စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့သော တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရေး အတွက်
ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသော ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေး ကော်မတီက ရန်ကုန်မြို့ရှိ တရားရုံးများနှင့် အချုပ်ခန်းများအား လိုက်လံစစ်ဆေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေး အတွက် လက် တွေ့ ကျသော လုပ်ဆောင်ချက် တချို့ကို ဆောင်ရွက်လာပြီ ဖြစ်သည်။
ကော်မတီဝင် တဦးဖြစ်သော သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကို ကော်မတီ ၏ လုပ်ဆောင် ချက်နှင့် လက်ရှိ တရားစီရင်ရေး၊ နိုင်ငံရေး အခြေအနေများနှင့် စပ်လျဉ်းပြီး ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက် ကြယ်ပြာ က တွေ့ဆုံမေးမြန်း ထားသည်။
မေး။ ။ ရန်ကုန်မြို့က အချုပ်ခန်းတွေနဲ့ တရားရုံးတွေကို လိုက်လံ စစ်ဆေးတဲ့ အခါမှာ ဘယ်လို အခြေအနေမျိုးတွေ တွေ့ရပါသလဲ။
ဖြေ။ ။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ အဓိကတာဝန်က တရားရေးအဖွဲ့အစည်းတွေ တရားဥပဒေ နဲ့ အညီ စီရင်ဆုံးဖြတ်စေဖို့ပါ။ တာမွေမြို့နယ်က အချုပ်ခန်းမှာ ဒေါပုံမြို့နယ်က မိသားစုတစုလုံး အဖမ်းခံထားရတာတွေ့တယ်။ တနှစ်သား ကလေးငယ်လေးပါ အဆစ်ပါနေတာကို တွေ့ရတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်ရင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၇ မှာ အာမခံ မပေးနိင်တဲ့အမှုတွေ ဖြစ်သော်ငြားလည်း အသက် ၁၆ နှစ်အောက် မည်သူ့ကို မဆို၊ ဖျားနာချည့်နဲ့ နေသူ မည်သူ့ကိုမဆို အာမခံပေးလို့ ရတယ်လို့ အာမခံပေးလို့ ရပါတယ်။ ဒါကြောင့် မိသားစုတွေထဲက အမှုအခင်းဖြစ်တဲ့ အမျိုးသမီးတွေကို အာမခံ ပေး သင့်ပါတယ်။ အဲဒါကြောင့် ဥပဒေအရာရှိတွေကို ကူညီပြီးတော့ အာမခံလုပ်ပေးဖို့ ပြောခဲ့ပါတယ်၊
မေး။ ။ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးက တိုက်ရိုက် ပတ်သက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မကြာခဏပြော တယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ဥပဒေဆိုတာ ငွေရှိရင်၊ အာဏာရှိရင် လုပ်ချင်သလို လုပ်လို့ရတဲ့ အခြေအနေမျိုး။ လူ့ အခွင့် အရေး ချိုးဖောက်ခံခဲ့ရတာတွေ အများကြီး ရှိခဲ့တယ်။ ငွေများ တရားနိုင်တယ်ဆိုတဲ့ စကားမျိုး တွင်ကျယ်လာတဲ့ အထိ မြန်မာနိုင်ငံ မှာ တရား ဥပဒေစိုးမိုးမှု မရှိခဲ့တဲ့ ကာလက နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တယ်။ အဲဒါကို အခုမှစပြီးတော့ ပြောင်းမယ်ဆိုတော့ ။
ဖြေ။ ။ တရားဥပဒေအရ တရားရုံးတွေက ပြစ်မှုတွေကို စစ်ဆေးတဲ့အခါမှာ မှားတာမှန်တာ ဆိုတာကတော့ ကျနော်တို့တွေရဲ့ အလုပ် မဟုတ်ဘူး၊ ကျနော်တို့မှာ ပြောပိုင်ခွင့်မရှိဘူး ၊ သို့သော် တရားဥပဒေက ပေးထားတဲ့ အကာအကွယ်ကို ပြည်သူတွေ ရရ မယ်။ ဒီအထဲကမှ ဆင်းရဲသားတွေ သာမန်ဘဝထက် နိမ့်ကျနေတဲ့ ပြည်သူတွေက ဥပဒေရဲ့ အကာကွယ်ကို ပိုလိုအပ်တယ်။ အမှုတခုဖြစ်လို့ ရဲစခန်းက အာမခံရဖို့ အာမခံပေးမယ့်သူ မရှိဘူး။ ဒီတော့ ကျနော်တို့ အချုပ်ခန်းတွေကို သွားစစ်ဆေးတဲ့အခါမှာ အဲဒီလို မျိုး ဖြစ်စဉ်တွေတွေ့ရတယ်။ တကယ်လို့ အမှုတခုဖြစ်လို့မှ အာမခံပေးနိုင်တဲ့သူ မရှိဘူးဆိုရင် သက်ဆိုင်ရာ မြို့နယ် လွတ်တော် ကိုယ်စားလှယ်ဆီမှာ အကူအညီ တောင်းခံနိုင်ပါတယ်။ အခုလိုမျိုး မိသားစုလိုက် အချုပ်ခန်းတွေမှာ ဖမ်းဆီးခံရတာမျိုးက လူ့ အခွင့် အရေး အရကြည့်ရင် အလွန်ဆိုးရွားပါတယ်။ တရားစီရင်ရေးမှာ အာဏာဆန်တဲ့ တရားစီရင်ရေး မဖြစ်ဖို့ အရမ်းအရေးကြီး လာပြီ။
မေး။ ။ စက်တင်ဘာလ ၂၁ ရက်နေ့က ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ပြည်တွင်းမှာ လမ်းလျှောက်ချီတက်တာ၊ ဆုတောင်း တာတွေလုပ်ခဲ့ကြတယ်။ အဲဒီနေ့မတိုင်ခင်က ဥပဒေနဲ့အညီ လုပ်ဆောင်ခွင့်ရဖို့ လျှောက်ထားကြပေမယ့် အာဏာပိုင်တွေက ခွင့်မပြု ဘူး။ ဒါပေမယ့် ဆန္ဒပြပွဲတွေလုပ်ခဲ့ကြတယ်။ အခု ဆန္ဒပြတဲ့သူတွေကို ရဲစခန်းတွေက အမှုဖွင့် တရားစွဲဆိုဖို့ လုပ်နေပြီ။ အဲဒီ အပေါ်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် အနေနဲ့ရော လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ဘယ်လိုမြင် ပါသလဲ။
ဖြေ။ ။ အကူးအပြောင်းကာလ တိုင်းပြည်မှာစိန်ခေါ်မှုတွေနဲ့ အကဲစမ်းတဲ့ ပြဿနာတွေ အများကြီး ရှိနေတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ ၃၅၄ ငြိမ်းချမ်းစွာ စုဝေးခွင့် အခွင့်အရေးကို နည်းဥပဒေတွေမှာ အပြည့်အစုံ မထည့်ပေးထားတော့ လူထုကို ပေးထားတဲ့ အခွင့်အရေး မရအောင်လုပ်ထားသလို ဖြစ်နေတယ်။ အပေါ်အဆင့်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပေမယ့် အောက် ခြေ အဆင့်မှာ လိုက်မပြောင်းနိုင်ကြသေးဘူး။ ဒုတိယ အချက်က နှစ်ပေါင်း ၆၀ လောက် ရုပ်သိမ်းထားတဲ့ အခွင့်အရေးကို ခုမှပြန်ပေးတော့ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ စိုးရိမ် အကြောက်လွန်မှုတွေ ရှိတယ်၊ ပြီးတော့ ငြိမ်းချမ်းစွာစုဝေးလှည့်လည်ချင် သူတွေထဲမှာ ရိုးရိုး သားသား ဆန္ဒထုတ်ဖော်ချင်တဲ့လူတွေရှိသလို အကူးအပြောင်းကာလမှာ ထိပ်တိုက်ရင်ဆိုင်မှုကိုအသွင်တမျိုးနဲ့ စမ်းချင်တဲ့ လူတွေလည်း ပါနေတယ်။ အဲဒီပေါ် မူတည်ပြီး အဖြေတွေက အမျိုးမျိုးဖြစ်နေတာပါ၊
မေး။ ။ အခုအခြေအနေမျိုးမှာ ဆန္ဒပြပွဲတွေက ဆက်တိုက်ဆိုသလိုဖြစ်နေတော့ ဒီဆန္ဒပြပွဲတွေကြောင့် နိုင်ငံရေး နောက်ကြောင်း
ပြန်လှည့်တာမျိုးဖြစ်လာမယ်ဆိုပြီး စိုးရိမ်တဲ့သူတွေလည်း ရှိနေတယ်။ အဲဒီအပေါ်ရော ဘယ်လိုမှတ်ချက်ပြုချင်သလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် နှစ်ပေါင်း ၂၀ အတွေ့အကြုံကပေးခဲ့တာက ဒီလိုမျိုးတွေ ထိပ်တိုက်ရင်ဆိုင်ခဲ့လို့ လမ်းပေါ်မှာ အော် ရင်း အော်ရင်း တော်တော်များများ အကျဉ်းထောင်တွေထဲ ရောက်သွားရတဲ့ လူတွေ၊ အသက် ပျောက်သွားခဲ့တဲ့ လူတွေ၊ မိသား စု ဘဝပျက်ခဲ့ရတဲ့လူတွေ အများကြီးပါ။ ဒီလို အခြေအနေကိုကြုံခဲ့ရလို့ အခုလိုမျိုး ပွင့်လင်းလာတဲ့အချိန်မှာ ဒီမိုကရေစီနဲ့ ဥပဒေ ဘောင်ထဲ ကနေ လူ့အခွင့်အရေး စံနှုန်းတွေကို တိုးချဲ့သင့်ပါတယ်။ ပြီးတော့ ပြည်သူတွေတင် မဟုတ်ဘူး၊ နိုင်ငံရေးခေါင်း ဆောင်တွေ၊ ပါတီ ခေါင်းဆောင်တွေပါ အစမ်းသပ်ခံ နိုင်ငံရေး ဇာတ်ခုံပေါ်ကို ရောက်နေကြတာ။ ဒီနေ့အထိ စစ်တပ်က နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ရှိနေတယ်။
စစ်တပ်က နိုင်ငံရေးဇာတ်ခုံမှာ ရှိနေသမျှ ကာလပတ်လုံး သတိနဲ့ယှဉ်ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်သင့်တယ်။ ဒေါ်အောင် ဆန်းစုကြည်တောင် လွတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဗိုလ်ချူပ်ကြီးတွေကို ကျမ အတော် လေးစား ပါတယ်လို့ ပြောနေတဲ့အချိန်မှာ ကျန်တဲ့လူတွေ အနေနဲ့ ကိုယ် ဘာလုပ်သင့်တယ် ဆိုတာ စဉ်းစားကြပေါ့။
မေး။ ။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ပွဲ ဦးဆောင်သူတွေကို အာဏာပိုင်တွေက အမှုဖွင့် တရားစွဲဖို့ လုပ်နေတယ်၊ ဆန္ဒပြတဲ့သူတွေကလည်း အာဏာပိုင်တွေကို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့တန်ပြန်တရားစွဲဖို့ လုပ်နေကြတဲ့ အပြင် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အပါအဝင် သမ္မတ၊ လွှတ်တော်တွေဆီကို တိုင်စာတွေပို့ထားတယ် လို့ သိရတယ်။ အဲဒီတိုင်စာအပေါ်မှာ ကော်မတီက ဘယ်လိုအရေးယူ ဆောင်ရွက်ဖို့ ရှိလဲ။
ဖြေ။ ။ အခုကိစ္စမှာ နှစ်ဘက်စလုံးက လူ့အခွင့်အရေးတေ ွချိုးဖောက်နေကြတာပါ၊ ကချင်မို့လို့ ဒီပွဲကိုလုပ်ခွင့် မပြုခဲ့တာ မဟုတ် လောက် ပါဘူး၊ ကချင်အရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကော်မတီက ကချင်သူပုန်လို့ စွပ်စွဲခံရပြီးတော့ ဖြောင့်ချက်ယူတဲ့အခါမှာ နှိပ်စက်ညှဉ်းပန်းဒဏ် ခံခဲ့ရတဲ့ ဘရန်ရှောင်ကိစ္စတုန်းကလည်း ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ဒေါ်ဒွဲဘူ တင်ပြတဲ့ အတိုင်း စာတင်ပေးခဲ့ပါတယ်။ ကော်မတီရဲ့ လုပ်ငန်းစဉ်တွေထဲမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးမှ တဆင့်ငြိမ်းချမ်း ရေး ဖော်ဆောင်မှု အောင်မြင်ရေး အတွက် ဆောက်ရွက်မယ်ဆိုတာ ပါတဲ့အတွက် ကျနော်တို့ ကိုင်တွယ်ရမယ့် အချိန်မှာ ကိုင် တွယ် သွားပါမယ်။
မေး။ ။ ပြည်တွင်းစစ် ရပ်စဲရေးအတွက်ရည်ရွယ်တဲ့ ငြိမ်ချမ်းရေး ဆန္ဒထုတ်ဖော်ပွဲတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ကိုင်တွယ် ဖြေရှင်း ပုံ မှားတယ်ဆိုပြီး ပြောဆိုဝေဖန်တာတွေ ရှိနေပါတယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ် ပါသလဲ။
ဖြေ။ ။ အရေးကြီးဆုံးက ပြည်တွင်းစစ်တွေနဲ့ပတ်သက်ရင် ပြီးခဲ့တဲ့ကိစ္စတွေ မအောင်မြင်ခဲ့တာက ပွင့်ပွင့်လင်းလင်းမရှိလို့။ ကိုယ့် တိုင်းပြည် ကိစ္စကို ဖြေရှင်းတဲ့အခါမှာ ဘယ်သူ့ရဲ့ ပယောဂကိုမှ အဝင်မခံနိုင်ဘူး။ နောက် အရေးကြီးဆုံးက ခေါင်းဆောင်တွေအဆုံး အဖြတ်မှားရင် နောင် မျိုးဆက်သစ်တွေနဲ့ ပြည်သူတွေချက်ချင်း အထိနာလို့ ပြဿနာကိုရှင်းတဲ့အခါမှာ မိမိအတ္တနဲ့ မဖြေရှင်း သင့် ဘူး။ တယောက်နဲ့ တယောက် နားလည်မှု ဝေးနေကြတယ်။ ဒီကိစ္စတွေ ချူပ်ငြိမ်းသွားဖို့ အစိုးရအဖွဲ့က ဆောင်ရွက်ပေးဖို့ လိုတယ်။ ကျနော်တို့တွေလည်း ကူညီပေးဖို့ လိုသေးတယ်။
မေး။ ။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကော်မတီအနေနဲ့ ဘယ်လိုလက်တွေ့ကျကျ ဆောင်ရွက်နေပြီလဲ။
ဖြေ။ ။ အခုလို အစည်းအဝေးတွေထိုင်လိုက်၊ တရားရုံးတွေသွားပြီး စစ်လိုက်၊ မေးလိုက်၊ တိုင်စာတွေကိုဖတ်ပြီး နေလိုက်နဲ့တော့
ကျနော်တို့ လုပ်နေမှာ မဟုတ်ပါဘူး၊ ကော်မတီသက်တမ်း အတွင်းမှာ ကချင်ကိစ္စ၊ ရခိုင်ကိစ္စ အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဘယ်လိုလုပ်ကြမယ် ဆိုတာကို နောက်အစည်းအဝေး တွေမှာ တိုင်ပင်သွားကြမှာပါ။ နောက် ပဋိပက္ခတွေ ဖြစ်နေ တဲ့ နေရာတွေကို သွားနိုင်အောင်လည်း ကြိုးစားမှာပါ။
မေး။ ။ ကော်မတီ အနေနဲ့ ထင်သာမြင်သာနဲ့ အောင်အောင်မြင်မြင် လုပ်နိုင်တာတွေရှိရင် သိချင်ပါတယ်။
ဖြေ။ ။ ဘရန်ရှောင် ကိစ္စတုန်းက ဖြေရှင်းခဲ့တယ်။ နောက် မိသားစုလိုက် အဖမ်းခံရတဲ့ကိစ္စတွေမှာ အမျိုးသမီးတွေကို အာမခံချက် ပေးဖို့ အတွက် လုပ်ခဲ့တယ်။ နောက် အရှေ့ပိုင်းခရိုင် တရားရုံးကိုသွား တဲ့အခါမှာ ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို တိုင်း တရား ဦးစီးမှူးကို လွှဲပေးခဲ့တယ်။ ကော်မတီဆီကို တိုင်ကြား စာပေါင်း ထောင်ကျော် ရောက်လာတဲ့အထဲက ၅၀၀ လောက်ကို သေ ချာ ဖတ်ပြီးပါပြီ။ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကတော့ ဘယ်လောက် ပပျောက်အောင် လုပ်လုပ် တရားစီရင်ရေး လောကမှာ တိုး ပွားမြဲ တိုးပွားနေဆဲ ပဲ။ ဒီ တိုင်ကြားစာတွေက ပြည်သူတွေရဲ့ အားကိုးမျှော်လင့်ချက်တွေဖြစ်တော့ လူထုရဲ့ အားကိုးယုံကြည်မှု
နဲ့ ထိုက်တန်အောင် ကော်မတီအနေနဲ့ ဘယ်လောက် အထိ စွမ်းဆောင်နိုင်မယ် ဆိုတာ ပြန်လည် သုံးသပ်နေပါတယ်။
မေး။ ။ လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ တိုင်းပြည်ရဲ့ နောက် ဘဏ္ဍာရေးနှစ် အတွက် အသုံးစရိတ်တွေ စီမံခန့်ခွဲဖို့ ရှိတယ်လို့ သိထားပါတယ်။ နိုင်ငံရဲ့ ကာကွယ်ရေး စရိတ်နဲ့ တပ်မတော်ရဲ့ အသုံးစရိတ်ကိုလျှော့ချဖို့ ရှိလား။ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေကို တိုးမြှင့်ဖို့ ရှိပါသလား။
ဖြေ။ ။ တိုင်းပြည်ရဲ့အခြေအနေအရ ကာကွယ်ရေးအသုံးစရိတ်က အခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် တကယ်ခေတ်မီဖို့ လိုအပ်ချက် တွေ ရှိနေတယ်။ ဘင်္ဂါလား-ရခိုင် နယ်စပ်မှာ ပေါ်ပေါက်နေတဲ့ အရေးအခင်းဖြစ်စဉ်အရ ကမ်းရိုးတန်း ဒေသတွေကို အခိုင်အမာ ကာကွယ်ဖို့ လိုအပ်တယ်။ ဒီအချိန်မှာ ကာကွယ်ရေးစရိတ်ကို ကျနော် မပြောလိုဘူး။ ဒါနဲ့ပတ်သက်ပြီး လာမယ့်ပြည်ထောင်စု လွှတ် တော်မှာ ကာကွယ်ရေးအတွက် ဘက်ဂျက်ကို မလျှော့ချဘဲ တပ်မတော် ခေါင်းဆောင်တွေ ကိုယ်တိုင် ထဲထဲဝင်ဝင် စဉ်းစားနိင်တဲ့ အဆိုတွေကို တင်သွင်းသွားမှာပါ။ ပြည်သူသာအမိ၊ ပြည်သူသာ အဘ ဖြစ်ရမယ်။ မနှစ်ကဆိုရင် လွှတ်တော် အမတ်တွေပြောလို့ ကျန်းမာရေး အသုံးစရိတ် သုံးဆ၊ ပညာရေး အသုံးစရိတ် နှစ်ဆ တက်လာတယ်၊ ဒီနှစ်လည်း ထပ်တိုး အောင်လုပ်မယ်။
မေး။ ။ ယိုယွင်းနေတဲ့ တရားစီရင်ရေး ပြင်ဆင်ဖို့ လွှတ်တော်က ဘာတွေ ဆက်လုပ်ဖို့ရှိလဲ ။
ဖြေ။ ။ အောက်တိုဘာလ ကုန်တာနဲ့ ဥပဒေကြမ်းတခု စပို့မယ်။ ပို့ပြီးရင် မေးခွန်းတွေ အဆိုတွေ ထပ်ပို့မယ်၊ ကျနော် ပို့မယ့် ဥပဒေ ကြမ်း ကတော့ အခုတရားရုံးတွေကို စစ်ဆေးတဲ့အခါမှာ တနိုင်ငံလုံးရဲ့ တရားစီရင်ရေးနဲ့ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ယူဆလို့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပို့မှာပါ။ လောလောဆယ်မှာဆိုရင် စတုတ္တ အကြိမ် လွတ်တော်မှာ အသင်းအဖွဲ့များ ဥပဒေ ကို ဖျက်သိမ်းပေးဖို့ တင်သွင်း ထားပါတယ်။ ပဉ္စမ အကြိမ် လွှတ်တော်မှာဒီကိစ္စကို ဆွေးနွေးသွားကြမယ် ထင်တယ်။ ။