ရုပ်ရှင် အနုပညာလောကထဲကို ၂၀၀၃ ခုနှစ်လောက်ကတည်းက ဝင်ရောက်လာခဲ့တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင်(Documentary)ကို စတင်ရိုက်ကူးနေပါပြီ။ ဒီမှတ်တမ်း ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ ဆက်သွယ် မေးမြန်း ထားပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ရှိ ကယန်းလူမျိုးများအကြောင်း မှတ်တမ်းရုပ်ရှင်၊ အင်းလေး ဒေ သ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် “အင်းသီး” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်တို့အပြင် အခြားသော Documentary အမြောက်အမြားကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ အဲဒီအပြင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေရဲ့ ဘ၀ ဇာတ်ကြောင်းတွေကို ရိုက်ကူးပုံဖော်ခဲ့ပြီး ပြည်တွင်းမှာလည်း ဗီဒီယို ရုပ်ရှင်ဇာတ်ကား များစွာကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Documentary ကို ဘယ်လို ရိုက်ဖြစ်သွားတာလဲ။
ဖြေ။ ။ အမေစုက ၂၀၁၀ နိုဝင်ဘာ ၁၃ မှာ အကျယ်ချုပ်ကနေ လွတ်မြောက်လာတယ်ပေါ့။ ၂၀၁၀ ဒီဇင်ဘာလ ထဲမှာ အမေစုနဲ့ သွားတွေ့ဖြစ်တယ်။ အဲ့ဒီ တွေ့တုန်းမှာပဲ ကျနော် ရိုက်ထားတဲ့ အင်းသီး ကိုလည်း လက်ဆောင်ပေးရင်းနဲ့ အမေစုရဲ့ Biography (အတ္ထုပ္ပတ္တိ) ကို အခြေခံတဲ့ Documentary ရိုက်ချင်ပါတယ်လို့ ခွင့်တောင်းခဲ့ပါတယ်။
အဲ့ဒီတုန်းက အမေစုက ရိုက်တာတော့ ရိုက်လို့ရပါတယ်။ ဒါပေမယ့် ခဏတော့နေပါဦးပေါ့ ဆိုပြီးတော့ ပြောခဲ့ပါတယ်။ နောက် တော့ ၂၀၁၁ ဇူလိုင်လထဲမှာ ကိုလံဘီယာမှာ လုပ်တဲ့ နိုင်ငံတကာ ကဗျာပွဲတော်ကို သွားတက်ဖြစ်တယ်။ အဲ့ဒီမှာ ကျနော်က အမေစု ကို ကဗျာပွဲတော်က ဖိတ်ထားပါတယ်။ အဲ့ဒီမှာ ကဗျာရွတ်မှာပါ၊ အမေစုရဲ့ ကဗျာလေးတပုဒ်လောက် ချီးမြှင့်စေချင်ပါတယ်လို့ ဆိုတော့ အမေစုက ကဗျာလေးတပုဒ် ပေးခဲ့တယ်။ အဲ့ဒီ ကဗျာလေးကိုလည်း ယူသွားပြီးတော့ ကျနော့် ကဗျာတွေနဲ့အတူတူ ရွတ် ခဲ့တယ်။
အဲ့ဒီကပြန်လာတော့ ကဗျာပွဲတော်က အတွေ့အကြုံ လေးတွေပြောပြဖို့ အမေစုနဲ့ထပ်တွေ့ဖြစ်တယ်။ အဲ့ဒီမှာ ဒီ Documentary ရိုက်ဖို့ ထပ်ခွင့်တောင်းခဲ့တယ်။ အမေစုကကျနော့်ကို ခွင့်ပြုခဲ့တယ်။ အဲ့ဒီတုန်းက၂၀၁၁ ဇူလိုင်ပေါ့၊ အခု၂၀၁၂ ဇူလိုင်မှာ ကျနော်တို့ ရိုက် ကူးရေးစတယ်။
ဒီ တနှစ်အတောအတွင်းမှာ Pre production ပေါ့လေ။ အဲ့ဒါက အမေစုရဲ့ Biographyနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ရှာဖွေဖတ်ရှုရတာ တို့၊ Research သုတေသန လုပ်တာတို့ ပေါ့လေ။ နောက် ရိုက်ကူးရေးအတွက် လိုအပ်မယ့် ပစ္စည်းကိရိယာတွေ စုဆောင်း ရတာတို့ ပြင်ဆင် ရပါတယ်။ အဲ့ဒီတနှစ်တာမှာလည်း သူ့ရဲ့ မွေးတာကနေ အခုလက်ရှိ ရှိတဲ့အချိန်အထိ ပေါ့၊ Time line တခု ဆွဲရတယ်။ အဲ့ဒါကို အမေစုနဲ့တွေ့ပြီးတော့ ဒါတွေကို ဘယ်လိုပိုင်းခြားထားတယ်၊ ဘယ်လို လုပ်ထားတယ်ဆိုတဲ့ တချို့ဟာ လေးတွေ ထပ်ပြီး ဆွေးနွေးရပါ သေးတယ်။
အဲ့ဒီတော့ အမေစုက သမိုင်းတချို့အချက်အလက်တွေ တိကျဖို့အတွက် ဘဘ ဦးတင်ဦးတို့၊ ဘဘ ဦးဝင်းတင်၊ ဦးဝင်းထိန်တို့ကို အင်တာဗျူးဖို့ လိုအပ်တဲ့အတွက် ဒီပုဂ္ဂိုလ်တွေကို ၂ ခါ ၃ ခါလောက်တွေ့ပြီး အင်တာဗျုးလေးတွေ လုပ်ခဲ့တယ်။ အခုတော့ ဇူလိုင် ၂၁ ရက်နေ့က စပြီးတော့ ရိုက်ကူးရေးကာလကို ရောက်သွားပြီပေါ့။
မေး။ ။ ဒီ မှတ်တမ်းရုပ်ရှင်ကို ဘယ်ကာလလောက်အထိ ရိုက်ဖို့ မှန်းထားပါလဲ..။ နာမည်ကရော ဘယ်လို ပေးထားပါသလဲ…။
ဖြေ။ ။ အဲ့ဒါကို စရိုက်တဲ့နေ့ကတည်းက အမေစုနဲ့ နည်းနည်း တိုင်ပင်ရတယ်။ တကယ်တမ်းတော့ အမေစုက အချိန်က အရမ်းရှားပါးပါတယ်။ ဒါပေမယ့်လည်း ဒီ Documentary က ရိုက်မယ်ဆိုရင် အချိန်တော်တော်လေး လုံလုံလောက်လောက်ရမှ တကယ့်ကို ပြည့်စုံပြီး ကောင်းမွန်တာလေးဖြစ်မှာကိုး။ ဒါကြောင့် အမေစု ဒီ Documentary အတွက် အချိန်ဘယ်လောက်ပေးနိုင်မလဲ ဆိုတာ ကို ကျနော်တို့ ညှိနှိုင်းကြပါတယ်။ ကျနော်ရည်မှန်းထားတဲ့အတိုင်း ပြည့်ပြည့်စုံစုံရဖို့ဆိုရင် တနှစ်ခွဲအတွင်းမှာ ဖြည်းဖြည်းချင်း အချိန် ပေးသွားမယ်လို့ သဘောတူညီမှုရပါတယ်။ အဲ့ဒီတော့ Production ကာလက တနှစ်ခွဲလောက် ကြာပါလိမ့်မယ်။ တည်းဖြတ်တာတို့ Music ထည့်တာ Master ထုတ်တာတို့က နောက်ထပ် ခြောက်လပေါ့လေ၊ အဲ့ဒီတော့ ဒါကနောက်ထပ် ၂ နှစ်လောက်တော့ အချိန် ယူပါလိ့မ်မယ်။ နာမည်လည်း မစဉ်းစားရ သေးပါဘူး။
