အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ သွားရာလမ်းသည် မည်သည့်နိုင်ငံတွင်မျှ စိတ်ကူးယဉ်သလို မဖြစ်ဘဲ ကြမ်းတမ်းခက်ခဲသော စိန်ခေါ်မှုများ၊ ခါးသီးသော အမှန်တရားများနှင့် ရင်ဆိုင်ဖြတ်သန်း ရမြဲဖြစ်သည်။
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အခြေချစ မြန်မာနိုင်ငံ တွင်လည်း စစ်ဗိုလ်ချုပ် တဖြစ်လဲ သမ္မတ ဦးသိန်းစိန်က ဦးဆောင်ပြုလုပ်နေသော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အပြောင်းအလဲကို အလုပ်မတွင်စေသော ဘက်မညီမျှမှုများ ရှိနေကြောင်း မြင်တွေ့နေရသည်။
အုပ်ချုပ်ရေး ယန္တရားအတွင်း ခေတ်နောက်ပြန် ဆွဲသူများကို အပြောင်းအလဲ လိုလားသူများနှင့် အစားထိုးပြောင်းလဲပြီး ပြုပြင်ပြောင်းလဲရေး ပိုအရှိန်မြှင့်ရန် ဦးသိန်းစိန်အစိုးရက မျှော်လင့်နေသည်။ သို့သော် နိုင်ငံရေး လေ့လာသူအများက ပြုပြင်ပြောင်းလဲရေး ဝါဒီဟု သတ်မှတ်ထားပြီး အပြောင်းအလဲကို ကူညီအားဖြည့် ပေးနိုင်မည်ဟု မျှော်လင့်ယူဆခဲ့ကြသူ စစ်ဗိုလ်ချုပ်ဟောင်း သူရ ဦးရွှေမန်း ဦးစီးသည့် ပြည်သူ့ လွှတ်တော်သည် အပြောင်း အလဲအတွက် အဆင်သင့် မဖြစ်နိုင်သေးသည်ကို တွေ့နေရသည်။
လွှတ်တော်အနေဖြင့် အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ကျောထောက်နောက်ခံ ဖြစ်စေမည့် ဥပဒေများကို အစောတလျင် ပြုစုပြဌာန်းပေးရမည့်အစား အခြေခံဥပဒေခုံရုံးဆိုင်ရာ အငြင်းပွားမှုများ၊ အကျိုးမဖြစ်သည့် အသေးအဖွဲများနှင့်သာ အချိန်ကုန်နေခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ စတင်ဝင်ရောက်စနှင့်မတူ လွှတ်တော်အပေါ် မျှော်လင့်စိတ်လှုပ်ရှားခဲ့မှုများ ယခုအခါ တဖြည်းဖြည်း လျော့ပါးစ ပြုလာနေပြီဖြစ်သည်။
တိုင်းပြည်တည်ထောင်ရေးတွင် အခြေခံကျသည့် ကျန်းမာရေး၊ ပညာရေး၊ မြေယာနှင့် အလုပ်သမားအရေး ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို မဆိုထားနှင့် မြန်မာ့စီးပွားဖွံ့ဖြိုးမှုကို လက်တွေ့သယ်ဆောင်လာပေးနိုင်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုပင် လွှတ်တော်တွင် မတင်မကျဖြစ်နေရသည်။ တံခါးဖွင့် စီးပွားရေးတွင် နိုင်ငံခြားသား လက်ဝါးကြီးအုပ်မှုအပေါ် ကာကွယ်ပြီး တိုင်းရင်းသားလုပ်ငန်းရှင်များကို မြေတောင်မြှောက်ရမည်မှာ တရားနည်းလမ်းကျသော်လည်း ကိုယ်ကျိုးစီးပွားကာလွန်းလျင် တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလာနည်းပေလိမ့်မည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပေသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ရေးတွင် တခြားအရေးပါသည်မှာ တိုင်းပြည်၏ ပုံရိပ်ဖြစ်သည်။ ရေနံနှင့် သဘာဝသယံဇာတ တူးဖော်ရေးကဲ့သို့ ကုမ္ပဏီကြီးများမှတပါး တိုင်းပြည်၏ အလုပ်သမားအင်အားကို အရင်းအနှီးပြုမည့် ရင်းနှီးမြှုပ်နှံသူတို့က ၎င်းတို့ ရင်းနှီးမြှုပ်နှံမည့် တိုင်းပြည်သည် နိုင်ငံခြားသားများနှင့် ဘာသာကွဲများကို မည်မျှ သည်းခံဆက်ဆံသနည်းဟု ရှုမြင်သုံးသပ်တတ်သည်။ လူမျိုးခြား၊ ဘာသာခြားများနှင့် သင့်တင့်ပြေလည်ခြင်းသည် အပြိုင်အဆိုင်ဖြစ်နေသည့် ဈေးကွက်တွင် အားသာချက်တခု ဖြစ်သည်။
ခါးသီးဖွယ်အမှန်တရားမှာ မြန်မာနိုင်ငံတွင် အစိုးရနှင့် စစ်တပ်ကြောင့်သာမဟုတ်၊ သာမန်နိုင်ငံသားများအကြား သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုများ နက်နက်ရှိုင်းရှိုင်း တွေ့ရကြောင်း၊ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့သူများနှင့် တိုးတက်သော အမြင်ရှိသူများဟု တွေးထင်ထားသူများပင် ဤကဲ့သို့သော သဘောထားရှိကြကြောင်း ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ လတ်တလောတွင် မန္တလေးမြို့၌ သံဃာများ၏ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံခြင်း၊ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တာနာကို ကန့်ကွက်ခြင်းနှင့် ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှုကို ဒေသတွင်းနှင့် နိုင်ငံတကာ မီဒီယာများက လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုအဖြစ် ရှုမြင်ရေးသားနေကြသည်။
မြန်မာနိုင်ငံသည် ပြောင်းလဲလာပြီဟု ဆိုနေကြသော်လည်း ဘယ်ကိုမျှ မရောက်သေးသည်ကို သတိပြုရပေမည်။ ယခုမှ ပြန်လည်ထူထောင်ရေး ခရီးထွက်ရန် တာစူစဖြစ်သည်။ တခြား ခရီးပေါက်နှင့်ပြီးဖြစ်သော ဒေသတွင်း နိုင်ငံများသည်ပင် ကုန်းရုန်းလုပ်နေကြရဆဲ ဖြစ်သောကြောင့် မာနတံခွန်လွှင့်ရလောက်အောင် အနေအထားလည်း မရှိသေးပေ။
ထိုအခြေအနေမျိုး ရောက်နေသော ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးများပင် သမိုင်းနောက်ကြောင်း ပြန်မလည်ရအောင် ကြိုးပမ်းနေကြရသည်။ နောက်ဆုံးက လိုက်မည့်သူများအဖို့ တွဲခေါ်မည့် ချစ်ခင်သူပေါလေ ပိုကောင်းလေပင်။ ထို့ကြောင့် ယနေ့ ကမ္ဘာ့ရွာတွင် လူရာမဝင်သော၊ ရန်လိုမုန်းထားရှိသော၊ လေ့လာစူးစမ်းလိုစိတ် မရှိသော ခံကတုတ်ကျင်းထဲမှ စိတ်ထားမျိုး အတိတ်တွင် ထားရစ်ခဲ့သင့်ပေပြီ။
အမြင်ကျဉ်း အမျိုးသားရေးဝါဒသည် နိုင်ငံတကာအလယ်တွင် ပြန်လည်အားယူ ခေါင်းထောင်နေရသော တိုင်းပြည်၏ ပုံရိပ်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို သယ်ယူလာမည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ကူးလူးပေါင်းစည်းမှုများကို ပျက်ဆီးစေနိုင်သောကြောင့် နိုင်ငံရေး ဦးစီးဦးဆောင်လုပ်သူများ အမြင်ကျယ်ပြီး အမှန်တရားအတွက် အမုန်းခံရဲရမည်။ လူပြိန်းကြိုက် နိုင်ငံရေးမှ ရုန်းထွက်မှသာ ဒေသတွင်းနှင့် နိုင်ငံတကာအလယ် သိက္ခာရှိသော သမာသမတ် မျှတသော လေးစားမှု ရပေလိမ့်မည်။
အကောင်းဆုံးအဖြေမှာ တိုင်းပြည်ရေရှည်အကျိုးကို ကြည့်ရန်သာ ရှိသည်။ သွားရမည့်ခရီးကား ဝေးသေး၏။ ခြေသာလျင် ယာဉ်ရှိကုန်၏။ ခရီးပေါက်မည်၊ မပေါက်မည်မှာ ဦးဆောင်နွားလားများ ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်မည့် အနေအထားပင်တည်း။ ။