မိုးရွာသွန်းမှု များခြင်းကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းနှင့် အထက်ပိုင်းဒေသတချို့ ရေလွှမ်းမိုးမှု ကြုံတွေ့နေရချိန်တွင် အလယ်ပိုင်းဒေသများမှာ မိုးခေါင်နေပြီး ဒေသခံများ၊ တောင်သူလယ်သမားများ အခက်အခဲ ကြုံတွေ့လျက်ရှိသည်။ ဗြိတိန်နိုင်ငံ အခြေစိုက် Maplecroft သုတေသနဌာနက သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲတွင် မြန်မာနိုင်ငံသည် အဆင့် ၄ နေရာ၌ ရှိနေကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနေမှုများ၊ ကြုံတွေ့နေရသည့် သဘာ၀ ဘေးအန္တရာယ်များနှင့် ပတ်သတ်၍ သုံးသပ်၊ ထင်မြင်ချက်များကို ဧရာဝတီသတင်းထောက် ခင်သြက သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးဝင်းမျိုးသူနှင့် တွေ့ဆုံမေးမြန်းထားပါသည်။ ဦးဝင်းမျိုးသူသည် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဆောင်ရွက်နေသည့် EcoDev ၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သည်။
မေး ။ ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုရဲ့ ရလဒ်ဖြစ်တဲ့ သဘာ၀ ဘေးအန္တရာယ်ဆိုတာကို အခု ကိုယ်တိုင် ကြုံတွေ့နေကြရပါပြီ။ ဒါကို ဘယ်လို လက်ခံယူမလဲ၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းကို အရင်ဆုံး မေးချင်ပါတယ်။
ဖြေ ။ ။ ရာသီဥတုပြောင်းလဲ လာရင် ထိခိုက်ခံစားရမဲ့ ကဏ္ဍ ၅ ခု ရှိတယ်။ နံပါတ် (၁) သဘာ၀ ဘေးအန္တရာယ် ကျတာ၊ (၂) လူတွေရဲ့ ကျန်းမာရေး ထိခိုက်လာတာ၊ (၃) ရေကောင်းရေသန့် ရရှိဖို့ ခက်ခဲလာတာ၊ (၄) စားနပ်ရိက္ခာ ရှားပါးလာတာ၊ (၅) သစ်တောနဲ့ ဇီဝမျိုးကွဲတွေ ပျက်စီးတာ။ ရာသီဥတု ပျက်ရင် ဒီ ၅ မျိုး ခံစားလာရမယ်ဆိုတာ အရင့်အရင်ကတည်းက ပြောခဲ့ပြီးသားပါ။ ဒါတွေက ရှောင်လွှဲလို့ မရဘူး၊ ဖြစ်ကို ဖြစ်လာမှာ။ ထိခိုက်ဆုံးရှုံးမှု နည်းအောင်ပဲ လူတွေဘက်က လုပ်လို့ရမယ်။ ဘယ်လို လုပ်မလဲဆိုတာတော့ Adaptation လို့ ခေါ်တဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် လူတွေဘက်က လိုက်ပြောင်းလဲ တာမျိုးပဲ။ ဒီလိုလုပ်ဖို့ဆိုတာ သက်ဆိုင်ရာအစိုးရရဲ့ အားပေးကူညီမှုနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုပါတယ်။
မေး ။ ။ အစိုးရရဲ့ အားပေးကူညီမှုဆိုတာ ဘယ်လိုမျိုးကို ပြောချင်တာပါလဲ။
ဖြေ ။ ။ ဥပမာ – သဘာ၀ ဘေးအန္တရာယ်တွေက ရေလွှမ်းတာ၊ မိုးခေါင်တာ။ ဒါတွေကို ရှောင်လွှဲနိုင်အောင် ကြိုးစားတာက တကဏ္ဍ။ နောက် တကဏ္ဍက စိုက်ပျိုးရေးဆိုရင် စိုက်ပျိုးချိန်မှာ မစိုက်ပျိုးနိုင်တာ၊ မျိုးတွေက ဇီဝပြောင်းလဲမှု ဖြစ်ကုန်တာ၊ ပိုးမွှားအန္တရာယ်ကျရောက်တာ၊ တောင်သူတွေ စိုက်တဲ့ပျိုးတဲ့နေရာမှာ ကမောက်ကမတွေ ဖြစ်တာ။ အဲဒါတွေက နှစ်ပေါင်းများစွာ စမ်းသပ်ပြီးမှ လိုက်လျောညီထွေဖြစ်မှာ။ အဲဒီအတွက်က သုတေသနတွေ လိုတယ်။ စိုက်ပျိုးရေး သုတေသနတွေ လိုတယ်။ လိုအပ်တဲ့ မျိုးစေ့တွေကို ထောက်ပံ့ပေးဖို့တွေ လိုတယ်။ အဲဒါတွေကျတော့ လက်ရှိရှိနေတဲ့ သဘာဝ ဘေးအန္တရာယ် စီမံချက်တွေနဲ့ မလုံလောက်တော့ဘူး။ ရာသီဥတုဒဏ် ခံနိုင်တဲ့ စိုက်ပျိုးရေးစနစ်ကို ထွင်ရတော့မယ်။
အခုက မုတ်သုံက နောက်ကျတာကိုး။ ပင်လယ်ထဲက ရောက်လာတဲ့ မိုးတွေ အကုန်လုံးက ရန်ကုန်တိုင်းတို့ ရခိုင်တို့မှာ ရှိသမျှ သွန်ရွာချတယ်။ အတွင်းဘက်ကို ဆက်မသွားတော့တဲ့ အခါကျတော့ အညာမှာ မိုးခေါင်တယ်။ စိုက်ပျိုးရေမှာကျတော့ ခုနက ပြောသလို မိုးရွာနောက်ကျချိန်မှာ တောင်သူက ဒီတမျိုးထဲကို ထပ်စိုက်နေမယ်ဆိုရင် မျိုးစေ့ ထောက်ပံ့ဖို့ အစီအစဉ်တွေ ရှိဖို့လိုတယ်။ လက်ကျန် မိုးလေးနဲ့ စိုက်ရမယ့်အချိန်မျိုးမှာ သီးနှံ နောက်တမျိုးနဲ့ သင့်တော်တဲ့သီးနှံ စိုက်ဖို့ သုတေသနလုပ်ထားတာရှိလား၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ မျိုးတွေ ထုတ်ထားတာ ရှိလား ဆိုတာမျိုး။ အခုလို ပုလဲသွယ်တမျိုးထဲ စိုက်နေလို့ မရတော့ဘူး၊ ရာသီဥတုနဲ့ရော ကိုက်ညီရဲ့လားဆိုတာ ချိန်ရတော့မှာ။
အဲဒါတွေအတွက်က နိုင်ငံတော်က အားထုတ်မှုမှာ လိုတယ်လို့ ကျနော်ထင်တယ်။ စိုက်ပျိုးရေး သုတေသန လုပ်ရမှာတွေ အများကြီးလိုတယ်လို့ ကျနော်ထင်တယ်။ နောက် ရေရရှိရေးဆိုရင်လည်း ဒီအတိုင်းပဲ။ အစိုးရ ဆည်မြောင်းဌာနက လုပ်ထားတဲ့ တာတွေ တမံတွေက ပြီးခဲ့တဲ့ ကာလတုန်းက ပြီးရင် ပြီးရော ဆောက်သွားတယ်။ တလကို ဆည်တခု ဖွင့်ရမယ်ဆိုတဲ့ ခံယူချက်ကြီးနဲ့ သွားထားတော့ ကိန်းဂဏန်းအချက်အလက် သေသေချာချာ ပြည့်ပြည့်စုံစုံမရှိဘဲနဲ့ ဒီတိုင်း ရေကို တားဖို့ပဲ ကြိုးစားတဲ့ အခါကျတော့ အခုလိုမိုးတွေ များတဲ့အခါ ပိုဆိုးတဲ့ ရလဒ်တွေ ဖြစ်လာတယ်။ ဒါတွေကိုလည်း ပြန်ပြုပြင်ဖို့ လိုနေတယ်။ တချိန်တည်းမှာပဲ တော်ရုံတန်ရုံ သစ်တောလေးတွေ ရှိနေမယ်ဆိုရင် ရေကြီးတာတွေ၊ မိုးခေါင်တာတွေကို အတိုင်းအတာ တခုအထိ ထိန်းနိုင်တဲ့ အနေအထားလေးတွေလည်း ရှိမယ်။
မေး ။ ။ နိုင်ငံတော် အစိုးရအနေနဲ့ ဒီလို သုတေသနတွေ လုပ်ဖို့ လိုတယ်ဆိုရင် လက်ရှိ အစိုးရရဲ့ သဘာ၀ ပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေကိုရော ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ လက်ရှိ တာဝန်ထမ်းဆောင်နေရတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သူတို့က ရာသီဥတုပြောင်းလဲခြင်းကို သဘာ၀ ဘေးအန္တရာယ် ကျရောက်တာလောက်ပဲ သူတို့ခေါင်းထဲ၊ စိတ်ထဲ ရောက်နေကြတယ်။ ရာသီဥတုပြောင်းလဲခြင်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေဖို့ စီမံချက်တွေ ဆွဲဖို့လိုတယ်။ အဲဒီစီမံချက်ကို အမျိုးသားအဆင့်မှာတော့ ဆွဲနေတယ်။
သို့သော်လည်းပဲ ဒီ အမျိုးသားအဆင့် ဆွဲတယ်ဆိုတာက လေ့ကျင့်ခန်းလေး တခုလုပ်နေသလိုပဲ ဖြစ်နေတယ်။ အောက်ခြေ မြို့နယ်၊ ခရိုင်တွေအထိ အဆင့်ဆင့် ဆွဲဖို့ လိုတယ်။ သဘာဝဘေးအန္တရာယ် စီမံချက်ဆိုတာကလည်း ရန်ကုန်နဲ့ ဧရာဝတီတိုင်းလောက်ပဲ ခံစားခဲ့ရတော့ အပီအပြင် လုပ်တယ်။ ကျန်တဲ့ ဒေသတွေအတွက် ထည့်ကို မစဉ်းစားတော့ အခုလို ဖားအံလိုနေရာမျိုး၊ လားရှိုးလိုနေရာမျိုးမှာလည်း အခု ရေကြီးနေကြတာပဲ။ ဒီဒေသတွေနဲ့ သဘာ၀ ဘေးအန္တရာယ်က မဆိုင်သလို ထင်နေကြတယ်။
အဓိက ထောက်ပြချင်တဲ့ အချက်ကတော့ ရာသီဥတု ပြောင်းလဲမှုကြောင့် ဆိုးကျိုးခံရမယ့် အရာတွေကို ကွဲကွဲပြားပြား သိပ်မသိသေးတာရယ်၊ ရာသီဥတို ပြောင်းလဲမှုကို သဘာ၀ ဘေးအန္တရာယ် လျှော့ချရေး တခုလို့ပဲ နားလည်မှု လွဲနေတာရယ်၊ ဒါကိုတောင်မှ ဖိဖိစီးစီး မလုပ်တာရယ် ဖြစ်နေတယ်။ လိုက်လျောညီထွေ ဖြစ်ဖို့ဆိုတဲ့ စီမံချက်တွေ ရေးဆွဲတဲ့နေရာမှာ နိုင်ငံတော်က သေသေချာချာ အားထည့်ဖို့ လိုပါတယ်။ နိုင်ငံတော် သမ္မတဆိုတာကလည်း အခု အလွန်အလုပ်များ၊ အလုပ်ရှုပ်နေတဲ့အခါကျတော့ ဒီကိစ္စတွေအတွက်ကတော့ ကျနော်တို့လည်း စိတ်ပူနေပါတယ်။ အခုက လွှတ်တော်နဲ့ အစိုးရ ရန်ဖြစ်နေတာပဲ ရှိနေတယ်။
မေး ။ ။ ပြီးခဲ့နှစ်က အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ခဲ့တယ်။ ဖြစ်တဲ့အချိန်မှာ သူတို့လည်း ဒါကို မတားဆီးနိုင်ခဲ့ဘူး၊ ဖြစ်ပြီးတော့ ပြန်လည် ထူထောင်ရေး လုပ်တဲ့နေရာမှာရော မြန်မာနိုင်ငံအနေနဲ့ ဘယ်လို သင်ခန်းစာ ယူစရာတွေများ ရှိနေပါသလဲ။
ဖြေ ။ ။ ထိုင်းနိုင်ငံဆိုတာက ပိုက်ဆံ အင်မတန်ရှိတဲ့ အခါကျတော့ ငွေသုံးပြီး လုပ်တာတွေရှိတယ်။ ဘီလျံနဲ့ချီပြီး ချပေးတယ်။ သစ်တောတွေ ပြန်စိုက်ဖို့လုပ်တယ်၊ ဆည်မြောင်း တာတမံတွေ ပြင်တယ်။ သူတို့က ဝင်ငွေအပိုရှိနေတဲ့ နိုင်ငံကိုး။ သူတို့မှာ နည်းပညာလည်း ရှိတယ်။ ငွေလည်း ရှိတယ်။ ထိုင်းနိုင်ငံရဲ့ သင်ခန်းစာကတော့ ပြောလို့တော့ရတယ်၊ ယူလို့တော့မရဘူး။ ပိုက်ဆံမှ မရှိတာ။ အကောင်းဆုံးကတော့ ရှိပြီးသား တောလေးတွေ မခုတ်အောင် ထိန်းဖို့ပဲလိုတယ်။ ပတ်ဝန်းကျင်ကို ဒီ့ထက်မပျက်အောင်တော့ သေချာလေး အာရုံစိုက်ရတော့မယ်ထင်တယ်။
အခုတော့ သစ်က ခုတ်ကောင်းတိုင်းကို ခုတ်နေတုန်းပဲ။ ဘာကြောင့် ၂၀၁၅ အထိ သစ်တွေကို လျှော့လို့မရဘဲ ထုတ်နေကြမှန်း ကျနော်လည်း နားမလည်နိုင်ဘူး။ နိုင်ငံတော် သမ္မတကြီးကလည်း မလိုအပ်ဘူးလို့ ပြောထားလျက်သားနဲ့။ မလိုအပ်ဘူးဆိုတာက သစ်ကနေ ဝင်ငွေရခြင်း၊ မရခြင်းက တိုင်းပြည်အတွက် အရေးမကြီးဘူးလို့ ပြောထားတယ်။ မလိုအပ်ဘူးဆိုတာက ဟိုးတုန်းကတော့ နိုင်ငံခြားဝင်ငွေ ရှာဖွေဖို့ အရေးကြီးတာကိုး။ ဒီလောက်ကြီး အရေးမကြီးတော့ဘဲနဲ့ ဘာကြောင့် ဆက်ထုတ်နေလဲဆိုတာ ကျနော်တို့လည်း နားမလည်ဘူး။ စာချုပ်စာတမ်းတွေကြောင့် ဆက်ထုတ်နေရတယ်ဆိုရင်လည်း စာချုပ်တွေကရော ပြန်ညှိလို့ မရဘူးလား။ နိုင်ငံခြားနဲ့ ချုပ်ထားတာမှ မဟုတ်တာ၊ ကိုယ့်ပြည်တွင်း အချင်းချင်း ချုပ်ထားတဲ့ဟာပဲ။ ပြည်တွင်း အချင်းချင်းမို့ မကင်းရာ မကင်းကြောင်းတွေဖြစ်လို့ ညှိလို့ မရတာလားဆိုတာတော့ ကျနော်လည်း မတွေးတတ်ဘူး။
မေး ။ ။ ၂၀၀၈ ခုနှစ်က စပြီး တောက်လျှောက် သဘာဝဘေးအန္တရာယ် တမျိုးမဟုတ် တမျိုး ကြုံလာရတာတွေ့ရတယ်။ ဒီလို ကြုံလာရတဲ့အခါ သဘာ၀ ဘေးအန္တရာယ်ကိစ္စနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ အစိုးရဌာနတွေက သတင်းထုတ်ပြန်မှု အခြေအနေက အားရဖွယ်ရာ မရှိဘူးလို့ ပြောကြတာတွေ ရှိတယ်။ အဲဒါကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ မြန်မာ့အလင်း (သတင်းစာ) ထဲမှာလား ကျနော် တွေ့မိတယ်၊ ဆရာဦးထွန်းလွင်ရဲ့ လစဉ် သုံးသပ်ချက် ထည့်ထားတာကို တွေ့မိတော့ အံ့အားသင့်မိတယ်။ အမှန်က မိုးဇလဌာနက သူ့သုံးသပ်ချက် သူထည့်ရမှာလေ။ အဲဒီ သုံးသပ်ချက်တွေကိုလည်း သူတို့ မရေးနိုင်တဲ့ သဘောဖြစ်နေတယ်။ ဦးထွန်းလွင် အပြင်က လုပ်နေရတဲ့သူကို ရေးခိုင်းနေသလို ဖြစ်နေတယ်။ မိုးဇလက အစိုးရဌာနကိုး။ သူတို့က သတင်းတော့ ထုတ်ပြန်တယ်။ သုံးသပ်ချက်တော့ မရေးဘူးဆိုတာမျိုး ဖြစ်နေတယ်။ တောင်သူတွေ အခုလိုအပ်နေတာက သုံးသပ်ချက်တွေ လိုတာကိုး။ မိုးရွာမယ်၊ ရေကြီးမယ် ဆိုတာတင်မကဘူး၊ ဘာကြောင့် ဘယ်လိုလို ဖြစ်နိုင်တယ်ဆိုတာကို သုံးသပ်ထားတဲ့ သုံးသပ်ချက်လေးတွေက အဖိုးတန်မယ် ထင်ပါတယ်။ ဒါကြောင့် အခု ဆရာဦးထွန်းလွင်ကတော့ သူတတ်နိုင်သမျှ သူဂျာနယ်တွေထဲရော၊ FM တွေမှာပါ လုပ်ပေးနေတယ် ထင်ပါတယ်။
မေး ။ ။ အစိုးရသစ် လက်ထက်မှ နာမည်ပြောင်းထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကိုရော ဘယ်လို မြင်ပါသလဲ။ ဝန်ကြီးဌာနအနေနဲ့ ဒီ သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းဆိုတဲ့ ကိစ္စကို အရေးယူဆောင်ရွက်တဲ့ နေရာမှာ ဘယ်အထိ လုပ်သင့်တယ်လို့ ဆရာ ထင်ပါသလဲ။
ဖြေ ။ ။ Climate Change က ဝန်ကြီးဌာန တခုတည်းက လုပ်ရတာ မဟုတ်ဘူး။ အားလုံး ပူးပေါင်းလုပ်ရမယ့် အရာဖြစ်တယ်။ လက်ရှိ သူတို့ ဆွဲပြထားတဲ့ ရာသီဥတုပြောင်းလဲခြင်းနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်း အစီရင်ခံစာတွေ ရှိပါတယ်။ အဲဒါတွေကို နိုင်ငံတော်ကို ဆက်လက်တင်ပြ၊ လုပ်သင့် လုပ်ထိုက်တာတွေကို ဌာနတွေနဲ့ ပူးပေါင်းလုပ်၊ ဒါလေးတွေ လိုတယ်။
ဒါပေမယ့် အရင်းစစ်တော့ အမြစ်မြေက ဆိုသလို ငွေက အဓိက ဖြစ်နေတယ်။ ဒါတွေက လေထိုး လေအော် လုပ်လို့မရဘူး။ ငွေက မရှိဘူးဖြစ်နေတယ်။ တိုင်းပြည်မှာ ကျန်တဲ့ လိုအပ်ချက်တွေက အရမ်းများနေတယ်။ ကျနော်တို့ အပြစ်ပြောရတာ၊ ဘေးက ထိုင်ပြောရတာက လွယ်ပါတယ်။ တဘက်ကလည်း ရခိုင်အရေးအခင်းတွေ ဖြစ်နေတယ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး မအောင်မြင်တဲ့ အပိုင်းတွေရှိနေတယ်။ အခု လွတ်တော်ထဲမှာလည်း တဖက်နဲ့ တဖက် သဘောထားကွဲလွဲမှုတွေ ဖြစ်တယ်။ ဆိုတော့ နိုင်ငံတော် သမ္မတကြီးကိုလည်း ကျနော်တို့ အားနာပါတယ်။ ဒါကြောင့် ကျနော်တို့ ပြောသင့် ပြောထိုက်တာလေးတွေတောင် မပြောသေးဘဲနဲ့ ကိုယ့်ဟာကိုယ် တတ်နိုင်သလောက် ပြန်လုပ်နေရတဲ့ အပိုင်းတွေရှိပါတယ်။ ပြောလို့တော့ လွယ်မယ်။ ဒါပေမယ့် နောက်ဆုံးကျတော့လည်း ခလုတ်ထိမှ အမိတရမယ့် သဘောရှိတယ်။ ဖြစ်လာတော့မှ ဝုန်းဒိုင်းနဲ့ ထလုပ်ကြတာမျိုးလောက်ပဲ ဖြစ်မယ်။ ပြီးတော့ ဒုံရင်းက ဒုံရင်း ဒီတိုင်း ပြန်ဖြစ်သွားဖို့ပဲ ရှိတယ်။
မေး ။ ။ အခုပြောသလို ဆိုရင် တိုင်းပြည်က ငွေလိုနေတယ်၊ တိုင်းပြည်မှာ တခြားကိစ္စတွေက မဖြစ်လာသေးတဲ့ သဘာ၀ ဘေးအန္တရာယ်ထက် ပိုအရေးကြီးနေလို့ ပတ်ဝန်းကျင် ပျက်စီးလာခြင်းကို မလုပ်နိုင်သေးတဲ့ နိုင်ငံတော် အစိုးရကို ဘယ်လို သတင်းစကားများ ပါးချင်ပါသလဲ။
ဖြေ ။ ။ ကျနော် လေးလေးနက်နက် အကြံပေးချင်တာက ဒါတွေဟာ ပြည်တွင်းအားနဲ့ မရရင် နိုင်ငံတကာက ငွေအားနဲ့ လုပ်ပါ။ ကျေးရွာ မြို့နယ်တွေတိုင်းဟာ အခုနကပြောသလို ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စီမံချက်တွေ ဆွဲကိုဆွဲရမယ်။ အဲလို ဆွဲဖို့ရာကလည်း ဘယ်လိုလုပ်ရမယ်၊ ဘယ်လို စရမယ်ဆိုတဲ့ နည်းစနစ်တွေက အကုန်လုံးရှိနေပြီ။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ပဲ။
အဲဒီတော့ ဆွဲတဲ့အခါ လိုတဲ့ငွေကို နိုင်ငံတော်က မပေးနိုင်ရင်လည်း ပြည်ပအကူအညီ ရနိုင်အောင် လုပ်ပေးဖို့ လိုလိမ့်မယ်။ အဲဒီလို လုပ်တဲ့နေရာမှာလည်း နိုင်ငံတကာက ပေးတဲ့ ပုံစံကတော့ NGO တွေနဲ့ တိုက်ရိုက်သွားတယ်။ အဲဒီအခါ NGO တွေနဲ့ ပတ်သတ်ရင် အမြင်တွေက NGO ဆိုတဲ့ ကောင်တွေက ငွေပဲတောင်းစားနေတယ်၊ ဘယ်လိုလုပ်တယ်ဆိုတဲ့ အမြင်တွေပဲ လွှမ်းမိုးတော့ NGO တွေကို ချုပ်ကိုင်ဖို့လောက်ပဲ စဉ်းစားနေတယ်။ ဆိုတော့ ငွေလာတာတောင်မှ ငွေပေးချင်တဲ့သူတွေက ဘယ်လိုလုပ်လာတော့မလဲ။ သမ္မတ အကြံပေးအဖွဲ့နဲ့ တွေ့မှလာမယ်၊ အဲဒီကောင်စီထဲမှာလည်း ရာသီဥတု ပြောင်းလဲခြင်းကို သေသေချာချာ လေးလေးနက်နက် ထားပြီးတော့ လုပ်မဲ့သူတွေရော ပါရဲ့လားပေါ့။
ကျနော်လည်း စဉ်းစားမိတယ်၊ ဆရာဦးထွန်းလွင်လို လူမျိုးရှိနေမယ် ဆိုရင်တောင်မှ ဒါ ရာသီဥတု ပြောင်းလဲခြင်းဆိုတာ အရေးကြီးတဲ့ အကြောင်းအရာပဲ၊ သမ္မတ အကြံပေးအဖွဲ့လို ဟာမျိုးမှာ ဆရာဦးထွန်းလွင်လိုလူမျိုး တယောက်မှ မပါတာ Climate Change ကို ဘယ်လို အလေးထားမှာလဲ။ ဟိုတုန်းကတော့ တပ်ရဲ့ သဘောအရ လုံခြုံရေးကို ဦးစားပေးပြီးတော့ ကိုယ့်များ ထိခိုက်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အကြောက်လွန်ကဲမှုနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတယ်။ အခုပြောင်းလာတဲ့ ခေတ်ကျတော့လည်း တယောက်။ အဲဒီတော့ ပြည်သူတွေရဲ့ ကံပဲလို့ ပြောရမယ်ထင်တယ်။ ။