သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ် အပြီးတွင် ထားဝယ်ရေနက် စီမံကိန်းနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများ ရေးထိုးနိုင်သည့် အောင်မြင်မှုသာမက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ခွင့်နှင့် အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိစေရေးအတွက် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
သမ္မတနှင့် အတူ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် လိုက်ပါလာခဲ့ပြီး ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အရေး ပြောဆိုခဲ့ကြောင်း သိရသည်။ သို့သော် မည်မျှ ထိရောက်စွာ ပြောဆို ဆောင်ရွက်ခဲ့သည်ကို မသိရသေးပေ။
ယခင် နအဖ အစိုးရလက်ထက်က စီးပွားရေး မပြေလည်မှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်၍ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေကြသော မြန်မာ အလုပ်သမားများအပေါ် ထိုင်းအလုပ်ရှင်များက နှိမ်ချဆက်ဆံရုံမျှ မက အခြေခံ လုပ်ခ လစာကိုလည်း ထိုင်းနိုင်ငံသား အလုပ်သမားများထက် များစွာ လျှော့ပေါ့ပေးခဲ့သည်။ မြန်မာ အလုပ်သမားများ အရေး ကိစ္စ တခု ကြုံရလျှင် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသံရုံးအပါအဝင် မြန်မာအစိုးရက လျစ်လျှူရှုထားခဲ့သည့် အတွက် ထိုင်းနိုင်ငံရောက် မြန်မာများမှာ နှစ်ပေါင်းများစွာ မျက်နှာငယ်ခဲ့ရသည်။
ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်သော မြန်မာအလုပ်သမား များသည် ထိုင်းအာဏာပိုင်များ၏ အချိန်မရွေး စစ်ဆေး ဖမ်းဆီးမှု ခံရနိုင်သောကြောင့် လူအများရှေ့တွင် မြန်မာစကားကိုပင် မပြောမဆိုရဲသည် အထိ အကြောက်တရားနှင့် သူတပါးနိုင်ငံတွင် ပင်ပန်းစွာ အလုပ်လုပ်ကိုင် ခဲ့ရသည်၊ ထိုင်းအလုပ်ရှင်များ ဘက်က ဖိနှိပ်မှု၊ လစာ ခေါင်းပုံဖြတ်မှု၊ မမျှတမှုများ ရှိသည်ကို သိသော်လည်း စားဝတ်နေရေးကို ငဲ့၍ ခါးချိုး အလုပ်လုပ်ခဲ့ ကြရသည်။
၂၀၀၉ ခုနှစ်ခန့်က စတင်၍ ထိုင်း – မြန်မာ အစိုးရ ပူးပေါင်းကာ ရွှေ့ပြောင်းအလုပ်သမားများကို ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေး၍ တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးခဲ့ သော်လည်း ခြစားသည့် နှစ်နိုင်ငံ အာဏာပိုင်တချို့နှင့် ပူးပေါင်းကာ အလုပ် သမားများ အပေါ် ခေါင်းပုံဖြတ်သည့် ကြားပွဲစားများ တောင်းခံသော ငွေကြေးကို မပေးနိုင်သဖြင့် ယာယီနိုင်ငံကူးလက်မှတ် လုပ်ကိုင်သူ အရေအတွက် နည်းပါးခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံ၌ သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်စတင်ယူသည့် နောက်ပိုင်း သမ္မတကိုယ်တိုင် ပြည်ပရောက် မြန်မာများ အရေးကို ၎င်း၏ မိန့်ခွန်းများထဲ၌ အရေးတယူ ထည့်သွင်း ပြောကြားလာခဲ့ရာ မြန်မာပြည်သား များအပေါ် ထိုင်းနိုင်ငံသားများ၏ ဆက်ဆံရေးလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်ကို တွေ့ရသည်။
အထူးသဖြင့် မြန်မာအစိုးရ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ လာရောက်ပြီး ဘန်ကောက် မဟာချိုင်ဒေသရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများနှင့် တွေ့ဆုံစကားပြောကာ ထိုင်းအလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး နောက်တွင် ထိုင်းအစိုး၏ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် မူဝါဒ သိသိသာသာ ပြောင်းလဲလာသည်။
ထိုင်း အလုပ်ရှင်များ ဘက်က ခေါင်းပုံဖြတ်ခဲ့သော ရွှေ့ပြောင်းအလုပ်သမား များအတွက် အခြေခံလုပ်ခလစာကို တပြေးညီ သတ်မှတ်ပေးခဲ့သည်။ ယခင်က တနေ့လျှင် ဘတ် ၁၀၀၊ ၁၃၀၊ ၁၅၀ စသည်ဖြင့် အလုပ်ရှင်ပေါ် မူတည်၍ ပေးနေသော လစာကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မှစတင်၍ ဘတ် ၃၀၀ စီ တပြေးညီ ခံစားခွင့် ရရှိမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ကြေညာခဲ့သည်။ ထိုကြေညာချက် အမှန်တကယ် အကောင်အထည် ဖော်မဖော်ကိုမူ စောင့်ကြည့်ရဦးမည်။
လက်ရှိတွင် ထိုင်းနိုင်ငံတွင် ပုံစံအမျိုးမျိုးဖြင့် ရောက်ရှိနေသော သန်းနှင့်ချီသည့် မြန်မာနိုင်ငံသားများအပေါ် ထိုင်းနိုင်ငံသားများ၏ ဆက်ဆံရေး ပြောင်းလဲ တိုးတက်လာသည်ကို မြင်တွေ့ ကြားသိရသည်။ ထိုင်းရုပ်သံများတွင် မြန်မာနိုင်ငံ အကြောင်းကို အသားပေး ဖော်ပြလာသည်မှာလည်း ထိုင်းနှင့် မြန်မာ တပြေးညီဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်က ပြသသည့်သဘောဟု ယူဆသည်။
အလားတူ ထိုင်းနိုင်ငံ တက္ကသိုလ်များရှိ မြန်မာစာ ဌာန၊ မြန်မာစာ သင်တန်းချိန်များတွင် တက်ရောက်သင်ကြား လိုသူ ကျောင်းသားများ များပြား လာသည်ဟုလည်း ဝမ်းမြောက်ဖွယ် ကြားသိရသည်။
ထိုသို့ ပြောင်းလဲလာမှုများသည် ဒေါ်အောင်ဆန်းစုကြည် ကြောင့်သာ မကဘဲ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ပြီးနောက် တိုးတက် ပြောင်းလဲ လာတော့မည့် မြန်မာပြည်၏ စီးပွားရေး ကဏ္ဍများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုသော ထိုင်းအစိုးရ၏ မူဝါဒနှင့်လည်း သက်ဆိုင်နေသည်ဟု မြင်သည်။ ယခင်ကလည်း မြန်မာနိုင်ငံ နှင့် ရေမြေချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တန်ဖိုး အမြင့်ဆုံး ရှိခဲ့သည်။ လာမည့် ၂၀၁၅ တွင် လက်ရှိထက် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အနည်းဆုံး ၃ ဆခန့် တိုးမြှင့်နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။
မြန်မာပြည်နှင့် ရေရှည် အကျိုးစီးပွားအတွက် ဆက်ဆံရေး ကောင်းမွန်စေရန် ထိုင်းအစိုးရဘက်က မြန်မာအလုပ်အမားများ အရေးကို ချန်လှပ်မထားခြင်း၊ မြန်မာပြည်နှင့် ပတ်သက်သည့် အရေးကိစ္စများကို အရေးတယူ ပြုလာခြင်းတို့မှာ ထူးခြားသော အကြောင်းကိစ္စ တရပ်မဟုတ်ပေ။ ထိုင်းရုပ်သံများတွင် မြန်မာပြည်အကြောင်း အသားပေး ဖော်ပြလာသည်မှာလည်း ရေမြေ တောတောင် သဘာဝ ကြွယ်ဝသော မြန်မာပြည်တွင် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ တိုးချဲ့လိုသောကြောင့် ဖြစ်သည်။ မည်သို့ဆိုစေ နှစ်နိုင်ငံအကျိုးကျေးဇူး များမည့် လုပ်ငန်းများ ဖြစ်သောကြောင့် ဧရာဝတီက ကြိုဆိုပါသည်။
မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများကို ယခင်က တဆင့်နှိမ့် ဆက်ဆံခဲ့သော ထိုင်းနိုင်ငံသားများ၏ အမြင် ပြောင်းလဲ လာခဲ့ပြီ ဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင် အလုပ်လုပ်နေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ သန်းနှင့်ချီ၍ ကျန်ရှိနေသေးသည်။ အလုပ်သမား အခွင့်အရေး တပြေးညီ ခံစားခွင့် ရှိလာပြီဟု ဆိုရာတွင် တရားမဝင် နေထိုင် အလုပ်လုပ်နေရသည့် အလုပ်သမားများ ပါဝင်ဦးမည် မဟုတ်ပေ။
ထို့အပြင် မကြာသေးခင်က ထိုင်းအလုပ်သမား ဝန်ကြီး၏ ရွှေ့ပြောင်း အလုပ်သမများ ကိုယ်ဝန်ဆောင်လျှင် နေရင်းနိုင်ငံ ပြန်ပို့မည်ဆိုသော ကြေညာချက်ကြောင့် ရွှေ့ပြောင်း အလုပ်သမားများ တရားဝင်လက်မှတ် ကိုင်ဆောင်ရန် ကိစ္စ ခက်ခဲလိမ့်မည်ဟု လူ့အခွင့်အရေး အဖွဲ့များက သုံးသပ်လာကြသည်။ အလားတူ တရားဝင် လက်မှတ် ရရှိရန် ငွေကြေး ကုန်ကျစရိတ် မတတ်နိုင်ခြင်း၊ အလုပ်သမားများတွင် မြန်မာနိုင်ငံသား ဖြစ်ကြောင်း သက်သေခံ လက်မှတ်များ မရှိခြင်း၊ လက်မှတ်ရရှိရန် အလုပ်လုပ်ရာ ဒေသမှနေ၍ တနယ်တကျေးသို့ အလုပ်ဖျက်၍ မသွားလိုခြင်း စသည့် ခက်ခဲသော အကြောင်းရင်းများလည်း ရှိနေသေးသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများက ၎င်းတို့၏ အခွင့်အရေးများ မျှတစွာ ရရှိစေရန်နှင့် ထိုင်းအလုပ်ရှင်များ၏ ဖိနှိပ်ဆက်ဆံမှုမှ ကင်းလွတ်စေရန် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုး တိုင်တည်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ထိုက်သင့်သည့် ပြောဆိုဆွေးနွေးမှုနှင့် ကြိုးပမ်းအားထုတ်မှုများ ရှိခဲ့သည်ကို မြင်တွေ့ရပြီး ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဓိက တာဝန်ရှိသူ မဟုတ်ကြောင်း သတိချပ်သင့်သည်။
ရွှေ့ပြောင်း အလုပ်သမားများ အရေးကို အမှန်တကယ် ပြောဆို၍ တိတိကျကျ ဆောင်ရွက်ရမည့်သူမှာ အစိုးရ တာဝန်ယူ ထားသူ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဖြစ်သည်။ ၎င်းကိုယ်တိုင် ပါဝင်ဆောင်ရွက်မှသာ ရွှေ့ပြောင်း အလုပ်သမားများ အရေး ထိရောက်ပေလိမ့်မည်၊ နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူများ အဓိက လုပ်ဆောင်ရမည့် အရေးကိစ္စ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ စီးပွားရေး တိုးမြှင့်ရန် စာချွန်လွှာများ လက်မှတ် ရေးထိုးနိုင်ခဲ့သည့် နည်းတူ တိုင်းပြည်၏ နှလုံးသားနှင့် တူသော ပြည်သူများအား ရင်ဝယ်သားကဲ့သို့ သဘောထားကာ နိုင်ငံရပ်ခြားတွင် ၎င်းတို့ လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည် ရှင်သန်နိုင်ရေးအတွက် ထိထိရောက်ရောက် ဥပဒေပြု ဆောင်ရွက်သင့် ပါကြောင်း ဧရာဝတီက တိုက်တွန်း လိုက်ပါသည်။