မေး။ ။ ကိုမင်းထင်ကိုကိုကြီး ရိုက်ခဲ့တဲ့ Documentary တွေထဲမှာ လူတယောက်ရဲ့ အတ္ထုပ္ပတ္တိကို အခြေခံပြီး ရိုက်ကူးတာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ Documentary က ပထမဆုံး လို့ ပြောလို့ရပါတယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို ရွေးချယ်ဖြစ် တာ ပါလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ကမ္ဘာက သိတဲ့လူပုဂ္ဂိုလ် သုံးယောက် ရှိတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဒေါ်အောင် ဆန်း စုကြည် ပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ Human Right(လူ့အခွင့်အရေး)နဲ့ ဒီမိုကရေစီ ဖြစ်ထွန်း ရေး အတွက် ကမ္ဘာမှာ သူက Icon (စံပြ)တခု ဖြစ်နေပြီလေ။
ကျနော်တို့ ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်ကို လေးစား ချစ်ခင်မြတ်နိုးရသူပေါ့။ အဲ့ဒီလို လူပုဂ္ဂိုလ်နဲ့ အခု ဟာက သူလည်း သက်ရှိထင်ရှား ကိုယ်လည်း သက်ရှိထင်ရှား ကြုံရတာပေါ့။ အဲ့ဒီတော့သူက နိုင်ငံအတွက် သူတတ်နိုင်သလောက် လုပ်တယ်။ ကျနော်တို့ကတော့ တိုင်းပြည်အတွက် ဘာမှ အဲ့ဒီလောက်ထိ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ကျနော့်မှာရှိတာတော့ အနုပညာလေး ရှိတာပေါ့လေ။ အဲ့ဒီ အနုပညာလေးနဲ့ ကျနော်တို့ သက်ရှိထင်ရှားကြုံနေတဲ့ နိုင်ငံရဲ့ခေါင်းဆောင် ကျနော်တို့ ချစ်မြတ်နိုး တဲ့ ခေါင်းဆောင်ကို ကျနော့်မှာရှိတဲ့ အနုပညာလေးနဲ့ ဘာလုပ်ရင်ရမလဲဆိုတာ ဒီတခုတည်း တွေ့တာကိုး။ ဒါကြောင့် ဒီ Documentary ရိုက်ဖို့ ဖြစ်လာတယ်လို့ ပြောရမှာပါ။
မေး။ ။ ဒီ Documentary ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြတ်သန်းမှု ဘဝတလျှောက်လုံးက ဘယ်အပိုင်းကို အဓိကထား ရိုက် ကူးဖြစ်မလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို Documentary ရိုက်မယ်ဆိုရင် အထူးသဖြင့် နိုင်ငံခြားသားတွေ ချဉ်းကပ်မယ့် Point of view (ရှုထောင့်) တခု ရှိလိမ့်မယ်။ အဲ့ဒါက ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံအတွက် နိုင်ငံရေးမှာ ဘယ်လို လုပ်ခဲ့ တယ်၊ ဘယ်လို အောင်မြင်ခဲ့တယ်၊ ဘယ်လို စွန့်လွှတ် အနစ်နာခံခဲ့တယ်၊ ဆိုတာတွေ ဖြစ်လိမ့်မယ်။ ကျနော့်ရဲ့ Documentary မှာတော့ အဲ့ဒါတွေထက် သူ့ရဲ့နှလုံးသား၊ သူရဲ့ခံစားမှုတွေကို တတ်နိုင်သလောက် တူးဆွကြည့်ပြီးတော့ ဖန်တီးဖြစ်လိမ့်မယ်။
မေး။ ။ ရုပ်ရှင်တွေ ဗီဒီယိုဇာတ်လမ်းတွေ ရိုက်ကူးရတာနဲ့ အခုလို Documentary ရိုက်ရတာ ဘယ်လို ကွာခြား ပါသလဲ။
ဖြေ။ ။ Feature Film က ပြောမယ်ဆိုရင် စိတ်ကူးကို အခြေခံတယ်ပေါ့။ စိတ်ကူးတခုကို အခြေခံပြီးရေးလိုက်တဲ့ စိတ်ကူးကဲတဲ့ ဇာတ်လမ်း ပေါ့လေ။
ဥပမာ- The lady ဆိုတာလည်း အတ္ထုပ္ပတ္တိကို အခြေခံတဲ့ ဇာတ်လမ်းရုပ်ရှင် တခုပေါ့။ ဒါပေမယ့် စိတ်ကူးကဲတာပေါ့လေ။ အဲ့ဒီတော့ စိတ်ကူးကိုအခြေခံတဲ့ ဇာတ်လမ်းရုပ်ရှင်တွေ ရိုက်ရတာက ဥပမာ- ကျနော့်မှာ စိတ်ကူး တခုရှိမယ်။ စိတ်ကူးထဲမှာ ဇာတ်လမ်းလေး တခုရမယ်။ ဒါမှမဟုတ် တကယ့် အတ္ထုပ္ပတ္တိကို အခြေခံမှာဆိုလည်း အဲ့ဒါနဲ့ ပတ်သက်တာလေး ရမယ်။ အဲ့ဒါကိုမှ စိတ်ကူးလေးနဲ့ ဇာတ်လမ်းလေးတွေကို ဇာတ်ညွှန်း ချရေးလိုက်မယ်။ စိတ်ကူးထဲက ဇာတ်လမ်းပေါ့။ အဲ့ဒီတော့ အနုပညာကို ဖန်တီးတာဖြစ်တဲ့ အတွက် ဖန်တီးတဲ့သူဆီမှာလည်း လိုင်စင်တခု လက်ထဲမှာရှိနေတယ် ပေါ့လေ။
ကိုယ့်စိတ်ကြိုက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ်နှစ်သက်သလို ဖန်တီးလို့ရတယ်။ ပြီးတော့ အဲ့ဒီဇာတ်ညွှန်းအတိုင်း ရိုက်မယ်။ ကားဆက်တော့လည်း လက်ထဲမှာရှိထားတဲ့ ဇာတ်ညွှန်းအတိုင်းပဲ ဆက်တာ။ ဘာမှ အခက်အခဲမရှိပါဘူး။
ဒါပေမယ့် Documentary မှာကျတော့ အဲ့ဒီလို လွယ်လွယ်ကူကူ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဇာတ်ညွှန်းလည်း လက်ထဲမှာမရှိဘူး။ ဘာပဲ ရှိမလဲဆိုတော့ Treatment တခု၊ Idea တခုပဲ ရှိလိမ့်မယ်။ Develop လုပ်ထားတဲ့ Treatment အကြမ်း တခုပဲ ရှိလိမ့်မယ်။
အဲ့ဒါနဲ့ ကျနော်တို့က ရိုက်ရတာကိုး။ အဲ့ဒါကျတော့ အခြေအနေတွေအချိန်အခါတွေ ပြောင်းလဲနေမယ်။ အဲ့ဒီအပေါ် မူတည်ပြီးတော့ နဂိုအကြမ်းချထားတဲ့ Treatment ကလည်း ပြောင်းလဲသွားတာမျိုးလည်း ရှိတယ်။ အဲ့ဒါကြောင့် Documentary ကောင်းတခု ဖန် တီး ရတာ အရမ်း မလွယ်ကူပါဘူး။ အဲ့ဒီလိုမျိုးတွေတော့ ကွဲပြားခြားနားပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Documentary ကို ရိုက်ကူးပြီးစီးသွားလို့ ထွက်လာပြီဆိုရင် ဘာဆက်လုပ်ဖို့ စီစဉ်ထားပါလဲ။
ဖြေ။ ။ ရိုက်ကူးရေးပိုင်းနဲ့ ကားဆက်တဲ့အထိက နောက်ထပ် နှစ်နှစ်လောက် ကြာမှာလေ။ နောက်တော့မှ Screening ဆိုတဲ့ ပြသ တာပေါ့လေ။ နောက်တော့ ဖြန့်ဝေတာပေါ့။ ဒါတွေက နောက်ထပ် ၂ နှစ်လောက်နေမှ ကျနော်တို့ အဲ့ဒါကို လုပ်ရမှာဖြစ်တဲ့အတွက် အခုချိန်မှာ ဒါကို ကြိုတင်ပြီးတော့ ဘာမှ ပြောမထားချင်ပါဘူး။
