စက်တင်ဘာလ ၁၇ ရက်နေ့က နောက်ဆုံးထုတ်ပြန်လိုက်သော လွတ်ငြိမ်းချမ်းသာမိန့်ဖြင့် အကျဉ်းသား ၅၁၄ ဦးကို အစိုးရက လွှတ်ပေးလိုက်ရာ ၁၉၈၅ ခုနှစ်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ကချင်တိုင်းရင်းသား Lခွန်ဖန်နှင့် အရာရှိ တပ်သားတချို့ကို မြစ်ကြီးနား မြို့ပေါ်တွင် လုပ်ကြံခဲ့မှုဖြင့် သေဒဏ်ကျခံရသူ အသက် ၄၉ နှစ်ရှိ ဦးလဖိုင်ဇော်ဆိုင်းလည်း ပါဝင်ခဲ့သည်။ ဦးလဖိုင် ဇော်ဆိုင်းသည် အကျဉ်းထောင်တွင်း ၂၇ နှစ်ကြာ နေထိုင်ခဲ့ရသူ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) မှ ကွန်မန်ဒို ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး ရန်ကုန်မြို့ ၃၈ လမ်းရှိ ကွန်ဖူးစိုးမြင့်၏ သင်တန်းတွင် ခါးပတ်နက် အဆင့်အထိ ကိုယ်ခံပညာ သင်ကြားခဲ့သည့်အပြင် တရုတ်ပြည်တွင်လည်း ကွန်မန်ဒို သင်တန်း တက်ရောက် ခဲ့ဖူးသူ ဖြစ်သည်။ ၁၉၈၇ ခုနှစ်က သေဒဏ်ကျခံခဲ့ရပြီး မြစ်ကြီးနားထောင်၊ မန္တလေးထောင် တို့တွင် နေခဲ့ရကာ ယခုနောက်ဆုံး မြင်းခြံ အကျဉ်းထောင်မှ ပြန်လွတ်လာ၍ ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် ဦးလဖိုင် ဇော်ဆိုင်းကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် လင်းသန့်က ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ ကိုလဖိုင်ဇော်ဆိုင်းရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိပါသလဲလဲ။ အခု လွတ်လာတော့ စိတ်ထဲမှာ ဘယ်လိုခံစား ရလဲ။
ဖြေ။ ။ လွတ်လာတော့ စိတ်ချမ်းသာတာပေါ့ဗျာ။ ကျနော်အခု ကိုကျော်သူတို့ နာရေးကူညီမှု အသင်းက ဆေးခန်း မှာ ဆေးစစ်ခဲ့တယ်။ နှလုံးသွေးကြော နည်းနည်းကျဉ်းတယ် ဆိုလားပဲ။ ထောင်ထဲမှာ နေခဲ့ရတာ ကြာတော့ ဒီလိုပဲ ဖြစ်တာ နေမှာပါ။ နေလို့တော့ ကောင်းပါတယ်။ အခုလို ကျန်းကျန်းမာမာ ပြန်လွတ်လာတာ ဘုရားသခင်ကျေးဇူးတော် ကြောင့်ပါ။
မေး။ ။ အကျဉ်းထောင်ထဲမှာ စုစုပေါင်း ဘယ်လောက်နေခဲ့ရလဲ။ အခု လွတ်ငြိမ်းသက်သာခွင့်က ပုဒ်မ ၄၀၁ နဲ့ လွှတ်တာ ဆိုတော့ လက်မှတ်တွေ ဘာတွေ ထိုးခဲ့ရတာ ရှိလား။
ဖြေ။ ။ ကျနော်အားလုံး စုစုပေါင်း ၂၇ နှစ် ပြည့်ဖို့ နည်းနည်းပဲ လိုတယ်။ ပြောရရင် ကျနော်က လာမယ့် ၁၀ လပိုင်း ဆို လွတ်ပြီ။ လက်မှတ်တော့ ထိုးခဲ့ရတယ်။ ကျနော့်ကို အမှန်က လွှတ်လို့ရနေပြီလေ။ ရက်ပိုင်းဆို ပုံမှန်လွတ်ရက်နဲ့ လွတ်ပြီပဲ။ သမ္မတက တိုင်းပြည် ပြန်လည်ထူထောင်ရေးမှာ ပါဝင်နိုင်ဖို့လို့ ပြောတယ်။ လက်မှတ် ထိုးလိုက်တဲ့အတွက် တခုခု ဖြစ်တယ်ဆိုရင်တော့ လက်ကျန်ပြန်ခံစားရမယ့် သဘောပေါ့။ ဘာကြောင့်လဲ ဆိုတော့ သေဒဏ်နဲ့ ထောင်ဒဏ် ၂၄ နှစ် ကျတယ်။ ပြီးခဲ့တဲ့ ၁၉၈၉ ခုနှစ် လွတ်ငြိမ်းချမ်းသာနဲ့ တသက်တကျွန်းပြောင်းလိုက်တယ်။ ပြောရရင် အား လုံးပေါင်း နှစ် ၃၀ ကျနော် နေရမယ်။ အရင်က နိုင်ငံရေးသမားတွေကို လျှော့ရက်မပိတ်ခင်က ၂ နှစ်လောက် ရထားတာရှိတယ်။ နောက် ဒီ သမ္မတက လွတ်ငြိမ်းချမ်းသာမှာ ၁ နှစ် ထပ်လျှော့တယ်။ အခု လျှော့ရက်တွေ ရတာက ၃ နှစ်နီးပါး ရှိတယ်လေ။ ပြောရရင် ရက်ပိုင်းပဲ ကျန်တော့တာ။
မေး။ ။ သေဒဏ်ကျခဲ့တာနဲ့ ဖမ်းဆီးထောင်ချ အပြစ်ပေးခံရတာလေး ပြောပြပေးပါလား။ အဲဒီတုန်းက ဖမ်းဆီးခံရပြီး ညှဉ်းပန်း နှိပ်စက်ခဲ့တာတွေ ရှိခဲ့လား။ ဘယ်လို ဖြတ်သန်းခဲ့ရလဲ။
ဖြေ။ ။ အဖမ်းခံရတာက မြစ်ကြီးနားမှာပါ။ ဒါကတော့ ထုံးစံအတိုင်းပေါ့။ ညှဉ်းပန်းနှိပ်စက်တယ် ဆိုတာ ပြောစရာတောင် မလိုဘူး ကျနော်ထင်တယ်။ ဒါကိုလည်း စိတ်ထဲ မရှိဘူး။ ကျနော့်ကို ၁၉၈၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့က မန္တလေးတိုင်း တရားရုံးက သေဒဏ် အမိန့်ချလိုက်တယ်။ နောက် ထောင်ဒဏ် ၂၄ နှစ်ပေါ့။ ထောင်မှာ ဖြတ်သန်းရတာက အပိုင်း ၃ ပိုင်းခွဲ ပြောမှ ကောင်းမယ်။ အစောပိုင်း မဆလ ခေတ်မှာလည်း ခက်ခက်ခဲခဲ ဖြတ်သန်း ရတယ်။ အဲဒီနောက်ပိုင်း ၁၉၉၉ ခု ICRC မလာခင်အထိ ပိုပြီး ခက်ခက်ခဲခဲ ဖြတ်သန်းရတယ်။ ၉၉ နောက်ပိုင်းက စပြီး ကောင်းလာတယ်။ အခုတော့ အစိုးရကလည်း ပြောင်းလဲလာပြီး တော်တော် လွတ်လွတ်လပ်လပ် ဖြစ်လာတဲ့ အနေအထားပါ။ မန္တလေးကနေ မြင်းခြံထောင်ကို ၁၉၉၀ မေလမှာ ပြောင်းရတယ်။ ပြောရရင် ဘဝက ခက်ခဲတယ်၊ ကြမ်းတမ်းတယ်။ ကျနော် ခြေချင်းဝတ်နဲ့ နေရတာ ၄ နှစ်ကျော်တယ်။ နောက် ထောင်ပြောင်းတော့လည်း ခြေချင်း မချွတ်ဘဲထားတာ အကြာကြီး။ ညှဉ်းပန်း နှိပ်စက်တွေမှုက ထောင်ထဲမှာလည်း အများကြီး ရင်ဆိုင် ကြုံတွေ့ခဲ့ရတယ်။ ဘုရားသခင် အလိုတော်ကျပဲ။ ဒါတွေကို ဘာသာရေးနဲ့ပဲ နေထိုင် ဖြတ်သန်း ကျော်လွှားနိုင်ခဲ့တယ်။ ကျနော် ငြိမ်းချမ်းရေး အတွက်ပဲ ခေါင်းထဲမှာ ရှိတော့တယ်။ ကျနော့် အမေကလည်း တနှစ်တခါ လောက်ပဲ ထောင်ဝင်စာ လာနိုင်တယ်။ အထဲမှာ သူငယ်ချင်းတွေက အစစအရာရာ ကူညီတယ်။ ပြောရရင်တော့ အများကြီး။
မေး။ ။ ထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု ဘယ်လိုရှိလဲ။ ထောင်ထဲမှာ နှစ်ပေါင်း ၂၇ နှစ်ဆိုတော့ အတွေ့အကြုံတွေ အများကြီးရမှာပေါ့။
ဖြေ။ ။ ခုနက ကျနော်ပြောသလိုပဲ။ နောက်ပိုင်းတော့ ကောင်းလာတယ် ပြောလို့ရတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကတော့ နောက်ပိုင်းမှာ ကျယ်ကျယ် ပြန့်ပြန့် ကျနော် သေချာ ပြောသွားမှာပါ။
မေး။ ။ အဆိုတော် Lခွန်းရီရဲ့ အဖေဖြစ်သူ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် Lခွန်ဖန်ကို ၁၉၈၅ ခုနှစ်က လုပ်ကြံခဲ့မှုနဲ့ သေဒဏ်ပေးခဲ့တာလို့ ဆိုတယ်၊ အဲဒါ ဟုတ်ပါသလား။ KIA ကပြောတော့ ကိုလဖိုင်ဇော်ဆိုင်းဟာ အပြစ်မရှိဘဲ ဖမ်းဆီး ခံရတယ်ပြောတယ်။ ပရိသတ် ရှင်းလင်းသွားအောင် ပြောပြပေးပါလား။
ဖြေ။ ။ အဲဒီတုန်းက ကျနော်တို့ KIA ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ဘရန်ဆိုင်းတို့၊ ဇော်မိုင်တို့က တာဝန် ပေးခဲ့လို့ ကျနော်က တာဝန်အရ လုပ်ခဲ့ရတာ။ အခု KIA ခေါင်းဆောင်တချို့ အဲဒီတုန်းက ကျနော့် တာဝန်ကို သိကြ ပါတယ်။ ဖြစ်ခဲ့တာက ဖြစ်ခဲ့ပြီးပြီ။ လုပ်ခဲ့တုန်းက ကျနော့် အသက်က ၂၂ နှစ်ပါ။ နောက် ကွန်မန်ဒို ခေါင်းဆောင် တယောက်လေ။ ကျနော်တို့ ၄ ယောက်ပေါ့။ ကျန်တဲ့ ၃ ယောက် လွတ်သွားတယ်။ ကချင်တိုင်းရင်းသား လူမျိုးတွေအတွက် ကျနော် လုပ်ခဲ့တာပဲ။ ကျနော်က သူတို့ကို မုန်းလို့လည်း မဟုတ်ဘူး။ လုပ်ခဲ့တာကလည်း မြစ်ကြီးနား မြို့ပေါ်မှာပဲ။ သူတို့ ယာဉ်တန်းကို ကြိုတင် နေရာယူပြီး ပစ်လိုက်တာ။ အဲဒီတုန်းက တိုင်းမှူး ခွန်ဖန်နဲ့ သူ့ ကိုယ်ရေး အရာရှိလည်း ကျတယ်၊ ဒရိုင်ဘာလည်း ကျ တယ်။ လုံခြုံရေးပါလာတဲ့ ရဲဘော်တွေလည်း ကျတယ်။
မေး။ ။ တိုင်းမှူး Lခွန်ဖန်ရဲ့ သားနဲ့ ထောင်ထဲမှာ တွေ့ခဲ့တယ်ဆို။ အဲဒါ ဘာတွေ ပြောဖြစ်ခဲ့လဲ။ သူကရော ဘာတွေပြန်တုန့်ပြန်လဲ။ Lခွန်ဖန်တို့ မိသားစု၊ Lခွန်းရီတို့ မိသားစုတွေကို အခုနေ ဘာပြောချင်လဲ။
ဖြေ။ ။ ဒါက ထွယ်ဝါနဲ့ ကျနော့်ကို ထောင်ပိုင်က တွေ့ပေးတာ။ ထောင်ဝင်စာ တွေ့တာ မဟုတ်ဘူး။ ထောင်ထဲမှာပဲ သူက ကျနော်နဲ့ တွေ့ချင်တယ်ဆိုလို့။ သူနဲ့တွေ့တော့ ကျနော်က မင်းတို့ အဖေကို သတ်ဖြစ်သွားတယ် ဆိုတာ ကချင် ပြည်သူတွေရဲ့အကျိုး အတွက် လုပ်လိုက်တာပါ၊ သူ့ကို မုန်းလို့ မဟုတ်ပါဘူးဆိုပြီး တိုင်းမှူး ခွန်ဖန်ရဲ့ သားကို ပြောလိုက်တယ်။ သူကလည်း ကျနော့်ဘက်က ရပ်တည် ပြောပါတယ်။ သူတို့မိသားစုလည်း ကျနော့်ကို နားလည် ကြမယ်လို့ ထင်ပါတယ်။ သူကလည်း သူ့အဖေ သေခဲ့ရတာ ဘုရားသခင် အလိုတော်ကျဆိုပြီး ပြောပါတယ်။ တိုင်းမှူး မဖြစ်ရင် သူ့အဖေ မသေဘူးလို့ သူ ပြောခဲ့တယ်။
မေး။ ။ အခု ပြန်လွတ်လာပြီ၊ မိသားစုက ဘယ်မှာလဲ။ သူတို့နဲ့ အဆက်အသွယ် ရပြီလား။ ညီအစ်ကိုမောင်နှမ ဘယ်နှယောက်ရှိလဲ။
ဖြေ။ ။ ကျနော့် အမေ ရှိသေးတယ်။ သူ့ကိုလည်း အကြောင်းကြား လိုက်ပြီးပြီ။ တိုက်ရိုက်တော့ မဟုတ်ဘူး။ တဆင့် ပေါ့နော်။ ရုတ်တရက် ပြန်တွေ့ရင် အသက်ကြီးပြီဆိုတော့ တခုခု ဖြစ်သွားမှာစိုးလို့၊ တဆင့် ကြို ပြောထား လိုက်တာ။ ဖုန်းနဲ့ပဲပြောထားတယ်။ မကြာခင် ပြန်လာမယ်ပေါ့။ အမေနဲ့ တွေ့မယ်လေ။ အမေ့ကို တွေ့ချင်တယ်။ ညီအစ်ကိုမောင်နှမက ၃ ယောက်မှာ ကျနော်က အကြီးဆုံး။
မေး။ ။ အခု ပြန်လွတ်လာပြီးတဲ့နောက်မှာ ဘယ်ကစပြီး ဘာတွေ လုပ်မယ်စိတ်ကူးရှိလဲ။ KIA ဒါမှမဟုတ် KIO ကို ဆက်သွယ်ဖို့ရော ရှိလား။ ထောင်ထဲ တုန်းကရော အဖွဲ့အစည်းက ကူညီပေးတာ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ ကျနော့်သူငယ်ချင်း နိုင်ငံရေးအကျဉ်းသား အချင်းချင်းပဲ အများဆုံး ကူညီတယ်။ ကျနော် အခုက ရန်ကုန် ရောက်နေတာလေ။ ဒီမှာ သူငယ်ချင်းတွေနဲ့ ပြောနေတာက ငြိမ်းချမ်းရေးအတွက် အရေးကြီးတယ် ဆိုတာပဲ။ အခု ကချင်ပြည်နယ်က အကြောင်းတွေ ကြားရတော့ လောလောဆယ်မှာ ပြည်တွင်း စစ်ပြေး ဒုက္ခသည်တွေရဲ့ အရေးရယ်၊ နောက်တခါ တကယ် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းမှုကို ရရှိအောင် ကြိုးစားချင်တဲ့ စိတ်ပဲရှိပါတယ်။ ကျနော် ကြားရတာတွေက အတော် စိတ်မကောင်းဖြစ်စရာတွေ ချည်းပဲ။ ကျနော် ကိုယ်တိုင် ခံစားနေရပါတယ်၊ လုံး၀ စိတ်မကောင်းပါဘူး။ ဒါကြောင့်လည်း ရန်ကုန်ကို ဆင်းလာတာပါ။ ဒီမှာရှိတဲ့ နိုင်ငံရေး ကျောင်းသား ခေါင်းဆောင် တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ အမြန်ဆုံး အဆင်ပြေ လာဖို့အတွက် ပြောနေတာ။
ဒီနေရာမှာ ကချင်ပြည်နယ် တခုတည်း ငြိမ်းချမ်းသွားဖို့ မဟုတ်ဘူး။ တိုင်းရင်းသား ဒေသ အားလုံးအတွက်၊ ပြောရရင် ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ အရေးအကြီးဆုံးပဲလို့ ကျနော် ယုံကြည်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေး အတွက် ဒီက နိုင်ငံရေး ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အားလုံးနဲ့လည်း လက်တွဲ လုပ်သွားမယ်။ သူတို့နဲ့ ကျနော်က ထောင်ထဲမှာ တကယ့် မိတ်ဆွေ သူငယ်ချင်းတွေလေ။ ကျနော်တို့ မြန်မာနိုင်ငံမှာက စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ သိပ်အရေးကြီးတယ်။ ဒါက ကျနော်တို့ တဦးချင်း အားစိုက် လုပ်ရမယ့် ကိစ္စ။ ဒီကိစ္စတွေကို NLD နဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ပါ ပြောဆိုတိုင်ပင် လုပ်ဖို့အတွက် ကျနော် ရန်ကုန်ဆင်းလာခဲ့တာ။ ကျနော်တို့ ပြည်နယ်မှာ အခုဖြစ်နေတာတွေ ဒီက သူငယ်ချင်းတွေနဲ့ ပြောပြမယ်၊ တိုင်ပင်မယ်။ ဘာတွေ လုပ်ကြမယ် ဆိုတာ ဆွေးနွေးဖို့အတွက် ကျနော်က ရန်ကုန်ကို ရောက်နေတာ။ အခုက ငြိမ်းချမ်းရေး စကား ပြောလို့ ရနေပြီလို့ ထင်တယ်။
မေး။ ။ ထောင်ထဲမှာလည်း နှစ်တွေအကြာကြီး နေခဲ့ရတယ်ဆိုတော့ အခု ရန်ကုန်ကို ရောက်တော့ အရင်ကနဲ့ အခု ဘာတွေ ကွာခြားမှု ရှိလဲ။
ဖြေ။ ။ နှစ်ပေါင်း ၃၀ လောက် ထောင်ထဲ နေလာခဲ့ရတာဆိုတော့ အခု ရန်ကုန်က မြင်ကွင်းတွေက မတူတာတွေ တော့ ရှိတယ်။ ဒါပေမယ့် မှတ်မိပါတယ်။ ဒီမှာက ထောင်ထဲတုန်းက သေအတူ ရှင်အတူ နေလာခဲ့တဲ့၊ ရဲဘော်ရဲဘက် စိတ်နဲ့ နေလာခဲ့တဲ့၊ နိုင်ငံရေး ယုံကြည်ချက်ရှိတဲ့ အကျဉ်းသားဟောင်းတွေနဲ့ တွေ့ပြီး အခု ပြောဆိုနေရတော့ ပျော်တာပေါ့။
မေး။ ။ ခုနက ပြောခဲ့တယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်ချင်တယ်၊ လုပ်မယ်ဆိုတော့ ဘယ်လောက် လုပ်နိုင်မယ် မျှော်လင့်ထားလဲ။
ဖြေ။ ။ အခုက အရင်ကနဲ့ မတူတော့ဘူး။ အတိုင်းအတာ တခုထိ လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင် လာနိုင်ပြီ။ အစိုးရကလည်း ပြောင်းလဲလာပြီ။ သူတို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့နောက်ပိုင်း အရင်ကထက် တော်တော် ပြောဆို လုပ်ကိုင်လာနိုင်ပြီ။ ဒါကြောင့် ကျနော် ဒီက သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ငြိမ်းချမ်းရေးအတွက်ပဲ လုပ်ကိုင် သွားမယ် ဆုံးဖြတ်ထားတယ်။
မေး။ ။ ဧရာဝတီ စာဖတ် ပရိသတ်တွေကို ဘယ်လို သတင်းစကား ပါးချင်ပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးက လူတိုင်း၊ နိုင်ငံတိုင်း အတွက် အရေးအကြီးဆုံးပါ။ တဦးချင်း ငြိမ်းချမ်းရေးကနေ တပြည်လုံး ငြိမ်းချမ်းရေးဆီ တက်လှမ်းရင်း၊ ကမ္ဘာတဝန်းလုံး ငြိမ်းချမ်းရေးအတွက် အောင်မြင်အောင် အားလုံး ကြိုးစားကြပါလို့ ကျနော် ပြောချင်ပါတယ်။ ။