“နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်း နှင့် တွေ့ဆုံခြင်း (ပထမပိုင်း)

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိက လုပ်ဆောင်နေသူတဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် သြဂုတ်လကုန်တွင် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်တော်တွင် တွေ့ဆုံမေးမြန်းခဲ့သည်။ မိမိကိုယ်ကိုယ် “နယ်စည်းမခြား ဝန်ကြီး” ဟု ပုံဖော် ပြောဆိုသွားသော သမ္မတရုံး ဝန်ကြီးသစ် ဦးအောင်မင်းအနေဖြင့် လုပ်ဆောင်မည့် တာဝန်များ၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြုံရသည့် စိန်ခေါ်မှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ နယ်စပ်ရှိ ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စများကို မေးမြန်းထားပါသည်။

မေး။     ။ အခု ဝန်ကြီးဌာန အပြောင်းအလဲ နောက်ပိုင်းမှာ အခုဆိုရင် သမ္မတရုံးဝန်ကြီး ဖြစ်လာပြီဆိုတော့ ဘယ်လိုတာဝန်တွေကို ထမ်းဆောင်ဖို့ အစီအစဉ် ရှိပါသလဲ။

ဖြေ။     ။ ကျနော်တို့ ဝန်ကြီးဌာနက အမျိုးသားလုံခြုံရေး။ အမျိုးသားလုံခြုံရေးမှာ ဘာတွေပါလဲဆိုရင် တိုင်းရင်းသားရေးရာကိစ္စတွေ၊ အဲဒါတော့ အဓိကပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားရေးရာကိစ္စက Peace process လုပ်တဲ့အခါမှာ လုပ်ငန်းက မထင်မှတ်ဘဲနဲ့ အဖွဲ့တွေအများကြီးနဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ အခါကျတော့ လုပ်ငန်းတွေက အရမ်းများတာ။ အရင်တုန်းကတော့ ဒီကိစ္စကို အားလုံး လေး၊ ငါး၊ ခြောက်ယောက်လောက်နဲ့ လုပ်တာ။ အခုကတော့ လေး၊ ငါး၊ ခြောက်ယောက်နဲ့ လုပ်လို့မရတော့ဘူး။ အင်နဲ့အားနဲ့ လုပ်ရမှာ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒီတိုင်းရင်းသားရေးရာ ကိစ္စက အဓိကထားပြီးတော့  လုပ်တာ။

တိုင်းရင်းသားရေးရာကိစ္စမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေး ဒီကိစ္စတွေကတော့ အဓိကပဲ။ အဲဒါပြီးတဲ့အခါမှာ ကျနော့်ကို ဘာထပ်ပြီးတော့ ပေါင်းပေးထားလဲဆိုတော့ NGO အဖွဲ့တဲ့။ အရင်တုန်းကတော့ NGO ဆိုတဲ့ အခန်းကဏ္ဍက လူတွေကသိပ်ပြီးတော့ နားမလည်ကြဘူး။ NGO ရဲ့တန်ဖိုးကိုလည်း နားမလည်ဘူး။ NGO ကိုလည်း ရှေ့တန်းမတင်ချင်ဘူး။ အခုကတော့ NGO ကိစ္စက တကယ်တော့ ကမ္ဘာမှာလည်း NGO တွေပဲ အစိုးရကိုယ်စား သူတို့ပါဝင်ပြီးလုပ်မှ ကျယ်ကျယ်ပြန့်ပြန့် အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်တာဖြစ်တဲ့တွက် NGO ကိုလည်း ကျတော်က တာဝန်ယူရတယ်။

နောက်တခုကတော့ သဘာဝဘေးအန္တရာယ်။ အဲဒီဘေးအန္တရာယ်တွေဖြစ်လာပြီဆိုလဲ ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ပြီးတော့ ကျနော်လုပ်ပေးရတယ်။ ဒါတွေအားလုံးက ကျနော့်ဌာနကနေ လုပ်သွားရမှာပေါ့။

မေး။     ။ ဝန်ကြီးက အရင်တုန်းကဆိုရင် ရထားဝန်ကြီးအဖြစ်နဲ့ ဝင်လုပ်ခဲ့တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ကိစ္စတွေမှာ ဝန်ကြီး အောင်မြင်မူတွေ အများကြီးရခဲ့တယ်ဆိုပြီး နိုင်ငံတကာကရော ပြည်တွင်းကရော အသိမှတ်ပြုတာ ဖြစ်ပါတယ်။ အဲဒီ ကိစ္စတွေမှာကျတော့ ဒီဌာန လက်ရှိအသစ်မှာ ဘာတွေ ဆက်ပြီး လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ကိစ္စတွေ၊ အမျိုးသားရင်ကြားစေ့ရေး ကိစ္စတွေမှာ။

ဖြေ။     ။ အရင်တုန်းကတော့ သမ္မတကြီးကနေ ကျနော့်ကို ရထားဝန်ကြီးကနေ ဒီအလုပ်ကိုခေါ်ပြီး တာဝန်ပေးတာပေါ့။ သမ္မတကြီးကလည်း ကျနော်နဲ့အတူတူ ငယ်ငယ်လေးကတည်းက ရှေ့တန်းမှာ နေခဲ့ဖူးတယ်။ ဒေသတွေအားလုံး ရောက်ခဲ့ဖူးတယ်။ အဲဒီတော့ ဒီတိုင်းရင်းသားကိစ္စ ဖြေရှင်းဖို့ဆိုတာ သူတို့အကြောင်း မသိဘဲနဲ့ သူတို့ ဓလေ့ထုံးတမ်းတွေ၊ သူတို့ရဲ့ နယ်မြေအကြောင်း၊ ဒါတွေကို မသိဘဲနဲ့ လူတယောက်ကို အစိမ်းသက်သက် ခိုင်းရင်တော့ အောင်မြင်ချင်ရင် အောင်မြင်မယ်၊ သို့သော်လည်းဘဲ ကြာနိုင်တာပေါ့။ ကျနော်တို့က ငယ်ငယ်လေးကတည်းက မြန်မာပြည်တပြည်လုံးမှာ မရောက်ဖူးတဲ့နေရာ တခုမှလည်း မရှိဘူး။ အကုန်လုံးက ပြောရင်တော့ ကျနော့်တို့ နားရွက်အရာတွေချည်းပဲပေါ့ဗျာ။ ဘာလဲဆိုတော့ ခေါင်းချပြီး အိပ်ခဲ့တဲ့ နေရာတွေပေါ့ဗျာ။

ကျနော်တို့ စလုပ်တုန်းကလည်း ဒီလုပ်ငန်းလေးက သေးသေးလေးပဲ၊ ဒါလုပ်ပြီးလို့ ပြီးသွားရင် ပြီးသွားပြီ။ ဒီ Mission တခုကို ကျနော် Complete လုပ်လိုက်ရင် ကျနော့်တာဝန် ပြီးပြီလို့ ကျနော်တွက်ခဲ့တာပဲ။ တကယ် ထဲထဲဝင်ဝင် လုပ်တဲ့အခါကျတော့ ဒီလုပ်ငန်းကြီးက တကယ့်ကို ကြီးမားတဲ့ လုပ်ငန်းပဲ။ နောက်တခုကလည်း ကျနော်တို့က သမ္မတကြီးချပေးတဲ့ မူအရ သူတို့ကို ထာဝရငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ရမယ်ဆိုပြီးတော့ တာဝန်ပေးလိုက်တဲ့အခါမှာ နောက်ထပ်လုပ်ရမယ့် Process တွေက သိပ်ပြီးတော့ များလာတာပေါ့။ များလာတဲ့ အခါမှာကျတော့ သမ္မတကြီးကလည်း ကဲ … အဲဒါဆိုရင်တော့ ဒီကိစ္စကိုပဲ မင်းသီးသီးသန့်သန့်လုပ် ရထားကိစ္စတွေကို မကိုင်တော့နဲ့တော့ ဆိုပြီးတော့ ကျနော့်ကို ဒီဝန်ကြီးဌာနကို ရွှေ့ပေးလိုက်တာပါ။

မေး။     ။ တိုင်းရင်းသား ကိစ္စတွေက ကချင်ပြည်မှာလည်း တိုက်ပွဲတွေ ဖြစ်တယ်။ ရှမ်းပြည်နယ် တချို့နေရာတွေမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်လို့ သိရတယ်။ စိန်ခေါ်မူတွေက ဘယ်လောက်ကြီးကျယ်နိုင်လဲ။

ဖြေ။     ။ သူတို့ရဲ့ အဓိက တကယ်လိုချင်တာကတော့ သူတို့ပြောပြောနေတဲ့ တန်းတူညီတူအခွင့်အရေး ရရှိရေးက သူတို့ရဲ့ အဓိကအချက်ပါပဲ။ အဲတော့ တန်းတူညီတူမှာ ဘယ်နေရာတွေမှာ သူတို့က လိုချင်လဲဆိုရင် နိုင်ငံရေးကိစ္စတွေရော၊ နေ့စဉ်သွားလာနေတဲ့ လူမှုရေးကိစ္စရပ်တွေမှာရော၊ ဒီကိစ္စတွေအား လုံးမှာ သူတို့က တန်းတူညီတူအခွင့်အရေး လိုချင်တယ်။ လိုချင်တဲ့ အခါကျတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရုံနဲ့ မပြီးနိုင်ဘူး။ မပြီးနိုင်တဲ့အခါကျတော့ နေက်ထပ်ဆက်လုပ်ရမှာက သူတို့မတရားဘူးလို့ စိတ်ထဲမှာ နှစ်ပေါင်း ၆၀ လောက် ခံစားခဲ့ရတဲ့ ဒီဒုက္ခတွေ အားလုံးကို သူတို့က ရင်ဖွင့်ကြမှာပဲ။ ပြောကြမှာပဲ။ တောင်းဆိုကြမှာပဲ။

ဒါတွေအားလုံးကို တခုချင်း ဖြေရှင်းပေးရမှာပေါ့။ သူတို့ကျေနပ်တဲ့အထိ ကျနော်တို့ ဖြေရှင်းပေးမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေးဆိုတာ ရလာမှာပဲလေ။ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားတွေအားလုံးရဲ့ တောင်းဆိုချက်တွေအားလုံး၊ ခံစားချက်တွေအားလုံး တပြေညီဖြစ်အောင်လုပ်ဖို့ဆိုတာ အချိန်အများကြီး ယူရမှာပေါ့နော်။ ဒါတွေက စိန်ခေါ်မူတွေပါပဲ။

မေး။     ။ ကရင်နဲ့ဆို အောင်မြင်မူတွေ အများကြီးရတာ တွေ့ရတယ်။ Code of conduct ဆိုတာမျိုး သဘောတူညီမှု တခုတော့ ရှိတယ်။ နှစ်ဘက်စလုံးက အထက်ကို ပြန်တင်ပြကြတယ်။ အစိုးရဘက်ကဆိုရင်လည်း သမ္မတဘက်ကို ပြန်ပြီးတင်ပြရတယ် ဆိုတာမျိုး Code of conduct တွေပေါ့။ အဲဒါတွေကို အကျယ်ချဲ့ပြီး သိခွင့်ရမလား။

ဖြေ။     ။ သူတို့တင်ပြတဲ့ Code of conduct က ကျနော်တို့တပ်မတော်မှာလည်း တကယ်တော့ Code of conduct  ဆိုတာ ရှိပါတယ်။ အားလုံးပေါင်းလိုက်ရင် ကျင့်ဝတ် ၆၀ ရှိတယ်။ အခု ကရင်ကနေ တင်ပြတဲ့ Code of Conduct ကို ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ သူက International Convention ထဲမှာ ပါတဲ့ကိစ္စတွေပဲ။ ဥပမာ Human Right တို့ Child Soldier ဒါတွေအားလုံး ဒီ Convention ထဲမှာပါပြီးသား ကိစ္စတွေပဲ။ အဲဒီတော့ ဒါကို ဥပဒေလမ်းကြောင်းအရ ရေးတဲ့အခါကြတော့ ပိုရှည်သွားတာပေါ့။ သူတို့တင်ပြတဲ့ အချက်တွေ အားလုံးပေါင်းလိုက်ရင် စာမျက်နှာ ၄၀ လောက်ရှိတယ်။ အဲဒီ ၄၀ လောက်ကို ကျနော်တို့ နှစ်ဘက်ညှိလိုက်တဲ့အချိန်မှာ ၁၄ မျက်နှာလောက် ကျန်တယ်။ အဲတော့ သူတို့ဘက်က တင်ပြတဲ့အချက်တွေကလည်း ကျနော်တို့ အခုတပ်မတော်က ကျင့်သုံးတဲ့ ကျင့်ဝတ် ၆၀ ပါပဲ။

ဒီ Code of Conduct ဆိုတာ တဘက်တည်း လိုက်နာရမယ့် ဥစ္စာမဟုတ်ဘူး၊ နှစ်ဘက်လိုက်နှာရမယ့် ဥစ္စာ။ အဲဒီတော့ ကျနော်တို့ ကျင့်ဝတ် ၆၀ ကို တင်ပြတယ်။ သူတို့က Code of Conduct ကိုတင်ပြတယ်။ ဒါတွေအားလုံးကို ပေါင်းစပ်ပြီးတော့ တစ်ခုတည်းဖြစ်အောင် လုပ်ရမယ်။ ဒီ ၁၄ မျက်နှာကိုလည်း ကျနော်တို့က မူအားဖြင့် သဘောတူတယ်။ သူတို့ကိုလည်း အခွင့်အရေး ပေးထားပါတယ်။ ဖြည့်ချင်ရင် ထပ်ဖြည့်အုန်း၊ ပြင်ချင်ရင် ထပ်ပြင်ဦး။ လောလောဆယ်ဆယ် တင်ပြထားတာတော့ မူအားဖြင့် သဘောတူတယ်။ ဒါကို ကျနော်တို့က လက်မှတ်ရေးထိုးလိုက်တာပဲ။

မေး။     ။ ကရင်နဲ့ မြန်မာအစိုးရကြားမှာ အစဉ်ပြေနေသော်လည်းပဲ ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေကြ တာကို အပြင်မှာရော အထဲမှာရော ဝိုင်းပြီးရေးကြတယ်။ ကချင်ဖြစ်နေတဲ့ တိုက်ပွဲက ထိုးစစ်ဖြစ်တာလား၊ ခံစစ်ဖြစ်တာလား တပ်မတော်ဘပ်က ကြည့်မယ်ဆိုရင်။

ဖြေ။     ။ ပြောရတာ နည်းနည်း ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်ကတပ်တွေက ဟိုဘက်ကိုကျွံနေတယ်။ ဟိုဘက်က တပ်တွေကလည်း ဒီဘက်ကို ကျွံနေတယ်။ အဲဒီတော့ တချို့နေရာတွေမှာ ထိုးစစ်လို့ ပြောလို့ရပေမယ့် တချို့နေရာတွေမှာ ခံစစ်လို့လည်း ပြောလို့ရတယ်။ အဲဒီတော့ ကျွံနေတဲ့ တပ်တွေအတွက်ကို ကျနော်တို့ဒီကနေ ဘာပဲဖြစ်ဖြစ် သူတို့ စားဖို့သောက်ဖို့အတွက် ရိက္ခာပို့ရမယ်။ ပြီးရင် အဲဒီမှာရှိတဲ့ ဒီလူတွေကို ဥပမာ ၆ လတန်သည်၊ ၈ လတန်သည် ရှေ့တန်းမှာ စစ်ဆင်ရေးအချိန်ပြည့်လာရင် လဲပေးရမယ်။ နောက်ပြီး ဖျားတဲ့နာတဲ့သူရှိရင် ဒီလူနာတွေကို သွားကောက်ပေးရမယ်။ အဲဒီလို ကျွံတဲ့တပ်တွေကို ဒီလိုကောက်ပေးတဲ့အခါမှာ ကြားက ဖြတ်တိုက်ခံရရင် ဒါ ထိုးစစ်လည်း မဟုတ်ဘူး၊ ခံစစ်လည်းမဟုတ်ဘူး။ အက်ဒမင်လမ်းကြောင်းမှာဖြစ်တဲ့ တိုက်ပွဲတွေပဲ။ အခု ဖြစ်စဉ်တွေအားလုံးကို ကြည့်တဲ့ အခါမှာ ဒီလိုတပ်တွေ ရောယှက်နေလို့ ဖြစ်တဲ့တိုက်ပွဲတွေပဲ။ ဒီလိုပဲ မြင်တွေ့ရ ပါတယ်။ တယောက်က တယောက်ကို အပြုတ်တိုက် ချေမှုန်းဖို့ တောင်ကုန်းတကုန်းကို တက်တိုက်တာတို့ ဒီလို ဖြစ်စဉ်မျိုးတွေ မရှိပါဘူး။

မေး။     ။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေလည်း မအောင်မြင်ခဲ့ဘူး။ ပြီးတော့ တိုက်ပွဲပေါင်းကလည်း ထောင်ကျော်တယ်လို့ ပြောကြတယ်။ ကချင်နဲ့ မြန်မာအစိုးရကြားမှာ အဓိကဖြစ်နေတဲ့ ပြသနာက ဘာကိုမကြေမလည် ဖြစ်နေလဲ။ ဘယ်ဟာကို ဖြေရှင်းလို့မရဘူး ဖြစ်နေတာလဲ။

ဖြေ။     ။ ဒီဖြစ်စဉ်ကို ပြောရရင် ဒါက လွန်ခဲ့တဲ့ တပ်မတော်အစိုးရ လက်ထက်ကတည်းက စခဲ့တဲ့ ပြဿနာ။ အခုကျနော်ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ ပစ်ခပ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တယ် ဆိုတာဟာ ကျနော်တို့ လက်ထက်စပြီးတော့ ငြိမ်းချမ်းရေး စ စကားပြောတာ။ ဒါ ကျနော် သချၤာအနေနဲ့ အဓိပ္ပာယ်ဖော်ထုတ်ချင်တယ်။ ကျနော် ကျန်တဲ့တိုင်းရင်းသားတွေနဲ့ ပြောတဲ့ကိစ္စကို Zero ကနေ စပြောတယ်လို့ မှတ်ပါတယ်။ Zero ကနေ စပြောရင် အခု ကျနော်ဘာပဲဖြစ်ဖြစ် တိုးတက်မှုရတာပေါ့ဗျာ။ Cease-fire လုပ်တယ်။ ပြီးတော့ ဆင့်ကဲဆင့်ကဲ Agreement လေးတွေ လက်မှတ်ထိုးတယ်။ တချက်သဘောတူရင် တချက်ကောက်ထိုး၊ နှစ်ချက်သဘောတူရင် နှစ်ချက်ကောက်ထိုး၊ ဒါတွေလုပ်တာဟာ Zero ကနေ စပြီးတော့ တက်လာတဲ့ အခါမှာ 1, 2, 3, 4 လောက် ရောက်လာတာပေါ့။

ကချင်ကျတော့ ကျနော်ကစကိုင်တဲ့ အခါမှာ ကချင်ရဲ့အနေအထားက Minus ကနေစတာ၊ Minus 4 (အနုတ် ၄) လောက်က စတာ။ ဘာလို့လဲဆိုတော့ အရင်အစိုးရလက်ထက်မှာ သူတို့ကို BGF (နယ်ခြားစောင့်တပ်) လုပ်ခိုင်းတယ်။ BGF ကို မကျေနပ်လို့ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒီတိုက်ပွဲကြားက ကျနော်စရတာ။ အဲဒီတော့ ကျနော်က သချၤာအရ အဓိပ္ပာယ်ဖော်မယ်ဆိုရင်တော့ Minus 4 (- 4)၊ Minus 5 (- 5) လောက်က စခဲ့တာကိုး။ အခု ကျနော်တဖြည်းဖြည်း လုပ်ရင်းနဲ့ Zero Level ကို ရောက်အောင်မနည်း ကြိုးစားရတယ်။ Ground Level ကို ရောက်အောင် ကြိုးစားရတယ်။ အခုဆိုရင် Minus 1 လောက် ရောက်လာပြီလို့ ကျနော်တွက်တယ်။ အဲဒီတော့ ကျနော် ၃ ကြိမ်သွားခဲ့တယ်။ အလွတ်သဘော တွေ့ခဲ့တယ်။ စတုတ္တအကြိမ်ဟာ ကျနော့်အတွက် သိပ်အရေးကြီးတဲ့ စည်းဝေးပွဲကြီးပဲ။ ကျနော်မြင်တာကတော့ Ground Level ကိုရောက်အောင် ကျနော်က ဆွဲတင်ရမှာကိုး။ အဲတော့ Ground Level ရောက်ဖို့အတွက်က ဟိုဘက်ကို ကျူးနေတဲ့တပ်၊ သူတို့ဘက်က ဒီဘက်ကို ကျူးနေတဲ့တပ်၊ အဲဒီတော့ မင်းတို့ ဆုတ်ပေးပါလို့ပြောရင် ဒီစကားကနည်းနည်းရိုင်းတယ်။ မဆုတ်ပါနဲ့ နည်းနည်းလေး ရွှေ့ပေးပါ။ အဲဒီတော့ ကချင်တိုင်းရင်းသားတွေကလည်း နည်းနည်း ရွှေ့၊ ဗမာ့တပ်မတော်ကလည်း ပထမတခါ ရွှေ့၊ ဒုတိယတခါ ရွှေ့၊ ၃ ခါလောက် ရွှေ့လိုက်ရင် နဂိုနေရာ အနေအထား ရောက်သွားမယ်။ နဂိုအနေအထား ရောက်ပြီဆိုရင်တော့ ဒါဟာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ Cease-fire လုပ်လို့ ရပြီ။ တိုက်ပွဲမဖြစ်တော့ဘူး။ အခုတပ်တွေက ဟိုလူနဲ့ ဒီလူနဲ့ ဒီလူနဲ့ ဟိုလူနဲ့ ကျွံနေတဲ့ အခါကျတော့ ဖြစ်မှာပဲ၊ ဖြစ်ကြမှာပဲ။ အဲဒါကြောင့်မို့လို့ ကျနော်က အခု Minus 1 လောက်ရောက်ပြီ စတုတ္တအကြိမ်တွေ့မယ့် ဆွေးနွေးပွဲဟာ ကျနော့်အတွက် သိပ်ပြီးတော့အရေးကြီးပါတယ်။

ဒါကဘာလဲဆိုရင် ဥပမာအားဖြင့် ကချင်တိုင်းရင်းသားတွေဘက်က ကျနော့်ကို တင်ပြတာရှိတယ်။ စခန်း ၄၀၊ ကျူးနေတဲ့ စစ်ကြောင်း ၄၀ ပေါ့။ ဒါကို ဖယ်ပေးပါလို့ ပြောတယ်။ အဲတော့ ကျနော်ဒီကို ပြန်လာတယ်။ လူကြီးကို တင်ပြတယ်။ တပ်မတော်က အကြီးအကဲတွေ တင်ပြတယ်။ သူတို့ကလည်း ဒီထဲကနေ တချို့ကို ဖယ်ပေးမယ်လို့ ဆိုပြီးတော့ ကတိလည်းရပြီးသား။ အဲတော့ ဒီ စတုတ္တအကြိမ်တွေ့လိုက်ရင် ဒီတပ်တွေက အခုန ကျနော်ပြောတဲ့အတိုင်းပဲ တဖြည်းဖြည်းချင်း ရွှေ့ရင်းရွှေ့ရင်းနဲ့ နဂိုအနေအထားကို ပြန်ရောက်မှာပေါ့ဗျာ။ အဲတော့ ဒီတပ်တွေ ဆုတ်ဖို့အတွက်ကျတော့ ကျနော်က လုပ်လို့ မရဘူး။ နိုင်ငံတော်မှာ စွမ်းအား၃ ခု ရှိတဲ့အအနက်မှာ နိုင်ငံရေးစွမ်းအားရယ် စီးပွားရေးစွမ်းအားရယ်၊ ပြီးရင် စစ်ရေးစွမ်းအား (လုံခြုံမူစွမ်းအား) ဆိုပြီးတော့ ၃ ခု ရှိတာပေါ့။ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စအားလုံးကို ရှင်းပေးလို့ရတယ်။ မူဝါဒနဲ့ မူဘောင်နဲ့ ကိုက်ညီတဲ့ ဥစ္စာတွေ ဥပဒေက ခွင့်ပြုထားတဲ့ ဥစ္စာတွေကို ကျနော် အကုန် ရှင်းပေးလို့ရတယ်။ သို့သော်လည်းပဲ စစ်ရေးစွမ်းအားကိုတော့ ကျနော် ရှင်းပေးလို့ မရဘူး။ ဒါတွေအားလုံးက နှစ်ဘက်တပ်တွေက ဒီဘက်က တပ်ခေါင်းဆောင်တွေနဲ့ ဟိုဘက်က တပ်ခေါင်းဆောင်တွေ ရှင်းရမဲ့ကိစ္စဖြစ်တယ်။

အဲတော့ ဒီဘက်ကလည်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုယ်တိုင် လိုက်တယ်။ အဲဒါကို ဗိုလ်ချုပ်ကြီး စိုးဝင်းလိုက်နေတဲ့ အခါကျတော့ ကျနော့်လို မဟုတ်ဘူးလေဗျာ။ ကျနော်က Minister Without Border (နယ်စည်းမခြား ဝန်ကြီး) လေ။ ကျနော်က သွားချင်တဲ့နေရာ သွားတာကိုး။ သူတို့ စခန်းထဲအထိလည်း ရောက်တာပေါ့။ အခု ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းကျတဲ့အခါကျတော့ ဒီလိုကျနော်သွားသလို သွားလို့မရဘူး။ တဘက်နိုင်ငံတောင်မှ သူကသွားလို့မရဘူး။ အဲတော့ ကျနော်ကပြောပြတယ်။ ဗန်းမော်မှာ တွေ့ရအောင်လို့ ပြောတယ်၊ မဟုတ်ဘူး၊ သူတို့က လွယ်ဂျယ်နားက ပရန်ငေါန်ကျေးရွာမှာ တွေ့မယ်ဆိုပြီးတော့ ပြောသွားတယ်၊ သူတို့နယ်မြေထဲမှာပေါ့။ ကဲ … ဒီနေရာ မကြိုက်ရင် နောက်တနေရာ မူဆယ်မှာ တွေ့ရအောင် ပြောတယ်၊ သူတို့က မဟုတ်ဘူး၊ တဖက်နိုင်ငံ တနေရာ၊ ရွှေလီမှာ တွေ့ရအောင် ပြောတယ်။ ဒီလိုနေရာ ညှိတဲ့အခါမှာ အဆင်မပြေတာလေးတွေ ရှိတယ်။ လာမှာလား၊ မလားဘူးလား အဖြေမရသေးဘူး။ အကယ်၍သာ သူတို့လာဖြစ်မယ်ဆိုရင် အခုန ကျနော်ပြောတဲ့ Minus 1 ကနေ Zero ပြန်ရောက်မယ်။ Zero ကနေ Plus 1, Plus 2, Plus 3 ဆိုတာ ဖြစ်လာမှာပေါ့။

မေး။     ။ အခုန ဝန်ကြီးပြောသွားတဲ့အထဲမှာ အချက်တချက် ပါသွားတယ်။ ဒီတပ်မတော် ကိစ္စပေါ့။ သမ္မတကြီးကတော့ အပစ်အခတ်ရပ်ဖို့တွေ ပြောတယ်။ ဒါပေမယ့် တပ်ကဆက်တိုက်နေတယ် ဆိုပြီးတော့ သတင်းစာဆရာတွေ၊ ကျနော်တို့ ကိုယ်တိုင်က ရေးတယ်။ တပ်က သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုပြီးတော့ ရေးကြတယ်။ အဲဒီရေးသားချက်တွေက မှန်လား။

ဖြေ။     ။ မမှန်ဘူးလို့ ပြောရမှာပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ တပ်ဆိုတာက တပ်မတော်သားတွေက ပိုပြီးတော့ စည်းကမ်းလိုက်နာရမှာပဲ။ ရိုးရိုးအရပ်သားတယောက်အနေနဲ့ အရပ်စည်းကမ်းတခုကို လိုက်နာရုံနဲ့ ပြည့်စုံတယ်။ တပ်မတော်ဖြစ်တဲ့အခါမှာကျတော့ အရပ်စည်းကမ်းလည်း လိုက်နာရတယ်၊ တပ်မတော်စည်းကမ်းလည်း လိုက်နာရတယ်။ တပ်မတော်စည်းကမ်းမှာ အဓိကအရေကြီးတဲ့ အချက်တချက်က အထက်ကပေးတဲ့ အမိန့်ကို နာခံရမယ်ဆိုတဲ့ အချက်က သူ့အတွက် အသက်တမျှ အရေးကြီးတယ်။ ဒါကို မနာခံရင် စစ်မြေပြင်မှာဆိုရင် ပစ်သတ်လို့ ရတယ်။ အဲဒီတော့ အထက်က အမိန့်ပေးထားတဲ့ဟာကို အောက်က မနာခံဘူးဆိုတာ မဖြစ်နိုင်ဘူး။ အခုနပြောတဲ့ တပ်တွေ ဒွေးရောယှက်တင်ဖြစ်ရင်တော့ ကိုယ်က မပစ်ရင် သူကပစ်မှာပဲ။ ရှေ့တန်းမှာကျတော့ ဘွာတေးဆိုတာ လုပ်လို့ရမှမရတာ။ ဒါကြောင့်မို့လို့ အခုန ရူပ်ထွေးတဲ့ အခြေအနေကြောင့် ဒီလို ပြဿနာတွေ ဖြစ်နေတာ။ အဲဒီရူပ်ထွေးတဲ့အချိန်တွေကို ကျနော်က တယောက်နဲ့တယောက် နည်းနည်းနည်းနည်းချင်း ပြန်ရှင်းတဲ့ဥစ္စာ၊ ရှင်းလိုက်ရင် ဒီကိစ္စက ပြီးသွားမှာပဲ။ အဲဒီတော့ ရူပ်ထွေးတာကို ကျနော် ဒီလိုစရှင်းမှ ပြီးမှာလေ။ အဲဒါကြောင့် ကျနော်က ဒီတပ်တွေကို ဖယ်တာပေါ့။ ဖယ်တယ်ဆိုရင် အခု ဒီလို ဖြစ်နေတဲ့ တိုက်ပွဲကလည်း ဖြစ်စရာအကြောင်း မရှိတော့ဘူး။

အဲဒီတော့ တပ်မတော်က အမိန့်မနာခံဘူး ဆိုတာကတော့ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း တပ်မတော်သားပဲ။ အထက်က အမိန့်ပေးရင် ဖြစ်အောင်လုပ်ရမှာပေါ့။ တိတိကျကျ လိုက်နာရမှာပေါ့။ ပေးလည်းပေးပြီးသားပဲ။ စာရွက်စာတမ်းကအစ ကျနော်တို့က ရှိပြီးသားပဲ။ ဒီစာရွက်စာတမ်းတွေကိုလည်း တိုင်းရင်းသား အားလုံးကို လိုက်ဖြန့်ဝေထားတာပဲ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရှုပ်ထွေးနေလို့ ဖြစ်တဲ့အခြေအနေလို့ပဲ ကျနော်ယူဆပါတယ်။ တပ်မတော်က အမိန့်မနာခံတာ မဟုတ်ပါဘူး။

(ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်)

Loading