တပ်မတော် ပြုပြင်ပြောင်းလဲရေး စဖို့လိုပြီ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အမေရိကန်အစိုးရ ဌာနပေါင်းစုံမှ အကြီးတန်းအရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို လာရောက်ခဲ့ပြိး ဒု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလီယံ ဘန်းစ် လည်း အောက်တိုဘာ ၁၈ ရက်နေ့တွင် ရောက်လာကာ မြန်မာသမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံမည်မှာ အမေရိကန်သမ္မတ အိုးဘားမားအစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို နောက်ထပ် အဆင့်မြှင့် အကောင်အထည်ဖော်သည့် ခြေလှမ်းဟု ဆိုရမည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန် ခရီးစဉ် အတွင်း မြန်မာ့ ပို့ကုန် တင်သွင်းခွင့် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး မကြာသေးခင်ကလည်း ငွေကြေးဆိုင်ရာ ပိတ်ပင်မှု ရုပ်သိမ်းရေးကို အိုဘားမားက လက်မှတ်ရေးထိုး လိုက်သဖြင့် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက မြန်မာပြည်နှင့် ပြန်အလုပ် လုပ်ရန် အစီအစဉ်များ ရေးဆွဲလာကြရသည်။ ပြိးဆုံးခဲ့သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အရာရှိများပါ ပါဝင်နေသဖြင့် အမေရိကန်၏ မြန်မာ ခရီးစဉ် ရလဒ်သည် စီစဉ်နေဆဲ နိုင်ငံတကာ အထောက်အပံ့များ အပေါ် ဩဇာ သက်ရောက်မည် သာမက ဒေသတွင်း အမေရိကန် ဦးစီးသော စစ်ရေးပူးတွဲ လေ့ကျင့်မှုများတွင် မြန်မာ ပါဝင်လာစေရေး လမ်းဖွင့်သွားနိုင်လိမ့်မည်။

သို့ရာတွင် မြန်မာ့ဒီမိုကရေစီ တည်ဆောက်ရေးတွင် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်များထဲ ကျန်ရှိနေသေးခြင်း၊ ပြည်တွင်းစစ်ကို အပြီးတိုင် မရပ်စဲနိုင်သေးခြင်း၊ လူမျိုးရေး ဘာသာရေး ခွဲခြားတိုက်ခိုက်မှုများ တအုံနွေးနွေးဖြစ်နေခြင်း၊ လူမှုရေး စီးပွားရေးတို့တွင် မတရားမှုများနှင့် မပွင့်လင်းမှုများ ပျံ့နှံ့နေခြင်း၊ အထူးသဖြင့် စစ်တပ်မှ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့တွင် ဆက်လက်ချုပ်ကိုင်ထားပြီး လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုများတွင် တရားမျှတမှုကို မဖန်တီးပေးနိုင်သေးခြင်းများကြောင့် ပေးရန် စီစဉ်နေသည့် အထောက်အပံ့များနှင့် ထိုက်တန်မှုရှိ မရှိ တဘက်ကလည်း သံသယ ရှိနေသေးသည်။

ယနေ့အချိန်ကား မြန်မာ့တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် ထို့ထက်ပို၍ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်မည့် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲတည်ဆောက်ရန် အချိန်ကျပြီ ဖြစ်သည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အကြီးမားဆုံး အခက်အခဲအဖြစ် သံသယ ဆက်ရှိနေသေးသည်မှာ တပ်မတော်၏ အခန်းကဏ္ဍပင်ဖြစ်သည်။  လွှတ်တော်များတွင် ကိုယ်စားလှယ် လေးပုံတပုံကို ယူထားခြင်း၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အမိန့်အာဏာရှိနေခြင်း၊ တိုင်းပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ရှိနေသေးသော်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှု တသီတတန်း အတွက် တာဝန်မခံနိုင်ခြင်းနှင့် တရားမျှတမှုကို မဖန်တီးပေးနိုင်သေးခြင်းများမှာ ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် လေးဖင့်နေစေသော နောက်ပြန်ဆွဲ အကြောင်းအချက်များ ဖြစ်သည်။

ထို့ပြင် တိုင်းပြည်ဘတ်ဂျက်၏ လေးပုံတပုံနီးပါး သုံးစွဲနေသော်ငြား တပ်အင်အား သုံးသိန်းခွဲကို လူလုံးထွက်အောင် မထောက်ပံ့ပေးနိုင်သောကြောင့် တိုင်းရင်းသားဒေသများတွင် “ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး” အတွက် ရှာဖွေရပ်တည်နေရကာ နယ်မြေခံများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေစေခြင်းနှင့် မူးယစ်ဆေးဝါးကဲ့သို့ တရားမဝင် အလုပ်များတွင် ပတ်သက် ဆက်စပ်လာသည် အထိ ဖြစ်လာစေခဲ့သည်ကို ပြောင်းလဲပစ်ရန်မှာလည်း အရေးပေါ်လိုအပ်ချက်ဖြစ်သည်။ တပ်မတော်အတွင်း လူမျိုး ဘာသာ ခွဲခြားဆက်ဆံမှုကလည်း လူနည်းစု တိုင်းရင်းသားများအကြား သံသယကို ပိုကြီးထွားစေရန်သာ ဖြစ်နေစေသည်။

ကလေးစစ်သား သုံးစွဲမှု၊ အမျိုးသမီးများကို အဓမ္မ စော်ကားမှု၊ ပေါ်တာဆွဲ၊ အရပ်သားများကို နှိပ်စက်မှုများနှင့် နာမည်ဆိုးဖြင့် ဆယ်စုနှစ်ချီ ကျော်ကြားခဲ့သော မြန်မာ့တပ်မတော်အား ဒီမိုကရေစီနှင့် တံခါးဖွင့်ဈေးကွက် စီးပွားရေးစနစ်ကို ကာကွယ်စောင့်ရှောက်သော ခေတ်မီတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းရန်မှာ လက်ရှိ တပ်မတော်ခေါင်းဆောင်များ၏ ပုခုံးပေါ်သို့ ကျရောက်နေသည့် ကြီးမားသော သမိုင်း၏ တာဝန်ပင်။ လူ့အခွင့်အရေးကို လေးစားခြင်း၊ အရပ်သားအစိုးရက စစ်တပ်အား ကြီးကြပ်မှုကို လက်ခံခြင်းနှင့် လုပ်ငန်းပွင့်လင်းမြင်သာမှု ရှိခြင်းတို့ဖြင့်သာ မြန်မာပြည်သူများနှင့် နိုင်ငံတကာမိသားစုအကြား မြန်မာ့တပ်မတော်၏ တရားဝင်မှုကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။

Loading