သရုပ်ဆောင် ဇင်ဝိုင်းဟာ ၁၉၇၃-၇၄ ခုနှစ်မှာ ၁၄ နှစ်သားအရွယ်မှ စတင်ပြီး ရုပ်ရှင်အနုပညာလောကကို ဝင်ရောက်လာခဲ့ကာ အနုပညာလောကရဲ့ အောက်ခြေသိမ်းအလုပ်ကအစ မျိုးစုံ လုပ်ကိုင်လာခဲ့သူပါ။ နောက်တော့ သင်္ကြန်မိုး ဇာတ်ကားနဲ့ ပရိသတ်အသိအမှတ်ပြု ခံခဲ့ရပြီး ဒဏ္ဏာရီဇာတ်ကားနဲ့ပါ ထပ်မံ အောင်မြင်လာခဲ့တဲ့ သရုပ်ဆောင် ဇင်ဝိုင်းဟာ ၁၉၉၇ ခုနှစ်မှာ မြင့်မြတ်နှလုံးသားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ဌာနဆိုင်ရာ လက်အောက်က လွတ်ကင်းတဲ့ အဖွဲ့အစည်းတခုအဖြစ်၂၀၁၂ ဧပြီလက ပြန်လည်ဖွဲ့စည်းရာမှာ ပြည်သူ့ဆန္ဒမဲများနဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ လက်ရှိ မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်းနဲ့ လိုအပ်ချက်တွေအပြင် ရှေ့ဆက် ဘယ်လိုမျိုးတွေ လုပ်ဆောင်သွားဖို့ ရှိသလဲဆိုတာတွေကို ဧရာဝတီသတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ မြန်မာ့ရုပ်ရှင် အဆင့်အတန်း တိုးမြင့်လာဖို့အတွက် အခြေခံအကျဆုံး အကြောင်းအရာတွေက ဘာဖြစ်မလဲ။
ဖြေ ။ ။ အခြေခံအကျဆုံး အကြောင်းအရာကတော့ (၁) ကျနော်တို့ ရုပ်ရှင်လောကသား အနုပညာရှင် အတတ်ပညာရှင်တွေရဲ့ အရည်အသွေးတိုးမြှင့်အောင် လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ တခြားဘယ်အချက်တွေကြောင့်ပဲ မြန်မာ့ရုပ်ရှင် ကျတယ်ပြောပြော အကြောင်းပေါင်းစုံစွာ ကျလာပေမယ့်လည်း အဓိက အချက်ထဲမှာ ကျနော်တို့ရဲ့ ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ အရည်သွေးသည် နိုင်ငံတကာ စံချိန်နှုန်းထက် မြင့်တက်တိုးမြင့်အောင် လုပ်ဆောင်ဖို့ဆိုတာ ဒါအရေးကြီးဆုံးအချက် ဖြစ်ပါတယ်။
နံပါတ် (၂) အချက်အနေနဲ့ကတော့ ကျနော်တို့ လောကသားများရဲ့ စနစ်တကျ လုပ်တတ်ကိုင်တတ်ဖို့ပါ။ ကျနော်တို့က မိရိုးဖလာ လုပ်ကိုင်လာကြတဲ့ လူတွေဖြစ်ကြတဲ့အတွက် နိုင်ငံတကာက စနစ်တွေနဲ့ လုပ်ကိုင်တဲ့နေရာမှာ အားနည်းမှုများစွာရှိပါတယ်။ ကျနော်တို့ ရုပ်ရှင်လောကကို တင့်တောင်းတင့်တယ် ဖြစ်ချင်ရင်၊ တန်းတခုကို ရောက်လာချင်တယ်ဆိုရင် စနစ်တကျလုပ်တတ်ဖို့ လိုပါသေးတယ်။ စည်းကမ်းတကျ အချိန်ကို
လေးစားခြင်း၊ မိမိတာဝန်ကို လေးစားခြင်း၊ မိမိအလုပ်အပေါ်မှာ လေးစားခြင်း စတဲ့ ဒီစနစ်တွေလည်း အများကြီး အရေးကြီးပါတယ်။
နံပါတ် (၃) အချက်ကတော့ အခြေခံအကျဆုံး ရုပ်ဝတ္ထုပစ္စည်းတွေဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးတဲ့ စတူဒီယိုတို့၊ စက်ကိရိယာ ပစ္စည်းများ ဒါတွေကို နိုင်ငံတကာအဆင့်မီ တိုးမြှင့်ဖို့လိုပါတယ်။ ကျနော်တို့မှာရှိနေတဲ့ ငွေကြေး အင်အားနဲ့က ဘယ်လိုမှ လှမ်းမမီနိုင်ပါဘူး။ ဒီအတွက်ကို ကျနော်တို့ကို ပူးပေါင်းပါဝင်လာမယ့် အဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီမယ့် အဖွဲ့အစည်းတွေကို ကမ်းလှမ်းနေပါတယ်။
နံပါတ် (၄) အချက်အနေနဲ့ ကျနော်တို့ရဲ့ အနုပညာဖန်တီးတဲ့နေရာမှာ လွတ်လပ်စွာ ဖန်တီးခွင့်ရဖို့ပါ။ ဒီမှာလည်း လွတ်လပ်ခြင်းဆိုတာနဲ့အတူ အမှိုက်တွေ၊ စရိုက်တွေ၊ ဒိုက်တွေ ပါလာမှာပါ။ ဒါကလည်း အချိန်နဲ့ လူထုရဲ့ ပရိသတ်ရဲ့ စိစစ်ဖြတ်တောက်သွားမှုနဲ့ ဒါတွေက ဘေးရောက်သွားမှာပါ။ ကျနော်တို့ လွတ်လပ်စွာဖန်တီးချင်တယ်ဆိုတာကလည်း ဟီရိသြတ္တပတရား ပျက်ပြားအောင်တို့ တခြားသူကို စော်ကားမော်ကားရိုက်ချင်တာ ဒါတွေမဟုတ်ပါဘူး။ ခေတ်စနစ်အရ တကယ် ကျနော်တို့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို ထင်ဟပ်ပြီးတော့မှ တကယ့်သဘာဝခေတ်ကို ထင်ဟပ်ပြီးတော့ ရိုက်ကူးချင်ပါတယ်။ အဲ့ဒီလို ရိုက်ကူးခွင့်ရဖို့ဆိုတာကလည်း အနုပညာဖန်တီးခွင့်တွေကို ထိန်းချုပ်ထားတာတွေကို လျှော့ပေါ့ပေးဖို့ လိုပါတယ်။
နံပါတ် (၅) အချက်အနေနဲ့ကတော့ ကျနော်တို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ ရုပ်ရှင်၊ ဗီဒီယို စတဲ့ပစ္စည်းတွေကို ဈေးကွက်အတွင်းမှာ မှန်မှန်ကန်ကန် စီးဆင်းသွားစေချင်ပါတယ်။ ဘယ်လောက်ပဲ အရည်အသွေးရှိတဲ့ ပစ္စည်းကို ထုတ်လုပ်ထုတ်လုပ် ဒီပစ္စည်းများဟာ တရားဝင်ရောင်းချရခြင်း မရှိဘဲနဲ့ နည်းလမ်းမှားစွာနဲ့ ဖြစ်သွားတယ်ဆိုရင် ကျနော်တို့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ငွေကြေးက ပြန်လာဖို့မရှိပါဘူး။ မရှိဘူးဆိုရင် မိမိကုန်ကျစရိတ်နဲ့ ပြန်ဝင်လာတဲ့ ငွေကြေးနဲ့ မကိုက်ညီဘူးဆိုရင် ဒီလုပ်ငန်းက ဘယ်လိုမှ ရှင်သန်နိုင်ဖို့ မရှိပါဘူး။ အရည်အသွေးမြင့်တဲ့ ကုန်ပစ္စည်းတွေလည်း ထုတ်လုပ်နိုင်မှာလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဗီဒီယိုဆိုရင်လည်း ဗီဒီယို ဈေးကွက် ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာအောင်၊ ရုပ်ရှင်ဆိုရင်လည်း ရုပ်ရှင်ရုံအသစ်တွေ ပိုမိုတိုးတက်လာအောင် ရှိပြီးသားရုံတွေကိုလည်း အဆင့်မီရုံတွေ ဖြစ်လာအောင် အများကြီးလုပ်ရမှာပါ။
မေး ။ ။ အခု ဆင်ဆာမူဝါဒတွေ လျှော့ချလိုက်တာဟာလည်း မြန်မာ့ရုပ်ရှင်လောက ကောင်းမွန်ဖို့ နည်းလမ်းအစလို့
ပြောလို့ရပါသလား။
ဖြေ ။ ။ မှန်ပါတယ်ဗျ။ အရင်ကထင်စာရင် ကျနော်တို့ လူးသာလွန့်သာလာပါပြီ။ တချို့ဇာတ်ကားလေးများကိုလည်း ကျနော်တို့ လိုချင်တဲ့အတိုင်း မဟုတ်တောင်မှ အတိုင်းအတာ တခုအထိ ဖန်တီးခွင့်လေးတွေ ရလာပါပြီ။ အဲ့ဒါတွေလည်း ဖန်လည်း ဖန်တီးနေကြပါပြီ။ ဒါပေမယ့် လက်တွေ့ဖြစ်လာတဲ့ ရလဒ်ကိုတော့ ကြည့်ကြရမှာပါပဲ။ ကျနော်တို့ ဖန်တီးလိုက်တာဟာ တကယ်တမ်းကျတော့မှ ဘယ်လို ပိတ်ဆို့မှုတွေနဲ့ ကြုံရမလဲဆိုတာတော့ ကျနော်တို့ကလည်း ကြိုတင်မျှော်မှန်းထားမှုတွေလည်း ရှိပါတယ်။
မေး ။ ။ ဌာနဆိုင်ရာ လက်အောက်ကနေ မညီမျှမှုတွေ၊ လိုအပ်ချက်တွေ အများအပြားနဲ့ ယိုင်နဲ့နဲ့ လွတ်မြောက်လာတဲ့
မြန်မာ့ရုပ်ရှင်အစည်းအရုံးကို ပြန်လည် တည့်မတ်လာအောင် လုပ်ရတဲ့အပေါ် ဘယ်လိုသုံးသပ်ချင်ပါလဲ။
ဖြေ ။ ။ ကျနော်တို့မှာ အရမ်းကို ခက်ခဲပင်ပန်းပါတယ်ခင်ဗျ။ ကျနော်တို့ အခု ရှေ့လာမယ့် အောက်တိုဘာ ၁၀ ရက်ဆို ၆ လ ပြည့်ပါပြီ။ ၆ လအတွင်းမှာ ကျနော်တို့ အမှုဆောင်များရော၊ ကျနော်တို့နဲ့ ဝိုင်းဝန်းကူကြတဲ့ လောကသားများ အများစု ရှိပါတယ်။ ကျနော်တို့တွေသည် တနေ့မှာ ရုံးကို အနည်းဆုံး ၁၀ နာရီနဲ့ အထက် ၁၄၊ ၁၅ နာရီထိုင်ပြီး လုပ်ကြပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ ဒီ ၆ လအတွင်းမှာ ကြိုးစားရုန်းကန်မှုဟာ ကျနော်တို့ဖြစ်ချင်သလောက် ခရီးက မပေါက်ပါဘူး။ အလားသဏ္ဍန်တခုနဲ့ နှိုင်းရမယ်ဆိုရင် အခု ကျနော်တို့နိုင်ငံ ဖြစ်နေသလို ဖြစ်နေတာပါပဲ။ ပြောင်းလဲမှု တခုကို ဦးတည်တယ်ဆိုပေမယ့် ဒီပြောင်းလဲမှုကို တားဆီးနေတဲ့သူတွေ ပိတ်ပင်နေတဲ့သူတွေ ကန်လန့်ခံနေတဲ့သူတွေ အခက်အခဲတွေကြောင့်လို့ တွေ့ရပါတယ်။
ကျနော်တို့ဟာ အရင် ဗဟိုဦးစီးစနစ်ဆိုတာကို ပြောင်းလဲပြီးတော့ ဒီမိုကရေစီပေါ့နော်၊ အများဆန္ဒနဲ့ အညီ ရွေးချယ်တင်မြှောက်တဲ့ စနစ်လုပ်တာ အလွန်ကောင်းပါတယ်။ သို့သော် ဒီမိုကရေစီ စံချိန်စံညွှန်းကို ကျနော်တို့ လောကသားများအားလုံး ကျနော်တို့နိုင်ငံလိုပဲပေါ့နော်၊ မကျင့်သုံးနိုင်သေးတဲ့၊ အလေ့အကျင့် မရသေးတဲ့အချိန်ကျတော့ အရင်တုန်းကလို အမိန့်ပေးမှ လုပ်တာတို့၊ အာဏာရှိမှ ကြောက်တယ်ဆိုတာ မျိုးလေးတွေပေါ့။ အခုချိန်မှာ ကျနော်တို့ဟာ အာဏာရှင်လည်း မဟုတ်ပါဘူး။ အာဏာရှိတဲ့သူကလည်း ကျောထောက် နောက်ခံမပေးတော့ စည်းရုံးခြင်းနဲ့ သိမ်းသွင်းပြီးတော့ပေါ့ ဒီလိုပဲ အင်အားလေး စုစည်းပြီး ညီညွတ်မှုလေးတခုနဲ့ပဲ သွားကြရတာပါ။
အဲ့ဒီအခါမှာတော့ အရင်တုန်းကလို အာဏာရှိတဲ့လူတယောက်က ထိုင်နေပြီးတော့ အာဏာနဲ့ အမိန့်ကို ပေးတယ်။ သူခွဲဝေပေးတဲ့ အာဏာကို ကိုင်တွယ် သုံးစွဲတဲ့သူကလည်း အာဏာရှိမယ်။ အဆင့်ဆင့် လက်ဝေခံများနဲ့ တကယ်ကို လုံးဝပျက်ဆီးသွားတာပါ။ ကျနော်တို့က အဲ့ဒီစနစ်တွေ ဖျောက်လိုက်တဲ့အခါကျတော့ တဖက်က ဘာပေါ်လာလဲဆိုတော့ အဆင့်ဆင့်ကို လေးစားမှုမရှိတဲ့ ကိစ္စမျိုးပေါ့။ မိမိတာဝန်မိမိ မယူတာမျိုးတို့၊ ဒါ NGO ပဲ၊ ငါက ဘာနာခံစရာ ရှိလဲဆိုတဲ့ ကိစ္စမျိုးတွေက အစပေါ့၊ ကျနော်တို့မှာ တော်တော်ခက်ခဲပါတယ်။ ကိုယ်စီရဲ့ ကျင့်ဝတ်နဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေဟာ ကျနော်တို့မှာ အလေ့အကျင့် နည်းသေးတာကိုး။ ဒါကလည်း အပြစ်ပြောလို့မရပါဘူး။ အပြောင်းအလဲ ကာလတခုဆိုတော့ ဒီလို ခက်ခဲအကြမ်းအတမ်းမှုတော့ ကြုံရမှာပါပဲ။ ဒီကြမ်းတမ်းမှုကို ကျနော်တို့က တတ်နိုင်သမျှ စည်းရုံးပြီးတော့ လူတိုင်းလူတိုင်း ဒီအသိစိတ်ဓာတ်လေး ဝင်အောင် ကြိုးစားကြရမှာပါပဲ။
မေး ။ ။ နိုင်ငံတကာ ထိုးဖောက်ဖို့ဆိုတာ ထားဦး၊ အိမ်နီးချင်း နိုင်ငံတွေရဲ့ အဆင့်အတန်းနီးပါးလောက် လိုက်မီနိုင်ဖို့ ဒီကနေ့ မြန်မာ့ရုပ်ရှင် အဆင့်အတန်းအနေနဲ့ ဘယ်လောက်အထိ ကြိုးစားရပါဦးမလဲ။
ဖြေ ။ ။ နိုင်ငံတကာဆိုတာကို ဘေးဖယ်လိုက်ပါဦး။ ကျနော်တို့ ပထမဆုံး ကျင့်ကြံနေတာက ပြည်တွင်းမှာရှိတဲ့ ပြည်တွင်း ဈေးကွက်ပေါ့နော်၊ အဓိကကတော့ မြန်မာရုပ်ရှင်ကို ကြည့်ကြတဲ့ မြန်မာပရိသတ်များဟာ မြန်မာဇာတ်ကားများကို လေးလေးစားစား အလေးထားပြီး ပြန်ကြည့်လာတဲ့ အဆင့်ရောက်အောင် ကျနော်တို့က ကြိုးစားရဦးမှာပါ။ မြန်မာဇာတ်ကားဆိုတာ ငါတို့အတွက် ကြည့်သင့်တဲ့အရာ၊ တကယ်ကိုမှ တန်ဖိုးရှိတဲ့အရာ တခုခုပေါ့နော်၊ အကျိုးပြုစေတဲ့ အရာတခုခု ဖြစ်လာဖို့ ကျနော်တို့က ပထမအဆင့်အနေနဲ့ ကြိုးစားရဦးမှာ။ အဲ့ဒီအဆင့်လေးရဖို့ကိုတောင် ကျနော်တို့ တော်တော် ကြိုးစားရဦးပါမယ်။ ဒါလက်ရှိ အခြေအနေအရပေါ့နော်။
နောက် ဒေသတွင်း နိုင်ငံများနဲ့ ယှဉ်နိုင်ဖို့ဆိုတာ ကျနော်တို့လောကသားတွေက မိမိမှာရှိတဲ့ Mind-set (စိတ်နေသဘောထား) တွေကိုလည်း ပြောင်းမယ်၊ နိုင်ငံတော်အဆင့် ဖန်တီးပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ကလည်း မြန်မာ့ရုပ်ရှင်ဆိုတာ မြန်မာနိုင်ငံမှာတော့ မပျောက်ပျက်ကောင်းတဲ့ အမျိုးသားလက္ခဏာ တရပ်၊ ယဉ်ကျေးမှု လက္ခဏာတရပ်၊ ဒါ့အတွက် မြန်မာ့ရုပ်ရှင်ကို မပျောက်ပျက်အောင် ငါတို့က ဝိုင်းဝန်းပြီးတော့ အားပေးရမယ် ဆိုတာမျိုးလည်း အားပေးမယ်၊ ကျနော်တို့ကလည်း အစွမ်းကုန် ကြိုးစားကြမယ်ဆိုရင်တောင်မှ နောက် နှစ်ပေါင်း ၂၀ လောက် ကြိုးစားရဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ရှေ့က ပြေးနေတဲ့သူက သူကရပ်နေမှာ မဟုတ်ဘူးလေ။ ပြေးသထက်ပြေးနေမှာပါပဲ။ ကျနော်တို့ ရှေ့မှာ ကျနော်တို့ထက် ကြိုတင် ပြုပြင်ခဲ့ကြတဲ့ အားကစားဆိုတဲ့ လောကဆိုတာတောင်မှပဲ နိုင်ငံတော်က ငွေကြေးအလုံးအရင်းနဲ့ ပုံအောပြီးတော့မှ ပြင်ပက ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း ပုံအောပြီးလုပ်ကြတာပါပဲ။ ဒီဆယ်စုနှစ်ကျော် အနှစ်နှစ်ဆယ်အတွင်းမှာပဲ ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတော့လည်း ထင်သာမြင်သာရှိအောင် တိုးတက်မှုမရှိသေးပါဘူး။ တိုးတက်မှု မရှိလို့ မပြုပြင်ရဘူးလား ဆိုတော့လဲ အားကစားဆိုတာလည်း ကျနော်တို့နိုင်ငံရဲ့ ပြယုဂ်ပဲလေ။ ကြိုးစားနေရမှာပါပဲ။
ဒီလိုပဲ စာပေ၊ဂီတ၊ ရုပ်ရှင်ဆိုတဲ့ အရာတွေကလည်း နိုင်ငံတိုင်းမှာ အင်အာကြီးတခုပါပဲ။ ဒါမရှိရင် မရပါဘူး။ တချို့နိုင်ငံမှာ ဒီအင်အားကြီးနဲ့ပဲ တခြားနိုင်ငံတွေကို လွှမ်းမိုးနိုင်တာတွေ အများကြီးရှိပါတယ်။ သို့သော် ကျနော်တို့ တခု ကံကောင်းနေတာက ကျနော်တို့နိုင်ငံရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာ တခုပါပဲ။ ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုပေါင်းကို တရာ့သုံးဆယ်ကျော်နဲ့ စုဖွဲ့ထားတယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေ ဓလေ့တွေ ထုံးတမ်းအစဉ်အလာတွေ၊ စရိုက်လက္ခဏာတွေ ပေါင်းစုံပြီးတော့ ဒီထူးခြားတဲ့ အချက်လေးတွေမှာ ကမ္ဘာက မသိသေးတဲ့၊ အလွန်ချစ်စရာကောင်းတဲ့ အလွန်ကို ချီးကျူးဂုဏ်ယူစရာကောင်းတဲ့ ဓလေ့စရိုက်တွေ အများကြီးရှိပါသေးတယ်။ ဥပမာ- ကိုရီးယား ဇာတ်ကားတွေ ကမ္ဘာကို ဖြန့်တယ်။ ဒါကိုကြည့်တဲ့အခါမှာ သူတို့ ဓလေ့စရိုက်တွေထက် ကျနော်တို့ မြန်မာမှာ ဒီထက် ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်တွေရှိပါသေးတယ်။ ဒါလေးတွေကို ကျနော်တို့က စနစ်တကျ အနုပညာဂုဏ်မြောက်အောင် ဖော်ကျူးနိုင်ရင် နိုင်ငံတကာက စိတ်ဝင်းစားခြင်းကို ခံရမှာပါ။
နောက်တခု ကျနော်တို့မှာ သဘာဝက ပေးထားတဲ့ အမွေအနှစ် ရေခဲတောင်လည်းရှိတယ်။ ကန္တာရ လွင်ပြင်လိုဆန်တဲ့ အပူပိုင်းဇုန်လည်း ရှိတယ်။ အလွန်လှပတဲ့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်လိုမျိုးတွေလည်း ရှိတယ်။ ပင်လယ်ကမ်းနားလည်း ရှိတယ်။ ဒီအလှအပတွေကလည်း နှစ်ပေါင်းများစွာ ကျနော်တို့က သံကွန်ချာထဲ နေလာခဲ့ကြတာဆိုတော့ ကမ္ဘာသူ ကမ္ဘာသားများမသိတဲ့၊ မထိတွေ့ရတဲ့ အစိမ်းသက်သက် နယ်မြေလိုလည်း ဖြစ်နေပါတယ်။ ဒီနယ်မြေဒေသ အလှအပတွေကို ကျနော်တို့ တိုင်းရင်းသားများရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့စရိုက် ထုံးတမ်းအစဉ်အလာတွေနဲ့ ကျနော်တို့ မြန်မာတွေရဲ့ နှလုံးသားပေါ့လေ၊ ဒါတွေကို အနုပညာနဲ့ ထုံမွမ်းတင်ပြနိုင်မယ် ဆိုရင်တော့ အားသာချက်တခုဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ အနှစ် ၂၀ လောက် မှန်းတာပါ။ နို့မဟုတ်ရင်တော့ နှစ် ၃၀၊ ၄၀ လောက် လိုက်ရမယ့် သဘောရှိပါတယ်။ ဒါတောင်မှ အားလုံးက ပြုပြင်ပြောင်းလဲပြီး အမြင်ကြည်ကြည်လင်လင်နဲ့ ကူညီကြမှာသာ ဒီအဆင့်ရောက်မှာပါ ခင်ဗျာ။
မေး ။ ။ ၁၉၂၀ မှာ မြန်မာ့ရုပ်ရှင် စပေါ်လာပြီး ၁၉၇၀ နီးပါးအထိ ရွှေရောင်လွှမ်းခဲ့တဲ့ ခေတ်ကာလကနေ အဲ့ဒီနောက်ပိုင်း ဒီကနေ့အချိန်အထိ ယိုင်နဲ့လာခဲ့ရတာ ဘယ်လို အခြေအနေတွေကြောင့်ပါလဲ။
ဖြေ ။ ။ ရုပ်ရှင်ဆိုတာ ဘယ်နိုင်ငံမှာမှ နိုင်ငံတော်ကနေ ချုပ်ကိုင်ပြီးလုပ်လိုက်လို့ ရုပ်ရှင်ကြီး တိုးတက်သွားတယ်ဆိုတာ မရှိပါဘူး။ နိုင်ငံတော်က ချုပ်ကိုင်မယ်ဆိုရင် ဝါဒဖြန့်ချိရေး ယန္တရားတခုပဲ ဖြစ်သွားမယ်လေ။ ကျနော်တို့နိုင်ငံမှာတော့ ၁၉၆၃ ခုနှစ် မတိုင်ခင်အထိတော့ ရုပ်ရှင်ဆိုတာ လွတ်လပ်စွာ ဖန်တီးကြတယ်။ အနုပညာဖန်တီးမှုတွေ စက်မှုဘက်ဆိုင်ရာရော၊ ကျန်တဲ့ ရုပ်ဝတ္ထုပိုင်းမှာရော၊ ကျန်တဲ့ဒေသတွင်း နိုင်ငံတွေထက်တောင်မှ မြင့်ခဲ့ပါသေးတယ်။
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး ဖြစ်လာပြီးတဲ့နောက်မှာတော့ အရာရာအားလုံးဟာ ပြည်သူပိုင်ဖြစ်ကြရတာပါပဲ။ ပထမဆုံး ရုပ်ရှင်ရုံတွေ ပြည်သူပိုင် သိမ်းလိုက်ပါတယ်။ အဲ့ဒီတော့ ပုဂ္ဂလိက လုပ်ငန်းမဟုတ်တော့တဲ့အတွက် ဝန်ထမ်းများရဲ့ စေတနာ လျော့ပါးလာမှုကြောင့် ဒီရုံတွေက တဖြည်းဖြည်းနဲ့ အဆင့်အတန်း နိမ့်ကျသွားရတာပါ။ လူတွေက ရုပ်ရှင်ရုံထဲဆို မဝင်ချင်တော့တဲ့ ဘဝရောက်ကြပါတော့တယ်။ နောက် ဖလင်ဆိုတာက နိုင်ငံခြားငွေနဲ့ ဝယ်ရတာပါ။ အဲ့တော့ ဒါကိုလည်း ဖျော်ဖြေရေးသက်သက်လောက်ဖြစ်တဲ့ Entertainment လောက်အတွက် သုံးတဲ့ ရုပ်ရှင်အတွက်ကို ရွှေနဲ့ ဆက်ဝယ်ရတယ်။ အဲ့ဒီတုန်းက ဒေါ်လာကို ရွှေနဲ့နှိုင်းတာကိုး။ ဒီလို ဝယ်ရတဲ့ ဖလင်တွေကို အကုန်အကျ မခံနိုင်ဘူးဆိုပြီးတော့ ဖလင်တွေကို ပထမလျော့ နောက်တော့ လုံး၀ မသွင်းတော့တဲ့အထိ ရောက်ကုန်တာပါပဲ။ ဒါကြောင့်မို့ ဗီဒီယိုဆိုတာ ဖြစ်လာရတာလေ။
နောက် မူဝါဒပိုင်းဆိုင်ရာ ချုပ်ကိုင်မှုတွေပါလာတယ်။ တဖြည်းဖြည်းတင်းကျပ်လာတဲ့ ဆင်ဆာ မူဝါဒတွေက ဘယ်လောက်အထိလဲဆိုရင် လင်မယားရန်ဖြစ်လို့ မိန်းမကို ယောက်ျားက ရိုက်လိုက် နှက်လိုက်တာဆိုရင် အမျိုးသမီးရေးရာနဲ့ ထိပ်တိုက်တိုးရတဲ့ အဖြစ်မျိုး၊ တလလောက်ပျောက်နေတဲ့ သမီးကို လိုက်ရှာရင်းတွေ့လို့ ကားကို လမ်းဘေးထိုးရပ်ပြီး သမီးကိုတွေ့လို့ သမီးနောက် ပြေးဆင်းလိုက်သွားတဲ့ အခန်းမျိုးမှာ ကားကို ဖြူနီကျားမှာ မရပ်လို့ဆိုပြီး ယာဉ်စည်းကမ်းက ခွင့်မပြုဘူးဆိုပြီး ဖြတ်တောက်ခံရတဲ့ ကိစ္စမျိုးတွေပေါ့နော်။ ဌာနဆိုင်ရာပေါင်းစုံကနေ သိပ်တင်းကျပ်လာတဲ့အခါမှာ အနုပညာဖန်တီးမှုဆိုတာ ဘောင်ထဲမှာ ရောက်သွားတာပါ။
ကြာတော့လည်း ဒီဘောင်ထဲကနေ ဖန်တီးလာရတဲ့ အခါကျတော့ ကျနော်တို့ ဦးနှောက်တွေ၊ Mind-set တွေလည်း ပျက်သုဉ်းလာကြတာပါပဲ။ လွတ်လပ်စွာ ဖန်တီးတွေးခေါ်ခြင်း ရှိတော့ဘူး။ စ စဉ်းစားလိုက်တာနဲ့ ဆင်ဆာနဲ့ ဘယ်လိုလွတ်အောင် ရိုက်ရမလဲဆိုတဲ့ ကိစ္စတွေသာ အဓိက ဦးတည်ချက်ဖြစ်လာတာပါပဲ။ အခြေခံ စက်မှုပိုင်းဆိုရင်ရာမှာလည်း တိုးမြင့်လာခြင်းမရှိပါဘူး။ တချို့ စတူဒီယိုကြီးတွေဆိုရင်လည်း ဒီလုပ်ငန်းနဲ့ ဘယ်လိုမှ အမြတ်အစွန်း မရနိုင်တော့တဲ့အတွက် ကိုယ့်ဘာသာကိုယ် ပိုင်းခြားရောင်းပစ်တာတွေလည်း ရှိတယ်။ တချို့ဆို နိုင်ငံတော်ကကို သိမ်းပစ်လိုက်တာတွေရှိပါတယ်။ ပုဂ္ဂိုလ်တဦးတည်းအနေနဲ့ ဒီလောက် မြေယာတွေ ပိုင်ဆိုင်ထားတာ မသင့်တော်ဘူးဆိုရင် ပိုင်းခြားပြီး အကွက်တွေရိုက်ပြီးတော့မှ သက်ဆိိုင်ရာက သိမ်းလိုက်ကြတာပါ။
ဒါ့အပြင် တဖြည်းဖြည်း နိမ့်ကျလာတဲ့ ၄၀၀၊ ၅၀၀ လောက်ရှိတဲ့ ရုပ်ရှင်ရုံတွေကိုလည်း မကိုက်တော့လို့ ဆိုပြီး ထုခွဲရောင်းချလိုက်ပြန်ရော။ တပ်မတော် အစိုးရလက်ထက်ကျပြန်တော့ ပုဂ္ဂလိက ပြန်လွှဲတယ်။ ပထမတုန်းကတော့ ရုပ်ရှင်ရုံ တရုံဖျက်ရင် တရုံပြန်ရမယ်ဆိုတဲ့ မူနဲ့ပေါ့။ ဒါပေမယ့် အဲဒီမူကလည်း စာရွက်ထဲမှာပဲ ရှိတာပါ။ လက်တွေ့မှာတော့ အကောင်အထည် မပေါ်ပါဘူး။ ဆူးလေဘုရားလမ်းမှာရှိတဲ့ ရုပ်ရှင်ကြီးတွေနေရာမှာ ဟိုတယ်ကြီးတွေ အပြိုင်းအရိုင်း ဖြစ်လာတာပါပဲ။ နယ်မြို့ တော်တော်များများမှာလည်း ဒီလိုပဲ ရုပ်ရှင်ရုံတွေကို ပုဂ္ဂလိက ပြန်ရောင်းချလိုက်တာပါပဲ။ မြန်မာတနိုင်ငံလုံးမှာ လက်ရှိ ၁၁၆ ရုံ စာရင်းပေါက်ရှိပါတယ်။ မြန်မာဇာတ်ကားကို တကယ်ပြနေတာက ၄၉ ရုံပဲ ရှိပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် ဒီလို ဖြစ်ခဲ့ကြရတာပါ။
မေး ။ ။ နိုင်ငံတကာမှာ အသက်အရွယ် အပိုင်းအခြားအလိုက် သတ်မှတ် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတွေရှိသလို မြန်မာ့ရုပ်ရှင်လောက မှာရော ဒီလိုမျိုး လုပ်သင့်တယ်လို့ မြင်ပါလား။ နောက်ပိုင်းမှာ လုပ်ဖို့ရော ရှိပါလား။
ဖြေ ။ ။ လုပ်သင့်ပါတယ်။ စရိုက်ကတည်းက ဒါ ၁၈ နှစ်အောက် ကြည့်ဖို့ ရိုက်တယ်၊ ဒါက ၁၈ နှစ် အထက် ကြည့်ဖို့ရိုက်တယ် မဟုတ်ပါဘူး။ သူတို့ဆီမှာ ဒါ ရိုက်ကူးလိုက်တာပါပဲ။ ရိုက်ကူးလိုက်တဲ့ ကားအပေါ်မှာသာ ဆင်ဆာက သတ်မှတ် ပေးလိုက်တာပါပဲ။ စားသုံးသူက သူ့ဘာသာ ရွေးချယ် ကြည့်သွားရုံပါပဲ။ ဆင်ဆာဆိုတာနဲ့ ဒီကားမိုလို့ မပြရဘူး။ ဟိုကားမိုလို့ မလုပ်ရဘူး မရှိပါဘူး။ ကျနော်တို့ နိုင်ငံမှာလည်း တချိန်သော ကာလကျရင် ကျနော်တို့ ဖန်တီးလို်က်တဲ့ အနုပညာဇာတ်ကားတွေကိုပေါ့၊ မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကမှ ဖြတ်တောက်ခြင်း မပြုတော့တဲ့ အဆင့်အထိရောက်အောင် သွားရမှာပါ။ ကြားကာလမှာတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စည်းမျဉ်းများကို ပါသင့်ပါထိုက်တဲ့ အဖွဲ့ဝင်များနဲ့ စုစည်းထားတဲ့ ဆင်ဆာအဖွဲ့ဆိုတာ ရှိပါလိမ့်မယ်။ ဒီကာလကို ကျော်လွန်ပြီဆိုရင်တော့ ကျနော်တို့ ရည်မှန်းချက်ကတော့ ရှေ့မှာ ဆင်ဆာဆိုတာ မရှိတော့ဘူး။ ဆင်ဆာသည် ကျနော်တို့က အဆင့်ပဲ သတ်မှတ်ပေးလိုက်မယ်။ ပြီးရင် ဒါကို မိမိကြိုက်နှစ်သက်ရာ ရွေးချယ်ပြီး ပြဖို့ပါပဲ။ ဖန်တီးလိုက်တဲ့ အနုပညာသည် ပုဂ္ဂိုလ်တခု အဖွဲ့အစည်းတခုကို သွားရောက် ထိခိုက်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ် အဖွဲ့အစည်းနဲ့ တိုက်ရိုက်ဖြေရှင်း၊ သူတို့တရားစွဲလာရင် ဖြေရှင်းကြ။ ကျနော်တို့ မှားရင်ခံ၊ ကျနော်တို့ မှန်ရင်ဆက်လုပ် ဒီလိုမျိုးပေါ့နော်။ ကျနော်တို့ရဲ့ အဓိက ဆင်ဆာသည် စာနယ်ဇင်းဆရာကြီးများက ထောက်ပြ ဝေဖန်မယ်၊ ရှုတ်ချမယ်၊ မဟုတ်တာလုပ်ရင်။ နောက် အဓိက ကျနော်တို့ရဲ့ ဆင်ဆာ Member များကတော့ ပြည်သူပါပဲ။
မေး ။ ။ အနာဂတ် မြန်မာ့ရုပ်ရှင်လောကရဲ့ အဆင့်အတန်းကို ဘယ်လောက်အထိ မျှော်မှန်းထားပါလဲ။
ဖြေ ။ ။ ကျနော် တခါတရံ အလွန်စိတ်ဓာတ်ကျပါတယ်။ သို့သော်လည်း ကျနော်သည် ရုပ်ရှင်ထမင်းကို နှစ်ပေါင်းများစွာ စားခဲ့ပြီးပါပြီ။ ကျနော့ တသက်မကဘူး၊ ကျနော့သားပါ ရုပ်ရှင်ထမင်းကို စားခဲ့ပါတယ်။ ဒီအချိန်မှာ ကျနော့်အတွက် မဟုတ်ပေမယ့် နောင်လာနောက်သားများအတွက် ကျနော်တို့က ဖန်တီးပေးခဲ့ရပါမယ်။ ကျနော့်ရဲ့ အဓိက ရည်ရွယ်ချက်က ကျနော့်ထက် တတ်တဲ့ ကျနော့်ထက် သိတဲ့ ရုပ်ရှင်လောက မျိုးဆက်သစ်တွေကို အခုလက်ရှိဖြစ်နေတာထက် ပိုမိုကောင်းမွန်တဲ့ လောကကြီးတခုကို ဖန်တီးပြီး သူတို့ လက်ထဲကို ထည့်ပေးခဲ့ချင်ပါတယ်။ ဒါမှ တာဝန်ကျေတဲ့ မျိုးဆက်ဟောင်းတယောက် ဖြစ်ပါလိမ့်မယ်။ ဒီ့အတွက် ကျနော် အစွမ်းကုန် ကြိုးစားနေပါတယ်။ ဘယ်လောက်အထိ ဖြစ်နိုင်မလဲဆိုတာကတော့ ကျနော့်ရဲ့ အသိဉာဏ်၊ အရည်အချင်း၊ စွန့်လွှတ်နိုင်မှု၊ ကြိုးစားမှု ပြီးတော့ ကျနော်တို့ လောကသားများရဲ့ ကံတရား၊ ဒါ့အပြင် နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်း အသီးသီးကနေပြီးတော့ ဝိုင်းဝန်းပံ့ပိုးမှု ဒါတွေ အများကြီး လိုအပ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ရုပ်ရှင်လောကရဲ့ အနာဂတ် ကောင်းကျိုးဆိုးကျိုးဟာ ဖြစ်သွားမှာပါ။
ကျနော်မြင်တာတော့ လက်ရှိဖြစ်နေတာထက် ပိုကောင်းလာမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ကို လွန်ခဲ့တဲ့ တနှစ်ကဆိုရင် မှုန်ဝါးဝါးပါ။ အခုချိန်မှာ ကျနော်တို့သွားချင်တဲ့ အနာဂတ် ပုံရိပ်လေးကို မြင်နေရပါပြီ။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် သူတို့တွေသည် တကယ်လုပ်နေကြတာကို ကျနော်တို့ သိထားကြပါတယ်။ သူတို့အချင်းချင်းကြားမှာလည်း တဦးနဲ့တဦး လေးစားမှု၊ ချစ်ခင်မှု၊ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်နေပြီလို့ မြင်ပါတယ်။ ဒီအားတွေနဲ့သာ ဦးဆောင် ချီတက်သွားမယ်ဆိုရင် ကျနော်တို့ ရုပ်ရှင်လောကဆိုတဲ့ ကဏ္ဍတခုကလည်း ဒီအရွေ့ထဲမှာ ပူးပေါင်းပါဝင်ပြီးတော့ ကျနော်တို့ကလည်း နိုင်ငံအကျိုးကို သယ်ပိုးမယ်။ နိုင်ငံတော် ဒီကနေ့သွားနေတဲ့ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး ဒါတွေကို ကျနော်တို့ ရုပ်ရှင်လောကသားတွေက ပူးပေါင်းပါဝင်မယ်။
ဒီလိုမျိုး တုန့်ပြန်မှုတွေနဲ့ ကျနော်တို့ လောက တိုးတက်မြင့်မားလာအောင် ပြန်လည်ပြီး ကြည့်ရှုတယ်၊ စောင့်ရှောက်တယ် ဒီလိုသာ အပြန်အလှန်သွားကြမယ်ဆိုရင် ကျနော်တို့လောကဟာလည်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကဏ္ဍတွေနဲ့ တပြေးညီ ကျနော်တို့ ရုပ်ရှင်ကဏ္ဍလည်း တိုးတက်လာမှာပါပဲ။ ကျနော်တို့ ရုပ်ရှင်လောကသားများသည် မိမိလောက ကောင်းစားရေးအတွက်၊ တခြား မည်သည့်လောက ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်မျိုးမဟုတ်ပါဘူး။ ဒီအချိန်မှာ ကျနော်တို့ လောကကို တကျပ်ပေးရမလား၊ ပညာရေးလောကကို တကျပ်ပေးရမလား၊ ဘယ်ဟာကို ယူမလဲဆိုရင် ကျနော်တို့လောကကို မပေးပါနဲ့၊ ပညာရေးလောကကို ပေးပါ။ မင်းတို့ကို တကျပ်ပေးရမလား၊ ကျန်မာရေးလောကကို တကျပ်ပေးရမလား ဆိုရင် ကျနော်တို့ကို မပေးပါနဲ့ ကျန်းမာရေးကို ပေးပါ။ ကျနော်တို့ ဒီလိုပဲ ခံယူပါတယ်။ ကျနော်တို့လည်း ကျနော်တို့ဖာသာနည်းနဲ့ ကြိုးစားနေသလို လောကကောင်းအောင် ကြိုးစားရင်း တိုင်းပြည်ကောင်းအောင် အမျိုးသားရေး ကောင်းအောင် ကြိုးစားသွားမှာပါ။ ။