“အမှန်တရားကို လိုလားတဲ့စိတ် ပြည်သူတွေမှာ အပြည့်ရှိတယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် လူ့အခွင့်အရေး ပညာပေး ဌာန – မြန်မာနိုင်ငံ (HREIB) ကို တည်ထောင်သူ ဦးအောင်မျိုးမင်း သည် အနှစ် ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်ကာ အနယ်နယ်အရပ်ရပ်၌ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ မြန်မာအစိုးရ၏ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တာဝန် ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ဦးအောင်မျိုးမင်း၏ သင်တန်းများနှင့် ဆွေးနွေးပွဲများအတွင်း တွေ့ကြုံ ခဲ့ရသည့် အခက်အခဲများ အပါအဝင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး စံနှုန်းအပေါ် သူ၏ ထင်မြင်ချက်များကို ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ ဦးအောင်မျိုးမင်း အနေနဲ့ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့သင်တန်းတွေ လာပေးတယ်လို့ သိရပါတယ်။သင်တန်းပေးတော့အဓိက ဘာ အခက်အခဲတွေ တွေ့ရပါသလဲ။

ဖြေ။ ။ သင်တန်း ပုံစံနှစ်မျိုး ပေးဖြစ်ပါတယ်။တခုကတော့လူဦးရေ ကန့်သတ်ထားပြီး သင်တန်းပေးမယ့် အကြောင်းအရာ ခေါင်းစဉ်ကို သတ်မှတ်ပြီး ပေးတဲ့ပုံစံမျိုးရယ်၊နောက်တမျိုးကတော့စိတ်ဝင်စားတဲ့သူ တက်ရောက်နိုင်ပြီး လူ့အခွင့်အရေး ခေါင်းစဉ်အောက်မှာစိတ်ဝင်စားတာ မေးတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ပထမတမျိုးကတော့ကိုယ် ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကို သတ်မှတ်ပြီးသား ဖြစ်တာရယ်၊တက်ရောက်လာတဲ့ သူတွေကလည်း သတ်မှတ်ထားတဲ့ အရေအတွက် အတိုင်း ဖြစ်တော့သိပ်အခက်အခဲတော့ မရှိပါဘူး၊သွားချင်တဲ့ အကြောင်းအရာ အတိုင်း၊ ရည်ရွယ်ထားတဲ့အတိုင်း ရောက်အောင် သွားနိုင်တယ်။ အချိန်နဲ့ တိကျကိုက်ညီအောင်ထိမ်းနိုင်တယ်။လူတွေ ပါဝင်ဆွေးနွေးနိုင်အောင်လည်း လမ်းဖွင့်ပေးနိုင်တယ်။

နောက်တမျိုးကတော့စိတ်ဝင်စားတဲ့သူ တက်ရောက်နိုင်ပြီး လူ့အခွင့်အရေး ခေါင်းစဉ်အောက်မှာစိတ်ဝင်စားတာ မေးတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒါကျတော့တော်တော် အခက်အခဲကြုံရတယ်။ဘာအခက်အခဲလဲ ဆိုတော့စိတ်ဝင်စားတဲ့ လူဦးရေ အရမ်း များတာ ကြုံရတယ်။လူဦးရေ များလွန်းတော့အရင်သင်တန်းတွေလိုပါဝင်ဆွေးနွေးနိုင်ဖို့အရမ်း ခက်သွားပြီ။လူဦးရေ ကန့်သတ်ပါတယ်လို့လည်း မပြောရက်ဘူး၊လူ့အခွင့်အရေးကို သိချင်လွန်းလို့ကိုယ်စားရိတ်နဲ့ ကိုယ် နေ့လည်စာကိုယ်ယူလာပြီး လာတဲ့သူတွေလေ။ဒီလူတွေရဲ့ စိတ်ဝင်စားမှုကိုတန်ဖိုးထားရမယ်။သူတို့တွေကစိတ်ဝင်စားလွန်းလို့ လာနားထောင်တော့သူတို့လာတာကို ကျေးဇူးတင်ရမှာပဲ။

ဒါပေမယ့် အခက်အခဲက တယောက်ထဲဆီက မဟုတ်ဘဲ အချင်းချင်း အမြင်ဖလှယ် ဆွေးနွေးနိုင်ဖို့ အခွင့်အလမ်းက နည်းသွားပြီ။သင်တန်းတခုမှာ ဆိုရင်လူ၃၀၊ ၄၀လောက်ဆိုပြီး လက်ခံခဲ့တာ။တကယ်တမ်း လာတက်တော့၃၀၀ကျော်တယ်။အားလုံး လူငယ်တွေချည်းပဲ။သူတို့ရဲ့ အယူအဆတွေ၊အမြင်တွေကိုပါဝင်ဆွေးနွေးအောင် လုပ်ချင်ပေမယ့်ဘယ်လိုမှ မတတ်နိုင်ဘူး။နောက်ဆုံးတော့ဟောပြောပွဲစတိုင် ဖြစ်သွားတယ်။ကိုယ်က ဟောပြောပွဲ ပုံစံမျိုး မဖြစ်ချင်ပေမယ့် ဒီလိုပဲ လုပ်လိုက်ရတာမျိုး ဖြစ်သွားတယ်။

နောက်ထပ် အခက်အခဲတခုက လူထုမှာ တင်ပြစရာ အတွေ့အကြုံတွေ အများကြီးရှိနေတယ်။အများကြီး တင်ပြချင်တာ တွေ့ရတယ်။နောက်ပြီး သိချင်တာတွေက အရမ်းများတယ်။လူသုံးရာလောက်က သိချင်တဲ့မေးခွန်းတွေ အားလုံးကို အချိန်တိုထဲမှာ ဖြေနိုင်ဖို့လုံးဝမဖြစ်နိုင်ဘူး။ဖြေရင်တောင်မှအဆက်အစပ်ရှိတဲ့ပုံစံမျိုး ဖြစ်မှာမဟုတ်ဘူးလေ။ဒါကြောင့်အားလုံး သိချင်တာကို အဖြေပေးနိုင်တဲ့ အခွင့်အလမ်းမရှိဘူး။ဒါဟာ သင်တန်းပေးခဲ့တဲ့ အခါမှာကြုံရတဲ့ အခက်အခဲပဲ။လူများတော့တော်တော်တော့ မောခဲ့တယ်။ဒါပေမယ့် ကျေနပ်အားရတယ်ဗျာ။လူ့အခွင့်အရေး ဆိုတာကို သေသေချာချာ လေ့လာချင်တဲ့ လူတွေကို ကိုယ်သိသလောက် မျှဝေရတာအရမ်းအားရတယ်။

မေး။ ။ဘယ်မြို့တွေမှာ သင်ခဲ့ပါသလဲ။ မြန်မာပြည်မှာ ဘယ်လောက်ကြာကြာ နေခဲ့ပါသလဲ။

ဖြေ။ ။ စုစုပေါင်း(၂၄) ရက်ပါ။ရန်ကုန်၊မန္တလေး၊မော်လမြိုင်မြို့တွေမှာ အဓိကသွားဖြစ်တယ်။ကျန်တဲ့မြို့တွေကတော့လမ်းသွားရင်းလမ်းမှာ သိတဲ့မိတ်ဆွေတွေက တနာရီ၊နှစ်နာရီလောက် ရပ်ပြီးနူတ်ဆက်တာ၊စကားပြောတာ မျိုးတွေပဲဖြစ်ပါတယ်။လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဖြစ်တဲ့မြေသိမ်းတဲ့ ကိစ္စတွေကို တင်ပြတဲ့လယ်သမားတွေ၊ပြည်သူတွေနဲ့ တွေ့ပြီး အဖြစ်အပျက်တွေကို နားထောင်တာတွေ၊သူတို့တင်ပြတဲ့ အဖြစ်အပျက် တွေကို စနစ်တကျ မှတ်တမ်းတင်တာတွေ၊အားပေးစကား ပြောတာတွေကိုမြို့လေးတွေမှာ လုပ်ဖြစ်ပါတယ်။

