ပညာရေး ဝန်ထမ်း ကျောင်းဆရာဟောင်း ဦးရွှေထူး(ခ) ဦးအောင်ဇေယျ သည် ၁၉၈၈ ခု ဒီမိုကရေစီ တောင်းဆိုမှုတွင် တက်ကြွစွာပါဝင်ခဲ့သည့်အတွက် ပထမအကြိမ် ထောင်ဒဏ် သုံးနှစ် ကျခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ဒုတိယအကြိမ် နိုင်ငံတော် ပုန်ကန်မှု၊ လက် နက်မှု စသည့် အမှုများဖြင့် တသက်တကျွန်း နှစ်ခါကျကာ ရှမ်းပြည်နယ် တောင်ကြီးမြို့ အကျဉ်းထောင်မှ ယမန်နေ့ည ၁၁နာရီခန့်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
၎င်းသည် မန္တလေးဇာတိဖြစ်ပြီး မြန်မာ့ တပ်မတော်မှ တပ်မဟာ(၁၃) တပ်မင်းကြီးဟောင်း ဗိုလ်မှူးကြီး ဘဖြူ ၏ ဒုတိယ မြောက် သား ဖြစ်သည်။
လွတ်မြောက်လာသည့် ဦးရွှေထူးကို ဧရာဝတီသတင်းထောက် ရန်ပိုင်က ထောင်တွင်းအခြေအနေနှင့် လက်ရှိနိုင်ငံရေး အပြောင်း အလဲ အပေါ် အမြင်များကို ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ဆရာ ဦးရွှေထူးကို ဘယ်တုန်းက ဖမ်းတာပါလဲ၊ ဖမ်းဆီးစွဲချက်တင်တဲ့ ပုဒ်မများကို သိပါရစေ။
ဖြေ။ ။ ၁၉၉၈ ခုနှစ် မေလ ၃၀ရက်မှာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ (က)၊ တရားမဝင်အသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၂)၊ လက်နက်ပုဒ်မ ၁၉(စ)၊ ဖောက်ခွဲပုဒ်မ ၅ အဲဒီပုဒ်မ ၄ ခုနဲ့ ဖမ်းတယ်၊ မန္တလေးထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၄၂ နှစ် ချတယ်၊ ကျွန်း နှစ်ကျွန်းနဲ့ ၂နှစ် ပြစ်ဒဏ်ချတယ်ပေါ့ဗျာ၊ ဒါပေမယ့် ကျနော်တို့ကို တရားဆိုင်ရင်ဖို့ ရှေ့နေငှားခွင့်၊ ချေပခွင့်၊ မိသားစုနဲ့ တွေ့ခွင့် ဘာတခုမ ှမပေးဘူး။ ကျနော့် အမှုတွဲက စုစုပေါင်း ၂၆ ယောက် ရှိတယ်၊ အများစုက ABSDF(မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-မြောက်ပိုင်း) က ပြန်လာတဲ့သူတွေ ရဲဘော်ဟောင်းတွေ ချည်းပဲ။
စစ်ကြောရေး ကာလက မန္တလေး ထောက်လှန်းရေး(၁)မှာ ၂၈ ရက်ကြာတယ်၊ အဲဒီ ၂၈ ရက်လုံးကတော့ အလူးအလဲအစစ်ခံရ တယ်။
မေး။ ။ လက်နက်မှု ဆိုတာ ဘယ်လို လက်နက်မျိုးကိုတွေ့လို့ စွဲချက် တင်ပါသလဲ။
ဖြေ။ ။ လက်နက်မှုဆိုတာဗျာ၊ အဖေက ကျနော် ၇ တန်းအောင်လို့ လက်ဆောင်ဝယ်ပေးထားတဲ့ အင်္ဂလန်နိုင်ငံလုပ် နံပါတ်ဝမ်း လေသနတ် အပျက်လေးပါ၊ အဲဒါကို လက်နက်ပုဒ်မ တပ်လိုက်တာ၊ ရှာဖွေပုံစံမှာလည်း အပျက်ဆိုတာ ပါပြီးသားပါ။
မေး။ ။ ထောင်တွင်း လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ နိုင်ငံတကာကြက်ခြေနီ(ICRC) လာရောက်ပြီးတဲ့နောက်ပိုင်းမှာတော့ ပုဒ်မ ၅ ည တွေ နိုင်ငံရေးအကျဉ်းသားတွေ အပေါ် မှာတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံလာတယ်၊ ကျွေးတာမွေးတာတွေ ကောင်းလာတယ်၊ ဒါပေမယ့် ရိုးရိုး အကျဉ်းသားတွေ အပေါ်မှာတော့ ဆက်ဆံတာ ဆိုးတယ်၊ ပုံစံအပြည့်တော့ ကျွေးပါရဲ့၊ လူတွေက မတရားများလာတယ်၊ လူ ၁၀၀ လောက်ထားရ မယ့် အခန်းတွေမှာ ၃၀၀ လောက် ထားတယ်၊ လူတွေက တယောက်နဲ့ တယောက် ထပ်နေတယ်၊ အဲ့ဒီ ဒုက္ခ တော်တော်ကြီးတယ်၊ အထဲမှာ ကျန်ခဲ့တဲ့ ရိုးရိုး အကျဉ်းသားတွေက မှာပါတယ်၊ အဲဒီလို ဖြစ်ပျက်နေတာတွေကို ဆရာတို့ ပြောပေးပါဦးလို့ မှာပါတယ်။
မေး။ ။ ICRC အဖွဲ့ အကျဉ်းထောင်တွေကို မသွားရောက်ခင် က ဘယ်လိုအခြေအနေရှိလဲ၊ တော်တော်ဆိုးလား။
ဖြေ။ ။ ကြက်ခြေနီအဖွဲ့ မလာခင်ကတော့ တော်တော်ဆိုးပါတယ်၊ ရိုက်တာတွေ နှက်တာတွေ၊ အကျွေးအမွေးမှာ ထမင်း၀ အောင် မကျွေးတာတွေ၊ အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့ရတယ်၊ ကြုံရတယ်၊ အဆိုးဆုံးကတော့ ရဲဘက် ထုတ်ပြီး အလုပ်ကြမ်း ခိုင်းတာတွေပါ၊ အခုလည်း ရှိနေတုန်းပဲ။
မေး။ ။ ထောင်ထဲမှာ စာဖတ်ရတယ် ပြောကြတယ်၊ အဲဒီတော့ နိုင်ငံရေး သတင်းတွေ ဘာတွေ ကြားရလား။
ဖြေ။ ။ ဖတ်ရတယ်၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရေဒီယိုလည်း နားထောင်ရတယ်၊ စာကတော့ လွတ်လွတ်လပ်လပ် ဖတ်လို့ရ တယ်၊ ရေးလို့လည်း ရတယ်၊ အခုလည်း စာတပုဒ်ရေးနေတယ်၊ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ အချိန်ကစပြီး ဒီနေ့အထိ မပြီးသေးတဲ့ ပြည်တွင်းစစ်ကို နောက်ခံထားတဲ့ ဝတ္တုရှည်တပုဒ် ရေးနေတယ်။
မေး။ ။ ထောင်ထဲမှာ လွတ်လွတ်လပ်လပ် စာဖတ်ရတယ်ဆိုတော့၊ လက်ရှိ တိုင်းပြည်မှာဖြစ်နေတဲ့ အစိုးရအပြောင်းအလဲ၊ နိုင်ငံ ရေး အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်ပါသလဲ။
ဖြေ။ ။ စသိရချင်းမှာတော့ တော်တော်လေး သံသယရှိတယ်၊ နောက်ဆုံး ဝန်ကြီးအပြောင်းအလဲ လုပ်လိုက်တာတွေ၊ ဒေါ်အောင် ဆန်းစုကြည် လွှတ်တော်ထဲရောက်လာပြီး ရေးရာကော်မတီမှာ ပါလာတာတွေ၊ နောက်ဆုံးရန်ကုန်မှာ လုပ်သွားတဲ့ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး အထူးအစည်းအဝေး စတာတွေကို ဖတ်ရတော့၊ ပြုပြင်ပြောင်းလဲရေးတွေဘက်က အားသာလာတယ်လို့ ထင်တယ်။
မေး။ ။ အခုလို စစ်အစိုးရက နိုင်ငံရေးပုဒ်မ၊ လက်နက်ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲခံခဲ့ရတာ၊ လူအခွင့်အရေး ချိုးဖောက် ခံရ တာတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ သင်ခန်းစာတွေ များလှပါတယ်၊ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးသာ အမှန်တကယ်ရှိရင် ဒါတွေလျော့နည်းသွားမှာ ပါ၊ ဒီနေရာမှလည်း တရားဥပဒေစိုးမိုး ဖို့ အထက်ချည်းလုပ်နေလို့ မရဘူးလေ၊ ပြည်သူအားလုံးက ကိုယ့်ရပိုင်ခွင့်တို့ ၊ စောင့်ရှောက် ကာကွယ်ရမယ့် အပိုင်းတို့၊ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှု၊ ဒီမိုကရေစီဆိုင်ရာ ပညာပေးမှုတွေ အများကြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ရမှာပါ။ အခုလည်း တချို့တွေ စတင်လုပ်ဆောင်နေတာကို တွေ့နေရပါပြီ။ ကျနော်လည်း တပ်မိသားစု အသိုင်းအဝန်းကပါပဲ၊ တပ်မတော်ကိုလည်း တိုင်းပြည်တည်ဆောက်ရေးမှာ ပါဖို့ ပြောချင်ပါတယ်။
မေး။ ။ ဆရာဦးရွှေထူး လွတ်မြောက်ရေးအတွက် ပြင်ပကနေ ဝိုင်းဝန်းကြိုးစားပေးခဲ့တဲ့ မိတ်ဆွေတွေကို ဘာများ စကားပါးချင်ပါ သလဲ။
ဖြေ။ ။ ကျနော်တို့ ရဲဘော်တွေအားလုံး ကျရာနေရာကနေ ဒီမိုကရေစီအရေး၊ လူအခွင့်အရေး လုပ်ခဲ့ကြတယ်၊ ရှေ့ကိုလည်း လုပ်ရဦးမယ်၊ ပွဲက အခုမှ စတာလို့ မြင်တယ်၊ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း စကားအတိုင်း တက် မထောင်မိဖို့ လိုတယ်၊ ဂိုဏ်း ဂဃ အယူအဆ မကွဲဖို့ လိုတယ်၊ ဒီစကားပြောရတာက အဲဒီလို အကွဲအပြဲ အရိပ်အယောင်တွေ စတွေ့နေရလို့ပဲ။ ။