“တိုင်းရင်းသားတွေဆန္ဒ မဖြည့်ဆည်းနိုင်သရွေ့ ငြိမ်းချမ်းရေး မရနိုင်...”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး သည် အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး ထောင် ဒဏ် ၉၃ နှစ် ချမှတ်ခံထားရာမှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။ သြဂုတ်လ ၄ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံရာတွင် ဦးခွန်ထွန်းဦးလည်း ပါဝင်တွေ့ဆုံခဲ့သည်။ ဦးခွန်ထွန်းဦးအား တိုင်းရင်းသား အရေးနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် က ဆက်သွယ် မေးမြန်းထားပါသည်။

SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး

မေး။   ။ ၂၀၁၅ ခုနစ် မတိုင်မီမှာ တိုင်းရင်းသားညီလာခံ ကျင်းပမယ်ဆိုတာ အန်ကယ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။   ။ အခု ဒီဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေ တိုင်းရင်းသားတွေ အခြေအနေကတော့ ကျနော်လည်း ဝင်ပါရမယ့် အခြေအနေရှိတာပေါ့။ ကျနော် ဝင်ပါရတယ် ဆိုတာက ဒီညီလာခံကို လက်ခံကြိုဆိုတဲ့ သဘောတော့ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရ မယ် ဆိုရင် ကျနော်တွေ့တဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ မြန်မာ့အရေးကိစ္စ လုပ်နေတဲ့ပုဂ္ဂိုလ်တွေ တွေ့တော့ သူတို့ အများဆန္ဒကတော့ အခြေအနေ ဘယ်လိုမှ မထူးခြားသွားဘူး တဲ့။ ရှေ့တိုးလုပ်လို့မရတဲ့ အဆုံး ဒီဖြစ်စဉ်တွေ ဖြစ်နေရာကနေ ရှေ့ ဆက် ဆောင်ရွက်ဖို့ ပါဝင်ဖို့ လိုလာတယ်။

အခုဖြစ်စဉ်တွေ မှီတည်ပြီးတော့ နိုင်ငံတကာက အများပံ့ပိုးတယ်။ နော်ဝေ Peace result ကရော ဦးအောင်မင်း၊ ဦးစိုးသိန်း တွေ ပါ ပြောဆိုကြတယ်။ ကျနော်တို့ အနေနဲ့လည်း အသက်ကြီးပြီ၊ ပင်ပန်းလှပါပြီ ။ တောထဲရှိ တိုင်းရင်းသား ညီအစ်ကိုတွေလည်း ပင်ပန်းနေကြပါပြီ။ ဒါပေမယ့် ဒီလက်နက်ကိုင်တဲ့ အကြောင်းရင်းကလည်း ရှိကြတယ်လေ။ အဓိကတော့ ပင်လုံစာချုပ်ကြီး ပေါ့။ ပင်လုံစာချုပ်ကို မှီတင်းပြီး ပြည်ထောင်စု ဖွဲ့ခဲ့ကြတယ်လေ။ ပြီးတော့ တိုင်းရင်းသား တွေ့ဆုံတဲ့အခါမှာ အာဏာရ ဗဟို အစိုးရကို မယုံဘူး။ ကျနော်တို့လည်း လုပ်ဆောင်ပေးရမယ့် ကိစ္စဖြစ်နေပါတယ်။

ဦးအောင်မင်း ကလည်း ၁၇/၁(မတရားအသင်း ပုဒ်မ) မဖြစ်စေရဘူး။ သူ တာဝန်ယူတယ်၊ သူကိုယ်တိုင် လိုက်ရွေးပေးမယ်
လို့ ပြောထားပါတယ်။ ကျနော့်ကို အမှတ်သည်းခြေ မရှိဘူးလို့ပြောပြော တိုင်းပြည်က ဒီလိုလူတွေအတွက်မှ မလုပ်ပေးဘူး ဆိုရင် သွားနေတဲ့အစိုးရက ပျော့ပျောင်းညင်သာပြီးတော့ တိုင်းပြည်ကို တကယ်လုပ်မယ်ဆိုပြီး ယုံကြည် ကိုးစားချက်နဲ့လုပ် နေ တာပါ။