အနှစ် ၂၀ ကျော်ကာလအတွင်း ပထမဆုံး မြန်မာပြည်ပြန်၍ လူ့အခွင့်အရေး သင်တန်းများပေးခဲ့သည့် HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်း (ဓာတ်ပုံ – ဦးအောင်မျိုးမင်း၏ facebook မှ)
အနှစ် ၂၀ ကျော်ကာလအတွင်း ပထမဆုံး မြန်မာပြည်ပြန်၍ လူ့အခွင့်အရေး သင်တန်းများပေးခဲ့သည့် HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်း (ဓာတ်ပုံ – ဦးအောင်မျိုးမင်း၏ facebook မှ)

မေး။ ။ အဲဒီ မြို့တွေမှာ သင်တန်းပေးတော့ရော သင်တန်းသားတွေအခြေအနေ ဘယ်လိုရှိပါသလဲ။ သုံးသပ်ပေးပါ။

ဖြေ။ ။ ကိုယ်ရောက်နေတာ ကြားတော့အဖွဲ့လေးတွေကနေ လူ့အခွင့်အရေးအကြောင်း ဆွေးနွေးပေးဖို့ဖိတ်ကြပါတယ်။စစချင်း ကတော့အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေအတွက်လို့ ပြောတယ်။ဒါပေမယ့်လူ့အခွင့်အရေး အကြောင်း ဖြစ်တော့လူတွေအရမ်း စိတ်ဝင်စားတယ်ဆိုပြီးတခြားသူတွေပါတက်လာတယ်။ကိုယ်လည်း ပြောမယ်ဆိုရော လူက ရာနဲ့ချီနေပြီ။ကိုယ်က ယူသွားတဲ့လူ့အခွင့်အရေးဆိုင်ရာ ဖတ်မှတ်စရာတွေကလည်း မလောက်၊လိုချင်တဲ့သူကလည်းများ ဖြစ်ကုန်တာပေါ့။

အရင်က လူ့အခွင့်အရေးဆိုတာ စိတ်ဝင်စားရင်တိုးတိုးတိတ်တိတ် မေးရမြန်းရ၊ ကြိတ်ပြီး စာအုပ်တွေ ခိုးဖတ်ခဲ့ရတဲ့ ဘဝမျိုးကို ဖြတ်သန်းခဲ့ရလို့လား မသိဘူး၊လူထုက လူ့အခွင့်အရေးကို အရမ်းလိုလားတာကို တွေ့ရတယ်။လှောင်ပိတ်ထားပြီးလေမဝင်တဲ့အခန်းထဲမှာ ပိတ်မိနေလို့အခန်းတံခါး ဖွင့်လိုက်တဲ့အခါလေကို အငမ်းမရ ရှုရိူက်လိုက်ရ သလိုပေါ့။လူ့အခွင့်အရေးအကြောင်းကို များများသိချင်တယ်၊များများ ဆွေးနွေးချင်နေကြတယ်။နိုင်ငံတကာမှာ ဘာတွေပြဌာန်းထားလဲ ဆိုတာသိလာပြန်တော့လည်း လက်တွေ့ ရင်ဆိုင် ခံစားနေရတာတွေနဲ့ပတ်သက်ပြီးနှိုင်းယှဉ် ပြောလာချင်ကြပြန်ရော။ဒါက ဘာကိုပြနေလဲဆိုရင်ကျနော်တို့နိုင်ငံသူ နိုင်ငံသားတွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးပေးဆပ်ခြင်းပေါင်း များစွာနဲ့အတူ ဘယ်လောက် တန်ဖိုးထားသလဲ၊ဘယ်လောက် လိုလားနေလဲ ဆိုတာကိုပြသနေတာပဲ။

မေး။ ။ မြန်မာပြည်ကပြည်သူတွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့ဘယ်လောက်ထိ သိနေလဲ၊လူ့အခွင့်အရေး ဆိုတာကိုရော နားလည်ကြပါသလား။

