မယ်တော်ဆေးခန်းသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ၁၉၈၉ ခုနှစ်က စတင်အခြေစိုက်ပြီး နယ်စပ်အခြေစိုက် မြန်မာ နိုင်ငံသားများနှင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို နှစ်ပေါင်း ၂၀ ကျော်ကြာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည်။ ယခုနောက်ပိုင်း အချိန်တွင် ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ၊ နယ်စပ်ဒေသအခြေစိုက် မြန်မာနိုင်ငံသားများ သာမက ရန်ကုန်၊ မန္တလေးဘက်မှ လူနာများပါ လာရောက်ကုသမှုများ ရှိလာခဲ့ပြီး တရက်လျှင် အပြင်လူနာ ၃၀၀ ဦးနှင့် အတွင်း လူနာ ၂၀၀ ခန့် ဆေးကုသမှုပေးလျှက်ရှိပြီး တနှစ်လျှင် လူ ၁ သိန်း ၃ သောင်းခန့် လာရောက်ကုသလျှက်ရှိသည်။
မယ်တော်ဆေးခန်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ၊ ပြည်တွင်းပြောင်းရွှေ့နိုင်မှု အခြေအနေ၊ အစိုးရဝန်ကြီးများနှင့် တွေ့ဆုံပြီး ဆွေးနွေးချက်များကိုအကောင်ထည်ဖော်နိုင်မှု ရှိမရှိ၊ နယ်စပ်ဒုက္ခသည် စခန်းမှ ဒုက္ခသည်များ အိမ်ပြန်နိုင်မည့် အခြေအနေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေနှင့် ခေါင်းဆောင်ပိုင်း သဘောထားကွဲမှုအပေါ် အမြင်များကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဒေါက်တာ စင်သီယာမောင်နှင့် ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ မယ်တော်ဆေးခန်းအနေနဲ့ သမ္မတရုံးဝန်ကြီးတို့ ၂ ကြိမ်လောက် တွေ့ဆုံဖြစ်ကြတယ်၊ အဲဒီတွေ့ဆုံခဲ့တဲ့ အခါမှာ ဆရာမတို့ဘက်က ပူးပေါင်းလုပ်ဆောင်နိုင်တာတွေ တင်ပြခဲ့ပေမယ့် အကောင်ထည်ဖော် ဆောင်ရွက်မယ့် လမ်းစတွေ မရှိသေးဘူးလို့ ကြားတယ်၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ ။ ။ လက်ရှိအနေအထားမှာတော့ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြန်ဆက်သွယ်မှုတွေ မရှိသေးပါဘူး။ အဲဒီအပိုင်းနဲ့ပတ်သက်ပြီး ကျမတို့ မြင်တာကတော့ အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆွေးနွေးတဲ့အချိန်မှာ နယ်စပ်မှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေ၊ ကိုယ့်ဒေသ၊ ကိုယ့်ရွာမှာရှိတဲ့ အဖွဲ့အစည်းတွေပေါ့နော်၊ ဒေသအလိုက် ပြန်ပြီးတော့ အလုပ်လုပ်နိုင်ဖို့ ဆိုတာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဒါတွေကို နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့လည်း အလေးထားပြီးတော့ ဆွေးနွေးသွားဖို့လိုအပ်တယ်။
တချိန်တည်းမှာပဲ ဒီလို ပေါ်ပေါက်လာအောင်လည်း လိုအပ်တဲ့ ပညာပိုင်းဆိုင်ရာတွေကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော ကိုယ့်ဒေသတွင်းမှာရှိတဲ့ နည်းပညာရှင်တွေနဲ့ရော ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်သွားလို့ရှိရင်တော့ ဖြစ်ပါတယ်။ အထူးသဖြင့် သူ့ဒေသအလိုက်မှာပဲ တည်ဆောက်ထားတဲ့ ကျန်းမာရေးအင်အား စနစ်တွေကို နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ကျန်းမာရေးကဏ္ဍ အလိုက်၊ ပညာရေးကဏ္ဍအလိုက် ထိထိရောက်ရောက် ဆွေးနွေးသွားကြမယ်ဆိုရင်တော့ ပေါ်ပေါက်လာမှာပေါ့။
နောက်တခုကတော့ နယ်စပ်ဒေသတွေဖြစ်တဲ့ အတွက်ကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စတွေမှာ ထိရောက်တဲ့မူတွေ၊ လုပ်ငန်းစဉ်တွေပေါ်ပေါက် လာမယ်ဆိုရင်လည်းဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့်တော့ မူဝါဒပိုင်းဆိုင်ရာနဲ့ လုပ်ငန်းစဉ်တွေ ရေးဆွဲတဲ့အခါမှာ ဒေသဆိုင်ရာ အလိုက်ဖွံ့ဖြိုးရေး ကိစ္စတွေကို အားလုံးပါဝင်ပြီးတော့ ရေးဆွဲတဲ့ လုပ်ငန်းတွေ ဖြစ်ဖို့လိုအပ်ပါတယ်။
မေး ။ ။ လာတွေ့သွားတဲ့ ဝန်ကြီးတွေက ဆရာမတို့ မြန်မာပြည်မှာ ဆေးခန်းပြန်ဖွင့်တော့မယ်လို့ အဓိပ္ပာယ် သက်ရောက်စေတဲ့ ညွှန်းဆိုမှုတွေ မီဒီယာနဲ့ တွေ့တဲ့အခါမှာ ပြောတာတွေရှိတယ်လို့ မယ်တော်ဆေးခန်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ တွေ့မိပါတယ်၊ ဒါတွေက မယ်တော်ဆေးခန်းကို ဘယ်လို ရိုက်ခတ်မှုမျိုးတွေ ရှိနိုင်လဲခင်ဗျ။
ဖြေ ။ ။ အထူးသဖြင့်တော့ ကျမတို့ဆေးခန်းက ပြည်တွင်းထဲကို ပြန်ပြီးတော့ ရွှေ့ပြောင်းသွားမယ်ဆိုရင် လူထုတွေ အနေနဲ့ ဆက်လက်ပြီးတော့ ရပ်တည်ဖို့ မရှိတော့တဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လိုပြန်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူရမလဲဆိုတာကို သူတို့အနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ရှိလာတဲ့အခါ ကျမတို့လူနာတွေ လူထုတွေနဲ့လည်း ကျဉ်းမြောင်းလာတာတွေ ရှိတယ်လေ။
အထူးသဖြင့်တော့ အခုလက်ရှိ ပြည်တွင်းကနေပြီးတော့ ဒီမှာလာပြီးတော့ ဆေးလာကုတဲ့ လူတွေဖြစ်စေ၊ ဒီမှာရှိတဲ့ ရွှေ့ပြောင်း လူထုတွေဖြစ်စေပေါ့၊ ဆေးလာကုတဲ့လက်ရှိ ရှိနေတဲ့ကျန်းမာရေး လုပ်ငန်းတွေကို ကျမတို့ ဆက်လက်ထားရှိ ဆောင်ရွက်နိုင်ဖို့ကလည်း လိုအပ်နေသေးတယ်ပေါ့နော်။ လက်ရှိ မဲဆောက်ဆေးရုံနဲ့ ကျမတို့နဲ့ကြားမှာလည်း ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန် အကျိုးပြုမှုတွေက ရှိနေတဲ့အခါကျတော့ မယ်တော်ဆေးခန်းရယ်၊ နယ်စပ်ဒေသတွေမှာရှိတဲ့ လူထုအခြေပြု အဖွဲ့ အစည်းတွေအနေနဲ့ ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာပြည်သားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ဆက်လက်ပြီးတော့ ပံ့ပိုး ဆောင်ရွက်သွားရမှာတွေလည်း ရှိတဲ့အတွက်ကြောင့်၊ တချို့သော အာဏာပိုင်တွေကဖြစ်စေ၊ လူထုတွေကဖြစ်စေ ဒီအပေါ်မှာ မရှင်းမလင်း မသဲကွဲတာတွေ ရှိတဲ့အတွက်ကြောင့် ကျမတို့ ဒါကို ထုတ်ပြန်ရတာဖြစ်ပါတယ်။
မေး ။ ။ အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေက ဘာမှ အကောင်ထည်ပေါ်လာတာ မရှိသေးပေမယ့် ဒီလို လုပ်ဆောင်တော့မယ်ဆိုတဲ့ အသံတွေကြောင့် မယ်တော်ဆေးခန်းကို အကူအညီပေးနေတဲ့ အလှူရှင်တွေအပေါ်ရော ဘယ်လိုသက်ရောက်မှုတွေ ရှိလဲခင်ဗျ။
ဖြေ ။ ။ အလှူရှင်တွေအပေါ်တော့ ရိုက်ခတ်မှုတွေ မရှိပါဘူး။ သို့သော်လည်း အလှူရှင်ဖြစ်ဖြစ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်၊ အခုလက်ရှိ တိုးတက်ဖွံ့ဖြိုးမှုတွေကို ဆက်ပြီးတော့ သိချင်တယ်၊ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ပြီလဲ၊ နယ်စပ်ဒေသရဲ့ ကျန်းမာရေး၊ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းလူထုတွေရဲ့ ကျန်းမာရေးဖြစ်စေ၊ ပြည်တွင်း ဒုက္ခသည်တွေ ဖြစ်စေပေါ့နော်၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေဟာ နိုင်ငံရေး အပြောင်းအလဲမှာ အစိုးရနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နိုင်လဲဆိုတာကို သူတို့ အနေနဲ့လည်း လေ့လာနေတာတွေတော့ ရှိပါတယ်။
မေး ။ ။ မဲဆောက်ဆေးရုံကြီးမှာနဲ့ ဆရာမတို့ မယ်တော်ဆေးခန်းမှာ မွေးဖွားတဲ့ မြန်မာကလေးငယ်တွေအတွက် နိုင်ငံသား ခံယူခွင့် ရရှိဖို့အတွက် ဆရာမတို့ ကြိုးစား လုပ်ဆောင်ပေးနေတာတွေလည်း ရှိတယ်၊ ဒီလို နိုင်ငံရပ်ခြားမှာ အခြေအနေအရပ်ရပ်ကြောင့် လာပြီးမွေးဖွားနေရတဲ့ ကလေးတွေအတွက် နိုင်ငံသား ခံယူခွင့်ရရှိဖို့ ဘယ်လောက် အရေးကြီးတယ်လို့ မြင်ပါလဲခင်ဗျ။
ဖြေ ။ ။ လက်ရှိက မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲမှာ ဖြစ်စေ၊ နယ်စပ်ဒေသတွေမှာဖြစ်စေပေါ့၊ မွေးဖွားလာတဲ့ အချိန်မှာ ပြောမယ်ဆိုရင် နယ်စပ်ဒေသတွေမှာ နှစ်ပေါင်း ၂၀ ကျော်လောက်ပေါ့နော်၊ ပြည်တွင်းထဲမှာကျတော့လည်း တောထဲ တောင်ထဲမှာ မွေးဖွားတဲ့အခါကျတော့ သူတို့မှာ မိဘတွေကိုတိုင်ကလည်း မှတ်ပုံတင်တွေ ဘာတွေ မရှိကြတော့တာတို့၊ အိမ်မဲ့ယာမဲ့ ဖြစ်သွားတာတို့ အဲလိုမျိုးအခြေအနေတွေမှာ သူတို့နေရပ်ကို လုံလုံခြုံခြုံ စိတ်ချက်လက်ချ သူတို့မွေးရပ်ဇာတိကို ပြန်နိုင်ဖို့ ဆိုတာမျိုးတွေရယ်၊ ကလေးတွေရဲ့ ပညာရေးကိစ္စတွေပေါ့နော်၊ လုံခြုံမှုရှိဖို့ကို ကိုယ့်နိုင်ငံ ကိုယ့်ဒေသမှာ ဘယ်လိုပုံစံမျိုးနဲ့ အခြေချ နေထိုင်ရမလဲဆိုတာ မိဘတွေ အနေနဲ့ရော၊ ကလေးတွေအနေနဲ့ရော အမြဲစိုးရိမ်ပူပန်နေရတဲ့ အနေအထားတွေပါ။
မေး ။ ။ မြန်မာအစိုးရအနေနဲ့ ကျန်းမာရေး ထောက်ပံ့ကူညီမှုတွေဟာ တော်တော်အားနည်းတယ်ဆိုပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေကြတယ်၊ အစိုးရအနေနဲ့ လူထုအပေါ် ကျန်းမာရေးထောက်ပံ့မှုနဲ့ ပတ်သက်ပြီး ဆရာမ အမြင်ကရော ဘယ်လိုရှိလဲခင်ဗျ။
ဖြေ ။ ။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ကျေးရွာအလိုက် ရပ်ရွာအလိုက် ရောဂါကာကွယ်ရေးတို့ အခြေခံ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုတွေ ပေါ်ပေါက်လာအောင် ကိုယ့်ဒေသမှာရှိတဲ့ ကျေးရွာလူထုတွေနဲ့ အခြေခံ ကျန်းမာရေး ဝန်ထမ်းတွေ မွေးထုတ်ပြီးတော့ လုပ်ဆောင်တဲ့ လုပ်ငန်းတွေက ဆက်သွားရမယ်၊ သို့သော်လည်း ပြည်နယ်အလိုက် ခရိုင်အလိုက်၊ မြို့နယ်အလိုက် တဆင့် ကုသမှုတွေ လုပ်နိုင်တဲ့ ဆေးရုံတွေအတွက်ကို အစိုးရအနေနဲ့ အစိုးရအနေနဲ့ ပိုပြီးတာ့ မြှင့်တင်ဆောင်ရွက်ဖို့လည်း လိုတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ မြန်မြန်ဆန်ဆန် ရရှိဖို့ရယ်၊ ဒေသအလိုက် သူနဲ့ လိုက်လျောညီထွေတဲ့ ကျန်းမာရေး လုပ်ငန်းတွေကို ချမှတ်နိုင်ဖို့၊ ဥပမာအားဖြင့် ဒီနယ်စပ်ဒေသနေရာမျိုးမှာ ဆိုရင်တော့ တောတောင်တွေရှိတဲ့ နေရာဒေသဖြစ်စေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နေရာဖြစ်စေ၊ အဲလိုနေရာတွေမှာ ကျန်းမာရေးလုပ်ငန်းတွေကို အကောင်ထည်ဖော်တဲ့နေရာမှာ ပြည်နယ်အလိုက်၊ မြို့နယ်အလိုက် ကျန်းမာရေး ဦးစားပေးဆောင်ရွက်မှုတွေ၊ စနစ်တကျစီမံခန့်ခွဲသွားတာတွေ လိုအပ်နေသေးတယ်။
တချိန်တည်းမှာပဲ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်တွေ ချမှတ်ဖို့ပေါ့နော်၊ ထိုင်းနိုင်ငံနဲ့ စာရင်တော့ ကျမတို့နိုင်ငံက လူတဦးချင်းအတွက် အစိုးရတွေရဲ့အသုံးပြုတဲ့ငွေဟာ တော်တော်လေး နည်းပါးနေတယ်။ လက်ရှိ အာဆီယံနိုင်ငံတွေပြင်ဆင်တဲ့ အချိန်မှာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ကျန်းမာရေး စံနှုန်းစံထားတွေကို ကျမတို့ မီဖို့ဆိုတာကျတော့ ရန်ပုံငွေ မလုံလောက်မှုတို့ ဒေသဆိုင်ရာ ဗဟိုချုပ်ကိုင်မှု စနစ်ကပဲ လွှမ်းမိုးနေတယ်၊ ဒေသဆိုင်ရာ ကျန်းမာရေး အကူအညီထောက်ပံ့မှုတွေကို လုပ်ဆောင်နိုင်မှာ မဟုတ်သေးဘူး။
မေး ။ ။ မယ်တော်ဆေးခန်း အပြည်တွင်းကို ဝင်ရောက် အခြေစိုက်ဖို့ အခြေအနေတွေကရော ပြင်ဆင်ထားတာတွေ ရှိနေပြီလား ခင်ဗျ။
ဖြေ ။ ။ ပြည်တွင်း နယ်စပ်ဒေသ တလျှောက်မှာ ကျမတို့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အင်အားလည်း အများကြီးရှိပါတယ်။ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့၊ မြန်မာနိုင်ငံဆေးပညာရှင်များ အသင်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုနှုန်းတွေနဲ့ ကျန်းမာရေးအသင်းတွေ အများကြီး ရှိနေတယ်ဆိုတော့ ကျမတို့ သင်တန်းတွေ ပေးထားပြီးတော့ သူ့ရပ်ရွာ ဖွံ့ဖြိုးရေးကို ဆောင်ရွက်နေတာဖြစ်တဲ့ အတွက်ကြောင့် ရှိထားပြီးသား ကျန်းမာရေး အစုအဖွဲ့တွေအားကောင်း လာအောင် လုပ်ဖို့ပဲလိုအပ်ပါတယ်။
မယ်တော်ဆေးခန်း အနေနဲ့က လက်ရှိ ရွှေ့ပြောင်းလူထုတွေရဲ့ ကျန်းမာရေး စနစ်တွေ ပြည်တွင်းထဲကနေ ဒီဘက်ကို အကြောင်း အမျိုးမျိုးကြောင့် ဆေးကုသဖို့ အထူးသဖြင့်တော့ လက်လှမ်းမမီနိုင်တဲ့ ဒေသတွေက လူတွေရောက်လာတဲ့ အချိန်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုက ဆက်ပြီးတော့ လိုအပ်နေတဲ့ အတွက်ကြောင့် အထူးသဖြင့်တော့ အစိုးရ ကျန်းမာရေးစနစ်တွေ၊ ပြည်တွင်းမှာရှိတဲ့ လူထု အခြေပြု ကျန်းမာရေး လုပ်ငန်းတွေ အားကောင်းလာရင်တော့ တဖြည်းဖြည်းနဲ့ ကျမတို့ မယ်တော်ဆေးခန်းရဲ့ လုပ်ငန်းတွေမှာ အခုလက်ရှိလုပ်နေတဲ့ လုပ်ငန်းပုံစံမျိုး မဟုတ်တော့ဘဲနဲ့ ရေရှည်အတွက်ပိုပြီးတော့ ထိထိရောက် ရောက်လုပ်နိုင်တဲ့ လုပ်ငန်းတွေကိုပဲ ကျမတို့စဉ်းစားရမှာပေါ့။
မေး ။ ။ မယ်တော်ဆေးခန်း လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာဖြစ်တွေဖြစ်မလဲခင်ဗျ။
ဖြေ ။ ။ ကျမတို့ အခက်အခဲကတော့ လက်ရှိနိုင်ငံတကာရဲ့ အမြင်မှာပေါ့နော်၊ အခြေအနေ နိုင်ငံရေးပြောင်းလဲမှု အပေါ်မှာ နယ်စပ်ဒေသရဲ့ အခြေအနေ၊ စီးပွားရေးအခြေအနေဖြစ်စေ ပြည်တွင်းကိုပဲပြန်သွားကြမယ်လို့ ယူဆနေကြတာတွေလည်း ရှိတယ်ပေါ့နော်။ တချိန်တည်းမှာပဲ ပြည်တွင်းမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို အားစိုက်ပြီးလုပ်ရမယ့် အချိန်မှာ ကျမတို့မြင်တွေ့တာကတော့ အစိုးရရဲ့ ကျန်းမာရေး စနစ်မြှင့်တင်မှု၊ လူထုအခြေပြုအဖွဲ့အစည်းတွေကို မြှင့်တင်ဖို့ဖြစ်စေ ခိုင်ခိုင်မာမာ တည်ဆောက်မှု မတွေ့ရသေးတဲ့အတွက် လက်ရှိ ဒီနယ်စပ်ဒေသတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းလူထုရဲ့ အခြေအနေတွေကို တကယ်ပဲ စနစ်တကျနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွေကို နေရာပြန်ချဖို့ ကိစ္စတွေမှာတော့ နှောင့်နှေးမှုတွေ နဲ့ မရေရာမှုတွေ တွေ့နေရတယ်ပေါ့။
အဲဒီအပေါ်မှာတော့ ကျမတို့ နယ်စပ်မှာရှိတဲ့ ကျန်းမာရေး၊ ပညာရေး၊ အဖွဲ့အစည်းတွေနဲ့ ရေရှည်လုပ်ငန်းစဉ်ကို ရေးဆွဲရတဲ့ အခါကျတော့ ပြည်တွင်းအခြေအနေကိုလည်း လေ့လာ ရေးဆွဲရတဲ့ အခါကျတော့ ပြည်တွင်း အခြေအနေမှာလည်း အထူးသဖြင့် စနစ်ပိုင်း၊ မူဝါဒပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ ရှိသွားရင်တော့ ကျမတို့ လိုက်လျော ညီတွေ တခါတည်းတိုးတက် ပြောင်းလဲအောင် ရေရှည် စီမံကိန်းတွေ ရေးဆွဲရတာပိုပြီးတော့ လွယ်ကူသွားမယ်။
အခုအချိန်ကတော့ ရွှေ့ပြောင်း လူထုတွေနဲ့ပဲ ကျမတို့ လုံးပမ်းနေရတာရှိသလို ရွှေ့ပြောင်းလူထုတွေရဲ့ ကျန်းမာရေး၊ ပညာရေး ပြဿနာကလည်း နည်းပါးသွားတာမျိုး မတွေ့ရသေးဘူးပေါ့နော်၊ အဲဒီအပေါ်မှာ လက်ရှိရှိနေတဲ့ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို ဖြေရှင်းတဲ့ အချိန်ကျတော့ ရေရှည်အတွက် ဆောင်ရွက်ဖို့ အပိုင်းမှာ ညှိနှိုင်း ဆောင်ရွက်ရတာတွေ၊ ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ လူထုတွေရဲ့ ရွှေ့ပြောင်းမှုတွေကိုပေါ့၊ အမြဲပဲ လေ့လာ ဆန်းစစ်နေရတာတွေပေါ့နော်၊ ဒါကတော့ အမြဲပဲ စိန်ခေါ်ချက်တွေ ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိအခြေအနေမှာ နယ်စပ်ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းကို စိတ်ချလက်ချ ပြန်နိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ မြင်မိလားခင်ဗျ။
ဖြေ ။ ။ အဲဒါကျတော့ ကျမမြင်တာကတော့ တဦးချင်းရဲ့ ကိုယ်လာတဲ့ အရပ်ဒေသတွေ မတူကြဘူးလေ၊ တချို့နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ကရင်ပြည်နယ်က ရှိနိုင်တယ်၊ မွန်ပြည်နယ်က ရှိနိုင်တယ်၊ ဧရာဝတီတိုင်းက ရှိနိုင်တယ်၊ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရေးအရဖြစ်စေ၊ စစ်ဘေး၊ စစ်ဒဏ်ကြောင့် နေရပ်ဒေသ အသီးသီးကနေပြီးတော့ ရောက်ရှိလာကြတဲ့ အခါကျတော့ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာကို ပြန်မယ်ဆိုရင် တချို့လည်း မြေတွေ၊ ယာတွေ ဆုံးရှုံးသွားတာတို့၊ နှစ်ပေါင်းများစွာ အိမ်ထောင်စုစာရင်းတွေ မရှိတော့တာတို့၊ အဲလိုမျိုးရှိတဲ့အခါကျတော့ အများစုကတော့ ကိုယ့်ဒေသ ကိုယ့်ရွာကိုပဲ ပြန်ချင်ကြတာပေါ့။
ဒါပေမယ့် စုရပ်ကြီးတခုမှာ ပြန်ပြီးတော့ လုပ်ကိုင်စားသောက်ရမယ် ဆိုရင်လည်း ကိုယ့်မြေ၊ ကိုယ့်အိမ်၊ ကိုယ့်ယာမျိုး မဟုတ်ဘဲနဲ့ ဘာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်မယ်ဆိုတာရယ်၊ လက်ရှိ ကိုယ့်မိဘ ဘိုးဘွားတွေရဲ့ ထုံးတမ်း အစဉ်အလာ ယဉ်ကျေးမှုတို့၊ တဖက်ကလည်း သူတို့လုပ်ကိုင်စားသောက်မယ့် လယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့မှာလည်း ဘယ်လိုပြန်ပြီးလုပ်ကိုင် စားသောက်ရမလဲ၊ ဘယ်လို နေရာပြန်ချပေးမလဲ ဆိုတာတွေကို ရှင်းရှင်းလင်းလင်း သိချင်ကြတာရှိပါတယ်။
အကယ်၍ တချို့လူတွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေရာတကျ ပြန်နေနိုင်မယ့် အနေအထားရှိရင်တော့လည်း ပြန်ကြမှာပေါ့၊ အကယ်၍ စုရပ်လိုမျိုးနေရာ တနေရာမှာ သွားနေကြရမယ်ဆိုရင်တော့ တော်တော်များများကတော့ ထိုင်းနိုင်ငံကရွာတွေ ဒါမှမဟုတ် ရွှေ့ပြောင်းအလုပ်သမား ပုံစံမျိုးနဲ့ပဲ ဆက်နေသွားကြမှာတွေလည်း ရှိနိုင်တာပေါ့။
မေး ။ ။ မကြာသေးခင်က အမေရိကန်အခြေစိုက် National Endowment for Democracy (NED) က မြန်မာ့ အရေးနဲ့ လူမှုရေးလုပ် ဆောင်သူတွေကို ဆုချီးမြှင့်တဲ့ အခါမှာ ဆရာမလည်း တဦးအပါအဝင် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီဆု ရရှိမှုအပေါ် တွေ့ကြုံခဲ့ရတာတွေ ရှင်းပြနိုင်မလားခင်ဗျ။
ဖြေ ။ ။ NED ဆုကိုတော့ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်တွေ တော်တော်များများ လုပ်ငန်းဆောင်ရွက်နေတဲ့လူတွေ၊ နိုင်ငံတကာမှာ မြန်မာ့အရေး လှုံ့ဆော်နေတဲ့လူတွေနဲ့ အတူပေါ့နော်၊ ကျမတို့ ဒီဆုကိုရတဲ့ အတွက်ကြောင့် လက်ရှိကဏ္ဍပေါင်းစုံ၊ ဒေသပေါင်းစုံမှာရှိတဲ့ ကျန်းမာရေး၊ မြန်မာနိုင်ငံ လူထုတွေရဲ့ အခြေအနေပေါ့၊ လူထု အခြေပြု အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေ၊ နောက်တိုင်းရင်းသားတွေရဲ့ အခြေအနေတွေ၊ အဲဒါကို ပိုပြီးတော့ အချင်းချင်းလည်း ဖလှယ်နိုင်တယ်။
ကျမတို့ရဲ့ လက်တွေ့ အခက်အခဲတွေနဲ့ဲ နိုင်ငံရေးပြောင်းလဲပေမယ်လို့ စိန်ခေါ်မှု အဟန့်အတားတွေ အများကြီး တွေ့ရှိရပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံတိုးတက်ပြောင်းလဲမှု ဖြစ်စဉ်မှာ ဆက်လက် ဆောင်ရွက်သင့်တဲ့ အစိုးရတွေနဲ့ ဖြစ်စေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ဖြစ်စေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ဖြစ်စေ သူ့ကဏ္ဍအလိုက် ဆက်သွယ်ဆောင်ရွက်ရမယ့် အပိုင်းလေးတွေကိုလည်း ကျမတို့ ဖလှယ်လို့ရတယ်ပေါ့နော်။
တချိန်တည်းမှာပဲ ကျမတို့ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ မိတ်ဆွေ အဖွဲ့အစည်းတွေ အားလုံးကလည်း ကျမတို့ လက်ရှိအနေ အထားတွေကို ပိုပြီးတော့ သိစေချင်တဲ့အတွက်ကြောင့် သူတို့ကိုလည်း ရှင်းပြ ပြောပြတယ်ပေါ့။
မေး ။ ။ အရင်တုန်းက မဲဆောက်မှာ တွေ့ဆုံဖြစ်တော့မယ့် အချိန်မှာပဲ အခြေအနေအရ မတွေ့လိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီပွဲမှာ ဆရာမနဲ့ ပြန်တွေ့ဖြစ်ခဲ့လား ဆွေးနွေးပြောဆိုခဲ့ဖြစ်တာတွေရော ရှိလား။
ဖြေ ။ ။ ဟုတ်ကဲ့ ကျမတို့ NED ရဲ့စည်းဝေးပွဲမှာ ဆုံခဲ့ပါတယ်၊ အခန်းအနား အစီအစဉ်ထဲမှာပဲ သူ့အပိုင်းကဏ္ဍအလိုက် ပြောဆို သွားတာပဲရှိပါတယ်။ အခမ်းအနား အစီအစဉ်အတိုင်းပဲ သွားတာဖြစ်တဲ့အတွက်ကြောင့် သီးသန့် တွေ့ဆုံရတာမျိုးတော့ မရှိပါဘူး။ ကျမတို့က မဲဆောက်မှာပဲ အခြေပြုတာ များတဲ့အခါကျတော့ သီးခြားအစီအစဉ် ဖန်တီးတာ မဟုတ်ရင်တော့လည်း တွေ့ဖို့ ခက်တယ်ပေါ့။
မေး ။ ။ ဆရာမကလည်း ကရင်တိုင်းရင်းသူ တဦးလည်းဖြစ်တော့ လက်ရှိ KNU နဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေမှု အပေါ်မှာ ရေရှည်တည်တံ့သွားမယ့် အခြေအနေကို မြင်တွေ့နေရလား၊ ဆရာမရဲ့ အမြင်သဘောထားကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ တိုင်းရင်းသား တဖွဲ့ချင်းနဲ့ ဆွေးနွေးတဲ့အပိုင်း သူ့တိုင်းရင်းသား လူမျိုးစုအလိုက် တောင်းဆိုမှုတွေ၊ လက်မှတ်ထိုးမှုတွေတော့ ရှိတယ်။ ဒါပေမယ်လို့ ကျမတို့ အမြင်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စေ၊ အပစ်အခတ် ရပ်စဲရေးပဲဖြစ်စေပေါ့နော်၊ တိုင်းရင်းသားအားလုံး အသံတခုထဲမှာပဲ တကြိမ်တည်း၊ တပြိုင်တည်း ဖြစ်သွားရင် ဒါဟာ ထိထိရောက်ရောက်နဲ့ ရေရှည်အတွက် အကျိုးရှိနိုင်မယ်လို့ထင်တယ်ပေါ့။
မေး ။ ။ ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲကာလမှာပဲ လက်ရှိ KNU ခေါင်းဆောင်ပိုင်းတွေမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်နေပါတယ်၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာမှတ်ချက်ပေးချင်ပါသလဲ။
ဖြေ ။ ။ ခုန ကျမတို့ပြောတဲ့ စံဖြစ်တဲ့ လုပ်ထုံး၊ လုပ်နည်းတွေပေါ့နော်၊ တိုင်းရင်းသား အားလုံးအပေါ်မှာ စံထားပြီးတော့ လုပ်ထုံး လုပ်နည်းတွေ တူညီတယ်ဆိုရင် ဒီလိုမျိုးဖြစ်မှုတွေ နည်းသွားမယ်လို့ ယူဆတယ်။ တချိန်တည်းမှာပဲ လူထုတွေရဲ့ အမြင်တွေ၊ အသံတွေကလည်း ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ခေါင်းဆောင်တွေအနေနဲ့ အမြဲစုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အမြဲရှိနေတဲ့ အတွက်ကြောင့်၊ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း ဒီဆွေးနွေးပွဲတွေကို နည်းမှန်လမ်းမှန်နဲ့ ဖြစ်လာအောင် ဝိုင်းဝန်းပံ့ပိုးသွားမယ်လို့ ကျမ ယုံကြည်ပါတယ်။
ဒီလိုမသင့်မြတ်မှုတွေကလည်း အဖွဲ့အစည်းတိုင်းမှာ ဖြစ်တတ်တဲ့ သဘောသဘာဝတော့ ရှိပါတယ်၊ သို့သော်လည်း လူထု အခြေပြု အဖွဲ့အစည်းတွေ အားကောင်းမယ်၊ လူထုအမြင်တွေကို ခိုင်ခိုင်မာမာယူနိုင်မယ်၊ တဖြည်းဖြည်းနဲ့ စုစည်းမှု ပြန်တည်ဆောက်လို့ ရမယ်လို့ ယုံကြည်ပါတယ်။ ။