သမ္မတရုံး ဝန်ကြီးသစ်များထဲမှ တဦးဖြစ်သူ ဦးစိုးသိန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သည်။ ဦးစိန်းသိန်းအနေဖြင့် သမ္မတရုံး ဝန်ကြီးတဦးအဖြစ် ထမ်းဆောင်ရမည့် တာဝန်များ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေ (FDI Law) နှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်း အခြေအနေ၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း (SME) များ၏ အလားအလာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာတို့ကို ဦးစိုးသိန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ စက်တင်ဘာလ ဒုတိယပတ်အတွင်းက နေပြည်တော်တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
စက်မှု (၁) နှင့် စက်မှု (၂) ဝန်ကြီးဟောင်းဖြစ်သူ ဦးစိုးသိန်းသည် ယခင်က ရေတပ်မတော်မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည်။
မေး ။ ။ ပထမဆုံး မေးချင်တာ သမ္မတရုံးဝန်ကြီး ဖြစ်သွားပြီဆိုတော့ ဘယ်လိုတာဝန်တွေ ထမ်းဆောင်ဖို့ ရှိပါသလဲ။
ဖြေ ။ ။ အဓိကကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကျနော်က Push လုပ်ရမှာပေါ့၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ အလုပ်ကိုလည်း ပိုလုပ်နိုင်မှာပေါ့။ ကျန်တာတော့ Tax Reform (အခွန်ဆိုင်ရာ အပြောင်းအလဲ) လေးတွေ၊ Banking System (ဘဏ်စနစ်) တွေ ပြောင်းလဲဖို့တွေ၊ ဒါတွေ ကျနော်က တာဝန်ယူပြီး လုပ်သွားမှာပေါ့။
မေး ။ ။ အခုထိရော အန်ကယ့်အနေနဲ့ ဘယ်လောက်အထိ လုပ်ဆောင်ပြီးပြီလဲ။
ဖြေ ။ ။ အခုတော့ ဆက်စပ်တဲ့ဝန်ကြီးဌာနတွေကို Coordinate လုပ်ပေးနေတယ်။ သမ္မတကြီးရဲ့ ပေါ်လစီတွေနဲ့ တိုင်းသူ ပြည်သားတွေ Impact ဖြစ်မယ့်၊ People Centre ဖြစ်မယ့်၊ လုပ်ငန်းလေးတွေ လုပ်ပေးတာ၊ ဥပမာဆိုရင်ဗျာ – လူထုလိုအပ်နေတဲ့ ကိစ္စလေးတွေ တော်တော်များများ ပြင်ကြရအောင်၊ ထို့အတူပဲ ဝန်ကြီးဌာနတွေနဲ့ စီးပွားရေးဝန်ကြီးဌာနတွေ Link လုပ်ရအောင်၊ ဘတ်ဂျက်လည်း သက်သာသွားအောင်၊ Corporatization လုပ်ရအောင်၊ ဒီဘက်က Regularly လုပ်ငန်းတွေလည်း ပိုထိရောက်အောင်၊ တချို့ ဌာနတွေကြတော့လည်း ပိုပြီးပြည်သူကလေးစားတဲ့ ဝန်ထမ်းတွေဖြစ်အောင်၊ အစိုးရဖြစ်အောင်ပေါ့။
ကျနော်တို့ကို လူတွေကခေါ်တာပေါ့နော် အာဏာပိုင်အဖွဲ့အစည်း၊ အာဏာပိုင်အဖွဲ့အစည်းနဲ့ တကယ်တော့မဟုတ်ဘူးဗျ၊ တာဝန်ရှိသူ၊ ကျနော်က ဒီလိုကြိုက်တယ်ဗျ၊ တာဝန်ရှိတဲ့လူ၊ ကျနော်က အာဏာပိုင်အဖွဲ့အစည်း မဟုတ်ဘူး၊ အဲတော့ ကျနော်တို့ဝန်ထမ်းတွေလည်း ဘာလုပ်ရလဲဆိုတော့၊ အကျိုးဆောင်သူ အဖြစ် Concept (အယူအဆ) ကိုပြောင်းရမယ်။
မေး ။ ။ အန်ကယ်တို့၊ ဝန်ကြီးဦးအောင်မင်းတို့ကို ပြုပြင်ပြောင်းလဲရေးသမားတွေဆိုပြီး ရေးကြဖော်ပြကြတာတွေရှိတယ်၊ ဆိုတော့ အန်ကယ်က ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတဦးလို့ မြင်သလား။
ဖြေ ။ ။ ကျနော်တော့ မြင်တာပဲ။ ဘာကြောင့်လဲလို့ ကျနော့်ကို ခင်ဗျားမေးမယ်လေ၊ ခင်ဗျားက အရင်တုန်းက စစ်ဗိုလ်ဗျာ၊ စစ်အစိုးရတုန်းကလည်း ခင်ဗျား လူကြီးလုပ်ပြီး အခုကျမှ ခင်ဗျား လာပြီး ဒီမိုကရေစီ လာအော်နေတယ်ဆိုပြီး ဒီလိုမေးစရာ ရှိပါတယ်။ ကျနော်တို့ လုပ်ရင်းနဲ့ သိလာတယ်၊ အစိုးရ စခါစကတည်းက ကျနော်သိလာတယ်၊ သိလာတဲ့ အခါကျတော့ ကျနော်တို့တိုင်းပြည်ကလူတွေက ဒေသတွင်းက လာအို၊ ကမ္ဘောဒီးယားတို့ထက်တောင် နိမ့်ကျနေတယ်ပေါ့နော်၊ ဒါပွင့်ပွင့်လင်းလင်း ပြောရမှာပဲ။ ဆင်းရဲနေတယ်၊ ဒုက္ခရောက်နေတယ်၊ သူများနိုင်ငံမှာ ဒုက္ခရောက်လို့ သွားလုပ်နေကြတာပေါ့ဗျ၊ အဲလိုအနေအထားရဲ့ ကုထုံးက ဘာလဲလို့ ကျနော်စဉ်းစားကြည့်တော့ ဒီမိုကရေစီကသာ ကုထုံးဖြစ်တယ်။ ကုရမယ့်ဆေးက ဒီမိုကရေစီ ဖြစ်တယ်၊
ကျနော်တို့က ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတာ ဒါကြောင့်လုပ်တာ။ ကျနော်တို့ အကျိုးမဟုတ်ဘူး၊ ကျနော်မနက်ဖြန် အလုပ်က ထွက်သွားရပါစေ၊ ပြုပြင်ပြောင်းလဲရေး လုပ်ပေးရမယ်။ သိတဲ့အတိုင်းပဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ပေါင်းကြတယ်၊ ကျန်တဲ့ ၈၈ အဖွဲ့တွေနဲ့ တွေ့ဆုံတယ်၊ ပေါင်းတယ်။ လက်ရှိ အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ ပေါင်းတယ်၊ ပြည်ခိုင်ဖြိုးပါတီနဲ့ပေါင်းတယ်၊ အခြားပါတီနဲ့ ပေါင်းတယ်၊ ဘာလဲဆိုတော့ ဒီမိုကရေစီ သွားချင်လို့ ဒါပဲ။
မေး ။ ။ မြန်မာနိုင်ငံဟာ Transition သွားတယ်ပေါ့၊ ဒါဟာ အစပဲရှိပါသေးတယ်။ ဆိုတော့ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ အန်ကယ့်အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ Mind-set (စိတ်နေသဘောထား) တွေပေါ့ဗျာ။ အခြားဟာတွေ သိပ်မခက်ပါဘူး၊ Mind-set ပြောင်းဖို့လိုတဲ့လူတွေက အများကြီးပဲ၊ Mind-set က ဒီမိုကရေစီသွားမယ်၊ တို့တိုင်းပြည်ရဲ့ လွတ်ရာလမ်းက ဒီမိုကရေစီပဲရှိတယ်၊ တို့ Regional မှာ သန်း ၆၀ အသင့်အသင့် တက်လာဖို့က ဒီမိုကရေစီသွားမှ ရမယ်ဆိုတဲ့ Mind-set သာ ရသွားမယ်ဆိုရင် ပြင်မှာပဲ။ အတ္တတွေလည်း လျှော့လိုက်မှာပဲ၊ Corruption (လာဘ်ပေးလာဘ်ယူ) တွေလည်း လျှော့လိုက်မှာပဲ၊ ဒါဟာ Mind-set ပဲ။ ဒါတွေမေ့လိုက်ပြီးတော့ ငါ့အကျိုး၊ ငါ့အကျိုးဆိုရင်တော့ ဒီမိုကရေစီကို ဘယ်လိုမှ မရောက်နိုင်ဘူး။
မေး ။ ။ ကင်ဆာတစ်ခုလိုပြန့်နှံ့နေတဲ့ Corruption ကိစ္စကို အန်ကယ်တို့အနေနဲ့ ဘယ်လိုများလုပ်ဆောင်ဖို့ရှိလဲ။
ဖြေ ။ ။ ကျနော်တို့ စလုပ်နေပါတယ်၊ အခု ကျနော်တို့ဆီမှာလာတဲ့ ဧည့်သည်တွေ Myanmar Investment Commission (MIC) မှာဆို ဇီးရိုး (သုည)။ MIC မဟုတ်တဲ့ဟာမှာလည်း လာပြော၊ ခင်ဗျားပြောတာနဲ့ ကျနော် အရေးယူပစ်လိုက်မယ်။ ဒါပေမယ့် ခင်ဗျားပြောသလို ဒါကြီးက ရောဂါကြီးက အကြီးကြီးဆိုတော့ ဒီနေ့တော့ ဘယ်ပျောက်မလဲဗျ၊ သေးသေးသွားတယ်ဆိုတာတော့ လက်ခံရမှာပေါ့။ နောက်ဥပဒေပြဌာန်းမယ်၊ ပြဌာန်းမယ့် ကော်မရှင်က လာဘ်စားတဲ့လူတွေချည်းပဲ အရေးယူရမယ် မဟုတ်ဘူးဗျ၊ လာဘ်ပေးတဲ့လူကိုလည်း အရေးယူရမယ်။ မင်းလည်း ပေးရင် အရေးယူခံရမယ်၊ မင်းလည်း ယူရင် အရေးယူခံရမယ်၊ အဲဒါ ကျနော့် Concept ကိုပြောတာ။ သေးသိမ်သွားအောင်တော့ ကျနော်တို့ ဖြည်းဖြည်း ဖြည်းဖြည်း လုပ်ပါမယ်။ ဒါပေမယ့် ကျနော် ထင်တယ် အစိုးရ နှစ်ဆက်လောက်မှ ပျောက်မှဗျ ဒီကိစ္စက။
မေး ။ ။ FDI Law ကရော အခုဆိုရင် Investor တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ဘယ်လောက် ဆွဲဆောင်နိုင်မယ်လို့ ထင်ပါသလဲခင်ဗျ။
ဖြေ ။ ။ အစတုန်းကတော့ ဆွဲထားတယ်ဗျာ၊ သူတို့ဆွေးနွေးကြတယ်၊ အခုတော့ မူလအတိုင်းပေါ့။ အကောင်းဆုံး ဆွေးနွေး ထားကြတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကျနော်ကတော့ MIC ဥက္ကဋ္ဌ အနေနဲ့ Law က ကျနော့်ခေါင်းပေါ်မှာ။ ကျနော်က Law ကို Implement (အကောင်အထည်ဖော်) လုပ်ရမယ်။ အကောင်းဆုံးဖိတ်ခေါ် ပြုံးရွှင်ပြီး လွယ်လွယ်ကူကူ လုပ်နိုင်တာက ကျနော့အပိုင်း၊ Urgent လုပ်လို့ မရဘူး။ Law ကောင်းရင် ကျနော်အတွက် ကောင်းကောင်း အကောင်အထည်ဖော်မယ်၊ Law ညံ့ရင် ကျနော့အတွက် ကန့်သက်ချက် ဖြစ်တယ်။ ဒါတော့ ကျနော်တွေ့ရတယ်။
ဒီ့မတိုင်ခင် ဒီ Law ပြဿနာလေး မဆွေးနွေးခင်က နေ့စဉ် ကျနော့ဆီ လာတဲ့လူတွေက တော်တော်များတယ်ဗျ၊ ကျနော်ထင်တယ် ဂျပန်လူမျိုးဆိုရင် ကျနော့ဆီလာတာ ၃၀၀ ကျော်မယ်၊ အားလုံး စုစုပေါင်း ရင် ၅၀၀၊ ၆၀၀၊ ၇၀၀ ရှိမယ်။ အခုတော့ ကျနော်နဲ့ လာဆွေးနွေးတဲ့လူ အရေအတွက်အားဖြင့် နည်းသွားတာကို တွေ့ရတယ်။ အခုတော့ ကျနော်လုပ်တဲ့ တနှစ်အတွင်းမှာ အကြမ်းအားဖြင့် နိုင်ငံခြားကုမ္ပဏီ ၃၆ ခုလောက် လာလုပ်ထားပြီ၊ မြန်မာ ကုမ္ပဏီက ၅၀ ကျော်လောက် ဖြစ်မယ်ဗျာ၊ (ဒေါ်လာ) ၅.၁ ဘီလီယံလောက်တော့ FDI လာထားတယ်ပေါ့၊ ဒါလည်း တကယ်တော့ Small amount ဗျ၊ ချီဗွေရေအားလျှပ်စစ်ကြီး တခုပါလို့များနေတာ။ အဲတာက ၄ ဘီလီယံလောက်ဖြစ်တော့ ကျန်တာက ၁ ဘီလီယံကျော်လောက်ပဲ နိုင်ငံခြား Investor ဝင်သေးတယ်။
မေး ။ ။ ဒါကြောင့် တိုင်းပြည်မှာ ဆင်းရဲနဲ့ ချမ်းသာ အရမ်းကွာခြားမှုရှိတယ်၊ Middle class (လူလတ်တန်းစား) ပျောက်သွားတာ ကြာပြီဆိုပြီးတော့ ရေးခဲ့ကြတယ်လေ၊ Middle class က တိုင်းပြည်တပြည်ရဲ့ Economy ရဲ့ Backbone (ကျောရိုး) ဖြစ်နေတာကိုး။ Job creation တွေ၊ Middle class တွေ ပြန်ပေါ်ဖို့ ကိစ္စကျတော့ ရေရှည်ဘယ်လို အစီအစဉ်ရှိပါသလဲ။
ဖြေ ။ ။ ဒါကြောင့် ကျနော်တို့ပြောရတယ် ကိုအောင်ဇော်ရ၊ FDI Law မှာ ၅ သန်းတော့ မလုပ်ပါနဲ့ အတင်းပြောလို့ ပျောက်သွားတာ။ အရင်က ကျနော့်ဆီလာတဲ့လူတွေက ၁ သိန်း၊ ၃ သိန်း၊ ၁ သန်း၊ ၂ သန်း အများဆုံး၊ အထည်ချုပ်လုပ်ငန်းတွေ၊ ဒါလေးတွေ ဘယ်လိုလုပ်လာမလဲ။ တောင်းပန်လွန်းလို့ အခုတော့ ကောင်းမယ်လို့ထင်တာပဲ၊ သူများနိုင်ငံတွေမှာ ကန့်သတ်ထားတာ မရှိတော့ သေးသေးလေး SME ပေမယ့်လည်း သူက ဒေါ်လာ ၅ သောင်းလောက် လာဝင်ပြီး စက်ကလေး ထည့်လိုက်တယ် ဆိုရင်ပဲ အလုပ်ဖြစ်သွားတာပေါ့၊ ဒါလေးတွေ ကျနော်နည်းနည်းပြောတော့ အဆင်တော့ပြေလာတယ် ထင်ရပါတယ်။
မေး ။ ။ တိုင်းပြည်ရဲ့ ကျောရိုးနောက်ခံတခုဖြစ်တဲ့ SME က ဒီမှာတော်တော် အားနည်းတယ်။ အဲဒီကိစ္စ ဘယ်လိုလုပ်မလဲဆိုတာ ပြောပါဦး။
ဖြေ ။ ။ ဟုတ်တယ်၊ ကျနော်တို့ အခုသွားနေတာ ဂျာမနီကိုကြည့်တယ်။ ကျနော့်ကို တခြားနိုင်ငံတွေက မေးပါတယ်၊ ခင်ဗျားက ဘယ်နိုင်ငံကို ပုံတူယူမှာလဲဆိုပြီးတော့ စသဖြင့် မေးပါတယ်။ ကျနော်က ဂျာမနီ SME ကို ကြိုက်တယ်။ ဂျာမနီက ၉၀ ရာခိုင်နှုန်းကျော်က SME တွေနဲ့ပဲ ကြီးကျယ်တာ၊ ဂျပန်တို့ ကိုရီးယားတို့မှာလည်း SME တွေပါ၊ ကိုရီးယားကတော့ နည်းနည်း Heavy Industry (စက်မှုလုပ်ငန်းကြီး) တွေ ပါတာပေါ့။
ကျနော်တို့က Heavy Industry တွေ မလုပ်နိုင်ဘူး၊ မီးလည်းမရှိဘူး၊ လူလည်းမရှိဘူး၊ ဈေးကွက်လည်းမရှိဘူး၊ ဒီတော့ ကျနော်တို့ SME အရမ်းအားပေးပါတယ်၊ SME တွေလုပ်ကြပါဆိုပြီး ကျနော်က SME Center ဖွင့်တယ်။ SME နဲ့ပတ်သက်လို့ နိုင်ငံခြားက အကူအညီတွေ တောင်းတယ်။ SME သင်တန်းတွေ ဖွင့်တယ်။ UMFCCI (မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း) မှာလည်း SME သင်တန်းတွေဖွင့်ပြီး လုပ်တယ်။ စက်မှုဝန်ကြီးဌာနအောက်က ဘဏ်ကိုလည်း SME ဘဏ် ပြောင်းထားတယ်။
SME အတွက် သမ္မတဆီ ကျနော့လည်း လယ်ယာ အမတော်ကြေးလေး လုပ်စမ်းပါဦး ဆိုတော့ သူက ၅ ဘီလီယံကျပ် ပေးတယ်၊ ဒါနဲ့လည်း မလုံလောက်သေးပါဘူး။ SME အခက်ခဲတွေ အများကြီး ရှိတော့ ကျနော်က နော်ဝေးက အဖွဲ့တဖွဲ့နဲ့ ပေါင်းထားတယ်။ ဒီအဖွဲ့လာရင်တော့ SME တော်တော်လေး အသက်ရှုချောင်သွားမယ်။ ထို့အတူပဲ အမေရိကားနဲ့ ဂျပန်က SME အဖွဲ့တွေကလည်း ကူညီမယ်။ ဒါလေးတွေ ရောက်လာရင် SME အတွက် ချေးငွေလေးတွေ ရလာမှာပေါ့။
ဒါပေမယ့် ကျနော်ဆိုလိုချင်တာက နည်းပညာက လိုတယ်ဗျ။ ဒါကြောင့်မို့ FDI Law ကို SME ရှင်သန်အောင် လုပ်ပေးပါ၊ ရှင်သန်အောင်လုပ်ပေးပါဆိုပြီး အမျိုးသားလွှတ်တော် မတိုင်ခင်မှာ Work Shop တွေလုပ်၊ ပြည်သူကလည်း အတော်ပြောတော့ ခုတော့ SME အသက်ရှုပေါက်ရလာပြီလို့ ကျနော်ထင်တယ်။
မေး ။ ။ ပြည်သူတွေကို ကြည့်လိုက်မယ်ဆိုရင် စီးပွားရေးအရ ညည်းနေကြတာကိုတွေ့ရတယ်၊ SME လုပ်နေကြတဲ့ စီးပွားရေး သမားတွေဆိုရင်လည်း ညည်းနေကြတာတွေ့ရတယ်။
ဖြေ ။ ။ ကျနော်ထင်တယ်၊ နော်ဝေက မြန်နိုင်တယ်ဗျ အလုပ်လုပ်ရတာလေ၊ ကျနော်ကိုယ်နှိုက်ကလည်း နော်ဝေရောက်ခဲ့တာကိုး။ သူတို့ရောက်လာပြီး နောက်တလ နှစ်လလောက်ဆိုရင် ကျနော်သူတို့ကို ချေးငွေတွေပေးနိုင်ရင် သူတို့တော်တော်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိလာမှာပါ။
ဒါပေမယ့် ပိုက်ဆံတခုတည်း မပြီးသေးဘူးဗျ၊ သူတို့ (ပြည်တွင်း လုပ်ငန်းရှင်များ) က မမြင်လို့၊ SME အတွက် နည်းပညာ လိုတယ်ဗျ၊ မလာနဲ့ မလာနဲ့ဆိုပြီး မရဘူး။ ကိုအောင်ဇော်တို့လည်း ပြည်ပက နိုင်ငံတကာ ရောက်နေတာပဲ၊ လက်ဖက်ရည်ဆိုင်ခြင်း အတူတူတောင် နိုင်ငံခြားအတွေ့အကြုံရှိတဲ့ လက်ဘက်ရည်ဆိုင်နဲ့ ကျနော်တို့လုပ်တာနဲ့ မတူဘူး၊ မုန့်ဟင်းခါးဆိုင်တောင် မတူဘူး၊ ပုဂံဆေးတာတောင် မတူဘူး၊ ခေါက်ဆွဲဆိုင်တောင် မတူဘူး၊ နည်းပညာနဲ့ Management ပေါ့နော်၊ သူတို့ဆီက နည်းပညာရမှ ကျနော်တို့က အလုပ်ဖြစ်မှာဗျ။ ဒါလေးတော့ ကျနော်တို့ စလုပ်နေပါတယ်။
ကျနော်တို့က SME နဲ့ပဲ မြှင့်တင်မှာပဲ၊ ခင်ဗျားတို့လည်း သိတာပဲ။ ဒီမှာက လူ မီးလင်းဖို့တောင် အနိုင်နိုင်၊ ခင်ဗျား ဘယ်လိုလုပ်သွားပြီးတော့ ကျန်တဲ့ဟာလုပ်မလဲ။ ဟိုတလောက ကုမ္ပဏီတခုက ပြောတယ်၊ သူတို့က အာလူးတွေ စိုက်မှာဗျ၊ သူတို့က အာလူးကြော်တွေလုပ်တာ တကမ္ဘာလုံး၊ အဲဒါမျိုးကျတော့ သူတို့က လာပေါင်းမှဖြစ်တာဗျ။ စိုက်ပျိုးရေးမလာနဲ့ဆိုပြီး မျက်စိမှိတ် ပြောလို့မရဘူး၊ သူတို့က အစေ့တွေ၊ မျိုးတွေပေးမယ်၊ အရင်းအနှီးတွေ ပေးမယ်ဆိုရင် အာလူးတွေ အများကြီးစိုက်၊ အဲဒီ အာလူးတွေက Market ရှိလာမယ်။ ကျနော်တို့မှာက အာလူးစိုက်တယ်၊ Market မရှိဘူး၊ ခရမ်းချဉ်သီးစိုက်တယ် ပုတ်သွားရော၊ နာနတ်သီးတွေထွက်တယ် ပုတ်သွားရော။ ဟိုလူနဲ့ပေါင်းမှရမယ်ဆိုတော့ ပြောလို့လည်း အလုပ်က မဖြစ်သေးဘူးဗျ။
မေး ။ ။ အခုထွက်လာမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေက မြန်မာနိုင်ငံသား အလုပ်သမားတွေအတွက် အကျိုးအမြတ်တွေ ပိုကောင်းလာနိုင်လား။ ဒီဥပဒေကြောင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွေကိုရော ထိခိုက်မှုရှိနိုင်လား။
ဖြေ ။ ။ အတားအဆီးဖြစ်နေတဲ့ အချက်တွေကို လျှော့ချလိုက်တယ်ဆိုတော့ ပိုကောင်းလာမယ်လို့ ထင်ပါတယ်၊ သို့သော်လည်းပဲ လုပ်ကြည့်ရမှာပေါ့၊ မြန်မာလုပ်ငန်းရှင်တွေ အတွက်ကျတော့ ကျနော့ဘက်ကနေ ပြောရရင်တော့ သိပ်ထိခိုက်လိမ့်မယ်လို့ မထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုအောင်ဇော်က ကျနော့ အတန်းရောက်လာပြီး စာပိုတော်တယ်ဆိုရင် ကျနော်က စာပိုကျက်မှာပဲ၊ ကျနော်က ဒီလိုသမား။
ခုန ကျနော်ပြောခဲ့သလိုပဲ နော်ဝေတို့၊ ဂျာမန်တို့၊ အမေရိကန်တို့က ကျနော့်အဖွဲ့တွေ ရောက်လာရင် သူတို့ကို ကျနော်က ၁.၅ ရာခိုင်နှုန်းလောက်နဲ့ ကျနော် SME တွေပေးမယ်၊ နည်းပညာကို ဖိတ်ခေါ်ရမှာပဲ။ ကြိုးစားရမှာပဲ။ ချင်ဗျားတို့ နိုင်ငံခြားမှာ နေဖူးတာပဲ၊ ကျနော်လည်း UK မှာ နေဖူးတာပဲ၊ ခင်ဗျားကြိုးစားမှ အလုပ်ရမှာလေ၊ ခင်ဗျား မီဒီယာလုပ်တယ် ကိုအောင်ဇော်၊ ခင်ဗျား Quality မရှိရင် ခင်ဗျားကြာကြာမခံဘူး၊ ခင်ဗျားအောက်က တပည့်တွေကလည်း ကြိုးစားမှ အလုပ်လုပ်မှရမှာ။ ကျနော်တို့က အရိုးစွဲနေတာက ပြိုင်ရမှာ သိပ်ကြောက်တာ။ မရဘူး ပြိုင်ရမယ်။ ပြိုင်မယ့် Condition တွေ ကျနော်ဖန်တီးပေးမယ်၊ ကျနော်တို့ ငွေချေးပေးမယ်။ နည်းပညာကို ခင်ဗျားဖိတ်ခေါ်။ ခင်ဗျားကို ကျနော် ဘက်လိုက်တယ်ဆိုတာ ရင်ထဲမှာပဲ ဘက်လိုက်လို့ရမယ်၊ နည်းပညာရမယ်၊ သူတို့ စီးကရက်လာထုတ်၊ ကိုယ်လည်းထုတ်မယ်။ ဘီယာလာထုတ်၊ ကိုယ်လည်းထုတ်မယ်။ အချိုရည်ထုတ်။ ကိုယ်လည်းထုတ်မယ်။ ကိုယ့် Market နဲ့ကိုယ်၊ သို့မဟုတ် သူနဲ့ ပေါင်းလိုက်မယ်။ သို့မဟုတ် သူက ထုတ်ပဲထုတ်တတ်တယ်၊ ကိုယ်ကရောင်းမယ်။ ဒီအပိုင်း ဝင်လိုက်ပေါ့၊ သူတို့ မြန်မာပြည်မှာ အကြာကြီးမနေဘူး ပြန်သွားမှာ၊ ဒါတွေထားခဲ့မှာ။ ခင်ဗျား ဒု စက်ရုံမှူး လုပ်လိုက်၊ ခင်ဗျား အလုပ်ကောင်းရင် သူက ခင်ဗျားကိုလွှဲသွားမှာ။
မေး ။ ။ တချို့ ကြေးနီစီမံကိန်းလို ဟာမျိုးတွေ၊ MOGE (မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း) ကိစ္စတွေ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး တော်တော်ဝေဖန်ခံနေရတယ်။ နောက်ပိုင်းဆိုရင်ဒါတွေက ဘယ်လိုဖြစ်လာဖို့ရှိလဲ။
ဖြေ ။ ။ အဆင်ပြေလာမှာပေါ့၊ ကျနော်စလုပ်တာ ဒီအလုပ်ကို။ အခုတော့ စတဲ့အဆင့်၊ ဒီ Process က တနှစ်လောက်တော့ ကြာနိုင်တယ်၊ သူတို့ဆီက လာကြည့်ရမယ်၊ Third-party က ကြည့်ရမယ်၊ Data တွေ ပြနိုင်ရမယ်၊ ဒါမျိုးတွေပေါ့။ နော်ဝေအစိုးရကလည်း ဒီအတွက် ထောက်ပံ့ငွေ ကျနော့ကိုပေးမယ်၊ ဒီအတွက် ဗြိတိသျှကလည်းပေးမယ်၊ US Government ကလည်း ဒါလုပ်တယ်ဆို ကျနော့ကို အားပေးမယ်။ ဆိုတော့ ဒီအသင်းဝင်ဖို့အတွက် ပိုက်ဆံက ပြဿနာ မဟုတ်ဘူး၊ ဒါပေမယ့် အကောင်အထည်ဖော်ဖို့က အခုတော့ နည်းနည်း သဘောပေါက်လာကြပြီ။ ကျနော်လည်း သမ္မတကြီးဆီ တင်ပြထားတယ်။
မေး ။ ။ ကျနော်တို့နိုင်ငံက စင်ကာပူလိုလည်း မဟုတ်ဘူး၊ မလေးရှားလိုလည်း မဟုတ်ဘူးဆိုတော့ Human skill, Human resource ကိစ္စတွေမှာကျတော့ ဘယ်လိုမျိုးတွေလုပ်ဖို့ရှိလဲ။
ဖြေ ။ ။ အဓိကအားဖြင့်တော့ Vocational Training (သက်မွေးဝမ်းကျောင်း လေ့ကျင့်ပေးမှု) တွေ လိုတာကိုး။ Skill Worker (ကျွမ်းကျင် လုပ်သား) ပေါ့။ အစတုန်းက အစိုးရကလုပ်တာကိုး။ အရင် ကျနော့ဝန်ကြီးဌာနက Vocational Training ၆ ခုရှိတယ်။ ဒါလေးနဲ့လည်း ဘယ်လုံလောက်မလဲ။ ဒါနဲ့ ကျနာ် သမ္မတကြီးဆီ တင်ပြတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း Vocational Training ကို ဇောင်းပေးထားတယ်။ သူများနိုင်ငံတွေကို ကျနော်တို့ လေ့လာတော့လည်း ကိုအောင်ဇော် သိတဲ့အတိုင်းပဲ၊ ပေါင်မုန့်ဖုတ်လည်း သင်တန်းရှိတယ်၊ ဆံပင်ညှပ်လည်း သတင်တန်း ရှိတယ်၊ အနှိပ်လည်း သင်တန်းရှိတယ်။ ဆိုတော့ Vocational Training လက်မှတ်ရတော့ ထမင်းစားလို့ရတာပေါ့။
အိန္ဒိယအစိုးရရဲ့ ဗဟိုစီမံကိန်း ဥက္ကဋ္ဌ မန်မိုဟန်ဆင်းရဲ့အောက်က ကျနာ်နဲ့လာတွေ့တယ်။ မင်း Vocational Training တွေလုပ်၊ တို့အန္ဒိယမှာလည်း အားပေးတယ်။ ဆိုတော့ ကျနော်က သမ္မတကြီးကို သတင်းပို့တော့ သမ္မတကြီးက Private Centre Vocational Training တွေ ခွင့်ပြုလိုက်တော့ ကျနော်က အလုပ်သမားဝန်ကြီးနဲ့ညှိပြီး သတင်းစာတွေထဲလည်း ထည့်လိုက်တယ်။ လုပ်ကြ၊ မည်သူမဆို Vocational Training ကို Private ဖွင့်လိုက်ပြီ၊ သင်တန်းဆင်းလက်မှတ် ကျရင်တော့ စနစ်ကျလား၊ မကျလား၊ အလုပ်သမားဝန်ကြီး ဌာနကကြည့်မယ်။ အားလုံး အလုပ်ရဖို့အတွက် Certificate ရှိလာတာပေါ့၊ မဟုတ်ရင်တော့ ဘာလုပ်ရမှန်းလည်း မသိဘူးပေါ့။ Skill Worker တွေလည်းထွက်လာမယ်၊ စနစ်တကျဖြစ်လာမယ်။
တချို့ ဂျပန်တို့၊ ဘာတို့ အခြားနိုင်ငံက ပြောတယ် ကျနော့ကို ဆူရှီတွေ လာဖွင့်မယ် ပြောတယ်။ ကျနော်ပြောတယ်၊ ခနနေပါဦးဗျာ ခင်ဗျားတို့ အလုပ် လေး-ငါးယောက်လောက် မလာပါနဲ့ဦး၊ အလုပ် လူ ၁ ထောင် လောက် ရမယ့်ဟာမျိုး လာစမ်းပါ။ လူတသောင်း အလုပ်ရမလား ချက်ချင်းလုပ်ချင်တယ်၊ ခင်ဗျားတို့ ခနနေဦး တားထားရတယ်။ ခင်ဗျားတို့ ချစ်သလို ကျနော်လည်း တိုင်းပြည်ကို ချစ်တာပဲဗျ၊ ကျနော် MIC ဥက္ကဋ္ဌ လုပ်နေပြီး လုပ်ချင်ရာလုပ်ရင် ကျနော် သမိုင်းတရားခံဖြစ်သွားမှာပေါ့၊ ကျနော်အဲလိုမျိုး မလုပ်ဘူး။
မေး ။ ။ မြန်မာနိုင်ငံမှာက Infrastructure ကိစ္စတို့၊ Banking System တို့ကို အပြင်ကလူတွေက ကြည့်ပြီး ဝိုင်းညည်းကြတာပေါ့နော်၊ အန်ကယ်ကလည်း ခုန မီးကိစ္စကို ခဏခဏထည့်ပြောတာလည်း သတိထားမိတယ်၊ ဆိုတော့ အဲဒီဟာတွေကို ဘာကြောင့် မကျော်ဖြတ် နိုင်ရတာလဲ၊ ဘယ်လို အဟန့်အတားတွေ ရှိနေလို့လဲ။
ဖြေ ။ ။ လျှပ်စစ်မီးကိစ္စကတော့ သိပ်မကြာဘူး ကျော်ဖြတ်နိုင်လိမ့်မယ်၊ ဒီလာမယ့် နွေရာသီကာလမှာ။ အစတုန်းက ကျနာ်တို့က Hydro Power ကိုပဲ ဦးစားပေးလိုက်တာကိုး။ ရေအားလျှပ်စစ်ဆိုတော့ ရာသီဥတုဖောက်ပြန်ရင် ရေလည်းမရဘူး၊ မီးလည်း မရဘူး။ အခုကျနော်တို့က Policy ပြောင်းလိုက်တယ်လေ၊ မြန်မာပြည်အောက်ပိုင်းက Gas, Coal (ကျောက်မီးသွေး) အဓိက၊ မြောက်ပိုင်းက Hydro Power အဓိက၊ ဒီလို ကျနော်တို့ ပြန်ပြီး စွမ်းအင်ပေးတဲ့ Policy ပြောင်းလိုက်တယ်။ လျှပ်စစ်က ကျနော်တို့ ယိုးဒယားကို ရောင်းလိုက်တဲ့ အထဲကလည်း ပြန်ဝယ်မယ်၊ ဒီလိုပြောင်းလိုက်တော့ မီးရဖို့လည်း နီးစပ်တယ်၊ မီးအများကြီး ရမယ်မရဘူးဆိုတာ မသေချာဘူး။ SME ကတော့ မီးသုံးတာနည်းတာပေါ့။ သံမဏိစက်ရုံကြီးဆိုရင်တော့ မီးအရမ်းသုံးတာကိုး၊ ဒါကြောင့် အဲဒီအပိုင်း ခဏနေဦးဆိုပြီး ဒါမျိုးသွားတာ။
Banking System နဲ့ပတ်သက်လို့က ကိုအောင်ဇော် ပြောသလို သူတို့လည်း ညည်းတွားပါတယ်၊ ကျနော်တို့လည်း လုပ်နေတာ တနှစ်လောက်ရှိပြီ။ ဒီကောင်က ဘယ်ဟာနဲ့ သွားပတ်သက်သလဲဆိုတော့ အမေရိကန် Sanction နဲ့သွားပြီး ပတ်သက်တယ်။ ပတ်သက်တော့ အမေရိကန်မှာ ကျနော့မိတ်ဆွေတွေ အများကြီးရှိတယ်ဗျာ၊ ဂျော့ဂျ်ဆိုရော့တို့ ရှိသလို ဂျွန်မက်ကိန်းတို့လို၊ ဂျိုဇက်ယွန်းတို့လို၊ သူတို့တွေကို Request လုပ်ထားတယ်၊ ကျနော့ကို ဒါလေးလျှော့ပေးပါ၊ ကျန်တာတွေ မလျှော့ရင်နေပါဗျာ Financial sector လေးတော့ လျှော့ပေးစမ်းပါဆိုတော့၊ သူတို့ကြိုးစားတုန်း လျှော့လာတော့မှ သူတို့အဖွဲ့တွေ လာပြီး အခုမှ ကျနော်တို့ Visa ကတ်တွေဘာတွေ စလုပ်ရမှာ၊ အခုမှ Banking ကို သူတို့ဝင်လာတာ။
ဝင်လာတော့ မကြာဘူး၊ ကျနော်တို့ Banking ပုံစံပြောင်းမယ်၊ နောက် Visa ကတ်တွေ ဘာတွေ ကျနော်တို့ စလုပ်မယ်၊ ပြီးတော့ လူတွေအားလုံးကို Bank transfer လုပ်လို့ရအောင်လုပ်မယ်။ တချိန်တည်းမှာ Visa ကဝင်လာရင် ကျနော်တို့က Mobile Banking တွေလုပ်မယ်၊ ဆိုတော့ အတော် အဆင်ပြေလာမယ်။
ကျနော်က သူတို့ကို ပြောပါတယ်၊ ကျနော်အမေရိကားလို ခနနေဦးဗျာ၊ ယိုးဒယားလောက်တော့ ကျနော့်ကို ဝိုင်းကူစမ်းပါ၊ ယိုးဒယား Banking System လောက်တော့ ကျနော်လုပ်ချင်တယ်။ နိုင်ငံခြားသွား ကျနော် ပိုက်ဆံ သုံးလို့မရ၊ သူငယ်ချင်းတွေခေါ်ပြီး ကျနော်ပိုက်ဆံတွေချေးရ။ သူတို့ကလည်း ကျနော့်ဆီလာရင် ပိုက်ဆံသုံးလို့မရ။ Tourist တွေက ကျနော်တို့ဆီလာရင် ပိုက်ဆံထုပ်ကြီးနဲ့မပါလာ၊ သူတို့လည်း သုံးလို့မရ။ ဒါတွေ သူတို့နားလည်ရော အခုတော့ ကျနော်တို့ နည်းနည်းစလုပ်တော့မယ်။ ဒါတောင် အမေရိကန်ကို တော်တော်တောင်းပန်ရတာ၊ ဆိုတော့ အဆင်ပြေလာမယ်၊ ကိုအောင်ဇော် အဲဒီအပိုင်းကတော့ နောက် ၃ လနဲ့ ၆ လအတွင်းမှာ အဆင်ပြေလာမယ်။
မေး ။ ။ ကမ္ဘာလှည့်ခရီးသည်ကိစ္စက ဘယ်လို အစီအစဉ်တွေရှိလဲ။ မြန်မာနိုင်ငံက သဘာဝတောတောင် အရရော၊ ယဉ်ကျေးမှုအရရောပေါ့ ထိုင်းထက်တောင်မှ လှတယ်၊ လည်စရာပတ်စရာတွေကလည်း အများကြီးဆိုတော့ ကမ္ဘာလှည့် ခရီးသည်နဲ့တင် မြန်မာပြည်ဝင်ငွေက အများကြီးရှာလို့ရတယ်။ အဲဒီအတွက် ဘယ်လို စီမံချက်တွေရှိလဲ။
ဖြေ ။ ။ ကိုအောင်ဇော်ပြောတာ မှန်တယ်။ ကမ္ဘာလှည့်ခရီးသည်အတွက် နော်ဝေအစိုးရက စီမံချက်တခု လုပ်ပေးမယ်၊ ဒါလည်း တပိုင်းပေါ့။ နောက်တခုက ခင်ဗျားတို့သိပါတယ်၊ ပထမဆုံး ဗီဇာဗျ၊ ဗီဇာရတော့ လေယာဉ်ပျံက ခက်နေပြန်ရော။ နောက် လေယာဉ်ပျံကွင်းက ခက်နေပြန်ရောဗျ။ နောက် ၂ နှစ်ဆိုရင် ရန်ကုန်လေယာဉ်ပျံကွင်းက Sorry ပဲ၊ လေယာဉ်ပျံ ၄ စင်း တပြိုင်တည်း ရောက်လို့ကတော့ လေဆိပ်မှာတင် တန်းစီရမှာ၂ နာရီပဲ။ ဒီတော့ ကျနော်တို့က မန္တလေးနားက တံတားဦး လေဆိပ်ရှိတယ်၊ အဲဒါကို International Airport ဖြစ်အောင် အမြန်ပြောင်းမယ်။ ပြောင်းတဲ့အခါကျတော့ Infrastructure update လုပ်မယ်ဆိုတော့ ဂျပန်နဲ့ပေါင်းလုပ်မယ်။ ပြီးရင် ကျနော်တို့က ပဲခူး ဟံသာဝတီလေဆိပ်ကို လာမယ့် ၃ နှစ်အတွင်းမှာ ဆောက်မယ်၊ တင်ဒါတွေဘာတွေ ခေါ်ပြီး ကျနော်တို့ စလုပ်မယ်ဆိုတော့ ဂျပန်မှာဆိုရင် Narita နဲ့ Haneda လေဆိပ် ၂ ခုလို သွားဖြစ်မှာပေါ့။
နောက်ရန်ကုန်မှာ Hotel တွေကလည်း ခင်ဗျား သိတဲ့အတိုင်းပဲ၊ ကြုံပြီဆိုပြီး ပိုက်ဆံ (ဒေါ်လာ) ၃-၄ ရာ တောင်းချင်တာ။ အဲဒါပြောရတာပေါ့၊ ဟာ … မင်းတို့ကလည်း ကိုယ့်ဟာမှ မကောင်းတာ ၃၀၀ တောင်းရင် ၃၀၀ နဲ့တန်အောင်လုပ်လို့။ အဲဒါနဲ့ တခါ ဦးတင့်ဆန်း (ယခင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး) က တခါ သွားရှင်းရပြန်ရော။ ဒီလိုနဲ့ အမြီးနင်း ခေါင်းနင်းနဲ့ ကျနော်တို့လည်း Move လုပ်နေရတာ။ ဒါတောင်မှ ကျနော်တို့ရဲ့ Policy တွေက အောက်ခြေ ဝန်ထမ်းတွေဆီ မရောက်သေးတာ အများကြီး။ ၅ နာရီလောက် လေယာဉ်ကွင်းမှာ ပုံနေလို့ တိုင်စာတွေ တက်လာတာလည်း ရှိသေးတယ်။ အဲတာတွေ ကျနော်တို့က ဖြည်နေရတယ်လေ။
မေး ။ ။ တရုတ်ပြည်ကနေ ပို့တဲ့ ချယ်ရီဝက်စ်ဂွန် ကားတွေနဲ့ပတ်သက်ပြီး ကားမှာ Asbestos ဖိုင်ဘာဓာတ်ပစ္စည်းတွေ အသုံးပြုထားတာတွေ့ရတယ်ဆိုပြီး စစ်ဆေးတွေ့ရှိခဲ့တဲ့ သြစတြေးလျနိုင်ငံက အစီးရေ ၂ သောင်းကျော် ပြန်ပို့လိုက်တဲ့ သတင်းထွက်လာပြီးတဲ့နောက် ရန်ကုန်မှာလည်း ရိုက်ခတ်မှုတွေရှိလာတယ်။ ဒီကိစ္စ ဘယ်လိုလုပ်ဖို့ရှိလဲ။
ဖြေ ။ ။ မဟုတ်ပါဘူး၊ သူက အခြား Model ပါ။ ကျနော်တို့ Model က အညံ့ဆုံး Model ပါ။ ကျနော်တို့က သူ့ (ကုမ္ပဏီ) ကို မေးတယ်၊ သူက ဒီ Model မဟုတ်ဘူးတဲ့။ ဒါပဲကျနော်တို့က ဖြေနိုင်မှာပေါ့။
မေး ။ ။ အဲဒါကို ဒီ Model မဟုတ်ဘူးဆိုတာကို သေချာအောင် စမ်းသပ်စစ်ဆေးဖို့ အစီအစဉ်မရှိဘူးလား။
ဖြေ ။ ။ ကျနော်တို့က တရုတ်ဆီက ဝယ်ပြီးဆင်တာကိုး။ သူတို့တာဝန်ခံလေ၊ သူတို့လာရှင်းပေါ့။ မြန်မာအနေနဲ့ကတော့ ဒီကားက ဈေးအသက်သာဆုံးဖြစ်နေတော့ ကားဟောင်းရောင်းလိုက်တဲ့ လူတွေကလည်း ဒါလေးတွေဝယ်ပြီး သုံးနေတာပေါ့ဗျာ။ ကျနော်လည်း သိပ်အရေးကြီး ခွင်ကျယ်မလုပ်ချင်တာက ဆင်းရဲတဲ့လူတွေက ဒါလေးနဲ့ တက္ကစီလေး မောင်းပြီးတော့ စားနေရတာ ဆိုတော့လေ။ ။