နော်ဝေက တမူးပိုသာသတဲ့လား

ရဲနည်

This article has been converted from Zawgyi One to Unicode

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ နိုဘဲလ်ငြိမ်းချမ်းရေးဆုနှင့် ရပ်ဖ်တို ဆုများလက်ခံရယူရန် ဇွန်လတွင် နော်ဝေနိုင်ငံသို့ ရောက် ရှိခဲ့သည်။ နော်ဝေအစိုးရနှင့် ပြည်သူများ၊ နော်ဝေနိုင်ငံတွင်ရောက်ရှိနေသော မြန်မာများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

နော်ဝေနိုင်ငံဝန်ကြီးချုပ် ယန်း စတိုးလ်တင်းဘာ့ဂ် (Jens Stoltenberg) ကလည်း နော်ဝေကုမ္ပဏီများ မြန်မာပြည်တွင်ရင်းနှီးမြှုပ်နှံကြရန် အားပေးတိုက်တွန်းခဲ့သည်။

နော်ဝေနိုင်ငံ အနေနှင့် ဆယ်စုနှစ်ချီဖြစ်ပွားနေသော မြန်မာပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် အတွက် “မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြု ပဏာမခြေလှမ်း (Myanmar Peace Support Initiative)” အစီအစဉ်၌ ဦးဆောင် ပါဝင်နေချိန်တွင် နော်ဝေ ဝန်ကြီးချုပ်က ထိုသို့ တိုက်တွန်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ဟာရို ဘော့မင်း (Harald Bockman) သည် နော်ဝေနိုင်ငံ အော်စလို တက္ကသိုလ် (Oslo University)၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဖွံ့ ဖြိုးတိုးတက်ရေးဌာန (Centre for Environment and Development) မှ အကြီးတန်း သုတေသနမှူး တယောက်ဖြစ်ပြီး နော်ဝေ-မြန်မာ ကော်မတီ(Norwegian Burma Committee – NBC) ဥက္ကဌ ဟောင်း ဟဲဗာတ် ကူလွိုင်း (Hallvard Kuloy) ကွယ်လွန်သွား သည့် ၂၀၀၁ ခုနှစ်မှစ၍ NBC ဥက္ကဌ အဖြစ် တာဝန်ယူနေသူဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော NBC ကို စတင် တည်ထောင်သူ တဦးဖြစ်သည့် အားလျှော်စွာ မြန်မာ-နော်ဝေ ဆက်ဆံရေးအပေါ် အနီးကပ် စောင့်ကြည့်လေ့လာနေသူ တဦး လည်း ဖြစ်သည်။

မကြာသေးမီက ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဟာရို ဘော့မင်းက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် မြန်မာ ပြည် ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အားပေးအားမြှောက်ပြုရာတွင် နော်ဝေ နိုင်ငံ၏ အခန်းကဏ္ဍတို့အပေါ် ၎င်း၏ အမြင်များကို ပြောကြားခဲ့သည်။

မေး။   ။ နော်ဝေကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ဝန်ကြီးချုပ် ယန်း စတိုးလ်တင်းဘာ့ဂ်က ပြောခဲ့ပါတယ်။ နော်ဝေ နိုင်ငံရဲ့ မြန်မာပြည်ရေးရာကိစ္စတွေမှာ ပါဝင်ဆောင်ရွက်မှုဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုရှိတယ်လို့ ထင်ပါသလား။ မြန်မာနိုင်ငံအတွင်းက လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုတွေ အပေါ် ဘယ်လောက်အထိ ယုံကြည်စိတ်ချမှု ရှိပါသလဲ။

ဖြေ။   ။ အခြေခံကျကျပြောရမယ်ဆိုရင်တော့ နော်ဝေနိုင်ငံဟာ ဥရောပသမဂ္ဂက ဆောင်ရွက်နေတာတွေအတိုင်း လိုက်ပါဆောင် ရွက်နေတာပါ။ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလကစလို့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ နော်ဝေ ဖွံ့ဖြိုးရေး ဝန်ကြီး က တက်တက်ကြွကြွနဲ့ ကမကထပြု ဆောင်ရွက်နေတာ တချို့ရှိပါတယ်။ ဒါပေမယ့် သူတို့က အတိုက်အခံထက်စာရင် ဗိုလ်ချုပ် ကြီးတွေနဲ့ ပြောဆိုဆွေးနွေးဖို့ ပိုစိတ်ဝင်စားကြတယ်လို့ ကျနော် ခံစားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို အကြံပြုတာက ခင်ဗျားတို့အနေနဲ့ မြန်မာပြည်မှာ အပြောင်းအလဲတွေဖြစ်စေချင်ရင် ဗိုလ်ချုပ်ကြီးတွေနဲ့ စကားပြောရမယ်၊ ဒါပေမယ့် အတိုက်အခံ ကိုလည်း မမေ့ရဘူး ဆိုတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု ရှိချင်မှ ရှိတော့မှာဆိုပြီး သံတမန်တချို့က နိုင်ငံတကာမှာ ထုတ်ဖော်ပြောကြတဲ့ ကာလတခု ရှိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ အဲ့ဒီလိုပြောကြတာကို ကျနော်ကတော့ ကျနော့်အခေါ် မြန်မာ့အရေး မောပန်းနွမ်း လျမှု (Burma Fatigue) လို့ မြင်ပါတယ်။ ဘာမှ အပြောင်းအလဲမဖြစ်တာကို စောင့်နေရတဲ့အပေါ် နိုင်ငံရေးသမားတွေနဲ့ သံတမန် တွေလည်း စိတ်ပျက်လာကြပြီကိုး။ ဒါပေမယ့် နော်ဝေဖွံ့ဖြိုးရေးဝန်ကြီးရဲ့ ဆောင်ရွက်ချက်တွေကတော့ လိုတာထက် အများကြီးပို သွားတယ်လို့ ကျနော်ထင်ပါတယ်။

နော်ဝေ အစိုးရကလည်း အခုဆိုရင် မြန်မာ့အရေးမှာ အခြားနိုင်ငံတွေထက် အရှေ့ကို ပိုရောက်ချင်နေတာပါ၊ ဒါကြောင့်လည်း မြန်မာအစိုးရနဲ့ တိုင်းရင်းသား အင်းအားစုတွေအကြား စေ့စပ်ဆွေးနွေးမှုတွေ စတင်ဖြစ်လာဖို့ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ပဏာမ ခြေ လှမ်းတရပ်ကို တင်ပြခဲ့တာပေါ့။ ဒီလုပ်ငန်းစဉ်ရဲ့ ရည်ရွယ်ချက်က ကောင်းတယ်လို့ ကျနော်ထင်ပါတယ်၊ ဒါပေမယ့် လုပ်ငန်း အကောင်အထည်ဖော်မှုက သိပ်ကောင်းတယ်ရယ်လို့တော့ ကျနော် မယုံကြည်ပါဘူး။ ကျနော်တို့ နော်ဝေတွေက စေတနာ သိပ်ကောင်းကြတယ်၊ ဒါပေမယ့် ပြဿနာက ကျနော်တို့မှာ အမြဲတမ်းဆိုသလို အချက်အလက် သေသေချာချာ မသိတာနဲ့ ကမ္ဘာကြီး ရဲ့ အခြားအစိတ်အပိုင်းတွေက ရှုပ်ထွေးနက်နဲမှုကို နားမလည်တာပါပဲ။

ဥပမာ – နော်ဝေ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Norwegian Agency for Development Cooperation – Norad) က တာဝန်ယူဆောင်ရွက်ခဲ့တဲ့ သီရိလင်္ကာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုရင် ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့တာပါ။ နော်ဝေတွေကြောင့်လို့ ကျနော်မပြောလိုပါဘူး၊ ဒါပေမယ့် အဲ့ဒီနိုင်ငံရဲ့ ရှုပ်ထွေးနက်နဲတဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သာစေခဲ့ပါတယ်။

မေး။   ။ နော်ဝေ စီးပွားရေးလုပ်ငန်းတွေမှာ ကျင့်ဝတ်နဲ့ပတ်သက်ပြီး သိပ်ကိုမြင့်မားတဲ့ စံချိန်စံညွန်းတွေရှိပါတယ်။ ဆိုတော့ အဲ့ဒီ လုပ်ငန်းတွေက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်လိုမျိုး အတားအဆီးတွေနဲ့ ကြုံရပါမလဲ။

ဖြေ။   ။ အဓိက စိန်ခေါ်မှုကတော့ ဘယ်လို နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုမျိုးထဲကို သူတို့ ဝင်ရောက်သွားတယ်ဆိုတာ နား လည် ဖို့ပါပဲ။ သူတို့အနေနဲ့ ဒေသဆိုင်ရာဗဟုသုတ ရှိရမယ့်အပြင် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အခြေအနေ တွေကိုလည်း သေသေချာချာ သိဖို့လိုပါတယ်။ တခြားတဖက်မှာလည်း မြင့်မားတဲ့ ကျင့်ဝတ်နဲ့ဆိုင်ရာ စံချိန်စံညွန်းတွေကို သူတို့ ကိုင်စွဲထားပြီး သူတို့အခေါ် ကော်ပိုရေးရှင်း လူမှုတာဝန်ဝတ္တရား(Corporate Social Responsibility) ကို ထိန်းသိမ်းမယ့် ဌာန တွေ လည်း သူတို့မှာ ရှိကြပါတယ်။

ပထမဆုံး မြန်မာပြည်ထဲသွားကြမယ့် ကုမ္ပဏီတွေကတော့ လုပ်ငန်းလည်ပတ်မှုတွေ ကမ္ဘာတလွှားမှာရှိနေကြတဲ့ Statoil နဲ့ Telenor လို ကုမ္ပဏီကြီးတွေဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ သူတို့က လောလောဆယ် အိန္ဒိယမှာ အခက်အခဲ တစုံတရာ ရှိနေတာပါ။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားမှာလည်း သူတို့လုပ်ငန်းတွေရှိပါတယ်။ သူတို့မှာ မြင့်မားတဲ့ ကျင့်ဝတ်ဆိုင်ရာနဲ့ လုပ်ငန်း လည်ပတ်မှုပိုင်းဆိုင်ရာ စံချိန်စံညွန်းတွေရှိတယ်ဆိုတော့ လိုအပ်ချက်တွေ အများကြီးရှိနေတဲ့ ခက်ခက်ခဲခဲ အနေအထား တခုဆီ သွား ကြတယ်ဆိုတာကို သူတို့ နားလည်သဘောပေါက်မယ်လို့ ကျနော်ထင်ပါတယ်။

ဥပမာ – နော်ဝေ ရေနံလုပ်ငန်းမှာ ဆိုရင် နိုင်ငံစုံမှာသွားပြီး ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကြတဲ့ ကုမ္ပဏီတွေကို ကြီးကြပ်ကွပ်ကဲတဲ့ အပိုင်းမှာ အရေးပါတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ကုမ္ပဏီတွေက အစိုးရကို ထိန်းချုပ်တာလို့ တချို့က ပြောကြပါလိမ့်မယ်၊ ဒါပေ မယ့် နော်ဝေလူမျိုးတွေရဲ့ တကယ်လက်တွေ့ဆောင်ရွက်မှုကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့မှာ အတွေ့အကြုံ အများကြီး ရှိတာပါ၊ ကျနော်တို့မှာ ကုမ္ပဏီတွေနဲ့ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတဲ့ နှစ် ၅၀ အတွေ့အကြုံ ရှိပါတယ်။

ကျနော်တို့ NBC အနေနဲ့ မြန်မာပြည်အရေးကူညီနေကြတဲ့ အခြားအလှူရှင်တွေနဲ့အတူ လုပ်ငန်းတွေ ဆက်စပ်ဆောင်ရွက်နေပါ တယ်။ သူတို့ကတော့ မြန်မာအလှူရှင်များဖိုရမ် (Burma Donors’ Forum) လို့ ကျနော်တို့ခေါ်ကြတဲ့ ဖိုရမ်မှာ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာက အလှူရှင်တွေပါ။ မြန်မာတွေ လုပ်ရည်ကိုင်ရည်ရှိလာဖို့အပြင် လာရောက် ရင်းနှီးမြှုပ်နှံ အလုပ် လုပ်ကြတဲ့ ကုမ္ပဏီတွေကို ဘယ်လို စောင့်ကြည့်စစ်ဆေးမယ်ဆိုတာတွေအတွက် ကျနော်တို့ ကူညီသွားမှာ ဖြစ်ပါတယ်။ နော်ဝေမှာတော့ NBC အနေနဲ့ ကုမ္ပဏီတွေကို စောင့်ကြည့်စစ်ဆေးပြီး အကြံဉာဏ်ပေးတာတွေ လုပ်နိုင်ပါတယ်။

