အာဆီယံကို ခေါင်းစားစေတဲ့ မြန်မာ

ကဝီ ချုံကစ်တဝန်

This article has been converted from Zawgyi One to Unicode

ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ်တွေ့ဆုံကြဖို့ အာဆီယံဥက္ကဋ္ဌရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရက ပယ်ချခဲ့ပေမယ့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation) နဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကိုတော့ မြန်မာနိုင်ငံထဲ လာရောက်ဖို့ ခွင့်ပြုခဲ့တာမို့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အတွက် စိတ်ရှုပ်ထွေးစရာဖြစ်ရပါတယ်။ မြန်မာအစိုးရက ဘယ်လို သဘောထားတာလဲပေါ့။

ပြီးခဲ့တဲ့ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ ကာလတုန်းကဆိုရင် မြန်မာအစိုးရက အာဆီယံအတွင်းရေးမှူးအဖွဲ့ အပါအဝင် အာဆီယံမိတ်ဆွေတွေကို အံ့သြသွားအောင် လုပ်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေနဲ့အတူ “လွတ်လပ်ပြီး တရားမျှတတဲ့” ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်အောင် အာဆီယံတာဝန်ရှိသူတွေ စေလွှတ်ပေးဖို့ ဖိတ်လိုက်တာပါပဲ။

ဒါ့ပြင် မကြာသေးခင်ကတင် ဆယ်စုနှစ်နဲ့ချီပြီး သူတို့မလိုလားတဲ့သူတွေစာရင်း (Black List) ထဲထည့်ထားသူတွေ ထဲက လူ ၂၀၀၀ ကျော်ကို မြန်မာအစိုးရက ပယ်ဖျက်ပေးခဲ့ပါသေးတယ်။ အဲ့ဒီမတိုင်ခင်ကဆိုရင်လည်း နိုင်ငံက ဒီမိုကရေစီရေးအတွက် ပိုပြီးလမ်းဖွင့်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြတဲ့အနေနဲ့ မီဒီယာဆင်ဆာ ကို ဖျက်သိမ်းလိုက်ပါသေးတယ်။

လာမယ့်လတွေမှာဆိုရင်တော့ မီဒီယာလွတ်လပ်ခွင့်၊ ပြည်သူပိုင်အသံလွှင့်ဌာနနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေအပြင် တရားဥပဒေစိုးမိုးရေး၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု တွေကို အားပေးအားမြှောက် ဖြစ်စေမယ့် ဥပဒေတွေကိုလည်း ပြဌာန်းမယ့် အစီအစဉ်တွေရှိပါလိမ့်မယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာပြည်ရဲ့ လျှင်မြန်တဲ့ပြောင်းလဲမှုဖြစ်စဉ်အပေါ် တစုံတရာဆုံးဖြတ်မှု မလုပ်သေးပေမယ့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။ အထူးသဖြင့် CLMV လို့ခေါ်တဲ့ ၄ နိုင်ငံအစုအဖွဲ့ထဲက ကမ္ဘောဒီး ယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက စောင့်ကြည့်နေကြတာပါ။ မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ လော လောဆယ် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ အဆုံးသတ်ရေးနဲ့ နိုင်ငံတကာမှာ အထီးကျန်ဖြစ်နေမှုကနေ အဆုံးသတ်ရေးဆိုတဲ့ ရည်မှန်းချက် ၂ ရပ် ဒွန်တွဲနေပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးမှုတွေကို ဆိုင်းငံ့ လိုက်တာ ဒါမှမဟုတ် တစိတ်တပိုင်း ရုပ်သိမ်းလိုက်တာတွေ လုပ်ခဲ့တာမို့ ပထမရည်မှန်းချက်ကတော့ တစုံ တရာ ပြည့်သွားပါပြီ။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ဆောင်ရွက်မယ်ဆိုရင် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုအားလုံး အဆုံးသတ်သွားမှာပါ။

ဒုတိယရည်မှန်းချက်ကတော့ အတော်လေး ရှင်းပါတယ်။ ဆယ်စုနှစ်နဲ့ချီ အထီးကျန်ဖြစ်ခဲ့ပြီးတဲ့နောက် အခုဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းထဲ ပြန်ဝင်လာပြီး လုပ်ငန်းဆောင်တာ ဒုနဲ့ဒေးမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အခက်အခဲ ဖြစ်ခဲ့တဲ့ အာဆီယံနဲ့ ဆက်ဆံရေးပြန်ကောင်းအောင် ဆောင်ရွက်တဲ့နေရာမှာတော့ မြန်မာအစိုးရရဲ့ ပြုမှုပုံတွေက တခြား အာဆီယံနိုင်ငံတွေကို ခေါင်းစားစေပါတယ်။

ဥပမာပြောရရင် တောင်တရုတ်ပင်လယ်နဲ့ ရိုဟင်ဂျာအရေး ကိစ္စတွေမှာ မြန်မာက အခြား အာဆီယံနိုင်ငံတွေနဲ့ ခပ်ခွာခွာ ဆက်ရှိနေတာပါ။ အငြင်းပွားစရာ ပင်လယ်ရေပိုင်နက် ကိစ္စအတွက် မြန်မာအစိုးရက ခပ်အေးအေးနေမယ့်မူကို ကိုင်စွဲ ထားတာကိုး။ ဒါပေမယ့် လူအခွင့်အရေးနဲ့ ဒီမိုကရေစီနယ်ပယ်မှာတော့ မြန်မာက အခြားနိုင်ငံတွေနဲ့ ဆန်ကျင်ဖက်ဖြစ် နေပြန်ပါရော။

အာဆီယံအဝန်းအဝိုင်းမှာရှိနေတဲ့ အနေအထားအရတော့ မြန်မာက ရှေ့ကို အများကြီး ခုန်တက်သွားပါတယ်။ ဒါကြောင့်လည်း ရှေးရိုးစွဲ အာဆီယံ နိုင်ငံတချို့က မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတာတွေ အာဆီယံအပေါ် ရေရှည်မှာ ဘယ်လိုကူးစက်ပြီး အကျိုးသက်ရောက်မှု ရှိလာမလဲဆိုတာကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတာပေါ့။ နိုင်ငံထဲမှာ လက်ရှိဖြစ်နေတဲ့ မီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုတွေက မြန်မာနိုင်ငံကို နိုင်ငံတကာ မီဒီယာလွတ်လပ်ခွင့် မှတ်တမ်းတွေရဲ့ အောက်ခြေအဆင့်ကနေ အာဆီယံအဖွဲ့ဝင် နိုင်ငံထက်ဝက်ကျော်ရဲ့ အရှေ့ ရောက်သွားစေတာကိုး။

လာမယ့် အလှည့်ကျ အာဆီယံဥက္ကဋ္ဌအပေါ် ဘယ်လောက်အထိ ယုံကြည်အားထားလို့ ရမလဲဆိုတာနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက မေးခွန်းထုတ်ကြပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်ဆိုရင် အာဆီယံဥက္ကဋ္ဌရာထူးကို ရယူတော့မှာဖြစ်ပေမယ့် အာဆီယံခေါင်းဆောင်တွေ ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာအထိ ဒါနဲ့ပတ်သက်ပြီး မတင်မကျ ဖြစ်နေဆဲပါပဲ။ ဒါကြောင့်မို့လည်း ဘာလီပူးတွဲ ကြေငြာချက်မှာ မြန်မာ အာဆီယံဥက္ကဌဖြစ်ရေးကို သူတို့က “အတည်ပြု” တာထက်စာရင် “ထောက်ခံ” တယ်လို့ ထည့်သွင်းရေးသားခဲ့တာပေါ့။

တချိန်တည်းမှာလည်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ပုံမှန် သံတမန် ဆက်ဆံရေးအရှိန်က အာဆီယံကို အံ့အားသင့်စေပါသေးတယ်။ တကယ်တော့ အာဆီယံက ဖြစ်နေတာတွေကို အမှီ လိုက်နေရတယ်လို့ ဆိုရင် မမှားလောက်ပါဘူး။

ဒီစိုးရိမ်ပူပန်မှုဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဆက်လွှမ်းမိုးနေဦးမှာပါ။ ပြီးခဲ့တဲ့ ဧပြီလ ဖနွမ်ပင် အာဆီယံထိပ်သီးအစည်းအဝေးတုန်းကဆိုရင် အာဆီယံ ခေါင်းဆောင်တယောက်က သမ္မတ ဦးသိန်းစိန်ကို တခု တိုက်တွန်းခဲ့ပါတယ်။

အဲ့ဒါကတော့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေ ဘယ်လောက်ရှိနေ သလဲဆိုတာနဲ့ ၂၀၁၄ မှာ အာဆီယံ ထိပ်သီး အစည်းအဝေးတွေ လက်ခံကျင်းပဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတာတွေကို လေ့လာနိုင်ဖို့ အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေကို နေပြည်တော်သို့ ဖိတ်ဖို့ပါပဲ။ သူက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး အာဆီယံဟာ အရေးမပါသလို ခံစားရတာမို့ တိုက်တွန်းခဲ့တာလို့ သိရပါတယ်။

သတိပြုဖို့ စိတ်ဝင်စားစရာ ကောင်းတာကတော့ အာဆီယံအဖွဲ့ဝင်သစ်တွေဖြစ်ကြတဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံကြားက အလားအလာရှိတဲ့ ပြိုင်ဆိုင်မှု ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက ဒီမိုကရေစီတည်ဆောက်မှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးနောက်ပိုင်းမှာ ဒီပြိုင်ဆိုင်မှုဟာ ပိုပြင်းထန်လာခဲ့တာပါ။

အဖြစ် အပျက်တွေကိုလည်း အာဆီယံအဝန်းအဝိုင်းမှာ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့တုန်းက ဆိုရင် ကြိုတင်ညှိနှိုင်းတာမျိုးမရှိဘဲ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟွန် (Hor Namhong) ဆီက ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အထူးအစည်းအဝေးတခုခေါ်ဖို့ တောင်းဆိုထားတဲ့ စာကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရတာမို့ အံ့အားသင့်တွေဝေသွားခဲ့ရပါတယ်။ သူက ဒီလိုဆောင်ရွက်တာဟာ “တကယ့် ကို အငိုက်ဖမ်းတာပဲ” ဆိုပြီး အစည်းအဝေးခေါ်ဖို့ အာဆီယံဥက္ကဋ္ဌက တောင်းဆိုထားတာကို ပယ် ချလိုက်ပါတယ်။ အစည်းအဝေးခေါ်မယ့်ကိစ္စကို အားပေးတဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေလည်း နောက်ပိုင်းမှာ သူတို့ အစီအစဉ်ကို လက်လွတ်လိုက်ရပါတယ်။ အဲ့ဒီလိုဖြစ်ပြီး တပတ်အကြာမှာတော့ အထူးအစည်းအဝေးမခေါ်ဘဲ ရခိုင် ပြည်နယ်အခြေအနေအပေါ် ပူးတွဲကြေညာချက်ထုတ်ဖို့ အာဆီယံထဲမှာ သဘောတူခဲ့ကြပါတယ်။

မတူကွဲပြားတဲ့ သမိုင်းနဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေရှိကြတဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေဟာ သူတို့ရဲ့ လွတ်လပ်တဲ့ စဉ်းစားမှုနဲ့ တန်ခိုးထွားမှုတွေကို ထုတ်ပြလေ့ ရှိတတ်ကြပါတယ်။ အာဆီယံမထူထောင်ခင် ၁၉၆၇ သြဂုတ်လမှာ ထိုင်းနိုင်ငံက အဲ့ဒီ ၂ နိုင်ငံကို ချဉ်းကပ်ခဲ့တာနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေ ကောင်းကောင်း မှတ်မိကြပါလိမ့်မယ်။

အဲ့ဒီတုန်းကဆိုရင် ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟာနု (Norodom Sihanouk) က လူသိများတဲ့ သူနိုင်ငံရဲ့ “ထာဝရ ကြားနေရေးဝါဒ” အပေါ် အခြေခံပြီး အာဆီယံရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းကလည်း မြန်မာ နိုင်ငံရဲ့ “တိကျတဲ့ ကြားနေရေးဝါဒ” ကို အဓိကအချက်အဖြစ် ကိုးကားပြီး ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုမျိုး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ စံတန်ဖိုးတွေ အဲ့ဒီနိုင်ငံ ၂ ခုမှာ ရှိနေဆဲပဲလို့ အခြား အာဆီယံနိုင်ငံတွေက လောလောဆယ် ခံစားနေရတာဖြစ်ပါတယ်။

လာမယ့်ရက်ပေါင်း ၄၀၀ ကျော်အတွင်း မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌရာထူးကို လက်ခံယူတဲ့အချိန်မှာ သမ္မတဦးသိန်း စိန်ရဲ့ အစိုးရက ပြောင်းလဲမှုအသစ်တွေနဲ့ အရင်ရှိခဲ့တဲ့ဝါဒကို ဆက်လက် ကိုင်စွဲမစွဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ ၂၀၁၄ ဇူလိုင်လကစပြီး မြန်မာနိုင်ငံက အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံဆက်ဆံရေးအတွက် ညှိနှိုင်းဆောင်ရွက်ရ တဲ့နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရရဲ့ ရပ်တည်ချက်နဲ့ ထင်မြင်ချက်တွေကို အနီးကပ် စောင့်ကြည့်လေ့လာရတော့မှာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တသီတတန်း အထူးသဖြင့် လူ့အခွင့်အရေးကာကွယ်ရေး၊ ဒီမိုကရေစီ မြှင့်တင်ရေးတွေနဲ့ ပတ်သက်တဲ့ ပြုပြုပြောင်းလဲမှုတွေဟာ အာဆီယံ အဖွဲ့ဝင်သစ်တွေနဲ့ အဖွဲ့ဝင်ဟောင်းတွေကို စိုးရိမ်တကြီး ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့ခဲ့ပါတယ်၊ သေသေချာချာတော့ လုပ်ငန်းလည်ပတ်မှု မရှိသေးပါဘူး။ ဒါပေမယ့် ဒီလိုဖွဲ့လိုက်တာဟာ ဗီယက်နမ်နိုင်ငံ အနေနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ပိုပြီး စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ လှုံ့ဆော်လိုက်သလိုပါပဲ။ ဘာဖြစ်လို့လဲဆို တော့ မြန်မာနိုင်ငံက အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့လိုက်တဲ့အတွက် ဗီယက်နမ်နိုင်ငံကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် လျှောက်ထားလိုက်ရတော့တာကိုး။

အာဆီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်တွေ့ဆောင်ရွက်မှုနဲ့ စံချိန်စံညွှန်း ပြဌာန်းချက်တွေ (Terms of Reference -TOR) ကို ၂၀၁၄ မှာ ပြန်လည် သုံးသပ်တဲ့အခါ မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီပြဌာန်းချက်တွေကို ပြင်ဆင်မှုလုပ်ဖို့ ကျန်တဲ့ အာဆီယံနိုင်ငံတွေကို လှုံ့ဆော် စည်းရုံးလိမ့်မလား ဒါမှမဟုတ် ဒီ့ထက်ပိုပြီး လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တခု ချုပ်ဆိုဖို့ အာဆီယံကို အားပေးတိုက်တွန်းလိမ့်မလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက TOR ကို မူကြမ်းရေးဆွဲတဲ့အချိန်မှာ မြန်မာနိုင်ငံက အဲ့ဒီမူကြမ်းအပေါ် လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီယားနိုင်ငံတွေလိုပဲ သဘောထား တင်းမာခဲ့တာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နောက်ဆုံးကျင်းပခဲ့တဲ့ အာဆီယံ လူအခွင့်အရေး ကြေညာစာတမ်း မူကြမ်းရေးဆွဲတဲ့ အစည်းအဝေးတွေနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ အာဆီယံအခြေစိုက် လူမှု အဖွဲ့အစည်းတွေ ညှိနှိုင်းဆွေးနွေး ပွဲတွေမှာတော့ မြန်မာကိုယ်စားလှယ်တွေက လူအခွင့်အရေး အကာအကွယ်ပေးတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အတော်လေး သဘောထား ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံ အတွင်းရေးမှူးအဖွဲ့ အပါအဝင် အာဆီယံ တဖွဲ့လုံးအနေနဲ့ မြန်မာပြည်ရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုနဲ့ ရိုဟင်ဂျာ ကိစ္စတွေအပေါ် ကူညီဖို့ အဆင်သင့်ဖြစ်နေပေမယ့် အဲ့ဒီလိုကူညီနိုင်ဖို့အရေး လောလောဆယ် အာဆီယံ ပြင်ပကို ပိုပြီး အမှီပြုခဲ့ကြရပါတယ်။

ပုံစံတခု ပေါ်ပေါက်လာခဲ့တာကတော့ မြန်မာအစိုးရအနေနဲ့ အာဆီယံနဲ့ ဆောင်ရွက်ရတဲ့ကိစ္စတွေမှာ အာဆီယံအဖွဲ့ဝင်တွေ တနိုင်ငံချင်းဆီကပဲ အကူအညီယူဖို့ ပိုလိုလားတယ် ဒါမှမဟုတ်လည်း အာဆီယံတစုံလုံးခေါင်းစဉ်အောက်က မဟုတ်တဲ့ အကူအညီမျိုးကို ပိုလိုလားတယ် ဆိုတာပါပဲ။

ဒီလိုအပြုအမူက အာဆီယံ၊ နိုင်ငံတကာမိသားစုတွေနဲ့ ဆက်စပ်ဆောင်ရွက်တဲ့နေရာမှာ မြန်မာအစိုးရရဲ့ တစတစ တိုးတက်လာတဲ့ သံတမန်ရေး လွတ်လပ်မှုကို ညွှန်ပြနေတာဖြစ်ပါတယ်။ သာဓကတခုအနေနဲ့ သဘာဝပတ်ဝန်းကျင် အပေါ် ဆိုးကျိုးတွေရှိတယ်လို့ အစီရင်ခံစာတွေ ထွက်လာပြီးတဲ့နောက် မြန်မာအစိုးရက မြစ်ဆုံရေကာတာဆောက်ဖို့ ရပ်ဆိုင်းလိုက်တာကို ကြည့်လို့ရပါတယ်။ ဒါကို အခြားစကားလုံးနဲ့ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံတွင်း နိုင်ငံရေးထဲမှာရော အဲ့ဒီဘောင်ကိုကျော်ပြီးတော့ရော သူ့ရဲ့ ကိုယ်ပိုင်နေရာရာဖို့ တဖြည်းဖြည်း တောင်းယူနေတာပါ၊ အဲ့ဒီနေရာက အာဆီယံတစုံလုံးရဲ့ အကျိုးစီးပွားနဲ့ တထပ်တည်း ကျချင်ကျပါလိမ့်မယ်၊ ဒါမှမဟုတ် ကျချင်မှလည်း ကျပါလိမ့်မယ်။

Kavi Chongkittavorn ၏ Myanmar Sending Mixed Signals to Asean ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။ စာရေးသူသည် ဘန်ကောက်အခြေစိုက် နေရှင်းမီဒီယာအဖွဲ့တွင် အကြီးတန်းအယ်ဒီတာတဦးဖြစ်သည်။

Loading