အင်ဂျန်းယန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူသည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ဗဟိုအလုပ်အမှုဆောင် ကော်မတီ တွဲဖက် အတွင်းရေးမှူးဖြစ်ပြီး ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မူ ကော်မတီ အတွင်းရေးမှူးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မူ လုပ်ငန်းကော်မတီအဖွဲ့ဝင်လည်း ဖြစ်သည်။

ကချင်ဒေသတွင် စစ်ဖြစ်ပြီး တနှစ်အကြာတွင် လွှတ်တော်တွင်းမှ ကချင်ပြည်နယ် ကိုယ်စားလှယ်များ၏ လှုပ်ရှားမူများ၊ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် အမြင်များ၊ တိုင်းရင်းသား အခွင့်အရေး ဥပဒေပြဌာန်းရေးအဆို အလားအလာများကို ဧရာဝတီ သတင်းထောက် လဖိုင်က ဒေါ်ဒွဲဘူနှင့် ဆက်သွယ်၍ မေးမြန်းထားပါသည်။
မေး ။ ။ စစ်ပြန်ဖြစ်တာ တနှစ်ကျော်ပါပြီ။ ဒါနဲ့ပတ်သတ်ပြီး လွှတ်တော်မှာ ဆွေးနွေးတာမျိုး ရှိပါသလား။ လွှတ်တော်က သဘောတူတဲ့ စစ်ပွဲလား။
ဖြေ ။ ။ လွှတ်တော်ကနေ ဆုံးဖြတ်ပြီးတိုက်တဲ့ စစ်ပွဲတော့ မဟုတ်ဘူး။ လွှတ်တော် စပြီးတဲ့နောက် ဖြစ်တဲ့စစ်ပွဲတော့ ဟုတ်တယ်။ ဒါပေမယ့် လွှတ်တော်ကနေ စတဲ့စစ်ပွဲတော့ မဟုတ်ဘူး။ တပ်မတော်နဲ့ KIA (ကချင်လွတ်မြောက်ရေး တပ်မတော်) အချင်းချင်း သုံ့ပန်းပြဿနာကနေ စပြီး ဖြစ်လာတာပဲ။ ကချင်တွေ ဘာလို့ လက်နက်ကိုင်လဲဆိုတော့ အခွင့်အရေးအတွက် ခိုင်မာတဲ့ဥပဒေကို မတည်ဆောက်နိုင်သေးတာကြောင့် လက်နက်ကိုင်နေတဲ့ အနေအထားမှာ စစ်ပွဲဖြစ်လာတာ။ လွှတ်တော်နဲ့တော့ မဆိုင်ဘူး။ ဒါပေမယ့် လွှတ်တော်မှာ တာဝန်အများကြီး ရှိတယ်။
မေး ။ ။ လွှတ်တော်ထဲရောက်နေတဲ့ ကချင်ပြည်သူကိုယ်စားပြု အမတ်တွေ ငြိမ်းချမ်းရေးအတွက် ဘယ်လိုဆောင်ရွက် နေကြပါသလဲ။
ဖြေ ။ ။ ကျမကိုယ်တိုင် ပြည်သူလူထု မိမိနေရပ်ပြန်နိုင်ရေးအတွက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းတဲ့ အဆိုကို ဧပြီလမှာ တင်ခဲ့တယ်။ အစိုးရပိုင်းက လက်နက်ကိုင်နှစ်ဖွဲ့ကို တိုက်တွန်းတာ မလုံလောက်ဘူး။ ပြည်သူလူထုကိုလည်း တိုက်တွန်းရမယ်ဆိုပြီး ပြည်သူလူထုထံသို့ တိုက်တွန်းကြောင်းဆိုပြီး အတည်ဖြစ်သွားတယ်။ အတည်ဖြစ်ခဲ့ပေမယ့်လည်း ကျမတို့ လွှတ်တော်ထဲမှာ စစ်ပွဲရပ်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ပြီးလို့ရှိရင် KIA ဘက်ကလည်း တိုက်ရင်းနဲ့ ဆွေးနွေးသွားမယ်ဆိုတော့ အခုချိန်မှာ အစိုးရအဖွဲ့နဲ့ ဆွေးနွေးတာလည်း ရှိတော့ရှိတယ်။ ဘယ်အတိုင်းအတာ ထိဘယ်လို ဆွေးနွေးလဲဆိုတာ ထုတ်ပြန်ခြင်းမရှိတော့ ကျမတို့လည်း မသိနိုင်ဘူး။ ဒီ့ထက်ပိုပြီး ပွင့်လင်းမြင်သာ ရှိဖို့လိုတယ်လို့ ထင်တယ်။
အမျိုးသားလွှတ်တော်က တိုင်းရင်းသားရေးရာကော်မတီနဲ့ ပြည်သူ့လွှတ်တော်က တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မူ ကော်မတီဝင်တွေ အဖွဲ့ခွဲပြီး တတိယအကြိမ် လွှတ်တော်နားတဲ့အချိန်မှာ တပြည်လုံးကို လှည့်ပြီးတော့ တိုင်းရင်းသားအသံတွေကို လိုက်နားတောင်တာ လုပ်ထားပြီး တွေ့ရှိချက်တွေကို ပြည်ထောင်စု လွှတ်တော်မှာ ပြန်တင်ထားတယ်။ အခု တိုင်းရင်းသားအခွင့်အရေး ဥပဒေပြဌာန်းဖို့ အဆိုကို ဆွေးနွေးပြီး အတည်ဖြစ်တယ်ဆိုရင် ဥပဒေရေးဆွဲပြီး ပေါ်လာတဲ့အခါတော့ တိုင်းရင်းသားတွေအတွက် အကျိုးရှိမယ့်အရာပါ။
မေး ။ ။ တိုင်းရင်းသားအခွင့်အရေး ဥပဒေပြဌာန်းဖို့ အဆိုအတည်ဖြစ်ခဲ့ပြီဆိုရင် အပစ်မရပ်သေးတဲ့ အဖွဲ့တွေရော ပါဝင်ခွင့်ရမှာလား။
ဖြေ ။ ။ အခု ကျမတို့က တွေ့ခွင့်ရဖို့ လွှတ်တော်ဥက္ကဋ္ဌဆီမှာ တင်ပြထားတယ်။ သူတို့ကလည်း တပြည်လုံးက တိုင်းရင်းသား အခွင့်အရေးအတွက် တောင်းဆိုနေတာ။ ကျမတို့လည်း တပြည်လုံးက တိုင်းရင်းသားတွေ အခွင့်အရေးအတွက် ဆောင်ရွက်နေတာဆိုတော့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် လွှတ်တော်ထဲက လုပ်နိုင်တာနဲ့ သူတို့ လိုချင်တာနဲ့ ပူးပေါင်းနိုင်မယ်ဆိုရင် အရမ်းကောင်းပါတယ်။ ဒါမှမဟုတ်ဘဲ တွေ့ဆုံခွင့် မရခဲ့ဘူး၊ ကျမတို့ သိထားတာ လောက်နဲ့ပဲ ရေးဆွဲမယ်၊ သူတို့ဘက်က ပေးမယ့် အကောင်းဆုံး အကြံဉာဏ်တွေ ကျန်ခဲ့ရင်လည်း မကောင်းဘူး။ ဒါကြောင့် ဥပဒေမပြုခင်မှာ အရင်တွေ့ခွင့်ရမယ်ဆိုရင် အလွန်ကောင်းတဲ့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်။
မေး ။ ။ အခု ဦးအောင်မင်း ဆောင်ရွက်နေတာတွေက တကိုယ်တော် လုပ်နေတာလား။ အစိုးရအဖွဲ့ ကိုယ်စားပြု လုပ်နေတာလား။
ဖြေ ။ ။ သူကတော့ ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီမှာ ဒုတိယဥက္ကဋ္ဌ အနေနဲ့ပါတယ်။ အခုသွားတွေ့တဲ့အခါမှာတော့ သူတယောက်တည်းသွားတယ်။ ဒါပေမယ့် ဖွဲ့ထားပေးတဲ့ သမ္မတကြီးနဲ့ ဗဟိုအဖွဲ့ရဲ့ စီမံချက်တော့ ပါမယ်လို့ ယူဆတယ်။ ကျမတို့ လွှတ်တော်အပိုင်းက မြင်တာကတော့ သူတယောက်တည်း သွားတာထက်စာရင် အဖွဲ့များများနဲ့ ဆွေးနွေးတာက ပိုအောင်မြင်မယ်လို့ ထင်တယ်။ သူတို့သွားတာ ဘယ်လောက်အောင်မြင်တယ် ဆိုတာ ကျမတို့ ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီမှာပါတဲ့ သူတွေတောင် မသိရဘူး။ တခြား ငြိမ်းချမ်းရေး အကျိုးဆောင်တွေဆီက ပြန်ကြားရတာပဲရှိတယ်။
သူတို့ပြောတာကတော့ ကောင်းလာတယ်၊ ကောင်းလာတယ် ပြောတာပဲ။ ဘာတွေကောင်းလာလဲ ကျမတို့ မသိဘူး။ အဲလိုပြောလို့ အောက်ခြေမှာ တိုက်ပွဲတွေ နည်းသွားသလား၊ အကြမ်းဖက်မူတွေ လျော့သွားသလားဆိုတော့ ပုံမှန် အတိုင်းပဲ ဖြစ်နေတယ်ဆိုတော့ ဘယ်နေရာမှာ ကောင်းနေလဲဆိုတာ ကျမတို့လည်း မခန့်မှန်းတတ်ဘူး။ ကြားလူကလည်း ကောင်းလာတယ်ပဲပြောတယ်။ ဒီ့ထက် ပိုပြီးတော့လည်း ဦးအောင်မင်းက အဖွဲ့ထဲမှာ ပါနေတဲ့ သူတွေတောင် မပြောဘူးဆိုတော့ မကျေနပ်တာတော့ မဟုတ်ပေမယ့် ပြန်လာရင်တော့ ကျမတို့ကိုလည်း ပြောပြသင့်တယ်လို့မြင်တယ်။ ဒါမှ ကျမတို့ အပိုင်းအနေနဲ့လည်း တိုင်းရင်းသားကဏ္ဍ အကြံပေးနိုင်တာပေး၊ ပါဝင်သင့်တာ ပါဝင်ရမယ်လို့မြင်တယ်။
အဖွဲ့ဖွဲ့ထားတာ ၂ လကျော်ပြီ၊ ကျမတို့က ဘာမှ အလုပ်မလုပ်သလိုမျိုး ဖြစ်နေတာ ကျမတို့က စိတ်မကောင်းဘူး။ လွှတ်တော်မှာ ကျမတို့ ဘယ်လိုဆွေးနွေးတယ် ဆောင်ရွက်နေတယ်ဆိုတာကို လက်ရှိဆွေးနွေးနေတဲ့ တိုင်းရင်းသားတွေကို လွှတ်တော်မှာ နေတဲ့သူကိုယ်တိုင်က ပြောပြချင်တယ်။ ဘယ်ကိစ္စတွေကို အာမခံတယ် ဆိုတာကို ပြောလည်း ပြောသင့်တယ်၊ ဆွေးနွေးလည်း ဆွေးနွေးသင့်တယ်လို့ ကျမမြင်တယ်။
မေး ။ ။ လက်ရှိအစိုးရ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ၁၇/၁ (တရားမဝင်အသင်းနဲ့ ဆက်သွယ်မှု) ရဲ့ သက်ရောက်မူက ဘယ်လိုရှိမလဲ။
ဖြေ ။ ။ ၁၇/၁ ဆိုတာ ကချင်ပြည်သူတွေ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့အရာပါ။ ထင်မြင်ယူဆချက် တခုတည်းနဲ့တင် အဖမ်းခံရတဲ့ သူတွေရှိပါတယ်။ ကချင်ပြည်နယ်တခုလုံးက တနည်းမဟုတ်တနည်းနဲ့ ပတ်သက်နေရပါတယ်။ အဖေ KIA မို့လို့ လယ်တောထဲလာလို့ ထမင်းချက်ကြွေးမိရင်လည်း အဖမ်းခံရတာတွေရှိပါတယ်။
ဖားကန့်မှာ ကျောက်တူးတဲ့ ကုမ္မဏီတွေကလည်း KIA ကို ထောက်ပံ့ကြေးပေးရပါတယ်။ သူဌေးတွေကို မဖမ်းဘဲနဲ့ ဆင်းရဲသားတွေကိုချည်းပဲ ဖမ်းတာကတော့ မသင့်တော်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဧပြီလကတည်းက လွှတ်တော်မှာ တင်ပြထားဖူးပါတယ်။ တချို့ပြန်လွတ်တာတွေလည်း ရှိပါတယ်။ လက်ရှိအောက်ခြေမှာ လုပ်လိုက်တဲ့လုပ်ရပ်တွေက အစိုးရနဲ့ တပ်မတော်အပေါ် အယုံအကြည်မဲ့စေတာတွေ ဖြစ်စေပါတယ်။ အခု ဦးဘရန်ရှောင်ကိစ္စကလည်း တရားရုံးက စီရင်ချက်မချခင် ရုပ်သံမှာ လွှင့်တာကတော့ ဥပဒေအရ လုံးဝမလုပ်သင့်တဲ့ အရာမျိုး ဖြစ်ပါတယ်။
မေး ။ ။ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက် ဘာတွေ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ အဖွဲ့အစည်းပေါင်းများစွာက အပစ်ရပ်ရုံနဲ့ မပြီးဘူး။ တဖွဲ့တည်းကျန်လည်း ငြိမ်းချမ်းရေး မရဘူးလို့ ပြောလို့ရတယ်။ ငြိမ်းချမ်းရေးမှာ ဘယ်တိုင်းရင်းသား အဖွဲ့အစည်း တဦးတယောက်မှ မကျန်စေရဘူး။ ကျန်နေတဲ့သူ တွေကို ‘ဟာ … စကား နားမထောင်ဘူး ခေါင်းမာနေတာပဲ။ နေပါစေ ငါတို့ဖာသာ ဆောင်ရွက်သွားမယ်’ ဆိုတဲ့ ဆောင်ရွက်တဲ့ နည်းနဲ့ကတော့ လုံးဝလုပ်လို့မရဘူး။ တဖွဲ့တည်းကျန်လည်း ချန်မထားသင့်ဘူး။ လက်တွဲဆောင်ရွက်သွားသင့်တယ်။ ကျမတို့ ကိုယ်စားလှယ်အနေနဲ့လည်း မရရအောင် သူတို့နဲ့တွေ့ခွင့်ရအောင် လုပ်ပြီးဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒီနေရာမှာ ပြည်သူလူထု တရပ်လုံးကလည်း လွှတ်တော်ထဲကလူတွေ လုပ်နေတာကို စောင့်ကြည့်ပြီး ကောင်းတဲ့ဥပဒေတွေ ထွက်လာဖို့ အမြဲတမ်းလေ့လာပြီး တိုက်တွန်းပူးပေါင်းသွားဖို့ ဖိတ်ခေါ်ပါတယ်။ ။