လောလောဆယ်မှာတော့ NBC က ဘယ်အခန်းကဏ္ဍမှာ ရှိသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ကြားမှာလည်း ဆွေးနွေး နေကြ ပါတယ်။ ကျနော်တို့အနေနဲ့ အနည်းနဲ့အများဆိုသလို မြန်မာပြည်အရေးအတွက် လှုံ့ဆော်စည်းရုံးတာနဲ့ ကူညီထောက်ပံ့တဲ့ အလုပ် တွေပဲ လုပ်ခဲ့တာရယ်၊ ပြည်တွင်း အခြေအနေတွေက အပေါင်းလက္ခဏာ ပိုဆောင်လာတာရယ်တွေကြောင့် အခုလို ဆွေး
နွေးနေကြတာဖြစ်ပါတယ်။ လက်ရှိအနေအထားက တောင်အာဖရိကမှာ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေး ကာလတုန်းကနဲ့ သွားတူနေတယ်။ အဲ့ဒီတုန်းကဆိုရင် တောင်အာဖရိကမှာ အပြောင်းအလဲလည်းဖြစ်ရော ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ် လေ၊ အခြေအနေတွေက ပြောင်းသွားတာကိုး။ ဒါကြောင့် ကျနော်တို့အနေနဲ့လည်း အခြေအနေကို သေသေချာချာတွက်ဆပြီး အနေအထားသစ်အောက်မှာ ကျနော်တို့အလုပ်တွေကို ဆက်လုပ်ရမှာဖြစ်ပါတယ်။ ကျနော်တို့ လုပ်နိုင်တာတွေအများကြီးပါ၊ အောက်ခြေ အဆင့်မှာလည်း လုပ်နိုင်ပါတယ်။

မေး။   ။ နိုဘဲလ်ဆု လက်ခံတဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အလှူရှင်တွေရဲ့ မောပန်းနွမ်းလျမှု(Donor Fatigue) ဆိုတာကို ထည့်သွင်းပြောကြားသွားပြီး ငွေကြေးအကူအညီတွေကို မလျှော့ချဖို့ အလှူရှင်တွေကို မေတ္တာရပ်ခံသွားခဲ့ပါတယ်။ နော်ဝေဟာ မြန်မာဒုက္ခသည်တွေနဲ့ ပြည်ပရောက် အတိုက်အခံတွေကို အများဆုံးကူညီတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းဆုကြည် ပြောသွားတာနဲ့ပတ်သက်ပြီး အခြား အလှူရှင်တွေကို ဘာများ ပြောလိုပါသလဲ။

ဖြေ။   ။ ၂၀၀၆ ခုနှစ်ကစပြီး ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) ဘုတ်အဖွဲ့မှာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တာမို့ ကျနော့်အနေနဲ့ ပြော နိုင်တာကတော့ ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေအကုန်လုံးလိုပဲ DVB မှာလည်း အလားတူ စိန်ခေါ်မှုမျိုးနဲ့ ကြုံနေရတယ် ဆိုတာပါပဲ။ ဘယ်အရာမှ သေချာမမြဲဘဲ ငွေကြေးအကူအညီကလည်း တစထက်တစ ပိုပြီး အာမခံချက်နည်းလာတဲ့ စပ်ကူးမတ်ကူး အနေ အထားမှာ ရောက်နေတာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ DVB က အရင်တလျှောက်လုံး ပေးခဲ့တဲ့ အလှူရှင်တွေဆီကနေ ငွေကြေး အကူအညီ ရနေတုန်းပါ၊ ဒါပေမယ့် DVB ရဲ့ ရေဒီယိုနဲ့ တီဗီ အစီအစဉ်တွေကို မထိခိုက်ဘဲ မြန်မာပြည်အသွင်ကူးပြောင်းမှုကို ဘယ်လို ပံ့ပိုးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ သူတို့နဲ့ ညှိနှိုင်းလိုပါတယ်။

ဒါတွေက အစိုးရပိုင်းမဟုတ်တဲ့ ငွေကြေးအလှူရှင်တွေပါ။ အစိုးရအဆင့်နဲ့ ဖွံ့ဖြိုးရေးအကူအညီပေးတဲ့ အလှူရှင်တွေအတွက်တော့ သူတို့ပြောတာလည်း မှန်ပါတယ်။ မြန်မာပြည်ထဲ မြန်မြန်ဝင်ကြဖို့ သူတို့အစိုးရတွေက သူတို့ကို တွန်းနေတာကိုး။ နော်ဝေငြိမ်းချမ်း ရေး ပဏာမခြေလှမ်း (Norwegian Peace Initiative) ဆိုတာလည်း မြန်မာပြည်ထဲသွားမယ့် လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတခုလို့ ကျနော် မှန်းဆမိပါတယ်။ ဒါကြောင့် ကိုယ်တည်ဆောက်ထားပြီးတဲ့အရာတခုကို လွယ်လွယ် မဖြတ်ချလိုက်သင့်ဘူးဆိုတာရယ်၊ ပြီး တော့ ကိုယ်ဘယ်လောက်ထိ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်မလဲဆိုတာ တကယ်မသိတဲ့ အခြေအနေတခုထဲကို အလျင်စလို ဝင်ရောက် သွားတာမျိုး မလုပ်သင့်ဘူးဆိုတာရယ်တွေကို ကျနော်တို့ အပါအဝင် အခြားလူ အတော်များများက အလေးအနက်ထားပြီး ထောက်ပြ ပြောဆို နေကြတာပါ။

လူတွေ သိပ်အများကြီးမပြောဖြစ်ကြတဲ့ ကဏ္ဍတခုလည်းရှိတယ်လို့ ကျနော်ထင်ပါတယ်။ အဲ့ဒါကတော့ ထိုင်း-မြန်မာနယ်စပ်မှာ နေ ခဲ့ကြတဲ့ မြန်မာပညာတတ်အတော်များများမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံတဲ့ နှစ်ပေါင်း ၂၀ အတွေ့ အကြုံ ရှိနေကြတယ်ဆိုတာပါပဲ။ ဒီလို နက်ရှိုင်းတဲ့ အတွေ့အကြုံ ဒါမှမဟုတ် ရှုပ်ထွေးနက်နဲတဲ့ တိုင်းရင်းသားကိစ္စတွေ အပေါ် နားလည်မှုဟာ သိပ်အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။

မေး။   ။ သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံ အလည်လာဖို့ ဗြိတိသျှအစိုးရက ဖိတ်ကြားခဲ့ပါတယ်။ နော်ဝေ အစိုးရက သူ့ကိုဖိတ်မယ် ဆိုရင်ရော အဲ့ဒီအစီအစဉ်ကို သဘောတူပါသလား။

ဖြေ။   ။ သိပ်သဘောတူတာပေါ့။ တကယ်တမ်းပြောရရင် မြန်မာအစိုးရကိုယ်စားလှယ်တွေ နော်ဝေနိုင်ငံကို အသုတ်လိုက် လာနေကြ တာပါ။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဆိုရင် ဒီနိုင်ငံရောက်ပြီးပါပြီ။ လွှတ်တော်အမတ်တွေနဲ့ စက်မှုဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အရာရှိတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့လည်း အသံလွှင့်လုပ်ငန်းနဲ့ဆိုင်တဲ့ သဘောတရားတွေကို လေ့လာဖို့ စကင်ဒီနေဗီးယားနိုင်ငံ တွေကို ခရီးလှည့်တဲ့အချိန်တုန်းက ဒီနိုင်ငံကို ရောက်ခဲ့ပါတယ်။ တစုံလုံးဆိုင်ရာ စဉ်းစားချက်ကတော့ စေ့ စပ် ညှိနှိုင်းချင်တယ်ဆိုရင် အစိုးရနဲ့ စကားပြောသင့်တယ် ဆိုတာပါပဲ။ သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံကို ရောက်လာခဲ့မယ် ဆိုရင် သိပ်ကို အကျိုးရှိမယ်လို့ ကျနော်ထင်ပါတယ်။

သူတို့အနေနဲ့ အချိန်အကြာကြီး ဘယ်မှ မသွားခဲ့ရတာမို့ နိုင်ငံတကာကို ခရီးလှည့်လည်နိုင်တဲ့အပေါ် မြန်မာနိုင်ငံရေးသမား အများ စုနဲ့ အရာရှိအများစုက ဝမ်းသာကြမှာ အမှန်ပါပဲ။ ဒါပေမယ့် ခရီးသွားတာလောက်ပဲ မဖြစ်သင့်ပါဘူး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်တုန်းကဆိုရင် သူက မြန်မာနိုင်ငံ တိုးတက်လာအောင် ကူညီဖို့ ဥရောပနိုင်ငံတွေကို မေတ္တာရပ်ခံတိုက်တွန်းခဲ့ပါတယ်။ သူ့ကို ကြိုဆိုကြတဲ့အနေအထားက မြန်မာ အစိုးရအတွက် ဝမ်းသာစရာမဟုတ်မှန်း ကျနော်သိပါတယ်။ ဒါပေမယ့် အခြေခံကျကျပြော ရမယ် ဆိုရင်တော့ ဒါဟာ မြန်မာပြည်အတွက် ကောင်းတာပါပဲ။     ။

Norway: Getting Ahead of Itself in Burma? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading