သက်တမ်း ၂ နှစ်ခန့်ရှိပြီဖြစ်သော သမ္မတ ဦးသိန်းစိန်၏ နေပြည်တော် အစိုးရအဖွဲ့ အတွင်း ပြုပြင်ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းသည် သမ္မတ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုတွင်ကျယ် အရာထင်လာစေရေး အတွက်ဟု ဆိုသောကြောင့် နိုင်ငံရေးတွင် လုပ်ရိုးလုပ်စဉ် ဖြစ်သော်လည်း လက်ရှိ မြန်မာ့နိုင်ငံရေး အတွက်မူ အရေးပါသောခြေလှမ်းဟု ဆိုရမည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အထောက် အကူမဖြစ်၊ အလုပ်မတွင်သူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ရာထူးမှ ရွှေ့ပြောင်းခြင်း၊ အနားပေးခြင်းများ ပြုလုပ်နေပြီး သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ရှေ့တန်းရောက်သူများဖြစ်ပြီး လူအများအကြား နာမည်ရလာသူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ရာထူးတိုးမြှင့်ခန့်အပ်ခြင်းမှာ မဆန်းပေ။
သို့သော် ဒု ဝန်ကြီးများကို အသစ်ခန့်အပ်ရာတွင် စစ်ဘက်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ မဟုတ်ဘဲ သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူ အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်သောကြောင့် အရပ်ဘက် လူ့အဖွဲ့အစည်း၏ အရေးပါမှုကို အလေးထားကြောင်း ဖော်ပြနေသကဲ့သို့ အမျိုးသမီး ပညာရှင်များ ပါဝင်လာစေခြင်းကလည်း ထူးခြားသည့် ခြေလှမ်းဖြစ်သည်။
လတ်တလော အစိုးရဝန်ကြီးများ အပြောင်းအလဲနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်အနေဖြင့် စိတ်ကြိုက် ပြင်ဆင်ဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပိုမိုသွက်လက်ကာ ထိထိရောက်ရောက် ဖြစ်လာမည်ဟု ယုံကြည်နေပုံရသည်။ ထို့အပြင် ပိုနေမြဲကျားနေမြဲသာ နေလိုသူများနှင့် ရာထူးအပြောင်းအရွှေ့ကို မလိုလားသူများကိုလည်း အုပ်စီးထားမိပုံလည်း ပေါ်သည်။
ဩဂုတ်လ ၂၇ ရက် ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင်သွင်းမှုကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြရာတွင် တပ်မတော်သား ကိုယ်စားလှယ်များ၏ တင်ပြချက်များမှာ သမ္မတက လွှတ်တော်သို့ အဆိုပြုချက်နှင့် မကွဲလွဲသည်ကို ထောက်ရှု၍ ဦးသိန်းစိန်၏ အပြောင်းအရွှေ့များနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စစ်တပ်ကလည်း အခိုင်အမာ ကျားကန်ပေးနေသည်ဟု ယူဆရသည်။
အမှန်တကယ်လည်း ခေတ်မမီတော့သော မြန်မာ့တပ်မတော်ကို ခေတ်မီဖွံ့ဖြိုးသော တပ်မတော်အဖြစ် ဒေသတွင်း ရင်ဘောင်တန်းနိုင်ရေး မြှင့်တင်ရာတွင် လိုအပ်သည့်အကူအညီများ၊ ဒေသတွင်းနှင့် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုထံမှ ရယူရန် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် တပ်မတော်အနေဖြင့် ပူးပေါင်းပါဝင်မှ ဖြစ်မည်။ သို့ရာတွင် ကချင်စစ်ပွဲများအပါအဝင် ပြည်တွင်းစစ်ရပ်စဲရေးတွင် စစ်တပ်၏ အနေအထားမှာ သမ္မတ၏ အမိန့်ကို မနာခံသောကြောင့် နာမည်ဆိုးသာ ရနေဆဲဖြစ်သည်။
တချိန်တည်းတွင် ရခိုင်ပြည်နယ် ပဋိပက္ခတွင် နိုင်ငံတကာနှင့် စေ့စပ်ညှိနှိုင်းခြင်း၊ အဝေးရောက် အတိုက်အခံများကို ပြည်ဝင်ခွင့်ပေးခြင်း၊ နာမည်ပျက်စာရင်း အများအပြား လျှော့ချခြင်း၊ ရခိုင်ဒေသပဋိပက္ခကြောင့် ထောင်ချခံရသူ ကုလသမဂ္ဂဝန်ထမ်း ၃ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပြုခြင်းတို့သည် ယခင် စစ်အစိုးရများ၏ တံခါးပိတ်ဝါဒကို သမ္မတ ဦးသိန်းစိန်က ခဝါချခဲ့ပြီဟု ပြသနေပုံရပြီး နိုင်ငံတကာ၏ အရေးပါမှုကို လက်ခံလာကြောင်းလည်း ပြဆိုနေသည်။
အပြန်အလှန်အားဖြင့် လာမည့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်မည့် သမ္မတ ဦးသိန်းစိန်ကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ထားမှုအား ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကြုံရမည့် ရခိုင်အရေးနှင့် ပတ်သတ်သည့် သံတမာန်ရေး ဖိအားများ လျော့ကျသွားနိုင်ဖွယ်ရှိသည်။
ယခု အစိုးရအဖွဲ့အတွင်း အပြောင်းအလဲသာမက မူဝါဒရေးရာ အရွှေ့အပြောင်းကြောင့် သမ္မတ ဦးသိန်းစိန်အား မပြတ်မသားဟု အားမလိုအားမရ ထင်မြင်ဝေဖန်ခဲ့သူများသည်ပင်လျင် အစစအရာရာ တွက်ဆပြီး ရှေ့တိုး ဆုံးဖြတ်လုပ်ကိုင်တတ်သူဟု ပြောင်းလဲရှုမြင်လာကြသည်။
အချုပ်ဆိုရမူ သမ္မတ ဦးသိန်းစိန် အနေဖြင့် ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေမှာ ပြောင်းလဲလိုသူများက တဖက်၊ မပြောင်းလဲလိုသူများ တဖက်ဖြစ်သည့် တံပိုးကိုထမ်းရင်း ပြုပြင်ပြောင်းလဲရေးကြိုးတန်းပေါ် လမ်းလျှောက်နေသကဲ့သို့ပင်။ ကျရှုံးခြင်း၊ အောင်မြင်ခြင်းတို့သည် ဦးသိန်းစိန်၏ ပင်ကိုယ်အရည်အချင်း၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ကျွမ်းကျင်မှုအပေါ်တွင် များစွာမူတည်နေပေသည်။ ယင်းသည်ပင် တိုင်းပြည် ပြန်လည်ထူထောင်ရေး အခရာကျသည့် သော့ချက်ဖြစ်ပေသည်။