုချိန်ထိတော့ အဲ့ဒီလိုထောက်ပံ့မယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။

Foreign Policy မဂ္ဂဇင်းပါ Christian Caryl ၏ Talking a Great Game ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading