၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့ချိန်ကစလို့ အာရှနဲ့ အနောက်နိုင်ငံတွေက စီးပွားရေး သမားတွေ မြန်မာပြည်ထဲ အစုလိုက်အပြုံလိုက် ဝင်လာခဲ့ကြတယ်။ ပြန်လည်နိုးထလာနေတဲ့ ဒီနိုင်ငံထဲမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကြဖို့ စိတ်အားထက်သန်စွာနဲ့ အခုလို ဝင်ရောက်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ လတွေအတွင်းမှာ သြစတြေလျ၊ ကနေဒါ၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က မြန်မာအစိုးရနဲ့ စီးပွားရေးလမ်းကြောင်း တချို့ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးအကူအညီနဲ့ စစ်ခေါင်းဆောင်တွေကို ပြည်ဝင် ခွင့်ပိတ်ပင်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရေရှည်ဒဏ်ခတ် အရေးယူမှုတွေကလည်း အခုဆိုရင် အများကြီး ဆိုင်းငံ့လိုက်ပါပြီ။
မြန်မာပြည်ထဲ ဝင်ရောက်လုပ်ကိုင်ဖို့ တကယ် စိတ်ဝင်စားမှုရှိတယ်လို့ Pepsi၊ Coca-Cola၊ GE နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၆ လက တညကို ဒေါ်လာ၆၀ ပေးရတဲ့ ရန်ကုန် ဟိုတယ်ခန်းတွေဟာ အခုဆိုရင် တည ဒေါ်လာ ၄၀၀ ပေးရပြီး လူပြည့်တာလည်း မြန်ပါတယ်။ ဆယ်စုနှစ်ချီ အထီးကျန် ဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ နိုင်ငံတကာဈေးကွက်တွေရဲ့ ဗဟိုအချက်အချာဆီ ရွေ့လျားလာခဲ့တာပါ။ ဒါပေမယ့် ဒီနိုင်ငံရဲ့ ထိလွယ်ရှယ်လွယ်ရှိတဲ့ နိုင်ငံရေးရာသီဥတုနဲ့ စီးပွားရေးအခြေအနေတွေကြောင့် မြန်မြန်ဆန်ဆန် လမ်းဖွင့်လိုက်တာဟာ ရုတ်တရက် ချမ်းသာကြွယ်ဝမှုနဲ့အတူ မတည်ငြိမ်တဲ့ အကျိုးဆက်တွေ ဖြစ်လာကောင်းဖြစ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဆန်စပါး၊ သစ် နဲ့ အဖိုးထိုက်တန်လှတဲ့ ကျောက်သံပတ္တမြားတွေအပါအဝင် ပေါကြွယ်ဝတဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေကို ထုတ်လုပ်မှုမှာ ကုန်ချောဖြစ်သည်ထိ အရည်အသွေးမြှင့်နိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ လောလောဆယ်မှာ မသန့်စင်ပဲ အကြမ်းထည်အတိုင်း နိုင်ငံခြားကို တင်ပို့နေတာပါ။ ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ ဆောက်လုပ်ရေးဆိုင်ရာပစ္စည်း နဲ့ ကုန်ထုတ်လုပ်မှု စတာတွေမှာ လောလောဆယ် ရင်းနှီးမြှုပ်နှံမှုတွေရှိနေကြပါတယ်။ ဒါတွေအပြင် တိုက်ခွဲပြီးသစ်တွေ၊ သန့်စင်ပြီး ပတ္တမြားတွေနဲ့ အရည်အသွေး ပိုမြင့်တဲ့ဆန်တွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေရှိလာအောင် ဆွဲဆောင်ကြပါလိမ့်အုံးမယ်။ ၂၀၁၁ ခုနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀ ဘီလီယံကျော်ဖိုး မြန်မာနိုင်ငံထဲ ကို စီးဝင်ခဲ့ပါတယ်၊ အများစုကတော့ တရုတ်၊ ဟောင်ကောင်နဲ့ ထိုင်းနိုင်ငံတွေကပါ။ ဒီတန်ဖိုးက ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း မြန်မာနိုင်ငံထဲမှာရှိခဲ့တဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နံှမှု အားလုံးစုစုပေါင်းထက် ပိုများပါတယ်။
တချို့လူတွေက မြန်မာပြည်လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး သတိထားဖို့ အကြံပြုကြပါတယ်။ သူတို့ အကြံပြုတာ မှန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စိတ်အားထက်သန်နေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို သတိပေးခဲ့ပါသေး တယ်။ “အရမ်းကာရော အကောင်းမြင်မှု (Reckless Optimism)” ကို သတိထားကြဖို့ ဇွန်လတုန်းက ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ သူပြောခဲ့ပါတယ်။ ဒါက စီးပွားရေးလုပ်ငန်းသစ်တွေ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ အဲ့ဒီလို ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် မြန်မာပြည်သူတွေဟာ အာဏာရှိသူ အနည်းငယ်ရဲ့လက်ထဲမှာ ဆုံးရှုံးနစ်နာမှုတွေနဲ့ ဆက်လက် ကြုံတွေ့နေရလိမ့်အုံးမယ်လို့လည်း သူက ဆိုပါတယ်။
သူရဲ့ အကြံပြုချက်အပေါ် သတိပြုမှတ်သားသင့်တဲ့ အခြား အကျိုးအကြောင်းတွေလည်း အများအပြား ရှိပါတယ်။ ကမ္ဘာ့စီးပွားရေး က ဆုတ်ယုတ်လာပြီး လမ်းကြိတ်စက်ကြီးတွေလို အင်အားကြီးတဲ့ အိန္ဒိယနဲ့ တရုတ်လိုနိုင်ငံတွေတောင် တကျွီကျွီအသံတွေ မြည် လာနေချိန်မှာ အခုလို မြန်မာပြည်က ရုတ်ခြည်း တိုးတက်လာမှုဆိုတဲ့ ဆွဲဆောင်မှုမျိုးကို ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ တောင့်ခံဖို့ ခက်လှပါတယ်။
ဒါပေမယ့် အကျိုးအမြတ်များများရဖို့ပဲကြည့်တဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေက ထိလွယ်ရှလွယ် အခြေအနေမှာရှိတဲ့ နိုင်ငံတွေကို ဖွတ်ဖွတ်ညက်ညက် ကြေစေခဲ့တာမျိုး အတိတ်မှာ ဖြစ်ခဲ့ဖူးပါတယ်။ များသောအားဖြင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ အားကောင်းတဲ့ ငွေကြေးဆိုင်ရာ မူဝါဒထိန်းချုပ်မှုတွေ မရှိတဲ့ အဲ့ဒီ နိုင်ငံတွေမှာ မကြာခဏဆိုသလိုပဲ ငွေလဲနှုန်း၊ ငွေရင်းနဲ့ ငွေကြေးဖောင်းပွမှုတွေ ကမောက်ကမ ဖြစ်လေ့ရှိကြတာပါ။ ဘဏ်တွေ ကလည်း အပြိုင်အဆိုင် ငွေထုတ်ချေးကြတာမို့ စံချိန်စံညွှန်းတွေ အားနည်းမှုကြောင့် ဈေးနှုန်းတွေရုတ်ခြည်း တိုးတက်လာဖွယ်ရှိ ပါတယ်။ အဲ့ဒီလိုဖြစ်လာပြီဆိုရင် ၁၉၉၀ ခုနှစ်တွေနှောင်းပိုင်း ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ ပြဿနာလိုမျိုး ရုတ်တရက်ဝင်ရောက်လာတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဟာ တည်ငြိမ်မှုမရှိတာမို့ အလျှင်အမြန်ပဲ ပြန်လျှောကျကောင်း လျှောကျသွားနိုင်ပါတယ်။
ငွေကြေးကဏ္ဍဆိုတာက ပြဿနာတွေထဲက တခုပါ။ လုံလောက်တဲ့ အကောက်ခွန်နဲ့ နယ်စပ်ထိန်းချုပ်မှုတွေ မရှိဘူးဆိုရင် သွင်း ကုန်တွေ (အထူးသဖြင့် စိုက်ပျိုးရေးနဲ့ အရည်အသွေးနိမ့်ကုန်ပစ္စည်းတွေ)က ဈေးကွက်ကို အလွယ်တကူ ဖုံးလွှမ်းသွားနိုင်ပြီး ပြည် တွင်း ထုတ်လုပ်သူတွေကိုလည်း အလွယ်တကူ အနိုင်ယူသွားနိုင်ပါတယ်။ ပိုယေဘုယျကျတာကတော့ ကြီးကြပ်မှု သေသေချာချာ မရှိဘူးဆိုရင် ပစ္စည်းအတုတွေ ဝင်လာနိုင်ပြီး ကျန်းမာရေး အန္တရာယ်တွေဆီ ဦးတည်သွားနိုင်ပါတယ်။
နိုင်ငံခြား ငွေကြေးအထောက်အပံ့နဲ့ ဖြစ်လာတဲ့ ရုတ်ခြည်းတိုးတက်မှုတွေက ဓနကွာဟမှုကို ပိုကျယ်လာစေနိုင်သလို အစိုးရအာဏာပိုင်တွေ စစ်ဆေးမှုမရှိတဲ့ လုပ်ငန်းအကျိုးစီးပွားတွေကိုလည်း ပိုတိုးတက်လာစေနိုင်ပါတယ်။ သဘာဝသယံဇာ တအရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ဂျီးရီးယားနဲ့ ဆူဒန်အပါအဝင် အာဖရိကနိုင်ငံတွေကို ကြည့်မယ်ဆိုရင် အဲ့ဒီနိုင်ငံတွေအနေနဲ့ ဘယ်သောအခါကမှ အလယ်အလတ်ဝင်ငွေရှိတဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရေနံကြွယ်ဝမှုက လူအနည်း ငယ်ကိုပဲ အကျိုးခံစားခွင့်ရှိစေပြီး စီးပွားရေးအရအားကောင်းတဲ့ လူလတ်တန်းစားကို အကျိုးအမြတ်မရစေလို့ပါဘဲ။
တရားရုံးတွေ၊ အခွန်ကောက်ခံမှု၊ နယ်စပ်ထိန်းချုပ်မှုနဲ့ ပွင့်လင်းမြင်သာမှု စတာတွေကို အားကောင်းအောင်လုပ်ခြင်းအားဖြင့် တနိုင် ငံလုံးရဲ့ကြီးမားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကျယ်ပြန့်တဲ့စီးပွားရေးတိုးတက်မှု အခြေခံတွေကို တည်ဆောက်နိုင်ပါတယ်။ ဒါပေမယ့် အစိုးရက လူနည်းစု အကျိုးအမြတ်ရမယ့် နည်းလမ်းနဲ့ အမျိုးသား အမွေအနှစ်တွေကို ဆက်လက်ရောင်းထုတ်နေတာမို့ အားကောင်းအောင် လုပ်သင့်တဲ့ အလေးထားစရာကိစ္စတွေက နောက်တန်းကို ရောက်သွားလေ့ရှိတာပါ။ မွန်ဂိုလီးယားနိုင်ငံဆိုရင် အလားတူ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံမှာ စီးပွားရေးတိုးတက်မှုက နံပါတ် ၂ လုံးရှိပြီး တွင်းထွက်အရင်း အမြစ်က တန်ဖိုး ဒေါ်လာသန်း ၁ ထရီလီယံ (၁,၀၀၀ ဘီလီယံ) လောက် ရှိကောင်းရှိနိုင်ပေမယ့် ခြစားမှုက ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာမို့ နိုင်ငံတည်ငြိမ်မှုနဲ့ လူမှုရေးတန်းတူညီမျှမှုကို ခြိမ်းခြောက်နေတာပါ။
နိုင်ငံခြားအကူအညီနဲ့ နည်းပညာအထောက်အကူတွေကို ပိုပြီး လမ်းဖွင့်ပေးသွားမယ် ဆိုတာအပါအဝင် ထပ်ဆင့်ပြုပြင်ပြောင်းလဲမှု တွေ လုပ်သွားမယ်ဆိုတဲ့အကြောင်း သမ္မတဦးသိန်းစိန်က ဇွန်လမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ပါ။ ရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်း သူက လွှတ်တော်ကို တင်ပြခဲ့ပါသေးတယ်။ မြေယာဌားရမ်းမှုဆိုင်ရာ ကန့်သတ်ချက်တွေကို လျော့ပေါ့ပြီး နိုင်ငံခြားစီးပွား ရေးလုပ်ငန်းတွေအတွက် အခွန်မက်လုံးတွေပေးမယ့် ဒီဥပဒေကို မကြာခင် လွှတ်တော် ၂ ရပ်လုံးက ပြဌာန်းအတည်ပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဥပဒေတခုကို စာရွက်ပေါ်မှာ ပြပြင်ပြောင်းလဲရေးလုပ်တာ လိုအပ်ပေမယ့် အစိုးရရဲ့ လုပ်ပိုင်ခွင့်အသစ်တွေအတွက် လိုလောက်တဲ့ ငွေကြေး အထောက်အပံ့အပါအဝင် လုပ်ငန်းအကောင်အထည်ဖော်မှုက အခရာကျလှပါတယ်။
အခုဆိုရင် လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က အနောက်နိုင်ငံတွေနဲ့ ဂျပန်ဈေးကွက်တွေ တိုးတက်နေတဲ့ အချိန်မှာ မြန်မာပြည်ရဲ့ အိမ်နီချင်းနိုင်ငံတွေ လိုက်လုပ်ခဲ့တဲ့ ပို့ကုန်အဓိက (Export-led) ပုံစံမျိုး မရှိတော့ပါဘူး။ မြန်မာနိုင်ငံမှာ အများနဲ့မတူဘဲ ရှားပါးလှတဲ့ အခွင့်အလမ်းတရပ်ရှိပါတယ်၊ အဲ့ဒါကတော့ ပို့ကုန်ထုတ်လုပ်မှုအပေါ် အခြေခံပြီး စီးပွားရေးကို ဖန်တီးတာမဟုတ်ပဲ ပြည်တွင်း လိုအပ်ချက်နဲ့မောင်းနှင်တဲ့ စီးပွားရေးကို ဖန်တီးနိုင်တာပါပဲ။ များပြားတဲ့ လူဦးရေ၊ ကျယ်ပြောလှတဲ့ သဘာဝ သယံဇာတ အရင်းအမြစ်တွေနဲ့ တစတစတိုးတက်လာတဲ့ ငွေပင်ငွေရင်း ဝင်ရောက်လာမှုတွေကြောင့် စီးပွားရေးတကျော့ ပြန်အားကောင်းလာဖို့ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ ဒီနိုင်ငံမှာ ရှိပြီးသားပါ။ တကယ်အောင်မြင်ဖို့အတွက် လောလော ဆယ် လိုအပ်နေတာကတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအနေနဲ့ ငွေပင်ငွေရင်းတွေ ပိုပြီးလက်လှမ်းမှီလာနိုင်အောင် လုပ်ပေးဖို့နဲ့ လုပ်ငန်းတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။
ဒီလို သတိထားစရာတွေရှိနေပေမယ့် နိုင်ငံတကာက စီးပွားရေးစီမံခန့်ခွဲသူတွေကတော့ ရန်ကုန်က ဟိုတယ်တွေမှာ ရှေ့နှစ်အထိ အခန်းတွေ ကြိုတင်ယူနေကြပါတယ်။ သူတို့မှာ ဒီလိုလုပ်ဖို့ အကြောင်းပြချက် ကောင်းကောင်းရှိကြတာပါ။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျော့ကျသွားပါတယ်။ ကျပ်ငွေကိုလည်း အစိုးရက ပြန်လည် တန်ဖိုးသတ်မှတ်ခဲ့ပါတယ်။ အရင်က ၁ ဒေါ်လာ ၆ ကျပ်နှုန်းကနေ ဧပြီလမှာ ၈၀၀ ကျပ် ဖြစ်ခဲ့ပါတယ်။ ဒီနှုန်းက မှောင်ခိုဈေးကွက်မှာ လဲနေတဲ့နှုန်းနီးပါး ဖြစ်သွားတာပါ။ ဇွန်လမှာဆိုရင် ၁ ဒေါ်လာကို ၈၄၀ ကျပ် ဖြစ်သွား ပါတယ်။ ဒီလို ငွေလဲနှုန်းခုန်တက်သွားတာက ရင်းနှီးမြှုပ်နံှဖို့ အလားအလားရှိသူတွေအတွက် ကျပ်ငွေအပေါ် ယုံကြည်မှု မြင့်တက်လာစေပါတယ်။
အခုဆိုရင် တိုကျိုစတော့အိတ်ချိန်း (Tokyo Stock Exchange) နဲ့ ဂျပန်ကုမ္ပဏီဖြစ်တဲ့ ဒိုင်ဝါ အင်စတီကျူ (Daiwa Institute) တို့က မြန်မာငွေကြေးဈေးကွက်တည်ထောင်ဖို့ ကူညီနေကြပါတယ်။ ဒါပေမယ့် စီးပွားရေးအခြေအနေက အပျံသင်စ နိုင်ငံတခုကို ငွေကြေးတန်ဖိုး မြင့်မြင့်မားမား ထောက်ပံ့မှုဟာ မေခွန်းထုတ်စရာပါ။ ကမ္ဘောဒီးယားနိုင်ငံဆိုရင် လည်ပတ်နိုင်တဲ့ စတော့ဈေးကွက်တခုကို ပြီးခဲ့တဲ့နှစ်မှာ ဖန်တီးခဲ့ပါတယ်၊ ဒါပေမယ့် ဈေးကွက်မှာစာရင်းဝင်တဲ့ အစိုးရပိုင်ကုမ္ပဏီတွေက အနည်းငယ်ပဲရှိပြီး ရှယ်ယာဈေးနှုန်းတွေကလည်း အတက်အကျဖြစ်လိုက်တာ လွန်ပါရော။ အဲ့ဒီဈေးကွက် လည်ပတ်တာက စတော့အိတ်ချိန်းတခုနဲ့မတူပဲ လောင်းကစားရုံ (Casino) တခုနဲ့ ပိုတူပါတယ်။ ဒီပြဿနာဟာ အန္တရာယ်တခုလို့ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်၊ ဒါပေမယ့် အဓိက အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့နဲ့ ထိရောက်တဲ့ တရားဥပေဒစိုးမိုးမှုရှိအောင် တည်ဆောက်ဖို့ အချိန်နဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေကို ပိုသုံးတာကဟာ ပိုပြီးအကျိုးအမြတ်ရှိမယ့် ငွေပင်ငွေရင်းတွေကို ဆွဲဆောင်နိုင်လိမ့်မှာ ဖြစ်ပါတယ်။
အကန့်အသတ်တွေ ဘယ်လိုပဲရှိနေနေ အစွန့်ပယ်ခံကနေ အပျံသင်ခါစ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းမှုကို သေသေချာချာ မစီမံနိုင်ဘူးဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ နောက်ဆုံးမှာ လူနည်းစုကကြီးစိုးတဲ့ အနေအထားကို ရောက်ကောင်း ရောက်သွားနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်သွားရင် လူမှုရေးနဲ့ စီးပွားရေးအရ သာတူညီမျှမှုမရှိတာတွေပဲ ပိုဖြစ်လာမယ့် ထိန်းချုပ်ဖို့ခက်တဲ့ ပြဿနာ တသီတတန်း နောက်က ဆက်လိုက်လာပါလိမ့်မယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ အလျှင်အမြန် တိုးတက်မှုနဲ့ ဟန်ချက်ညီ တိုးတက်မှုတွေ ဖြာထွက်ရာ လမ်းလေးခွကို ရောက်နေပါပြီ။ အစိုးရကို ခြယ်လှယ်နေတဲ့ အရင်စစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို ခေါင်းထဲမှာရှိတယ်ဆိုရင် လူလတ်တန်းစားကို အထောက်အပံ့ဖြစ်စေမယ့် မူဝါဒတွေကို အာရုံ စိုက်တာဟာ မြန်မာနိုင်ငံကို ချမ်းသာတဲ့နိုင်ငံတွေနဲ့ ရေတိုပြိုင်ဆိုင်မှုလုပ်တာထက် အများကြီးပိုပြီး အထောက်အကူဖြစ်စေပါလိမ့် မယ်။
Brian P. Klein ၏ How Not to Invest in Myanmar ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။ အမေရိကန်ပြည်ထောင် စု ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (Office of the US Trade Representative) တွင် အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေး မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် Brian P. Klein သည် မက်ခရိုစီးပွားရေးဆိုင်ရာ (Macroecomic) နှင့် ပထဝီ နိုင်ငံရေးဆိုင်ရာ (Geopolitical) သေနင်္ဂဗျူဟာ ချမှတ်သူဖြစ်သည်။