၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်အခြေစိုက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ထောက်လှမ်းရေးအဖြစ် စွပ်စွဲ၊ စစ်ဆေး၊ ကွပ်မျက်သည့်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၁ အကုန်မှစပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြသည်။ ပြုလုပ်သူ၊ အပြုခံရသူ ယင်းတို့နှင့် ပတ်သက်သူများ ထံမှလည်း ပြောဆိုချက်များ၊ အထောက်အထားများ၊ အမှတ်တရပွဲများ၊ ဖြေရှင်းရေးကိစ္စများ ပြောဆိုလာကြသည်။
ယင်းကိစ္စဖြစ်ပွားစဉ်က ABSDF မြောက်ပိုင်းတွင် တာဝန်ယူခဲ့သူတချို့သည်လည်း ယခုအခါ ပြည်တော်ပြန်လာကြပြီဖြစ်ပြီး ကာကယံရှင်များ ဘက်မှလည်း ပြည်တွင်းတွင် တရားဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ရန် အမှုဖွင့်စွဲဆိုမှုများ ရှိလာသည်။ ABSDF ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာ နိုင်အောင်ကလည်း ဥပဒေကြောင်းအရ ယင်းကိစ္စကို ဖော်ထုတ်ရာတွင် ပူပေါင်းပါဝင်ပါမည်ဟု ထုတ်ဖော်ပြောဆိုထားမှုလည်း ရှိသည်။
ထိုစဉ်က ဖမ်းဆီး နှိပ်စက်ခံခဲ့ရသူ ကာယကံများကိုယ်တိုင်က ထုတ်ဖော်ရန် အချိန်မကျသေးဟု ယူဆထားခဲ့ကြရာမှ အနှစ် ၂၀ ခန့် ကြာပြီးနောက် ယခုကာလတွင် ပြန်လည် တစခန်းထလာခြင်းဖြစ်သည်။
ABSDF မြောက်ပိုင်း သတ်ဖြတ်အရေးယူမှုကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ၂၀၀၂ ခုနှစ် ဇွန်လတွင် ထုတ်ဖော်ရေးသားခဲ့သေးသည်။
ဖမ်းဆီးခံရပြီးနောက် လွတ်မြောက်လာသူ တဦးဖြစ်သည့် ကိုထိန်လင်း ယမန်နှစ်က ရေးသားခဲ့သည့် “ကျနော် သန်းကြွယ်သူဌေး ဖြစ်စဉ်က” နှင့် “ကျနော် လူကက်ဆက်” ဆောင်းပါးများမှစ၍ အချိန်တိုကာအတွင်း၌ပင် ယင်းမြောက်ပိုင်းကိစ္စ အသေးစိတ် ပြောဆိုချက်သားချက်များ၊ ခံခဲ့ရသူ ကာကယံရှင်များနှင့် နီးစပ်သူများ ကိုယ်တိုင်ပါဝင် ဆွေးနွေးသည့် Facebook ဆွေးနွေးချက်များ၊ ပြည်တွင်း ပြည်ပ မီဒီယာများမှ မေးမြန်း ရေးသား ထုတ်လွှင့်ချက်များ ပေါ်ပေါက်လာခဲ့သည်။
ယင်းကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ရသူ တဦးဖြစ်သည့် ကိုမောင်မောင် (ရွှေကရဝိတ်) ၏ မှတ်တမ်းတင်စာအုပ် “ခေတ်သစ် ဟင်္သာကိုးသောင်း” စာအုပ်သည်လည်း ဆင်ဆာခွင့်ပြုချက်ရပြီး ထွက်ရှိခဲ့သည်။
ရှုပ်ထွေးသည့် ယင်းကိစ္စတွင် စွပ်စွဲအရေးယူသူများ၊ စွပ်စွဲ ဖမ်းဆီး ကွပ်မျက်ခံရသူများနှင့် ပတ်သက်၍ အများအပြား ထုတ်ဖော်ရေးသားနေကြသော်လည်း ယင်းစွပ်စွဲမှုများကို ဖြစ်ပေါ်စေသည့် အဓိက လက်သည် “စစ်ထောက်လှမ်းရေး” ကိစ္စနှင့် ပတ်သက်၍ ဝှက်ဖဲ ဖြစ်နေဆဲ ဖြစ်သည်။
ထိုခေတ် နဝတအစိုးရ၏ စစ်ထောက်လှမ်းရေးက ထိုကိစ္စတွင် မည်သည့်အတိုင်းအတာအထိ ဝင်ရောက် ပတ်သက်နေသည် ဆိုသည်ကို ထုတ်ဖော်မှု မရှိသလောက်ပင် ဖြစ်သည်။ ယင်းကိစ္စတွင် အဓိက တာဝန်ရှိသူတဦးဖြစ်သည့် ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့်သည်လည်း သက်ရှိထင်ရှားရှိနေပြီး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ဖြစ်သည်။
ဤသတ်ဖြတ်မှုကိစ္စတွင် စွပ်စွဲ သတ်ဖြတ်သူ၊ သတ်ဖြတ်ခံရသူ၊ ယင်းကိစ္စများ ဖြစ်ပေါ်အောင် ဝင်ရောက်သွေးထိုး နှောက်ယှက်သူ စသည့်ကိစ္စများတွင် ဝှက်ဖဲဖြစ်နေသည့် တတိယ အုပ်စုကိုလည်း ဖော်ထုတ်သင့်သည်။ သက်ဆိုင်ရာ ကာယကံရှင်များ သက်ရှိထင်ရှားရှိနေဆဲဖြစ်ရာ ဒီမိုကရေစီနည်းလမ်းကျစွာ ဖော်ထုတ်ခြင်း၊ ပြုလုပ်ခဲ့သမျှအတွက် တာဝန်ခံစေခြင်းတို့ကို ဖြစ်မြောက်အောင် လုပ်သင်သင့်ပါသည်။
တဆက်တည်းပင် ABSDF မြောက်ပိုင်း လူသတ်မှုကိစ္စကို တရားမျှတမှု လမ်းကြောင်းပေါ် ဆွဲတင်သည့်နည်းတူ ယခင်စစ်အစိုးရများလက်ထက် တရား ဥပဒေမဲ့ သတ်ဖြတ်ခဲ့မှုများကိုလည်း သက်ဆိုင်ရာ ကာယကံရှင်များက တာဝန်အပြည့်အဝယူရန် အနှေးအမြန် ထုတ်ဖော်သင့်ပါသည်။
၁၉၆၂ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗုံးခွဲမှု၊ ၁၉၈၈ အရေးအခင်းတွင် ပစ်ခတ်၊ ဖမ်းဆီးခံရပြီး သေဆုံးရမှု၊ ၂၀၀၃ ဒီပဲယင်း လုပ်ကြံမှုများမှသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သေဆုံးမှုများအထိ ယခင်စစ်အစိုးရ လက်ထက်များတွင် ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် ပတ်သက်၍ မည်သူကမျှ တာဝန်ခံခြင်း မရှိသေးပေ။
ထိုစစ်အစိုးရ လက်ထက်များ၏ အမှောင်ဖုံးသောခေတ်တွင် တရားလက်လွတ်၊ ကမ္ဘာသိ လုပ်ဆောင်ခဲ့သော မတရားမှုများသည် ယနေ့ခေတ် ဒီမိုကရေစီပွင့်လင်းလာမှုတွင် မှေးမှိန်ပျောက်ပျက်သွားမှု မဖြစ်သင့်ပါ။ မဝေးသေးသော အတိတ်မှ ယင်းလုပ်ဆောင်ခဲ့မှုများအတွက် တာဝန်ရှိနေသူများအနေဖြင့် ဒီမိုကရေစီနှုန်းစံများအောက်တွင် တာဝန်ခံမှုရှိလာစေရန် အနှေးနှင့်အမြန် ဖော်ထုတ်သင့်ပါသည်။ ။