တကျော့ပြန် ဖြစ်ပွားလာသော ရခိုင်ပြည်နယ် ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းသည် တရားဥပဒေစိုးမိုးမှု လုံးဝ ကင်းမဲ့နေကြောင်းနှင့် နေပြည်တော်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှု ခရီးမတွင် အရာမရောက်ခဲ့ကြောင်း အထင်အရှား ဖြစ်စေခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် “နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်” ဟု သမ္မတရုံးမှ ထုတ်ပြန်ကြေညာခြင်းသည် မေလမှ စတင်ပေါ်ပေါက် ကြီးထွားလာနေသော လူမျိုးရေးနှင့် ဘာသာရေး အမုန်းမီးတောက်များ ပိုမိုပြန့်နှံ့လာစေရေး သွေးထိုးနေသော စစ်သွေးကြွများနှင့် ရာဇဝတ်သားများက တရားဥပဒေ စိုးမိုးရေးကို မထေမဲ့မြင်ပြုပြီး ထင်ရာဆိုင်းခွင့် ရနေခဲ့ကြောင်း အတိအလင်း ဝန်ခံခြင်းပင်။
ဇွန်လအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရမှုနှင့် မွတ်ဆလင် ၁၀ ဦးအား ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်မှုတို့မှ စတင်ခဲ့ပြီး နှစ်ဘက်အုပ်စု အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ယခုဆိုလျှင် အစိုးရထုတ်ပြန်သောစာရင်းများအရ လူပေါင်း ၁၆၂ ယောက် သေဆုံးခဲ့ပြီဖြစ်ပြီး လူပေါင်း သောင်းချီ၍ အိုးအိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်နေရပြီဖြစ်သည်။
အပြန်အလှန်ဖြစ်ပေါ်နေသော အမုန်းမီးကို အစိုးရအနေဖြင့် မည်သို့မျှ မငြိမ်းသတ်နိုင်တော့မည့် အခြေအနေကို ရင်ဆိုင်နေရပြီး မျိုးဆက်နှင့်ချီ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့သည့် လူမှုစနစ် ပျောက်ကွယ်သွားရပြီဖြစ်သည်။ ဘာသာကွဲ လူမျိုးစုနှစ်စုကြား ပြန်လည် ရင်ကြားစေ့နိုင်ရေးဆိုသည် ယခုအခါ စိတ်ကူးယဉ်အိပ်မက်မျှသာ။
ယခင်စစ်အစိုးရ ကိုင်တွယ်မှုနှင့်မတူ သတင်းထောက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများကို ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ သွားရောက်ခွင့်ပြုခြင်း၊ လူမှုကယ်ဆယ်ရေးများ ကူညီထောက်ပံ့ခွင့် ပေးခြင်းများ အတွက် နေပြည်တော်အစိုးရကို ပြည်တွင်းပြည်ပက ထောက်ခံချီးကျူးကြသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် အမှန်တရား ဖော်ထုတ်ရေးများတွင် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ငန်း အကောင်အထည် ဖော်မှုတွင်လည်း နှေးကွေးလွန်းနေသည်။
တောင်ကုတ်မြို့ လူ ၁၀ ဦး အသတ်ခံရမှု ကိစ္စကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မတီတခုကို နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဖွဲ့စည်းပေးခဲ့သော်လည်း ယနေ့အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးသကဲ့သို့ နောက်ထပ် ဖွဲ့စည်းသော ရခိုင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည်လည်း အဖွဲ့ဝင် အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အောက်ခြေလူထုနှင့်လည်း ဆက်ဆံရေး မပြေလည်ဖြစ်နေ၍ သမ္မတ ဦးသိန်းစိန်ထံ တင်ပြရမည့် အစီရင်ခံစာကို အချိန်မီ တင်သွင်းနိုင်မည့်အပေါ် သံသယရှိနေရသည်။
ရောဂါ၏ဇာစ်မြစ်ကို သေသေချာချာ သိရှိနားလည်ရန် လိုအပ်သကဲ့သိ့ု ကုသနည်းမှန်ကန်ရန်လည်း အရေးကြီးသည်။ ရခိုင်အရေး ဖြေရှင်းရာတွင် အစိုးရအနေဖြင့် ဇာစ်မြစ်ကို ရှာဖွေရန် နှောင့်နှေးကြန့်ကြာနေခဲ့ပြီး ဆေးမြီးတိုဖြင့်သာ ကြိတ်ကုသကဲ့သို့ ဖြစ်နေသည်။ ယခုတဖန် ပုံစံတကျ မကုသ မထိန်းချုပ်နိုင်လျှင် နောက်တကြိမ် မြန်မာပြည် တနံတလျား လူမျိုးရေးနှင့် ဘာသာရေး အမုန်းမီးများ ပြန့်ပွားကူးစက်မည့် အန္တရာယ် ကြီးမားစွာ ရှိနေပြီဖြစ်သည်။
ဤနေရာတွင် ဓမ္မဓိဋ္ဌာန်ကျကျဆိုရလျှင် ယင်းတာဝန်ကို သမ္မတ ဦးသိန်းစိန်၏ အစိုးရသာမက ဘာသာရေး အဖွဲ့အစည်းများ၊ တပ်မတော်၊ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ မီဒီယာနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ စီးပွားရေးသမားများနှင့် လူထုလူတန်းစားပေါင်းစုံ အလွှာအသီးသီးမှ ဉာဏ်ပညာနှင့်ယှဉ်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှ စိန်ခေါ်နေသည့် အန္တရာယ်ကို ကာကွယ်နိုင်ပေလိမ့်မည်။
ယင်းသို့ မတားဆီးနိုင်ခဲ့ပါက မြန်မာပြည်ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား တန်ဖိုးထား လေးစားသည့်နိုင်ငံအဖြစ် တည်ဆောက်ပြီး ကမ္ဘာ့အလယ် ပြန်လည်ဦးမော့လာစေရေး ပြည်ထောင်စုသားတိုင်း၏ ဘုံရည်မှန်းချက်ကိုပါ လူမျိုးရေးနှင့် ဘာသာရေး အမုန်းမီးက ဝါးမြိုဖျက်ဆီးတော့မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေကြောင်း။ ။