သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်သည် နှစ် ၄၀ ကျော်အတွင်း မြန်မာပြည် အဆင့်အမြင့်ဆုံး ခေါင်းဆောင် တဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သောကြောင့် အမေရိကန် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင်ခရီးစဉ်ဟု ဆိုရမည်ဖြစ်သည်။
ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ရန် သွားရောက်မည့် သမ္မတ၏ တပတ်အကြာ ခရီးစဉ်အတွင်း အာရှလူ့အဖွဲ့အစည်း၌ “အကူးအပြောင်းထဲက မြန်မာ – အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် လူထုပရိသတ်ကို မိန့်ခွန်းပေးကာ ပရိသတ်နဲ့ အမေးအဖြေများလည်း ပြုလုပ်မည်ဟု သိရသည်။
ထို့အပြင် သမ္မတသည် အမေရိကန် နိုင်ငံ၏ အဆင့်မြင့် ခေါင်းဆောင်များ၊ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံရန် အလားအလာ များနေသည်ဟု အမေရိကန် အရာရှိများက အတည်ပြု ပြောဆိုထားရာ မြန်မာပြည်အတွက် စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အကျိုးဖြစ်ထွန်းမှုများ၊ အထောက်အပံ့များ မည်မျှ သယ်ဆောင်လာနိုင်မည် ဆိုသည့် အရေးက စိတ်ဝင်စားစရာ ကောင်းလှသည်။
အမေရိကန်နိုင်ငံအပေါ် သမ္မတ၏ ပြောဆို နားချမှု ထိရောက်လျှင် ထိရောက်သကဲ့သို့ မြန်မာပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုရေး ကိစ္စရပ်များအတွက် အထောက်အပံ့ကောင်း များစွာ ရနိုင်မည် ဖြစ်သည့်အပြင်၊ အမေရိကန်က မြန်မာပြည် အပေါ် ဒဏ်ခတ် ပိတ်ဆို့ ထားမှုများ ရုပ်သိမ်းရန် ကတိကဝတ်များ ရလာပေ လိမ့်မည်။
မြန်မာပြည်၏ ပို့ကုန်ပစ္စည်းများ ပြန်သွင်းခွင့်ကို အမေရိကန်က ပြန်လည် လက်ခံလာလျှင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာနိုင်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ပွင့်လန်းလာနိုင်တော့မည်။
အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံစားနေရသည့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံကို အားကိုး နေခဲ့ရသည့်အတွက် တရုတ်၏ သြဇာလွှမ်းမိုးမှု ခံနေရသည့် အခြေအနေမှ နေ၍ ယခု လက်ရှိတွင် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအကြား ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အနေအထား ဖြစ်စေရန် သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြန်လည်ထိန်းညှိ နိုင်လိမ့်မည်ဟု ယူဆသည်။
သမ္မတ ဦးသိန်းစိန် မသွားမီ ယခင်တပတ်က အမေရိကန် နိုင်ငံသို့ ကြိုတင်သွားနှင့်ခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည် ပွင့်လင်း လွတ်လပ်လာသည်နှင့် အမျှ မြန်မာပြည်အတွက် အထောက်အပံ့ အကူအညီများ ပေးရန် ပြောဆို လမ်းဖွင့်ပေးခဲ့ပြီးဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန် နိုင်ငံရေးသမားများ သဘောထားပျော့ပြောင်း နေချိန်တွင် သမ္မတ ဦးသိန်းစိန်က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ လက်တွေ့ အကျိုးဖြစ်ထွန်းရေးကို ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့် သည်။
လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံ၏ သြဇာအရှိဆုံး နိုင်ငံရေးသမား နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုးပမ်းအားထုတ်မှုတို့ မည်မျှ အကျိုးသက်ရောက်မှု ရှိသည်ကို လက်တွေ့ မျက်ဝါးထင်ထင် မြင်ရတော့မည် ဖြစ်သည်။
ယခင်တပတ်က အမေရိကန် သမ္မတ အိုဘားမားက မြန်မာပြည်ကို ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့က ငွေကြေးကူညီ ပေးရန် အဆိုကိုတင်ခဲ့ရာ ကွန်ဂရက်က သဘောတူခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ပြီ။ သမ္မတ ဦးသိန်းစိန် ခရီးစဉ်နှင့် အချိန်ကိုက် မြန်မာပြည်အတွက် လက်ဆောင်ပေးလိုက်ခြင်း ဖြစ်မည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စတင်လက်ဆွဲနှုတ်ဆက်ပြီး တနှစ်မပြည့်မီတွင် ဖြစ်ပေါ်လာသည့် တိုးတက်မှုများ မြန်ဆန် လွန်းလှသည်၊ အမှားများနိုင်သည်ဟု အဆိုးမြင်နိုင်သော်လည်း စစ်အုပ်ချုပ်ရေး ကာလတလျှောက်လုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ချွတ်ခြုံကျခဲ့ရသည့် မြန်မာနိုင်ငံအတွက်မူ လက်ရှိအခြေအနေက နှေးလွန်းသည်ဟုပင် ဆိုရပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်က အရှေ့မှ ဖွင့်ပေးခဲ့သော လမ်းကြောင်းပေါ်တွင် သမ္မတဦးသိန်းစိန်က ဟန်ချက်ညီညီ နင်းလျှောက် ကာ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ပြည်သူတရပ်လုံး၏ လူမှုဘဝ အခြေအနေများ တိုးတက်မြင့်မား လာရေးတို့နှင့် သက်ဆိုင်သည့် သတင်းကောင်းများကို ၎င်း၏ သမိုင်းဝင်ခရီးပြန် လက်ဆောင်အဖြစ် သယ်ဆောင် လာနိုင်လိမ့်မည်ဟု ဧရာဝတီက ယုံကြည်ပါသည်။