မေး။ ။ မြန်မာပြည်က ဒါရိုက်တာ တယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Documentary ကို ရိုက်ကူး မှတ်တမ်းတင်တာ ကိုမင်းထင်ကိုကိုကြီး က ပထမဆုံးဆိုတော့ ကိုမင်ထင်းကိုကိုကြီးရဲ့ သဘောထားကို သိချင်ပါတယ်။
ဖြေ။ ။ တကယ်တမ်းကျတော့ ဒီအလုပ်က တော်တော် တာဝန်ကြီးပါတယ်။ ဒီ Documentary ပြီးသွားရင် မြန်မာနိုင်ငံကလည်း ကြည့် လိမ့်မယ်၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Documentary ဖြစ်နေတဲ့အတွက် နိုင်ငံတကာကလည်း ကြည့် ကောင်း ကြည့်ကြ လိမ့်မယ်။ အဲဒီအခါမှာ မြန်မာနိုင်ငံမှာလည်း Documentary ဘာလဲဆိုတာ သိတဲ့သူ ရှိလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အနေအထားအရ Documentary ဘာလဲဆိုတာ သိတဲ့သူက တော်တော်နည်းတာကိုး။
ဒါပေမယ့် နိုင်ငံတကာမှာတော့ Documentary ဆိုတာကို သိတဲ့သူတွေ၊ အတတ်ပညာရှင်တွေက များတယ်။ အဲဒီလူတွေရဲ့မျက်စိ ထဲမှာ ကျနော်က သင့်တင့်လျောက်ပတ်မှုရှိတဲ့ Documentary လေးတခု Minimum Level လေး တခုပေါ့၊ နိုင်ငံတကာ အဆင့် အတန်းနဲ့ ကြည့်လိုက်မယ်ဆိုရင် ဒီ အဆင့်လောက်လေးပေါ့၊ ဒါဟာ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း မဟုတ်သေးဘူး။ ဒီအဆင့် လေးတခု ရဖို့အတွက်တောင် တော်တော်လုပ်ရမှာ။ ဒါလေးကို အကောင်းဆုံး ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးပဲ ရှိပါတယ်။ ကျန် တာတွေ ဘာမှ မရှိပါဘူး။
မေး။ ။ မြန်မာနိုင်ငံမှာ မှတ်တမ်းရုပ်ရှင်(Documentary) နဲ့ပတ်သက်လို့ ရိုက်ကူးခွင့်၊ ပြသခွင့်၊ တရားဝင် ခွင့်ပြုထားခြင်း မရှိဘူးလို့ ကိုမင်းထင်ကိုကိုကြီး ပြောဖူးခဲ့သလိုပဲ။ ဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Documentary နဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာတွေဘက် ကရော ဘယ်လိုသဘောထား ရှိလာမလဲလို့ မြင်မိပါလဲ။
ဖြေ။ ။ မှန်တာပြောရရင် အဲ့ဒါတွေ ခေါင်းထဲမှာ ရှိကို မရှိဘူး။ သူတို့ ခွင့်ပြုချက် မပေးတာတို့၊ သူတို့က ဘယ်လိုတို့ ဘာတို့ ညာတို့က ခေါင်းထဲမှာ မရှိဘူး။ ဒါကို စဉ်စားစရာ လိုတယ်လို့လည်း ကျနော် မထင်ပါဘူး။ ။