လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဂန္ဓာရီဆိုတဲ့ တေးစီးရီးနဲ့ အမျိုးသမီး ရော့ခ်ကာတဦးအဖြစ် ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အဆိုတော် သျှီဟာ ရော့ခ်သီချင်း တေးစီးရီးပေါင်း ၈ ခွေ ထွက်ရှိထားပြီး ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး လူမှုရေးဘက်တွေမှာလည်း အားတက်သရော ပါဝင်လုပ်ဆောင်လာခဲ့သူပါ။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ စည်းရုံးရေး ခရီးစဉ်တွေ၊ ဖျော်ဖြေပွဲတွေမှာ ပါဝင်ကူညီသီဆိုခဲ့လို့ ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာလည်း အာဏာပိုင်တွေရဲ့ ပညာပြခြင်းခံခဲ့ရကာ သင်္ကြန်တတွင်းလုံး သီချင်းမဆိုရဘဲ နားနေရခဲ့ရပါသေးတယ်။ သူဖြတ်သန်းခဲ့တဲ့ ဂီတလမ်းကြောင်း တလျှောက်နဲ့အတူ လတ်တလော စိတ်ဝင်တစား ပါဝင်လှုပ်ရှားလာဖြစ်တဲ့ နိုင်ငံရေး၊ လူမှုရေး အကြောင်းတွေကို ဧရာဝတီသတင်းထောက် မစပ်စုက မေးမြန်းထားပါတယ်။
မေး ။ ။ သျှီ အနုပညာလောကကို စတင်ဝင်ရောက်တဲ့အချိန်မှာ မြန်မာ့ဂီတလောကမှာ ခေတ်အစားဆုံး ဂီတတွေက ဘာဖြစ်မလဲ။
ဖြေ ။ ။ ရော့ခ်ဂီတတွေက အဲ့ဒီအချိန်မှာ အလွှမ်းမိုးဆုံးအချိန်ပေါ့။
မေး ။ ။ အဲဒီအချိန်တုန်းက ရော့ခ်ဂီတတွေ တအားလွှမ်းမိုးနေလို့ ဒီဂီတလိုင်းထဲကို ဝင်ဖြစ်တာလား။ ဒါမှမဟုတ် ကိုယ့်ခံယူချက်နဲ့ကိုယ် ဒီရော့ခ်ဂီတကို ကြိုက်နှစ်သက်လို့ ရော့ခ်လိုင်းထဲ ဝင်ဖြစ်တာလား။
ဖြေ ။ ။ ပြောရမယ်ဆိုရင်တော့ ခေတ်ရဲ့လွှမ်းမိုးမှုလည်း ပါတယ်။ နောက်တခုက ကိုယ်ကိုယ်တိုင်ကလည်း ရော့ခ်ဂီတကို ကြိုက်တာလည်းပါတယ်။ အများစုက ရော့ခ်သီချင်းတွေကို အမျိုးသားတွေ ဆိုတာများတယ်။ ဘာကြောင့်လဲဆိုတော့ အားအရမ်းသုံးရတဲ့ ဂီတဖြစ်တဲ့အတွက်ပေါ့နော်။ ကိုယ်က မိန်းကလေးတယောက် ဖြစ်ပေမယ့်လည်း ကိုယ်ကြိုက်တဲ့ Music လည်းဖြစ်တယ်။ အဲ့ဒီတော့ ဒီလိုမျိုး ကိုယ်ဆိုနိုင်မလားပေါ့။ ဆိုကြည့်တယ် ဆိုနိုင်တယ်။ နောက် ကိုယ်လည်း ကြိုက်တာဖြစ်တဲ့အတွက် ဒီ ရော့ခ်ကို ကြိုးစားပြီးဆိုတာပေါ့။
မေး ။ ။ မြန်မာ့ရောခ့်ဂီတသမိုင်းမှာ အမျိုးသမီးရော့ခ်ကာ တယောက်အဖြစ် စတင်ခဲ့တာ သျှီလို့ပြောလို့ရမလား။
ဖြေ ။ ။ အဲဒီလိုတော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ရော့ခ်သီချင်းတွေကို အများဆုံးဆိုတဲ့ မိန်းမတယောက်လို့တော့ ပြောလို့ရပါတယ်။ ရှေ့မှာ မကော်နီတို့ဆိုလည်း ရော့ခ်သီချင်းတွေ ဆိုခဲ့တာပဲလေ။ ဆိုကြပါတယ်။ သျှီကတော့ သီချင်းအများစုကို ရော့ခ်တွေဆိုတဲ့အခါကျတော့ ရော့ခ်နဲ့ သျှီကို တွဲမြင်တာပေါ့နော်။ ပိုပြီးတော့ မြင်သာတာပေါ့။ နောက်တခုက ပရိသတ်က သျှီကို ရော့ခ်ကာ ရော့ခ်ကာလို့ သတ်မှတ်တာပေါ့။ ပြောရမယ်ဆိုရင်တော့ သျှီက ကိုယ့်ကိုယ်ကို ရော့ခ်ကာလို့ သတ်မှတ်မထားဘူး။ ခုနက ပြောသလိုပဲ ကြိုးစားပမ်းစားလုပ်ခဲ့တယ်။ ကိုယ်ကြိုက်တယ်။ ကိုယ်က Music ကိုကြိုက်တာ။ သီချင်းတွေအကုန်လုံး ပုံစံမျိုးစုံကိုလည်းကြိုက်တယ်။ ကိုယ့်စွမ်းရည်ကို ကိုယ် ပိုပြီး ပြချင်တဲ့အတွက် ဒီ Music လမ်းကြောင်းကို ရွေးတယ်။
မေး ။ ။ အမျိုးသမီးတယောက်အနေနဲ့ ရော့ခ်သီချင်းတွေကိုပဲ အဓိကဆိုခဲ့တာဆိုတော့ အမျိုးသမီး ရော့ခ်ကာ တယောက်ကို အဲ့ဒီကာလပရိသတ်ရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိလဲ။
ဖြေ ။ ။ ပထမဆုံးအခွေ စထွက်တုန်းကတော့ သျှီကို မျက်နှာသစ်အဆိုတော်ဆိုတော့ ကိုယ့်ကို သိတဲ့သူလည်းရှိသလို မသိတဲ့လူလည်းရှိတာပေါ့နော်။ အဲ့ဒီခေတ်က အခွေတခွေပေါက်တယ်မပေါက်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က လက်ဖက်ရည်ဆိုင်မှာ ကိုယ့်အခွေ ဖွင့်ခြင်း၊ မဖွင့်ခြင်းနဲ့ ဆုံးဖြတ်တယ်။ အဲ့ဒီအခါကျတော့ သျှီသီချင်းက ထူးထူးခြားခြား ပေါ့နော်။ မိန်းကလေးအဆိုတော်အနေနဲ့ လက်ဖက်ရည်ဆိုင်မှာ ဖွင့်ခြင်းခံရတယ်။ ဆိုတော့ ဒီအခွေပေါက်တယ်ပေါ့။ ပြီးတော့ အငြင်းပွားနေကြတာက လူသစ်ဖြစ်တော့ မိန်းမလား ယောကျာ်လား ဆိုတာကို ဇဝေဇဝါဖြစ်ကြတယ်။ ဒါလေးကတော့ အဲ့ဒီခေတ်ရဲ့ အမှတ်တရပေါ့နော်။ ဒါပေမယ့်လည်း နားထောင်ပြီးတဲ့အခါမှာ ပရိသတ်တွေက ဒီအပေါ်မှာ အသိအမှတ် ပြုတယ်။ ဘာကြောင့်လဲဆိုတော့ ပေါက်တယ်ဆိုတာ သူတို့တွေ နှစ်သက်လို့ပဲလေ။ သူတို့မနှစ်သက်ရင် ဘယ်လောက်ပဲ ကိုယ် ကြိုးစားကြိုးစား ပြန်လန်အောင် တော်နေလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီအခွေက ပေါက်ခဲ့တဲ့အတွက် သူတို့နှစ်သက်တယ်ဆိုတဲ့ တုန့်ပြန်မှုကို ပြန်ရခဲ့တယ်။ အဲ့ဒီအတွက်လည်း ကိုယ်ကြိုးစားရကြိုးနပ်ခဲ့တယ်ပေါ့။
နောက်ပိုင်း တလျှောက်လုံးဆက်သွားတဲ့အခါမှာ သျှီကို ပရိသတ်တွေက ရော့ခ်နဲ့ တွဲမြင်လာတယ်။ သျှီရဲ့ ပရိသတ်စစ်စစ်တွေက ရော့ခ်ကလွဲရင် ဘာမှ မဆိုစေချင်ဘူး။ နည်းနည်းလေး ပုံစံပြောင်းသွားတယ်ဆိုရင်တောင် သိတယ်။ တချို့ပရိသတ်တွေကတော့ သျှီကို သီချင်းအေးတာလေးတွေလည်း ဆိုစေချင်တယ်။ ဒါပေမယ့်လည်း ပရိသတ်တွေက အကုန်လုံးကို လက်ခံပါတယ်။ အဲ့ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။
မေး ။ ။ တခြားအဆိုတော်တွေလို ဂီတလိုင်းပေါင်းစုံ ဖြစ်မသွားဘဲ ၁၅ နှစ်တာ ကာလတလျှောက်လုံးမှာ ရော့ခ်ဂီတကိုပဲ စွဲစွဲမြဲမြဲ ဆိုဖြစ်ရခြင်းကရော …။
ဖြေ ။ ။ သျှီရဲ့ပရိသတ်စစ်စစ်တွေက သျှီကို ဘာမှ မပြောင်းလဲစေချင်ဘူး။ ဆံပင်ကအစပေါ့။ သျှီကိုယ်တိုင်ကလည်း ခေတ်မမီတာလည်း မဟုတ်ဘူး၊ ခေတ်မမီချင်တာလည်း မဟုတ်ဘူး။ ခေတ်နဲ့အညီ ပြောင်းလဲရမယ်ဆိုတဲ့ သဘောတရားကိုလည်း နားလည်တယ်။ ဒါပေမယ့် Music ဆိုတာက ခေတ်မီတယ် မမီဘူးဆိုတာက နှစ်သက်သူပေါ်မှာပဲ မူတည်တယ်လေ။ ခေတ်တခုမှာ တမျိုးပေါ်လာတိုင်းလည်း ဒီလူကမကြိုက်ရင် မလိုဘူးလေ။ ဆိုတော့ Music တခုက ဟောင်းသွားတယ်လို့ သျှီလည်းမတွက်ဘူး။ ပရိသတ်တွေကလည်း မတွက်ဘူး။ အဲ့ဒီအတွက် ပရိသတ်တွေကိုလည်း ထပ်ပြီး ကျေးဇူးတင်တယ်။ ဒီအတိုင်းပဲ သျှီတို့ ဆက်ပြီးသွားကြတယ်။
ရော့ခ်ကလည်း အဓိကပြောရရင်တော့ အသက်ကြီးလာရင် သိပ်ပြီးတော့ ဆိုနိုင်ဖို့က မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ အင်အားအရမ်းသုံးရတဲ့ ဂီတဖြစ်တဲ့အတွက်လေ။ အဲဒီတော့ ပရိသတ်တွေရဲ့ ဆန္ဒအရရော ကိုယ်ကြိုက်တာရောပေါ့နော်၊ ကိုယ်အသက်ဒီအရွယ်မှာ ဆိုနိုင်တဲ့ အချိန်အထိပေါ့၊ ဒါလေးကို အဓိကထားပြီး ဆိုချင်ပါတယ်။ ဒါပေမယ့် Music ချစ်တဲ့အတွက် ရော့ခ်နဲ့ နွယ်တာပဲဖြစ်ဖြစ်၊ နောက်ပုံစံတမျိုးလေးတွေပဲ ဖြစ်ဖြစ်ပေါ့ သီချင်းကောင်းကောင်းလေးတွေတော့ ကိုယ်က ဆိုဖို့ အမြဲတမ်းပြင်ဆင်ထားတယ်။
မေး ။ ။ အခုနောက်ပိုင်း နိုင်ငံရေး၊ လူမှုရေးဘက်တွေမှာ သိသိသာသာ လှုပ်ရှားလာတာတွေ့ရပါတယ်။ သျှီ ခံယူထားတဲ့ နိုင်ငံရေးနဲ့ လူမှုရေး အမြင်ကို သိချင်ပါတယ်။
ဖြေ ။ ။ နံပါတ်တစ် ပြောရရင်တော့ ကျမက နိုင်ငံရေးသမားတယောက် မဟုတ်ဘူး။ သို့သော် ဒီနိုင်ငံမှာ နေတဲ့အတွက် ဒီနိုင်ငံရဲ့ အရေးကိုတော့ စိတ်ဝင်စားတဲ့သူတယောက်ဖြစ်တယ်။ နောက် ကျမ ဘယ်ပါတီမှလည်း ဝင်မထားဘူး။ ဗိုလ်ချုပ်ပြောတဲ့ စကားလေးတခုပေါ့ ကျမဖတ်ရဖူးတယ်။ နိုင်ငံရေးဆိုတာ အကြီးစား ပရဟိတလုပ်ငန်းတခုတဲ့၊ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွက်လုပ်တာ မဟုတ်ဘူးလေ။ အများအတွက် လုပ်တာဖြစ်တယ်။ နိုင်ငံရေးထဲမှာ ဆိုးတဲ့သူလည်းပါမယ်။ ကောင်းတဲ့သူလည်းပါနေမှာပဲ။ ကောင်းတာမွန်တာ လုပ်နေတဲ့ နိုင်ငံရေးသမားမှန်သမျှကို သူရည်ရွယ်ထားပုံရတယ်။ ပရဟိတလုပ်ငန်းကြီးပေါ့နော်။ နောက် အဲ့ဒီ ပရိဟိတလုပ်ငန်းကြီးကို တော်ရုံတန်ရုံ လူဟာမလုပ်နိုင်ဘူးပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကျိုးစွန့်ရတာ ဖြစ်တဲ့အတွက် ဒါဟာ ဘုရားအလောင်းလို လူမျိုးတွေ လုပ်ကြတဲ့ အလုပ်တခုပေါ့။ အင်မတန် မွန်မြတ်တဲ့ အလုပ်တခုအနေနဲ့ ဗိုလ်ချုပ်က နှိုင်းပြထားတယ်။
အဲဒီတော့ အမေစု ပြောတဲ့ စကားမှာလည်း ရှိပါတယ်။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ပတ်သက်တယ်တဲ့။ ဘာကြောင့်လဲဆိုတော့ အိမ်ရှင်မတယောက် မီးဖိုချောင်မှာလည်း အဲဒီထဲကနေပဲ နိုင်ငံရေးက စတာပဲ။ သူရဲ့ ကုန်ဈေးနှုန်းနဲ့ ထိတွေ့ရမှာလေ။ ဒီအရာဟာ သက်သက်လုပ်ယူစရာ မလိုတဲ့အရာပေါ့နော်။ ကျမကလည်း ဒါကို သက်သက်လုပ်ယူခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ပြောခဲ့တဲ့စကား အမေစုပြောခဲ့တဲ့ စကားတွေရှိတယ်။ ကျမကိုယ်တိုင်ကလည်း ပရဟိတလုပ်ငန်းတွေ စိတ်ဝင်စားတဲ့သူဖြစ်တယ်။ အဲ့ဒီအတွက် ဒီနိုင်ငံရေးကို ကိုယ်တတ်နိုင်တဲ့ ဘက်ကနေပြီး ဝင်ပြီးတော့ ပါနေပါတယ်။ အဲဒီတော့ အမြဲတမ်း သင့်လျော်တဲ့ အနေအထားလေး တခုမှာ ကျမ အဆင်ပြေရင်ပြေသလို ဝင်ပြီးတော့ ဒီ ပရဟိတအလုပ်တွေကို လုပ်နေမှာပါ။
မေး ။ ။ ဂီတ ရုပ်ရှင်ဘက် အနုပညာသမားတွေ အခုနောက်ပိုင်း ပါတီတွေဝင်လာကြတယ်။ လွှတ်တော်ထဲအထိ ရောက်သွားကြတာတွေရှိသလို လွှတ်တော်ထဲကို ဝင်ရောက်နိုင်ဖို့ကိုလည်း ကြိုးပမ်းနေကြတာတွေ့ရတယ်။ သျှီအနေနဲ့ရော လွှတ်တော်ထဲအထိ ရောက်အောင်သွားဖို့ စိတ်ကူးရှိပါသေးလား။
ဖြေ ။ ။ အနာဂတ်ကတော့ ကြိုပြောလို့မရဘူးပေါ့နော်။ အခုအချိန်အထိ စပြီးတော့ ပရဟိတတွေ လုပ်ခဲ့ကတည်းက ပရဟိတစိတ်ကို အပြည့်ထားတယ်။ ကိုယ်ဆိုတဲ့ စိတ်ကိုဖျောက်ထားတယ်။ ဒါတွေလုပ်ခဲ့တဲ့ လမ်းကြောင်း တလျောက်လုံးသည် ရည်ရွယ်ချက်က တခုတည်းရှိတယ်။ ပြည်သူတွေအားလုံးနဲ့ တသားတည်းဆိုတဲ့ စိတ်ပဲ။ အဲဒါက နံပါတ်တစ်ပေါ့။ ကျန်တာက ဘာမှ ရည်ရွယ်ချက်မရှိဘူး။ ပြည်သူတွေအတွက် ဆိုတာပဲရှိတယ်။ နေရာတနေရာ အတွက်ဆိုတဲ့ စိတ်မျိုးတခါမှ မထားခဲ့ဘူး။ အခုချိန်ထိလည်း မထားဘူး။ သူများတွေ ထားတယ်၊ မထားဘူးဆိုတာ မပြောဘူးနော်။ ကျမက မထားဘူးဆိုတာကို ပြောတာပါ။ မထားသင့်ဘူးလို့လည်း မပြောဘူး၊ ထားသင့်တယ်လို့လည်း မပြောချင်ဘူး။ လွှတ်တော်ထဲဝင်ဖို့လည်း စိတ်ကူးမရှိပါဘူး။ လွှတ်တော်ထဲမှာ တကယ်တော်တဲ့သူတွေ ရောက်ပါစေ။ ကိုယ်က အဲ့လောက်အထိ မတော်သေးပါဘူး။
မေး ။ ။ ပြင်ပကနေရော ဘယ်လို နိုင်ငံရေးမျိုး၊ ဘယ်လို လူမှုရေးမျိုးတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ကျမနဲ့ တွေ့သမျှလူတွေကတော့ သွားပါ သွားပါပေါ့။ လွှတ်တော်ထဲကို အရမ်းရောက်စေချင်တယ်။ အမတ်ဖြစ်စေချင်တယ်ပေါ့။ ကျမကို အားတက်သရောရှိတယ်လို့ ယုံကြည်ထားပုံရပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့သဘောတော့ ဖြစ်နေတာပေါ့။ ကိုယ်ကတော့ သွားဖို့မရှိဘူး။ ဘာတွေဆက်လုပ်ဖြစ်မလဲ ဆိုရင်တော့ ပေါ်လာတဲ့အနေအထားတွေပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကလည်း မိသားစုရှိသေးတယ်လေ။ မိသားစုရှိသေးတယ်ဆိုတော့ တစိုက်မတ်မတ်ကြီးတော့ လုံးဝမလုပ်နိုင်သေးဘူးပေါ့လေ။ အဲ့ဒါလည်း ဝန်ခံပါတယ်။ တကယ်တမ်းပြောလို့ရှိရင်တော့ စိတ်က အပြည့်ရှိတယ်။ တတ်နိုင်သလောက် ကိုယ့်ဘက်က အကောင်းဆုံး ဆက်ပြီးတော့ ပရဟိတလုပ်ငန်းတွေမှာ သင့်လျော်ရာ ကိုယ့်နိုင်သလောက်ပေါ့၊ ကျမ တောက်လျှောက် မသေမချင်း ဆက်လုပ်နေမှာပဲ။
မေး ။ ။ ပြည်သူတယောက်အနေနဲ့ရော ဂီတသမားတယောက်အနေနဲ့ပါ လက်ရှိ မြန်မာပြည်ရဲ့အပြောင်းအလဲ အခြေအနေ၊ ဂီတလောကရဲ့ အခြေအနေဟာ ထူးခြားပြောင်းလဲလာပြီလို့ ပြောလို့ရပြီလား။
ဖြေ ။ ။ လောလောဆယ်တော့ ထူးထူးခြားခြား မပြောင်းလဲသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ စပြောင်းလဲတဲ့ ကာလဖြစ်တယ်လေ။ အိမ်တအိမ်ပြောင်းတယ် ဆိုရင်တောင်မှ အခြေကျဖို့အတွက် အချိန်တခု ယူရတာပဲလေ။ အခုဟာလည်း အပြောင်းအလဲမှာ သိပ်လောလို့ မရဘူးပေါ့နော်။ ဥပဒေတွေ ချမှတ်ရမယ်။ တိုင်းပြည်ရဲ့ အခုအချိန်မှာ ရေတွေကြီးနေတာပဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ်တွေလည်း ရှိတယ်။ တခြားအကြောင်းတွေလည်း ရှိတယ်ဆိုတော့ အဓိက တခုကို အရမ်းကြီးတော့ ဇောင်းပေးလို့တော့ မရဘူးပေါ့။ မျှပြီးပေးရတာဖြစ်တဲ့အတွက် တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားမယ်လို့ ယုံပါတယ်။ အခုလောလောဆယ်ကတော့ အပြာင်းအလဲကာလဆိုတော့ အများကြီးပေါ့၊ ဆုံရှုံးတာတွေ ဖြစ်နိုင်သလို အားသာချက်တွေလည်း ဖြစ်နိုင်တယ်။ ဘာမဆိုဖြစ်နိုင်တယ်လေ။
မေး ။ ။ အနာဂတ်မြန်မာပြည်အတွက် သျှီရဲ့ စိတ်ကူးမျှော်လင့်ချက်က ဘာဖြစ်မလဲ။
ဖြေ ။ ။ အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ပဲ မျှော်လင့်တယ်။ ဘာဖြစ်မယ်ဆိုတာတော့ ကိုယ်လည်း မမှန်းတတ်ဘူးပေါ့နော်။ ကိုယ်လည်း မကျွမ်းကျင်တဲ့ အရာဖြစ်နေတဲ့အတွက်လေ။ ဒါပေမယ့် ကိုယ်သည် ဒီနိုင်ငံမှာနေတဲ့အတွက် ဒီနိုင်ငံကိုချစ်တယ်။ ဒီနိုင်ငံကလူတွေကို ချစ်တယ်။ ဒီက ယဉ်ကျေးမှုတွေကို ချစ်တယ်။ မြန်မာပြည်ဟာ သဘာဝအလှတွေလည်း အပြည့်ရှိတယ်။ အဲ့ဒါတွေကိုလည်း မပျက်ဆီးသွားစေချင်ဘူး။ မြန်မာပြည်ဟာ အခုဆိုရင် ကမ္ဘာက အာရုံစိုက်လာပြီ။ နောင်ဆိုရင် ကမ္ဘာကျော်နိုင်ငံတနိုင်ငံဖြစ်လာမှာ။ အဲ့ဒါကို ယုံတယ်။ ဒီထက် အစစအရာရာ သူများနိုင်ငံတွေနဲ့ တသားတည်းဖြစ်နိုင်မယ့် အဓိက ပညာရေးပေါ့နော်။ နောက် လူတွေ အလုပ်အကိုင်ရရှိဖို့။ အဓိက ပညာရေးမြင့်လာမယ်ဆိုရင် ဘယ်တော့မှ နောက်ကျကျန်ခဲ့မယ့် တိုင်းပြည်တခု မဟုတ်ဘူးလို့၊ အဲ့လိုဖြစ်လာလိမ့်မယ်။ အ့ဒီတော့ အနာဂတ်မှာ တကယ့်ပညာတတ်တွေ အရမ်းပေါကြွယ်ဝပြီး အရမ်းကိုပြည့်ဝတဲ့ တိုင်းပြည်တခုဖြစ်ပါစေလို့ အဲ့ဒါလေးကို မျှော်လင့်တယ်။ ။