၂၀၁၃ နဲ့ ၂၀၁၄ မှာ အပြီးကျင်းပပြီး ၂၀၁၅ ခုနစ်က ရွေးကောက်ပွဲ ဆိုတော့လေ။၂၀၁၃ ခုနစ်မှာလည်း ဆီးဂိမ်းက ရှိနေသေး တယ်။ တိုင်းရင်းသား ဆန္ဒမပါရင်တော့ ပြီးပြည့်စုံမှာ မဟုတ်ဘူး။ ဒါကိုတော့ ရင်လေးတယ်။

မေး။   ။ တိုင်းရင်းသား ညီလာခံ ကျင်းပမယ်ဆိုရင် လိုအပ်ချက်ကရော ဘာတွေ ရှိပါသလဲ။

ဖြေ။   ။ အစိုးရအနေနဲ့ ပေးတဲ့ကတိ တည်ဖို့ပါပဲ။ ပေးတဲ့ကတိ မတည်ခဲ့တဲ့ အတွက်ကြောင့် တိုင်းရင်းသားတွေက မယုံဘူး။ ဘယ် ဗဟို အစိုးရကိုမှ မယုံကြည်ကြဘူး။ အခုလည်း မယုံကြဘူး။ ပြီးတော့ တိုင်းရင်းသားအားလုံး မပါဝင်ဘူး ဆိုရင်လည်း ဒီ ညီလာခံက အနှစ်သာရ မရှိဘူး။ ပြီးတော့ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်ရဖို့ လိုအပ်ပါတယ်။ စစ်မှန်တဲ့ကိုယ်စားလှယ် ရပြီးတော့လည်း ညီလာခံအတွင်းမှာ ဟိုဟာမပြောရ ဒီဟာမပြောရ ဆိုရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။

နောက် တိုင်းရင်းသားပြဿနာတွေကို နားထောင်နိုင်ပြီးတော့ ဖြေရှင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။ တိုင်းရင်းသား ညီလာခံကို လွှတ်တော်ထဲ ဖွဲ့မယ်ဆိုတော့ သူတို့တွေကရော တိုင်းရင်းသားအရေးကို ဘယ်လောက်အထိ ပါနေသလဲ။ ဘယ်လောက် အထိ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြောင်း သိသလဲ။ ကုန်ကုန်ပြောရမယ်ဆိုရင် သူပုန်ဘာလို့ ထနေတာလဲ ဆိုတဲ့ ပြဿနာ အကြောင်းရင်းကို သိသလား။ အဲ့ဒါ အရေးကြီးတယ်ဗျာ။ လက်နက်ကိုင် တော်လှန်ရေး အဆက်ဆက်ရှိတဲ့သူ ပါလာဖို့လိုအပ်ပါ တယ်။

မေး။   ။ အရင်က ကျင်းပတဲ့ အမျိုးသားညီလာခံ လိုမျိုးရော ပြန်ဖြစ်လာနိုင်ပါသလား။

ဖြေ။   ။ ကျနော်ထင်တယ်၊ တိုင်းရင်းသားတွေ လိုအင်ဆန္ဒမဖြည့်ဆည်းပေးသရွေ့ငြိမ်းချမ်ရေးမရနိုင်သလို ညီလာခံမှာလည်း တိုင်းရင်းသားတွေ အကြောင်း ပြောချင်တဲ့ပြဿနာ မပြောရသရွေ့တော့ အရင်လိုပဲပြန်ဖြစ်လာမှာပဲ။ အရင် အမျိုးသား ညီလာ ခံ တုန်းကတော့ လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ လောက် ပါလာတယ်။ ဒါပေမယ့် တော်တော်ပြည့်စုံစွာ မရခဲ့ပါဘူး။ ဘာမှ မရခဲ့ ဘူး ပေါ့ဗျာ။ ပြီးတော့ လက်နက်ကိုင်ပြီး နှစ် ၅၀ လုံးလုံး တိုက်နေကြတာကို ဗဟိုအစိုးရ အနေနဲ့ စဉ်းစားသင့်ပါတယ်။ ဒီလိုသာ ဆက် သွားမယ်ဆိုရင်တော့ အရင်လိုပြန်ရောက် သွားနိုင်ပါတယ်။

သြဂုတ်လ ၄ ရက်က သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံရာတွင် ဦးခွန်ထွန်းဦးလည်း ပါဝင်တွေ့ဆုံခဲ့သည်(ဓာတ်ပုံ – နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက် မှ)

မေး။   ။ ဒုတိယ ပင်လုံ ညီလာခံရော ဖြစ်လာနိုင်ပါသလား။

ဖြေ။   ။ ဒုတိယ ပင်လုံ ညီလာခံထက် မဆိုးပေမယ့် ဒုတိယပင်လုံ ညီလာခံလောက်တော့ ဆန္ဒထုတ်ဖော်ခွင့် မရတဲ့ဟာမျိုး ဖြစ် မယ်။ ဒါပေမယ့် အဲ့ဒီအပေါ်မှာ Stakeholder တွေဖြစ်တဲ့  ဒီ KIO (ကချင်ပြည် လွတ်လပ်ရေး အဖွဲ့)တို့ UWSA “ဝ”တို့ မပါလာ ရင် သိပ်ပြီးတော့ မထူးဘူး။ လက်နက်ကိုင်အဖွဲ့တွေ မပါရင်လည်း မပြည့်စုံဘူး။ ပြီးတော့ လက်နက်ကိုင်တွေမပါသရွေ့တော့ ငြိမ်း ချမ်းရေး ရတော့ရမယ် မတည်တံ့မခိုင်မြဲဘူး။ သူတို့တွေက ယုံကြည်မှုပေါ် မတည်ဆောက်ရင်တော့ ပါသင့်ပါထိုက်တဲ့ သူ တွေ မပါ ယုံကြည်မှုမရှိကြတာကနေ ပြီးတော့ မြန်မြန်ပျက်သွားနိုင်တယ်။ ပြည်တွင်းစစ် ပြန်ဖြစ်နိုင်တယ်။ စစ်မှန်တဲ့ပြည် ထောင်စု မဖြစ်နိုင်ပါဘူး။

မေး။   ။ အပစ်အခတ် ရပ်စဲရေး မအောင်မြင်တာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။   ။ ကတိ ဘယ်လိုပဲ ပေးပေး၊ သူတို့လိုလားချက်ကို နားမထောင်၊ လိုအပ်ချက်ကို ဖြည့်ဆည်းမပေးရင်တော့ ဂျာအေး ကို သူ့အမေ ရိုက်ပါပဲ။ ဥပမာ ကချင်ကိုပဲကြည့်လိုက်လေ ကချင်ကလည်း အတွေ့အကြုံ မနည်းဘူး။ ပင်လုံစာချုပ်တုန်း ကလည်း သူပါတာပဲ။ ပြီးတော့ ၁၉၉၄ ခုနစ် က ဗိုလ်ချုပ် ခင်ညွန့်နဲ့ သူတို့က ငြိမ်းချမ်းရေး လက်မှတ်ထိုးထားပြီးသားပဲလေ။ ဒီအစိုးရ ဟို အစိုးရနဲ့ မတူဘူးဆိုတာ ပြောနေလို့က မပြီးဘူးလေ။ ပြီးတော့ ငြိမ်းချမ်းရေးကိစ္စကို လွှတ်တော်မှာပဲ ဆွေးနွေးမယ် ဆိုရင်တော့ လက်နက်ကိုင် တိုင်းရင်းသားတွေက ဘယ်လောက်ထိ လွှတ်တော်ကိုယုံကြည်မှာလဲ ဆိုတာရှိသေးတယ်။ ဒါက အရေးကြီးဆုံးပြ ဿနာ ပါပဲ။ လွှတ်တော်ကို မယုံကြည်ဘဲနဲ့တော့ သူတို့ကငြိမ်းချမ်းရေး ဆွေးနွေးမှာ မဟုတ်ဘူး။ လွှတ်တော်ကလည်း Contro(ထိန်းချုပ်)လွှတ်တော် ဖြစ်နေတယ် လေ။

ပြီးတော့ အခုဆိုရင် တဖက်လူကိုမယုံလို့ ပြည်တွင်းဆွေးနွေးမှုကို မလုပ်ကြဘူး။ ကချင်တွေကလည်း ထာဝရငြိမ်းချမ်းရေး က
အရေးကြီးတာကို၊ ငြိမ်းချမ်းရေးမရဘဲနဲ့တေ့ာ သဘောတူညီမှုရအောင် လုပ်ဖို့မဖြစ်ဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေရချင် တာ ဘာလဲဆိုတာ သိရက်နဲ့ မကိုင်နိုင်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆွဲဆောင်ပြီး အားလုံးကို ညီလာခံထဲ ဆွဲထည့်မယ် ဆိုရင် လည်း ထာဝရငြိမ်းချမ်းရေး စစ်မှန်တဲ့ငြိမ်းချမ်းရေး တော့ဖြစ်လာမှာ မဟုတ်ဘူး။

အားလုံးက တိုင်းရင်းသား အားလုံး တန်းတူညီရေး ပြဋ္ဌာန်းခွင့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ရရှိချင်ကြပါတယ်။ ကျနော် မြင်တာကတော့ တိုင်းရင်းသားတွေဆန္ဒ မဖြည့်ဆည်းနိုင်သရွေ့တော့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ စစ်မှန်တဲ့ အမျိုးသားညီလာ ခံ ဖြစ်လာမှာလား။ ကျနော် ထင်တယ်၊ တိုင်းရင်းသား ပြဿနာကို နားမထောင်သရွေ့တော့ အမျိုးသားညီလာခံလိုပဲ ဖြစ်လာမှာ ပါ။

မေး။   ။ အစိုးရ အနေနဲ့ လူမျိုးကြီးဝါဒ ကျင့်သုံး နေတယ်လို့ တိုင်းရင်းသား တယောက်အနေနဲ့ ခံစားရပါသလား။

ဖြေ။   ။ ခံစားရပါတယ်။ ဒီလိုကျင့်သုံးလို့ပဲ အခုလိုဖြစ်တာပေါ့။ကျနော် အပေါ်မှာပြောခဲ့တာပဲ။ လူမျိုးကြီးဝါဒသာ မကျင့်သုံးရင် တိုင်းရင်းသား ပြဿနာတွေ ဖြေရှင်းနိုင်မှာပေါ့။

မေး။   ။ တိုင်းရင်းသားအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။   ။ တိုင်းရင်းသား အရေးအပေါ် ဒေါ်စုကတော့ သူ့အဖေ ပေးထားတဲ့ကတိတွေကို သူဆက်လုပ်သွားမယ်လို့ ထင်တယ်။ ဒေါ်စုနဲ့ ကျနော်တို့နဲ့ သဘောထားတိုက်ဆိုင်လို့ ယုံကြည်တာမဟုတ်ပါဘူး။ သူ့ကို မယုံဘူးဆိုရင် ကျနော် မယုံဘူးလို့ ပြောပါမယ်။ သူလည်း သူလုပ်ပိုင်ခွင့် ရှိသလောက်သူလုပ်နေတယ်လို့ ထင်တယ်။ သူလည်း တဖက်စောင်းနင်းမဖြစ်အောင် လုပ်နေ ရ တယ်လေ။ ဒေါ်စုအနေနဲ့ ရုပ်ပျက်ဆင်းပျက် လုပ်မယ်လို့မထင်ဘူး။ National problem တောင် မရေးနိုင်သေးပါဘူး။ အခု ဆိုရင် ကြည့်လိုက်ပါလား၊ မေးခွန်းပေါင်း ပြဿနာပေါင်း ၃၀၀ ကျော် ရှိတယ်လို့ ပြောထားတယ်လေ။

မေး။   ။ နောက်ဆုံးမေးခွန်း အနေနဲ့ အန်ကယ် တို့ SNLDပါတီအနေနဲ့ ဘာတွေ လုပ်ဆောင် နေပါသလဲ။

ဖြေ။   ။ ကျနော်တို့ SNLD ပါတီအနေနဲ့တော့ ဗဟိုကော်မတီတွေ ဖွဲ့နေပါတယ်။ ပြီးတော့ မှတ်ပုံတင်မယ်၊ လူထုကြား စည်းရုံးရေးတွေ ဆင်းမယ်။   ။

Loading