လူ့အခွင့်အရေးကို လွယ်လွယ်ကူကူ ခံစားနေရတဲ့ နိုင်ငံမျိုးတွေမှာ လူ့အခွင့်အရေးကို အားလုံးက ခံစားနိုင်နေတဲ့ အခြေအနေ မျိုး ဖြစ်တာကြောင့်လူ့အခွင့်အရေးဆိုတာကို လူတွေက သိပ်မလေ့လာကြဘူး၊စိတ်မဝင်စားကြဘူး၊စက္ကန့်တိုင်း ရှုနေရတဲ့ အောက်စီဂျင်ကို အခက်အခဲမရှိ ရှုနေရတဲ့အခါတန်ဖိုးမထားမိ သလိုပေါ့။ကျနော်တို့ နိုင်ငံသားတွေကတော့လူ့အခွင့်အရေးနဲ့ ပတ်သက်ရင်ခါးသီးတဲ့ ဖြတ်သန်းမှုတွေကိုလည်းဖြတ်သန်းခဲ့ရတယ်၊လူ့အခွင့်အရေး ပညာပေးမှုတွေကိုလည်း ပိတ်ပင်ခံထားရတော့ဒီလိုလာပြီး နားထောင်ဖို့အတွက်က သူတို့အတွက် အခွင့်အလမ်းကြီးလို ဖြစ်နေတယ်၊အရမ်း စိတ်ဝင်စား ကြပါတယ်။လူ့အခွင့်အရေးကိုစိတ်ဝင်တစားနဲ့ လာနားထောင်သူတွေရဲ့ မျက်နှာတွေပေါ်မှာ မျှော်လင့်ချက်တွေ အပြည့်ရှိတယ်။သူတို့ရဲ့ မေးခွန်းတွေထဲမှာဘဝတွေပါနေတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုဘဝနဲ့ရင်းပြီး ဖြတ်သန်းခဲ့ရတော့အမှန်တရားကို လိုလားတဲ့စိတ်ပြည်သူတွေဆီမှာ အပြည့်ရှိတယ်။သူတို့ဟာ တရားမျှတမှုကို လိုချင်တယ်၊ခွဲခြားဖိနှိပ်မှုကို မလိုလားတဲ့ စိတ်ဓာတ်က ရှိပြီးသားပါ။တချို့ကတင်ပြလာတာ ရှိတယ်။မြန်မာပြည်သူတွေမှာ လူ့အခွင့်အရေး လုံးဝမရှိပါဘူး ဆရာရယ်လို့ပြောလာကြတယ်။ဒါကိုတော့ကျနော် လက်မခံဘူး။လူ့အခွင့်အရေး ဆိုတာ မွေးလာကတည်းက လူတိုင်းမှာ တန်းတူပါလာပြီးသား။မွေးရာပါ ဂုဏ်သိက္ခာနဲ့ အညီ ခံစားပိုင်ခွင့် ရှိနေပြီသား။အမှန်တော့မြန်မာပြည်သူတွေမှာ လူ့အခွင့်အရေး မရှိတာမဟုတ်ဘူး၊မွေးရာပါလာတဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခံနေရတာ ဖြစ်တယ်။ဒီလိုမြင်တတ်၊ ခံယူတတ်ဖို့ လိုတယ်။

တခြားသူဆီက ပေးပါဆိုပြီး အသနားခံစရာ မလိုဘူး၊ကိုယ့်ဆီက ယူဆောင်သွားတဲ့ အခွင့်အရေးတွေကိုပြန်ပေးဖို့ တောင်းဆိုတဲ့ ပုံစံမျိုးဖြစ်ဖို့ အရေးကြီးတယ်။ဒီလိုအသိ ရှိလာဖို့မှန်ကန်တဲ့ ပညာပေးမှုမျိုး အရေးကြီးသလို အခွင့်အရေး ချိုးဖောက်မှုဆိုတာကိုလည်း တောင်းဆိုတဲ့ လုပ်ဆောင်မှုတွေ လိုအပ်တယ်။လုပ်ဆောင်မှုမရှိတဲ့ ပညာပေးမှုဆိုတာ မအောင်မြင်တဲ့ ပညာပေးမှုမျိုးပဲဖြစ်လိမ့်မယ်။

မေး။ ။ ဦးအောင်မျိုးမင်းတို့အနေနဲ့မြန်မာပြည်မှာ အခြေချသင်တန်းပေးဖို့ရောရှိပါသလား။

ဖြေ။ ။ လူ့အခွင့်အရေး ပညာပေးတာ အပါအဝင်နိုင်ငံသားတွေရဲ့လူ့အခွင့်အရေး ကာကွယ်ရေးနဲ့တိုးတက်မြင့်မားဖို့ အတွက်ကျနော်တို့ ဆက်လုပ်နေမှာပါ။ပြည်တွင်းမှာ အခြေချနိုင်ရင်ချမယ်၊လူ့အခွင့်အရေး လုပ်ဆောင်တာကြောင့်အခြေချခွင့် မရလည်း ရတဲ့နေရာမှာ လုပ်နေတဲ့ အလုပ်တွေကို ဆက်လုပ်သွားမှာပါ။ဘာလို့လဲဆိုတော့ဒါတွေလုပ်ဖို့ လိုအပ်တယ်လို့ကျနော် ယုံကြည်ထားလို့ ပါပဲ။ရွက်မရှိရင်တက်နဲ့လှော်မယ်၊တက်မရှိရင်လက်နဲ့ လှော်မယ်လို့ဆုံးဖြတ် ထားပြီးသားပါ။

အခြေအနေကြောင့်ပြည်တွင်းမှာ လုပ်ပိုင်ခွင့်မရှိခဲ့တဲ့အတွက်ပြည်ပမှာ နေထိုင် လုပ်ကိုင်နေခဲ့တာပါ။ပြည်ပမှာနေချင်လို့လုပ်ကိုင်နေတာမျိုး မဟုတ်ပါဘူး။တကယ်လို့ပြည်တွင်းမှာ လုပ်နိုင်မယ့် အခြေအနေမျိုး ရှိလာရင်ပြန်လာ အခြေချ လုပ်ကိုင်မှာပါ။အစိုးရရဲ့ လူ့အခွင့်အရေးအပေါ် လက်ခံနားလည် သဘောပေါက်မှု အပေါ်မှာ အများကြီး သက်ဆိုင်ပါတယ်။တက်မရှိလို့လက်နဲ့ လှော်ပေမယ့်စက်နဲ့လှော်ရင် ပိုခရီးရောက်တာပေါ့။တာဝန်ရှိသူတွေကလူ့အခွင့်အရေး ပညာပေးမှု အပါအဝင်၊လူ့အခွင့်အရေး ကာကွယ်ခြင်းနဲ့တိုးတက်အောင် မြှင့်တင်ခြင်းဆိုတာဟာ အစိုးရကောင်းတခုအတွက်မရှိမဖြစ် အရေးကြီးတဲ့ စံချိန်စံညွှန်းတွေ ဆိုတာ ကောင်းကောင်း သဘောပေါက်ရင်ကျနော်တို့လုပ်ဆောင်မှုတွေပို အားကောင်း လာမှာပါ။လူထုအတွက် လုပ်တာဖြစ်တဲ့အတွက်ကျနော်တို့က လူထုအကြားမှာ ရှိနေနိုင်ရင်အကောင်းဆုံးပါပဲ။

မေး။ ။မြန်မာပြည်လာခဲ့တဲ့တလျှောက်မှာ ဦးအောင်မျိုးမင်းအတွက် သင်တန်းပေးတာကအစ အနှောင့်အယှက်တွေ ရှိပါသလား။ အာဏာပိုင်တွေဘက်က ဘာတွေ ပြောသေးလဲ။

ဖြေ။ ။ ဘာ အနှောင့်အယှက်မှ မရှိပါဘူး။ကျနော့်နောက်ကို လိုက်နေတယ်လို့လည်း မခံစားရပါဘူး။ဒီခရီး မစခင်ကတည်းက လွတ်လပ်စွာ သွားလာမယ်၊တွေ့ဆုံမယ်၊ဒီအပေါ် မနှောင့်ယှက်စေချင်ဘူးလို့ပြောထားပါတယ်။ဗီဇာလျှောက်တဲ့ အချိန်ကတည်းက ဘာလုပ်ပါမယ်၊ဘာကိုတော့ မလုပ်ပါဘူးလို့ဝန်ခံကတိ ထိုးခဲ့တာလည်းမရှိပါဘူး။ကိုယ့်သွားတွေ့တဲ့ သူက အစကတည်းက စောင့်ကြည့်ခံနေရတဲ့သူ ဖြစ်လို့ကိုယ်သွားတဲ့အခါဘယ်သူလာတာလဲ ဆိုပြီး လာမေးတယ်လို့ပြန်ပြောတာ ရှိတယ်။ကျနော့်ကို ဘယ်သူတယောက်မှလာမေးတာ၊နှောင့်ယှက်တာ လုံးဝမရှိပါဘူး။

မေး။ ။မြန်မာပြည်က အထင်ကရ ပုဂ္ဂိုလ်တွေထဲက ဘယ်သူတွေကို တွေ့ခဲ့ပါသလဲ။ သူတို့နဲ့ တွေ့တဲ့ အချိန်မှာ ဘာတွေဆွေးနွေး တိုင်ပင်ခဲ့ပါသလဲ။

ဖြေ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဘဘဦးတင်ဦးရယ်၊ဘဘဦးဝင်းတင်ရယ်နဲ့ တွေ့ဖြစ်ပါတယ်။၈၈မျိုးဆက်က ကိုမင်းကိုနိုင်၊ကိုကိုကြီးအပါအဝင်ခေါင်းဆောင်တွေနဲ့ တွေ့ဖြစ်တယ်။မွန်နိုင်ငံရေး အကျဉ်းသားဟောင်းနိုင်ယက္ခ၊ လူရွှင်တော် ကိုဇာဂနာ တို့နဲ့လည်း တွြေ့ဖစ်ပါတယ်။အများဆုံး ဆွေးနွေးဖြစ်တာကတော့လူ့အခွင့်အရေး ပညာပေးမှု ပုံစံကို ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ၊ဘယ်လိုလုပ်သင့်သလဲ ဆိုတဲ့ သူတို့အမြင်တွေကို နားထောင် ဖြစ်တယ်။လက်ရှိအခြေအနေမျိုးမှာလူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေနဲ့ပြည်တွင်းပြည်ပ လူ့အခွင့်အရေး လှုံ့ဆော်မှုတွေကို ဟန်ချက်ညီညီ လုပ်နိုင်ဖို့ကျနော့်ဘက်ကလည်း ပွင့်ပွင့်လင်းလင်း ပြောဖြစ်ပါတယ်။

ကျနော်တို့တတွေ အားလုံးက ရပ်တည်ချက်၊ခံယူချက် တူပြီးသားဆိုတာ ပြောစရာတော့ မလိုတော့ပါဘူး။လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံးရပ်တည်ပြီးသားပဲ။နည်းအမျိုးမျိုးနဲ့စွန့်စား တိုက်ပွဲဝင်နေကြတာပဲ။ဒီတော့လားရာတူတဲ့ လမ်းပေါ်မှာ ဟန်ချက်ညီပြီး ဆုံချက်မလွဲအောင်အမြင်တွေ ဖလှယ်နိုင်ခဲ့တယ်။သတိတွေ ပေးခဲ့တယ်။အားတွေ ပေးဖြစ် ခဲ့တယ်။တယောက်ရဲ့ အားကိုတယောက်ကမျှဝေယူပါတယ်။သူတို့ကိုကျနော် လေးစားပြီးသားပါ။သူတို့ထက် စာရင်ကျနော့်ရဲ့ စွန့်လွှတ် ကြိုးပမ်းမှုတွေက အများကြီး နည်းပါသေးတယ်။ရောက်လာတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဘက် တွေနဲ့ပြန်တွေ့ရတာ တော်တော် ကြည်နူးစရာ ကောင်းတယ်။ကျနော်တို့ လုပ်နေတဲ့လူ့အခွင့်အရေး ပညာပေး အစီအစဉ်တွေကို သူတို့က အရေးတယူ ဖတ်တာ၊ကြည့်တာတွေကို သိရတော့ကိုယ်လုပ်နေတဲ့ လုပ်ငန်းရဲ့အသိအမှတ်ပြု ခံရမှုကိုလည်း သိရတာပေါ့။

မေး။ ။မြန်မာပြည်က ဒီမိုကရေစီလမ်းစဉ်ကို လျှောက်နေပြီဆိုတော့လူ့အခွင့်အရေးက ဘယ်လောက်အထိ အရေးပါသလဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ ဒီမိုကရေစီရယ်၊လူ့အခွင့်အရေးရယ်၊ဖံွ့ဖြိုးတိုးတက်ရေးရယ်၊ငြိမ်းချမ်းရေးရယ် ဆိုတာတွေဟာ တခုနဲ့တခု အပြန်အလှန် ဆက်စပ်နေတာ ဖြစ်ပါတယ်။ဒီမိုကရေစီ အနှစ်သာရဟာ လူ့အခွင့်အရေးရဲ့ သဘောတရားဖြစ်တဲ့အပြန်အလှန် လေးစားခြင်းမရှိရင်ဘယ်လိုမှအဓိပ္ပာယ် ရှိနိုင်မှာ မဟုတ်ပါဘူး။ ဖံွ့ဖြိုးမှုမရှိဘူး၊ငြိမ်းချမ်းရေး ကင်းမဲ့နေမယ် ဆိုရင်လည်း လူ့အခွင့်အရေး ပြည့်ဝတယ်လို့ ဆိုနိုင်ဦးမှာမဟုတ်ပြန်ဘူး။ဒီတော့နိုင်ငံတနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ ထွန်းကားဖို့၊လူသားတိုင်း ဖံွ့ဖြိုးတိုးတက်ပြီးငြိမ်းချမ်းရေး ရရှိဖို့အတွက်လူ့အခွင့်အရေးဟာ မရှိမဖြစ် လိုအပ်တဲ့ ဒေါက်တိုင်တွေ ဖြစ်ပါတယ်။ဒီလိုပါပဲ ဒီမိုကရေစီ ကျင့်သုံးမှု ကင်းမဲ့နေမယ်၊ဖံွ့ဖြိုးတိုးတက်မှု မရှိဘူး၊ငြိမ်းချမ်းရေး ဆိတ်သုဉ်းမယ် ဆိုရင်လည်း လူ့အခွင့်အရေးက အမြဲတမ်းခြိမ်းခြောက် ခံနေရမှာ ဖြစ်တယ်။

မေး။ ။မြန်မာပြည်က လူ့အခွင့်အရေး ကောင်စီက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖြစ်ခဲ့ သေးလား။

ဖြေ။ ။ တွေ့ပါတယ်။ဥက္ကဋ္ဌဦးဝင်းမရ၊အတွင်းရေးမှူး ဦးစစ်မြိုင်၊အဖွဲ့ဝင်ဦးလှမြင့်တို့နဲ့တရားဝင် တွေ့ဆုံခဲ့ပါတယ်။လက်ရှိ လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေကို သူတို့ကလည်း ရှင်းပြတယ်။ကျနော်တို့ကလည်းကျနော်တို့ လုပ်နေတဲ့လူ့အခွင့်အရေး ပညာပေး လုပ်ငန်းတွေအကြောင်း ပြောပြတယ်။ကော်မရှင်ဟာ ဆိုရင်လည်း လူ့အခွင့်အရေး ပညာပေးမှုကို လုပ်ဆောင်ဖို့ ဖွဲ့ထားတာ၊လုပ်ဆောင်ပါ့မယ်လို့လည်း ထပ်ခါတလဲလဲ ပြောနေတာ ဖြစ်တယ်။ဒီတော့လူ့အခွင့်အရေး ပညာပေး လုပ်နေတဲ့ အဖွဲ့နှစ်ဖွဲ့ ဘာမတွေ့သင့်တာရှိလဲ။တွေ့ပြီး အမြင်ဖလှယ်ကြတယ်၊ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတာကတော့သေသေချာချာ မကျသေးဘူး၊အများကြီး ဆက်ဆွေးနွေးစရာတွေ ရှိတယ်။အားမလိုအားမရ တာတွေလည်း ရှိနေဆဲပဲ။တဘက်နဲ့တဘက်အမြင်မကြည်တာတွေလည်း ရှိနေသေးတာပဲ။

ဝေဖန် ထောက်ပြမှုကို အပြစ်တင်နေတာလို့ သူတို့ဘက်က မြင်တာရှိသလို သူတို့တွေရဲ့ လုပ်ဆောင်မှုအပေါ် ဒီထက်ပို လုပ်သင့်တယ်လို့ကျနော်တို့ဘက်ကမြင်တာတွေလည်း ရှိနေသေးတယ်။ဒီထက် နားလည်ပွင့်လင်းပြီး လက်တွဲနိုင်ဖို့ အခွင့်အလမ်းတွေရှာနေဆဲပါ။

မေး။ ။ ဦးအောင်မျိုးမင်းရဲ့ မြန်မာပြည်ခရီးစဉ်က နှစ်နှစ်ဆယ်ကျော်မှာ ပထမဆုံး ခရီးစဉ်ဆိုတော့ မြန်မာပြည်ရဲ့ အပြောင်းအလဲတွေ ဘယ်လိုရှိလဲ ဘာတွေ ပြောင်းလဲသွားလဲ ဆရာ။

ပြောင်းလဲမှုမှာ ဆိုရင်တာ့ မြို့ပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ များတယ်။ လမ်းသစ်တွေ အဆောက်အဦသစ်တွေ များလာတယ်။ ရောက်ရောက်ချင်း ဆိုရင် ဘယ်လိုမှ မမှတ်မိနိုင်ဘူး။ ကိုယ်တခေါက်မှ မရောက်ဘူးတဲ့ အာရှနိုင်ငံကို ရောက်လာသလားလို့ ထင်ရတယ်။ အဆောက်အဦတွေက ပြောင်းကုန်တာကိုး။ ဒါကတော့ ရုပ်ပိုင်းပေါ့နော်။ နယ်ပိုင်း မှာကတော့ ဒီလိုပြောင်းလဲမှု သိပ်မတွေ့ရဘူး။ ဟိုင်းဝေးလမ်းတွေ ကောင်းလာတယ် ဆိုပေမယ့် မြို့လမ်းတွေက ဟောင်းနေတုန်း၊ ပျက်နေတုန်း၊ လူတွေကလည်း အခက်အခဲတွေကို ညည်းတွားနေရတုံးပါပဲ။ စားဝတ်နေရေးအတွက် ခက်ခဲလွန်းလှပါတယ်လို့ ပြောတဲ့သူတွေ အများကြီးပဲ။ အလယ်အလတ်တန်းစား ဆိုတာ လျော့လာပြီး အရမ်းချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူပဲ ရှိတော့တယ်လို့ ပြောလာကြတယ်။

လူငယ်တွေကို လမ်းတွေအပေါ်မှာ အများကြီးတွေ့ရတယ်။ ကျနော်တို့တိုင်းပြည်မှာ လူသားရင်းမြစ် တော်တော်များများ ရှိရဲ့သားနဲ့ ဒီအရင်းအမြစ်တွေကို စနစ်တကျ မသုံးနိုင်တာ ဝမ်းနည်းစရာပဲ။ လူငယ်တွေက ကျောင်းကို တာဝန်ကျေအောင် တက်မယ်၊ သင်တန်းတွေ လိုက်တက်မယ်၊ ရရာ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ လှုပ်ရှားရှင်သန် နေကြတာ အများကြီးပဲ။ကိုယ်စိတ်ဝင်စားပြီး ထူးချွန်တဲ့ အရည်အချင်းတွေကို အသုံးချပြီးတော့ ရည်မှန်းချက်ပန်းတိုင်ချပြီး လုပ်ဆောင်မယ် ဆိုတဲ့ လူငယ်တွေ တော်တော် နည်းနေတယ်။ စိတ်မကောင်းဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading