ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း မရပ်ဘူးဆိုရင် မြန်မာပြည် တည်ငြိမ်ရေးကိုရော ဒေသတွင်း တည်ငြိမ်ရေးကိုပါ ပြင်းပြင်းထန်ထန် ဂယက်ရိုက်လိမ့်မယ်။ ဒါကြောင့် နိုင်ငံတကာ မိသားစုအနေ နဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ မမျှော်လင့်တာတွေနဲ့ ဆိုးဆိုးဝါးဝါး ကြုံရမှာမို့ ဒီအတိုင်း လက်ပိုက်ကြည့်မနေသင့်ပါဘူး။
ဒါပေမယ့် ပြည်တွင်းက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတချို့ ယူဆနေသလိုမျိုး လက်ရှိပဋိပက္ခကို နိုင်ငံရေးအသိုင်းအဝိုင်းမှာ ရှိတဲ့ သဘောထား တင်းမာသူတွေက တကယ်တမ်း တွန်းပို့နေတယ်ဆိုရင်တော့ မကြာသေးခင်က နိုင်ငံရေးလမ်းစ ပွင့်လာတာတွေ နောက်ပြန်ဆုတ်သွားမယ့်အပေါ် ကျနော်တို့ မအံ့သြသင့်ပါဘူး။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ “လူတစုက အခြားလူတစုအပေါ် ကိုယ့်သဘောကိုယ်ဆောင် တိုက်ခိုက်နေမှုတွေ၊ ပစ်မှတ်ထား ခြိမ်းခြောက်နေမှုတွေနဲ့ အစွန်းရောက် ထုတ်ဖော်ပြောဆိုမှုတွေကို ရပ်တန်းက ရပ်ရပါလိမ့်မယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
“မြန်မာအစိုးရအနေနဲ့ရော၊ ဒီကိစ္စအပေါ် အလေးထားသူ အားလုံးအနေနဲ့ရော အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် တားဆီးဖို့နဲ့ လူစုကြီး နှစ်စုကြားက တင်းမာမှုတွေ ဒီ့ထက် ပိုမဆိုးသွားအောင် ထိန်းဖို့ အရမ်းအရေးကြီးပါတယ်” လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက ကြာသာပတေးနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို အစီရင်ခံစာ တင်သွင်းနေတဲ့အချိန်မှာ ပြောပါတယ်။
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်န်ကလည်း စိုးရိမ်မှုကို ထုတ်ဖော်ခဲ့ပါတယ်။ “အခြေအနေက ပိုဆိုးလာနေတဲ့အပြင် အခုဆိုရင် ရိုဟင်ဂျာတွေကို အမြစ်ကလှန်မယ့် အန္တရာယ်ရှိနေတယ်။ ဒီအနေအထားက ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူး” လို့ သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပါတယ်။
“ဒီပဋိပက္ခက အစ္စလာမ်ဘာသာနဲ့ ဆိုင်တဲ့ကိစ္စလို့ မဟုတ်ဘဲနဲ့ ပြောနေကြတယ်။ ဒါက နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကိစ္စဖြစ်တယ်။ ပြီးတော့ ဒီကိစ္စက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအပေါ် တိုက်ရိုက် ဂယက်ရိုက်မှုရှိတယ်” လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က အကြမ်းမှုကြောင့် အာဆီယံဒေသထဲ ပိုမိုကျယ်ပြန့်တဲ့ သေနင်္ဂဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်မှုတွေ ရှိသွားလိမ့်မယ်လို့လည်း သူက သတိပေးပါသေးတယ်။
သူသတိပေးတာ မှန်ပါတယ်။ ဒီဆူပူအုံကြွမှုတွေကြောင့် ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးကြမှာမို့ စိုးရိမ်ရတဲ့ လူသားချင်းဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်မှုတွေ အနာဂတ်မှာ ဖြစ်လာမှာပါ။
ဆူရင် ပစ်ဆူဝမ်န်က သြဂုတ်လမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဆီ စာတစောင် ပို့ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလမ်ဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တိုက်တွန်းထားတဲ့ စာပါ။
အာဆီယံ လက်ရှိဥက္ကဌ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟုံ (Hor Nam Hong) က နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေး ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေကို ထိန်းနိုင်တယ်ဆိုပြီး မြန်မာအစိုးရဘက်က အစည်းအဝေးတက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ အခုအချိန်မှာ လာမယ့် အာဆီယံအစည်းအဝေးမှာ ရခိုင်ပြည်နယ်ကိစ္စကို ဆွေးနွေးကြပါစေလို့ပဲ မျှော်လင့်ရပါတော့တယ်။
တကယ်ဖြစ်နေတာကို အစိုးရက ဘယ်လိုပဲ ငြင်းပယ်နေနေ သိသာတာကတော့ အောက်ခြေမှာ အခြေအနေတွေ ပိုဆိုးလာနေတာပါပဲ။ အဲ့ဒါကြောင့်လည်း အစိုးရက ရခိုင်ပြည်နယ်ထဲကို လုံခြုံရေးတပ်ဖွဲ့တွေ ထပ်ပြီး စေလွှတ်ခဲ့တာပါ။
အကြမ်းဖက်မှုတွေဖြစ်တဲ့အချိန်မှာ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြပြီး မြန်မာပြည်ရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေက အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာ ၈ သိန်းလောက်ကိုချည်း သက်သက် မဟုတ်ဘူးလို့ သိရပါတယ်။
“ဒီကိစ္စက ရိုဟင်ဂျာတွေကိုချည်း အကြမ်းဖက်တဲ့ကိစ္စ မဟုတ်တော့ဘူး။ မွတ်ဆလင် ဆန့်ကျင်တဲ့ အကြမ်းဖက်မှု ဖြစ်သွားပြီ” လို့ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ ရခိုင်စီမံကိန်းအဖွဲ့ (Arakan Project) ဒါရိုက်တာ ခရစ် လဲဝါး (Chris Lewa) က ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။ ကျောက်ဖြူမြို့မှာ အဓိက နေထိုင်တဲ့ ကမန် (Kaman) မွတ်ဆလင်တွေလည်း အကြမ်းဖက်မှုတွေနဲ့ ဝေးရာကို ထွက်ပြေးခဲ့ကြရတာကိုး။
ရခိုင်ပြည်နယ်ထဲမှာ ပြန်ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေဟာ အိုးအိမ်တွေကနေ စွန့်ပြေးရတဲ့ ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation – OIC) က မြန်မာပြည်မှာ ရုံးဖွင့်မယ့်ကိစ္စကို အစိုးရက ပိတ်ပင်လိုက်ပြီးတဲ့နောက်မှာ ဖြစ်လာတာပါ။
သေချာတာကတော့ ဒီပဋိပက္ခနဲ့ပတ်သက်ပြီး အစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေ နှေးနေတာပါပဲ။ တချိန်တည်းမှာ လည်း ဒီကိစ္စအပေါ် ဘယ်လို ကိုင်တွယ်သွားမယ်ဆိုတာကို သမ္မတရုံးက ပြည်တွင်းမှာရော နိုင်ငံတကာမိသားစုကိုပါ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
OIC ရုံးဖွင့်မယ့်ကိစ္စကို အများအားဖြင့် သံဃာတော်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာပါ။ နောက်ဆုံး အကြမ်းဖက်မှုတွေ မတိုင်ခင်ကဆိုရင် OIC ဆန့်ကျင်တဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါသေးတယ်။
OIC ရဲ့ လုပ်ငန်းဆောင်တာတွေကို ခွင့်ပြုလိုက်မယ်ဆိုရင် ရိုဟင်ဂျာတွေ အစွန်းရောက်တွေ ဖြစ်လာစေမယ့်အပြင် နိုင်ငံထဲမှာ အစ္စလာမ်ဘာသာပြန့်ပွားဖို့ပဲ အထောက်အကူဖြစ်စေလိမ့်မယ်လို့ သံဃာတော်တွေနဲ့ သာမန် ဗုဒ္ဓဘာသာဝင် အတော်များများက ယုံကြည်ထားကြတာပါ။ ဒီလို စိုးရိမ်မှုမျိုးတွေရဲ့အားကို ပေါ့ပေါ့တန်တန် မစဉ်းစားသင့်ပါဘူး။
“အစိုးရအနေနဲ့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေအတွက် တာဝန်ယူသွားမယ်၊ ဒါပေမယ့် တိုင်းရင်းသား မဟုတ်တဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုဖို့တော့ လုံးဝ မဖြစ်နိုင်ပါဘူး” လို့ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူးတားရက်စ် (Antonio Guterres) ကို ဇူလိုင်လမှာ ပြောခဲ့ပါသေးတယ်။ သြဂုတ်လမှာတော့ ရိုဟင်ဂျာတွေ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာအောင် သူ့ အစိုးရက ကျောင်းတွေ ဖွင့်ပေးသွားမယ်လို့ ဦးသိန်းစိန်က ဗီအိုအေသတင်းဌာနကို ပြောပါတယ်။
ဝေဖန်သူတွေကတော့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ စတင်ဖြစ်လာချိန်ကစလို့ ဒုက္ခရောက်ရသူတွေရဲ့ ကံကြမ္မာနဲ့ အကြမ်းဖက်မှုကို တို့မီးရှို့မီးလုပ်သူတွေအပေါ် လုပ်ငန်းပိုင်းအရ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အခုထိ ဘာမှမရှိသေးဘူးလို့ ထောက်ပြကြပါတယ်။
အခြေအနေကို ဂဃနဏသိသူတွေကလည်း အစိုးရထဲမှာရှိတဲ့ သဘောထား တင်းမာသူဂိုဏ်းတဂိုဏ်းက ရခိုင်ပြည်နယ် ပဋိပက္ခရဲ့ နောက်ကွယ်မှာ ရှိနေတယ်၊ အခုလို လနဲ့ချီပြီး အကြမ်းဖက်မှုတွေ ဖြစ်နေတာလည်း သူတို့ ဆွပေးတာဖြစ်မယ်လို့ ထုတ်ဖော်ပြောဆိုကြပါသေးတယ်။
အဲဒီလိုသာ မှန်မယ်ဆိုရင်တော့ တိုင်းပြည် တကယ် ထိခိုက်နစ်နာစေရေးအတွက် လုပ်ဆောင်ရာမှာ သူတို့တွေ အောင်မြင်မှုရခဲ့တယ်လို့ ပြောရမှာပါ။
စိတ်ပျက်စရာ ကောင်းတာကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားထင်ရှားသူတွေ အပါအဝင် မြန်မာအတိုက်အခံ အင်အားစုက ဒီအခြေအနေအပေါ် ဝင်ရောက် စွက်ဖက်တာဖြစ်စေ၊ တည်ငြိမ်သွားအောင် လုပ်တာမျိုး ဖြစ်စေ မလုပ်ကြတာပါပဲ။ ဒီမိုကရေစီလှုပ်ရှားမှုကို ကိုယ်စားပြုတယ်ဆိုတဲ့ အဲ့ဒီလူတွေ ဘာမှထိထိရောက်ရောက် မလုပ်ကြတဲ့အပေါ် အထူးသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းဝင် အတော်များများက စိတ်ပျက်လက်ပျက် ဖြစ်ကြရပါတယ်။
တဖက်မှာလည်း စိတ်ဝင်စားစရာကောင်းတာ ရှိပါသေးတယ်။ အဲ့ဒါကတော့ အကြမ်းဖက်မှု လှုံ့ဆော်သူတွေကို အရေး ယူမယ်လို့ အစိုးရအရာရှိတွေက ကတိထပ်ပေးတာပါပဲ။ အစိုးရအနေနဲ့ အဲ့ဒီအကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို တရားစွဲဖို့ ကြိုးစားနေတယ်လို့လည်း သမ္မတရုံး ပြောခွင့်ရသူက ဆိုပါသေးတယ်။
အဲ့ဒီလိုဆိုရင် အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေက ဘယ်မှာလဲ၊ သူတို့က ဘယ်သူတွေလဲ မေးစရာ ဖြစ်လာပါပြီ။
“အစိုးရအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့နဲ့ ပြည်သူလူထုအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့အချိန်မှာ အခုလိုမျိုး မတည်မငြိမ်ဖြစ်မှုက နိုင်ငံတော်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အပေါ် အမှန်တကယ် ထိခိုက်စေပါလိမ့်မယ်” လို့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးကတော့ သတိပေး ပြောဆိုပါတယ်။
တကယ်တမ်း ပြောရမယ်ဆိုရင် ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး သီအိုရီ အမျိုးမျိုး ရှိကြတာပါ။ သီအိုရီတခုက ဘယ်လိုလဲ ဆိုရင် သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားနည်းသွားစေဖို့အတွက် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီထဲမှာရှိတဲ့ သဘောထားတင်းမာသူတွေက အကြမ်းဖက်မှုတွေဖြစ်လာအောင် တွန်းပို့ကြတာပါတဲ့။
ဒုတိယ သီအိုတွေကတော့ ဒီပဋိပက္ခဟာ တပ်မတော် အာဏာပြန်ရလာအောင် ရည်ရွယ်ပြီး လုပ်ခဲ့တာပါတဲ့။ အတိတ်မှာတုန်းကလည်း ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတချို့ စစ်အစိုးရက ဆောင်ရွက်ခဲ့ဖူးပြီး စစ်ဆင်ရေးတိုင်းမှာ မြန်မာပြည်သူတွေ စစ်တပ်နောက်ကနေ ရပ်ခဲ့ကြပါတယ်။
မြန်မာဘုရင်တွေဟာ ဗုဒ္ဓဘာသာကို ကာကွယ်ရာမှာ အမြဲတမ်း အဓိက အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း လူထုထောက်ခံမှုရဖို့အတွက် လက်ရှိ ဗိုလ်ချုပ်ကြီးတွေက မွတ်ဆလင် ဒါမှမဟုတ် ရိုဟင်ဂျာ ဖဲချပ်ကို အမြဲတမ်း ထုတ်ကစားလေ့ရှိတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်အရေးကို စဉ်းစားတဲ့နေရာမှာ တခြား အရေးကြီးသူတွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ သူတို့တွေကတော့ ရိုဟင်ဂျာတွေအပေါ် စာနာသူတွေပါပဲ။ အဲ့ဒီလူတွေထဲမှာ ကိစ္စရပ်တွေကို အောက်ခြေကစပြီး ပြောင်းချင်တဲ့ ပြည်တွင်းပြည်ပက ပုဂ္ဂိုလ်တွေနဲ့ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ရိုးရိုးလေး အဖြူအမည်း ခွဲချင်တဲ့ ကန်ပိန်းအဖွဲ့တွေလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကျနော်တို့ ဓမ္မဓိဌာန်ကျရပါလိမ့်မယ်။ ရခိုင်လူမျိုးတွေရဲ့ အသံကို နားထောင်ဖို့လို သလို ရိုဟင်ဂျာတွေရဲ့ အသံကိုလည်း နားထောင်ရပါလိမ့်မယ်။ ဒီလူစုကြီး နှစ်စုအနေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူလက်တွဲနေနိုင်အောင် လေ့လာသင်ယူရပါလိမ့်မယ်။
မြန်မာပြည်ရဲ့ အနောက်ဖက်နယ်စပ်ဟာ ပြိုကျနေပြီလို့ သာမန် ရခိုင်တွေ၊ မြန်မာတွေနဲ့ တပ်မတော်သားတွေက ယူဆခဲ့တာ ကြာပြီမို့ လက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက မွတ်ဆလင်တွေ အလုံးအရင်းနဲ့ မဝင်လာနိုင်အောင် သူတို့ရဲ့ အမိမြေကို သူတို့ အမြဲတမ်း ကာကွယ်ခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား အတော်များများက ဆိုကြတာကိုး။
မြန်မာပြည်မှာ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အလိုရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ လူနည်းစုတွေကို အသိအမှတ်ပြုပြီး သူတို့တွေအားလုံး ကျနော်တို့ လူအဖွဲ့အစည်းမှာ တန်းတူမှုရှိရှိနဲ့ အပြည့်အဝပါဝင်လာရေးကို လိုလို လားလား လက်ခံရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် မြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေ အားလုံးဟာ ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်မှာရော အခုအစိုးရလက်ထက်မှာပါ ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံခံကြရတာပါ။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂ ါလီတွေလို့ မြန်မာတွေ အတော်များများ ယူဆထား ကြတဲ့ ရိုဟင်ဂျာကိစ္စကို စဉ်းစားတဲ့နေရာမှာလည်း မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိန်းဘာ့ဂ် (David Steinberg) က သူရဲ့ စာအုပ် “ဗမာ/မြန်မာပြည် – လူတိုင်းသိဖို့လိုသည်များ (Burma/Myanmar – What Everyone Needs to Know)” ထဲမှာ အခုလို ရေးခဲ့ဖူးပါ တယ်။ “မြန်မာပြည်ရဲ့ အန္တရာယ်အရှိဆုံး နယ်စပ်ဒေသက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ ဒေသလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယူဆပါတယ်” တဲ့။
အများထင်ခဲ့ကြသလို တရုတ်နိုင်ငံနဲ့ ထိစပ်တဲ့ ဒေသမဟုတ်ပါဘူး။ သူက အဲ့ဒီလို ယူဆခဲ့တယ်ဆိုရင် သူ့နောက်က ထိပ်တန်း စစ်ခေါင်းဆောင်တွေ (ဦးသိန်းစိန်လည်း ပါကောင်းပါနိုင်) လည်း အဲဒီလိုယူဆခဲ့ကြမှာ အသေအချာပါပဲ။
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိရှိ ဝမ်းနည်းစရာကောင်းတာကတော့ အခုအချိန်မှာ သာမန်မြန်မာပြည်သူ အတော်များများလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယူဆခဲ့တဲ့အတိုင်း လိုက်ယူဆနေကြတာပါပဲ။
(Aung Zaw ၏ Fresh Arakan Strife Bad Omen for Reform ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)