ဈေးကွက်ကို ချိန်ဆပြီး ဖွင့်စေချင်ပါတယ်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် စစ်အစိုးရလက်အောက်တွင် မြန်မာ့စီးပွားရေးသည် လက်သင့်ရာ လုပ်ပိုင်ခွင့်ပေးမှုများ၊ လူနည်းစုကို လက်ဝါးကြီးအုပ်ခွင့်ပေးသော ခရိုနီးစီးပွားရေး၊ မိုနိုပိုလီ စီးပွားရေးစနစ်များ ဖြစ်ပေါ်ခဲ့သည်။

လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း (ဓာတ်ပုံ – Loi Hein / Facebook)
လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း (ဓာတ်ပုံ – Loi Hein / Facebook)

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးများကို အသိအမှတ်ပြုသည့်အနေဖြင့် ပိတ်ဆို့အရေးမှုများ တဆင့်ချင်း ဖယ်ရှာပေးလာခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မည့် အခြေအနေနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပြည်တွင်းမှ ပို့ကုန်များ အလားအလာ၊ အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (AFTA) အသက်ဝင်ချိန် မြန်မာ့ ကုန်သွယ်ရေး အလားအလာတို့နှင့် ပတ်သက်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သော လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းကို ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက် ဂျူးဂျူးလှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။   ။ အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးတွေက စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းနေပြီ ဖြစ်တဲ့အတွက်
ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအနေနဲ့ ဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်နေပြီလဲ။

ဖြေ ။    ။ နိုင်ငံခြားရင်းမြှုပ်နှံမှုတွေက လောလောဆယ် အားရပါးရ ဝင်ရောက်လာတာမျိုး မရှိသေးဘူး။ ပြည်တွင်း ကုမ္ပဏီတွေအနေနဲ့လည်း ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေ လာဖို့ဆိုတာကလည်း မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေကို စောင့်နေတာလည်း ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို လေ့လာနေတဲ့ အချိန်လည်းဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုကတော့ ဝင်လာမှာပါ။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် လုပ်ငန်းချင်း တူတဲ့ဟာတွေကတော့ သူတို့နဲ့ ပေါင်းရင်ပေါင်း၊ မပေါင်းရင်တော့ သူတို့ကိုရောင်းပေါ့။ မပေါင်းနိုင်ရင်တော့ ငွေအရင်းအနှီးထုတ်ပြီး ယှဉ်ပြိုင်ရမယ်။ လုပ်ငန်းသစ်တွေလည်း အများကြီး ပေါ်ပေါက်လာနိုင်တယ်။ အရင်တုန်းက ခရီးသွားလုပ်ငန်းဆိုရင် မြန်မာနိုင်ငံကိုလာတာ လူဦးရေ ၅ သိန်းလောက်ပဲရှိတယ်။ နောက်ပိုင်းမှာ စင်ကာပူ၊ ယိုးဒယားဘက်ကနေ ၁၀ သန်း၊ သန်း ၂၀ လောက်ဝင်လာဖို့ ရှိတယ်။ ဒီလို လူတွေဝင်လာတဲ့ အခါ သူတို့ဆီက နည်းပညာတွေ အများကြီး ရလာနိုင်တယ်။

မေး ။    ။ လက်ရှိ ပြည်တွင်းစီးပွားရေး အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ လက်ရှိ စီးပွားအခြေအနေကတော့ တိတိကျကျ ကောင်းမွန် ပြောင်းလဲတယ်ဆိုတာတော့ မရှိသေးပါဘူး။ ပြင်ဆင်နေကြတုန်းပဲ။ အခြေခံကတော့ နဂိုအတိုင်းပဲရှိနေသေးတယ်။

မေး။    ။ နဂိုအတိုင်းရှိနေတဲ့ စီးပွာေးရးအခြေအနေကို ပြောင်းလဲဖို့ဆိုရင် အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဘာတွေလုပ်သင့်လဲ။

ဖြေ။    ။ နိုင်ငံတော်အနေနဲ့ကလည်း သူတို့တတ်နိုင်သမျှ  လုပ်နေသေးတာပဲ။ စီးပွားရေးမှာ လိုအပ်တာတွေက အများကြီးရှိနေသေးတဲ့ အခါကျတော့ ဖြည်းဖြည်းချင်း လုပ်သွားရမှာလို့ ပြောချင်ပါတယ်။

မေး။   ။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် ပြည်တွင်းမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (SME) တွေအနေနဲ့ ဘာစိန်ခေါ်မှုတွေ ဖြစ်လာနိုင်မလဲ။

ဖြေ။    ။ တခြား ကုမ္ပဏီတွေကတော့ မသိဘူး။ ကုမ္ပဏီကြီးတွေက စိန်ခေါ်မှုတွေက ရင်ဆိုင်နေရတာပဲ။ တိုင်းပြည်ကို ဈေးကွက်စီးပွားရေးစနစ်ပီပီ တံခါးတွေဖွင့်လိုက်တော့ ကုမ္ပဏီကြီးတွေ ဝင်လာတယ်။ ပြည်တွင်းမှာ ပြင်ဆင်ထားတဲ့ ကုမ္ပဏီတွေကတော့ ခံနိုင်ရည်ရှိမယ်၊ ယှဉ်ပြိုင်နိုင်မယ်။ ဒါတောင် သုံး၊ လေး၊ ငါးနှစ်အတွင်းမှာ ထိခိုက်ဆုံးရှုံးသွားနိုင်သလို
အကြီးအကျယ် ရှင်သန်ကြီးထွားသွားနိုင်တယ်။ ဒီနှစ်ခုကိုပဲ ရင်ဆိုင်ရမယ်။

မေး။  ။ အခုဆိုရင် အမေရိကန် မြန်မာ့ပို့ကုန်တွေ ပိတ်ပင်ထားမှုကို ဖယ်ရှားလိုက်ပြီဆိုတော့ မြန်မာပို့ကုန် အလားအလာနဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ လောလောဆယ် ရုတ်တရက်တော့ ဘာမှ မဖြစ်နိုင်သေးဘူး။ အမေရိကန်က သူ့ဈေးကွက်ကို ဖွင့်ပေးလိုက်တဲ့ အတွက်ကြောင့် ပြည်တွင်းက သားငါးတွေ ပို့လို့ရမယ်။ အထည်ချုပ်လုပ်ငန်းတွေ ပို့လို့ရမယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ ပြည်တွင်း ထုတ်ကုန်တွေကို တန်ဖိုးမြှင့် ထုတ်ကုန်လုပ်ပြီး တင်ပို့နိုင်ပြီ။ အဲဒါတွေလုပ်ဖို့က အချိန်ယူရဦးမယ်။

မေး။  ။ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ပြီးတဲ့နောက် နိုင်ငံခြားထုတ်ကုန်တွေ ပြည်တွင်းကို ဝင်လာတော့မယ်။ အဲဒီတော့ ပြည်တွင်း ထုတ်ကုန်တွေအနေနဲ့ ဝင်လာမယ့် နိုင်ငံခြားထုတ်ကုန်တွေကို ယှဉ်ပြိုင်နိုင်ပါ့မလား။

ဖြေ။    ။ ပြည်တွင်း ထုတ်ကုန်တွေအနေနဲ့ နိုင်ငံခြားထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ တော်တော်လေး ဒုက္ခရောက်တယ်။ ဥပမာ – ဘီယာ ဆိုရင် အိမ်နီးချင်းနိုင်ငံတွေက အမျိုးမျိုးဝင်ရောက်လာတော့ ပြည်တွင်းဘီယာတွေ
တော်တော်လေး ဒုက္ခရောက်တယ်။ ယှဉ်ပြိုင်ဖို့ဆိုတာ နည်းပညာ၊ အရည်အသွေးတွေ အများကြီး လိုအပ်နေသေးတယ်။ စက်ရုံအများကြီး တည်ဆောက်မယ်ဆိုရင် စက်ရုံဈေးနှုန်း လျှော့ချဖို့လိုတယ်။ စီမံကိန်းတွေ လုပ်နိုင်ဖို့က ချေးငွေတွေ လိုအပ်သလို ချေးငွေတွေရဲ့ အတိုးနှုန်းကလည်း လောလောဆယ် စီးပွားရေးအရ တော်တော်လေး မြင့်နေသေးတယ်။ လျှပ်စစ်မီးဆိုတာကလည်း သိပ်ကျေနပ်လောက်အောင် မရသေးဘူး။ တဖြည်းဖြည်းချင်း လုပ်ရမယ်။ နိုင်ငံတော်ကတော့ တတ်နိုင်သမျှတော့ လုပ်ပေးနေတာပဲ။ ဒီကြားထဲမှာ မပြေလည်မှုတွေ၊ အခက်အခဲတွေ၊ အပြောင်းအလဲတွေ ဖြစ်ပွားဖို့ အကြောင်းတွေ ရှိနေတယ်။ အကြီးအကျယ် ပြောင်းလဲသွားမယ်လို့လဲ ထင်တယ်။

မေး။ ။အစိုးရအနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ နိုင်ငံတကာနဲ့ ပြိုင်ဆိုင်နိုင်ဖို့ ဘယ်လို လုပ်ဆောင်ပေးသင့်သလဲ။

ဖြေ။    ။ လက်ရှိအနေနဲ့ကတော့ အားလုံး ဒီခရီးကို သွားနေကြတာ။ တံခါးတွေ ဖွင့်ပေးလိုက်ပြီ၊ ရင်းနှီးမြှုပ်နှံမှုတွေ လာတယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်၊ ဝင်ငွေတွေ များလာမယ်၊ ဆင်းရဲမွဲတေမှုတွေ တဖြည်းဖြည်း
ပြေလျော့သွားမယ်လို့ ထင်ပါတယ်။

မေး။  ။  ပြည်တွင်းလုပ်ငန်းတွေ အနေနဲ့ နိုင်ငံခြားက ဝင်လာမယ့် ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ဖို့ကို အဆင်မြင့် ခေတ်မီနည်းပညာပိုင်းမှာ ဘယ်လိုရယူနိုင်မလဲ။

ဖြေ။    ။ တချို့ကဏ္ဍတွေမှာ ရယူနိုင်ပါတယ်။ အဆင့်မြင့် နည်းပညာတွေကိုတော့ ရယူဖို့မစဉ်းထားဘူး။ စဉ်းစားသင့်တာကတော့ နိုင်ငံရဲ့ အခြေခံထားတဲ့ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းသစ်တွေကို တန်ဖိုးမြင့် ထုတ်ကုန်လုပ်ပြီး
ဈေးကွက်ကို ဖောက်ရင် ငွေပိုရမယ်။ အမေရိကန်ဈေးကွက် ပွင့်လာတဲ့အတွက်ကြောင့် အထည်ချုပ်လုပ်ငန်း၊
ဖိနပ်ချုပ်လုပ်ငန်းတွေက ထွက်လာတဲ့ဟာတွေကို အမေရိကန်နိုင်ငံကို ပို့လို့ရတယ်။ ဒါတွေက အခွင့်အလမ်းကောင်းတွေ ဖြစ်လာနိုင်တယ်။

မေး။  ။ ၂၀၁၅ ဆိုရင် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (AFTA) အသက်ဝင်ပြီ။ AFTA အသက်ဝင်လာရင် ပြည်တွင်းထုတ်ကုန်တွေရဲ့ အလားအလာဘယ်လိုရှိနိုင်မလဲ။

ဖြေ။  ။ ဈေးကွက်ကို ဖွင့်တဲနေရာမှာ  ဖွင့်တာတော့ ဖွင့်စေချင်ပါတယ်။ တော်တော်ချိန်ဆပြီး ဖွင့်စေချင်ပါတယ်။
ဝုန်းဒိုင်း မဖွင့်စေချင်ဘူး။ ထိခိုက်ဒဏ်ရာရရှိမှု များနိုင်တယ်။ ဒါကြောင့်ဖြည်းဖြည်းချင်း သွားရမှာ။ ၂၀၁၅ ကတော့ အားလုံးသိတဲ့ အတိုင်းပဲ AFTA ဝင်လာမယ့် ကာလမှာ မြန်မာနိုင်ငံအနေနဲ့ နစ်နာစရာတွေများတယ်။ ရင်ဆိုင်ရမယ့် အနေအထားတွေနဲ့ ဆုံးရှုံးမှုများမှာဖြစ်လို့ အခုအချိန်ကစပြီး တော်တော်လေးကို ပြင်ရမယ်။

Loading