“ထွက်ပေါက် မရှိရင် ဖောက်ထွက်ရမယ်”

ကျော်စွာမိုး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာပြည် စာနယ်ဇင်း လောက ကတော့ ဓားမိုးခံနေရဆဲပါပဲ။ စာနယ်ဇင်း သမားတွေလည်း ဒီဓားအောက်မှာပဲ သတင်းတွေ ရေးသား တင်ပြနေကြရတာပေါ့။

နာမည်ဆိုးဘွဲ့ ရထားတဲ့ စာပေစိစစ်ရေးက “မသင့်လျော်ဘူး” လို့ ယူဆတဲ့ စကားလုံးတွေ၊ ဝါကျတွေနဲ့ စာပိုဒ်တွေကို အခုထိ ဒီဓားနဲ့ ခုတ်ထစ်နေတဲ့အပြင် ဂျာနယ်တွေရဲ့ စီးပွားရေးအရ ရပ်တည်ရေး လမ်းကြောင်းကိုလည်း မကြာမကြာ ဖြတ်တောက်ပစ်နေတာ တွေ့ရပါတယ်။

သိပ်မကြာသေးခင်က ဆိုရင် စည်းကမ်း ဖောက်ဖျက်တယ်ဆိုပြီး The Voice နဲ့ Envoy ဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးက နှစ်ပတ်ခန့် ထုတ်ဝေခွင့် ပိတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအရေးယူမှုတွေဟာ သိပ်တော့ မထူး တော့ပါဘူး၊ မကြာခဏဆိုသလို ဂျာနယ်တွေ အကြောင်းပြချက် အမျိုးမျိုးနဲ့ အရေးယူခံနေရတာပါ။

စာပေစိစစ်ရေးဟာ အခုဆို ပိုပြီးစနစ်တကျနဲ့ တင်းကျပ်လာတယ်၊ အထူးသဖြင့် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ စဖြစ်ပြီးနောက်ပိုင်းမှာ အဲ့ဒီလိုဖြစ်လာတယ်လို့ ရန်ကုန်က စာနယ်ဇင်းသမားတွေ ကျနော့်ကို ပြောပြပါတယ်။

တကယ်ဆိုရင် ဒီရခိုင်ပြည်နယ်ကိစ္စကိုပဲ စာပေစိစစ်ရေးက ကန့်သတ်တာ မဟုတ်ပါဘူး၊ ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ ကျန်းမာရေး အခြေအနေ၊ အလားအလာရှိတဲ့ ဝန်ကြီးနေရာအပြောင်းအလဲတွေ၊ အာဏာရပါတီက အမတ်တွေကို ဝေဖန်တာမျိုး စတဲ့သတင်းတွေကိုလည်း ပိတ်ပင်ခဲ့တာပါပဲ။

ဇူလိုင်လ အစောပိုင်းကဆိုရင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ရေးသား ထုတ်ဝေခဲ့လို့ဆိုပြီး Venus နဲ့ The Yangon Times ဂျာနယ်တွေကို စာပေစိစစ်ရေးက ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ နောက်တခါ ခွင့်ပြုချက်မရဘဲ ရေးရင် ထုတ်ဝေခွင့် ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်လို့လည်း Venus ဂျာနယ် အယ်ဒီတာ တဦးက ပြောပါတယ်။

ဘာလို့များ စာပေစိစစ်ရေးက ဒီလောက် အသေးစိတ်လိုက်ပြီး ပြဿနာရှာနေခဲ့ရ တာလည်းဆိုတာ စဉ်းစားစရာပါပဲ။

စာနယ်ဇင်းသမား တွေကတော့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ သူ့ရဲ့ နောက်လိုက်တချို့ဟာ သမ္မတဦးသိန်းစိန် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ တကယ် ပါဝင်လိုစိတ်ရှိရဲ့လားလို့ မေးခွန်းထုတ်နေကြပါတယ်။

The Voice နဲ့ Envoy ဂျာနယ်တွေ ထုတ်ဝေခွင့် အပိတ်ခံလိုက်ရပြီး နောက်နေ့မှာ မြန်မာဂျာနယ်လစ် ကွန်ရက်နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက အဲဒီအရေးယူမှုကို ပြန်ရုတ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီလို ကန့်သတ် ချုပ်ချယ်တာတွေဟာ သမ္မတရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နဲ့ မကိုက်ညီဘူးလို့လည်း သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီ ဖော်ဆောင်မှုကို မလိုလားတဲ့ “ရှေးရိုးစွဲဝါဒီတွေ” အစိုးရအဖွဲ့ထဲမှာ ရှိနေတယ်လို့ သမ္မတ ဦးသိန်းစိန်က ဝန်ခံခဲ့ဖူးပါတယ်။ သတင်းထောက် အများစုကတော့ ဦးကျော်ဆန်းဟာ အဲဒီအထဲက တယောက်ပဲလို့ ယုံကြည် နေကြတာပါ။

မကြာသေးခင်ကလည်း ဦးကျော်ဆန်းနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ ပါသေးတယ်။ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၂ ခု ထဲက ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ကို လက်လွှတ်ရလိမ့်မယ်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန တခုတည်းကိုပဲ ဆက် တာဝန်ယူရလိမ့်မယ် တဲ့။

မီဒီယာသမား အများစုကတော့ အဲဒီလိုတကယ် ဖြစ်လာဖို့ မျှော်လင့်နေပုံ ရပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရတက်လာပြီး သိပ်မကြာခင်မှာ မီဒီယာအပေါ် ထားခဲ့တဲ့ ကန့်သတ်ချက်တွေ အတိုင်းအတာ တခုထိ လျော့သွားခဲ့ပါတယ်။ ဒီထက်ပိုပြီး လွတ်လပ်လာလိမ့်မယ် လို့တောင် စာနယ်ဇင်းသမားတွေက မျှော်လင့်ခဲ့ ကြတာပါ၊ သမ္မတကလည်း ကဏ္ဍတိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားမယ်လို့ ထပ်တလဲလဲ ကတိပြုခဲ့တာကိုး။

ဒါပေမယ့် မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ ဦးကျော်ဆန်းသာ သူပြောတဲ့စကား တည်ခဲ့မယ်ဆိုရင် စာပေစိစစ်ရေး ဆိုတာ အခုဆို မရှိတော့ပါဘူး။ ဇွန်လကုန်မှာ စာပေစိစစ်ရေးကို ဖျက်သိမ်းမယ်လို့ သူက ကတိပေးခဲ့တာပါ။

အရင်စစ်အစိုးရကို “မီဒီယာရဲ့ရန်သူ (Enemy of the Press)” လို့ နိုင်ငံတကာ စာနယ်ဇင်းအဖွဲ့တွေက ခေါ်ဝေါ်ခဲ့ကြ ပါတယ်။ အခုလည်း စာပေစိစစ်ရေးက ဆက်လက်ဖိနှိပ်နေတာမို့ လက်ရှိအစိုးရဟာ အရင်စစ်အစိုးရနဲ့ ဘာမှ မကွာဘူးလို့ မှတ်ယူရပါလိမ့်မယ်။

ဒီလို ဖိနှိပ်မှုတွေက စာနယ်ဇင်းသမားတွေရဲ့ စိတ်နဲ့ရုပ် ၂ ခုစလုံးကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ချုပ်ကိုင် နေတာပါ။ ကျနော်ကိုယ်တိုင်လည်း မြန်မာပြည်ထဲ ရောက်တဲ့အခါတုန်းက အဲ့ဒီလိုချုပ်ကိုင်မှုမျိုးတွေ ခံစားခဲ့ရပါတယ်။  အဲဒီအခါမှာ ကျနော်တို့ စာနယ်ဇင်းသမားတေ ွအတွက် အရေးကြီးတဲ့ “Independent ” ဖြစ်ရမယ်၊ “Professional” ဖြစ်ရမယ်ဆိုတဲ့  စကားလုံးတွေဟာလည်း အဓိပ္ပာယ်မဲ့လာပါတော့တယ်။

ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဧရာဝတီ Face-to-Face အစီအစဉ်အတွက် ရန်ကုန်က သူ့အိမ်မှာ ကျနော် အင်တာဗျူးလုပ်တုန်းကဆိုရင် သူက လက်ရှိ အစိုးရထဲက ဦးဆောင်သူတွေကို “သူခိုးတွေ” လို့ တဲ့တိုးသုံးနှုန်းခဲ့ပါ တယ်။

ဒီအင်တာဗျူးကိုသာ စာပေစိစစ်ရေးတင်မယ်ဆိုရင် အပယ်ခံရဖို့ သေချာပါတယ်။

ဦးဝင်းတင်က အဲဒီလို ပြောလိုက်တဲ့အချိန်မှာ ပြည်တွင်းက ကျနော့်ရဲ့ မီဒီယာ ရောင်းရင်းတွေအပေါ် မိုးထားတဲ့ ဓားကို ကျနော်ကိုယ်တိုင် ခံစားလိုက်မိပါတယ်။ အဲဒီလို စိုးရိမ်ကြောင့်ကြမှုတွေက သတင်းထောက်တွေကို သတ္တိနည်းစေပြီး ကျင့်ဝတ် စောင့်ထိန်းရမယ့် အပိုင်းမှာလည်း ထိခိုက်စေနိုင်တာကိုး။

အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့တဲ့ သောမတ်စ် ဂျက်ဖာဆင် (Thomas Jefferson) တခါက ပြောခဲ့ဖူးပါ တယ်။ “သတင်းအချက်အလက်ဆိုတာ ဒီမိုကရေစီရဲ့ ငွေအသပြာ (Information is the currency of democracy)” တဲ့။ အဲဒီ ငွေအသပြာကို ထုတ်လုပ်ဖို့ ကျနော်တို့ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် လိုပါတယ်။

ဒါပေမယ့် မီဒီယာလွတ်လပ်ခွင့်ရဖို့ အစိုးရအပေါ်ချည်း အားကိုးနေလို့မရပါဘူး။ စာနယ်ဇင်းသမားတွေအနေနဲ့ မိမိတို့လွတ်လပ်ခွင့်ကို မိမိတို့ဘာသာ တိုက်ယူရပါလိမ့်မယ်။

မီဒီယာလွတ်လပ်ခွင့်မရှိရင် သူတို့ရဲ့တန်ဖိုးတွေ ကျသွားပါလိမ့်မယ်၊ သူတို့ရဲ့ ဂုဏ်သိက္ခာလည်း လျော့ပါးသွားပါလိမ့် မယ်၊ ပြီးတော့ သူတို့ရဲ့ အခန်းကဏ္ဍဟာလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။

နိုင်ငံတခုကို ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရာမှာ လွတ်လပ်တဲ့မီဒီယာက “စတုတ္ထမဏ္ဍိုင်” အဖြစ်နဲ့ ပံ့ပိုးကြတာပါ။ ဒါပေမယ့် တင်းတင်းကျပ်ကျပ် ဖိနှိပ်ခံနေဆဲဖြစ်တဲ့ မြန်မာမီဒီယာကတော့ ဒီတာဝန်ကို ရာနှုန်းပြည့် မထမ်းဆောင်နိုင်သေးပါဘူး။

ဒီနေရာမှာ ဦးဝင်းတင်က စာနယ်ဇင်းသမားတွေနဲ့ ပတ်သက်ပြီး အကြံပေးခဲ့တာလေးကို ကျနော် အမှတ်ရမိပါတယ်။

“သတင်းထောက်တွေ အပါအဝင် ကျနော်တို့အားလုံးဟာ ဥမင်လိုဏ်ခေါင်းထဲမှာ ရှိနေတုန်းဗျ။ ဒါကြောင့် သတင်း ထောက်တွေအနေနဲ့ ထွက်ပေါက်မရှိရင် ဖောက်ထွက်ကြရမယ်”

ကျော်စွာမိုးရေးသည့် Time for Media to Seize Freedom ကို ဆီလျော်အောင် ပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading