[irrawaddy_gallery]
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် မစ္စ အင်တာနေရှင်နယ် ပြိုင်ပွဲ၌ မစ္စ အင်တာနက်ဆု၊ ပရိသတ် အကြိုက်ဆုံး ဆုတို့ကို ပအို့ဝ်တိုင်းရင်းသူ မနန်းခင်ဇေယျာက ရရှိခဲ့သည့်အတွက် ယနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။ ယခင်က မြန်မာနိုင်ငံကို နိုင်ငံတကာက Burma နှင့် ဒေါ်အောင်ဆန်းစုကြည် အဖြစ်သာ သိခဲ့သော်လည်း မနန်းခင်ဇေယျာက မြန်မာကို ကမ္ဘာက သိစေရန် ပြိုင်ပွဲခရီးစဉ်တလျှောက် ကြိုးစားခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်ရောက်လာချိန်တွင်လည်း ပအို့ဝ်တိုင်းရင်းသားများ၏ ပညာရေး အဆင့်အတန်း မြင့့်မားလာစေရန် အားပေးသွားမည် ဖြစ်ကြောင်း၊ ပရဟိတ လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားရန်ရှိသည့် အကြောင်းကို ရန်ကုန်မြို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားခဲ့သည်။ မနန်းခင်ဇေယျာသည် အင်္ဂလိပ်နှင့် ဂျာမန် ဧည့်လမ်းညွှန်အဖြစ် အသက်မွေးဝမ်းကျောင်း ခဲ့သူ တဦးလည်း ဖြစ်သည်။
မနန်းခင်ဇေယျာ၏ ခရီးစဉ်၊ ပြိုင်ပွဲ အတွေ့အကြုံများနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံ မေးမြန်း ထားပါသည်။
မေး။ ။ မနန်းခင်ဇေယျာ အနေနဲ့ ပြိုင်ပွဲဝင်ဖို့ သွားတုန်းကနဲ့ ပြန်လာတဲ့အချိန် ခံစားချက်တွေ ဘယ်လိုရှိတယ် ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ ခံစားချက်ကတော့ မတူဘူး၊ အသွားတုန်းကတော့ လိုက်ပို့မယ့်သူ မရှိဘဲ တယောက်တည်း သွားခဲ့ရတယ်၊ ပြန်လာတော့ ကိုယ့်တိုင်းရင်းသားတွေရော ပရိသတ်တွေပါ လာကြိုဆိုတာက ညီမကို ခွန်အား ဖြစ်စေခဲ့ပါတယ်။
မေး။ ။ မစ္စ အင်တာနေရှင်နယ် ပြိုင်ပွဲအတွက် ယှဉ်ပြိုင်နေစဉ်က ဘယ်လို ခံစားခဲ့ရပါသလဲ။
ဖြေ။ ။ ခံစားမှုကတော့ အရမ်းကိုပျော်ပါတယ်။ မြန်မာ တနိုင်ငံလုံးက ဝိုင်းပြီးတော့ အားပေးတာကြောင့် ယှဉ်ပြိုင်ရတာ အရမ်း ပျော်ပါတယ်။
မေး။ ။ အိုကီနာဝါမှာ ရှိနေခဲ့တဲ့ အချိန်တလျှောက်မှာ ရခဲ့တဲ့ အထူးခြားဆုံး အတွေ့အကြုံရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။ အထူးခြားဆုံး အတွေ့အကြုံကတော့ မစ္စတွေ အားလုံးက ကိုယ့်ရဲ့ ရိုးရာဝတ်စုံနဲ့ လမ်းပေါ်ထွက်ပြီး လမ်းလျှောက် ပြသရတဲ့ အချိန်က အထူးခြားဆုံးပဲ၊ ဒါမျိုးက မြန်မာနိုင်ငံမှာတုန်းက လုံးဝ မလုပ်ဖူးပါဘူး။ ရိုးရာဝတ်စုံကို ဝတ်ပြီး လမ်းပေါ် ထွက်တဲ့ အချိန်မှာ ကိုယ့်ပရိသတ်တွေရဲ့ ကြားထားမှာ ရိုးရာ ဝတ်စုံလေးဝတ်ပြီး လျှောက်ခဲ့ရတာက အမှတ်တရ အဖြစ်ခဲ့ ဆုံးပါ။
မေး။ ။ ကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု မယ်အဖြစ် ပြိုင်နေတော့ မြန်မာဆိုတာကို သိအောင် ဘယ်လို ကြိုးစားခဲ့ရသလဲ။
ဖြေ။ ။ Burma လို့သိထားကြသူတွေကို ကျမက မြန်မာဖြစ်ကြောင်း စလွယ်လေးကို ပြတယ်။ မြန်မာဖြစ်ပါတယ်၊ ဘားမားကနေ မြန်မာ ပြောင်းသွားတာပါလို့ ရှင်းပြတယ်။ မြန်မာနိုင်ငံကို ဘယ်နေရာမှာ ရှိမှန်းလည်း သူတို့က မသိကြဘူး။အဲဒီအချိန်မှာ မြန်မာနိုင်ငံ မြေပုံ ယူသွားခဲ့တယ်၊ မြန်မာနိုင်ငံ ဆိုတာ ထိုင်းနဲ့နီးတဲ့ နေရာမှာ ရှိတယ်ဆိုတာကို သူတို့ကို ပြခဲ့တယ်။
မေး။ ။ မြန်မာနိုင်ငံ သံတမန်တွေလည်း လာအားပေးတယ် ဆိုတော့ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ အရမ်းပျော်တယ်။ သူတို့နဲ့ သီးသန့် အခန်းသပ်သပ်မှာ တွေ့ရတယ်။ အားပေးစကားတွေလည်း ကြားခဲ့ရတယ်။
မေး။ ။ အရင်က ယှှဉ်ပြိုင်ခဲ့ဖူးသူတွေ ဆီက ဘာအကြံဉာဏ်တွေ တောင်းခဲ့သေးလဲ။
ဖြေ။ ။ အဲဒီလိုတော့ မရှိခဲ့ပါဘူး။ အင်တာနေရှင်နယ် ပြိုင်ပွဲ ဝင်ပြိုင်တဲ့ အတွက်ကြောင့် မို့လို့ပါ။ အင်တာနေရှင်နယ် ပြိုင်ပွဲ ွဲဝင်ခဲ့တာကလည်း မြန်မာနိုင်ငံမှာက ဘယ်သူမှ သိပ်မရှိခဲ့ဖူးဘူးေလေ။ တချို့ဆိုရင် တရက် နှစ်ရက်ပဲ သွားပြီး ပြိုင်ခဲ့တယ်၊ ကျမက တလလုံးသွားပြီး ပြိုင်ခဲ့ရတာဆိုတော့ အကြံဉာဏ် တောင်းခဲ့တာမျိုးတော့ မရှိခဲ့ဘူး။
မေး။ ။ ယှဉ်ပြိုင်နေစဉ်မှာ ဘယ်လိုစိတ်ထားပြီး ပြိုင်ခဲ့ပါသလဲ။
ဖြေ။ ။ စိတ်ထားကတော့ သန့်သန့်ရှင်းရှင်း ထားတယ်၊ ဘယ်သူ့ကိုမှလည်း မပြိုင်ခဲ့ဘူး။ ကိုယ့်ရဲ့ မြန်မာနိုင်ငံရဲ့ ထောက်ပံ့မှု အားကလည်း ကောင်းခဲ့တာ ကြောင့်ပါ။
မေး။ ။ ရေကူးဝတ်စုံနဲ့ ပြိုင်တုန်းက ပုံက အင်တာနက်မှာ တော်တော် အောင်မြင်ခဲ့တယ်။ ဝေဖန်သူတွေလည်း များခဲ့တယ်။ အဲဒီအပေါ် ဘာများ ပြောချင်လဲ။
ဖြေ။ ။ စိတ်မကောင်းတော့ ဖြစ်ခဲ့တယ်၊ ဖြေရှင်းလို့လည်း မရခဲ့ပါဘူး။ ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ အတွက်ကြောင့် ဒီကိစ္စ ္စအပေါ် ဖြေရှင်းလို့လည်း မရခဲ့ဘူး။ ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အညီကြောင့် ဝတ်ခဲ့ရတာပါ။ အပြင်မှာလည်း ဝတ်နေတာမျိုး မရှိပါဘူး၊ အခု ဓာတ်ပုံတွေ ဆိုရင်လည်း ဖော်လော်ပြီးတော့ ဝတ်တာမျိုး တခုမှမရှိပါဘူး။
မေး။ ။ အမေရိကန်မှာလည်း မနန်းခင်ဇေယျာလို မစ္စ မြန်မာတယောက် သွားပြိုင်နေတယ်လို့ သိရပါတယ်။ သူ့ကိုရော ဘယ်လို အားပေးချင်လဲ၊ အကြံဉာဏ်ပေးချင်တာမျိုး ရှိရင်လည်း ပြောပါဦး။
ဖြေ။ ။ ကျမ ခံစားရသလိုမျိုး သူလည်း ခံစားရမှာပါ။ ကျမလည်း သူ့ကို မဲများများ ပေးသွားမှာပါလို့ ပြောချင်ပါတယ်။
မေး။ ။ ကြော်ငြာတွေ၊ ဗီဒီယိုတွေက ကမ်းလှမ်းလာတာတွေ ရှိပြီလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ကမ်းလှမ်း ထားတာတွေတော့ ရှိနေပြီ၊ ဒါပေမယ့် အခုအချိန်မှာကတော့ လူကြီးတွေနဲ့ တိုင်ပင်နေတုန်းပါ။
မေး။ ။ ဧည့်လမ်းညွှန် တယောက်က မယ်ဖြစ်လာပြီဆိုတော့ အခုချိန်မှာ ဧည့်လမ်းညွှန်အလုပ်နဲ့ အနုပညာအလုပ် ဘာကို ပိုပြီး စိတ်ဝင်စားပါသလဲ။
ဖြေ။ ။ နှစ်ခုစလုံးကို စိတ်ဝင်စားနေတယ်၊ ဘာလို့လဲဆိုတော့ တိုးဂိုက်က ပရော်ဖက်ရှင်နယ် အလုပ်ဖြစ်နေပြီးတော့ အသက်မွေး ဝမ်းကျောင်း အဖြစ် လုပ်နေရတာ မို့လို့ပါ။
မေး။ ။ နောက်ထပ် နှစ်တွေမှာ ပြိုင်မယ့် မစ္စ မြန်မာတွေကိုရော ဘယ်လို စကားပါးချင်သေးလဲ။
ဖြေ။ ။ များများ ပြိုင်ကြပါလို့ ပြောချင်ပါတယ်။ နိုင်ငံတကာကို ဖောက်နိုင်တယ်၊ နိုင်ငံတကာက မြန်မာကို သိစေတယ် ပေါ့နော်။ ကိုယ့်အတွက် ကောင်းတဲ့ လမ်းစပါလို့ ပြောချင်ပါတယ်။ ဆုမရခဲ့ တာတောင်မှပဲ အတွေ့အကြုံ ယူတယ်လို့ သဘောထား စေချင်တယ်။