မြန်မာ အားကစားသမားတွေ လူကောင် သေးကုန်ကြပြီ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ဦးမြသန်းထိုက်သည် မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေး စခန်း(Gold Camp)တွင်လည်း တာဝန်ရှိသူ တဦး ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်မှ ၁၉၉၇ ခုနှစ်အထိ မြန်မာပြေးခုန်ပစ် အသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ရုရှား နိုင်ငံ သို့ သွားရောက်၍ ပြေးခုန်ပစ် နည်းပြသင်တန်း တက်ရောက်ခဲ့သူလည်း ဖြစ်သည်။

ပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြသန်းထိုက်ကို လာမည့် ၂၀၁၃ ခုနှစ် နေပြည်တော်၌ ကျင်းပမည့် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပြေးခုန်ပစ် အသင်း၏ အခြေအနေ၊ အလားအလာနှင့် အနာဂတ် ပြေးခုန်ပစ် အားကစား အခြေအနေများကို ဧရာဝတီ သတင်းထောက် ရန်ပိုင် က မေးမြန်းထားသည်။

မေး။     ။ လာမည့် ဆီးဂိမ်းမှာ ပြေးခုန်ပစ်အဖွဲ့ချုပ်အနေနဲ့ အားကစားနည်း ဘယ်နှစ်မျိုးလောက် ဝင်ပြိုင်မလဲ၊ လူရွေးချယ်မှု အခြေ အနေက ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ ပြေးခုန်ပစ်အားကစားနည်းက အမျိုးသား ၂၃ မျိုး၊ အမျိုးသမီး ၂၃ မျိုးမှာ အကုန်လုံးကို ဝင်ပြိုင်ဖို့ ဆောင်ရွက်နေတယ်၊ အိမ်ရှင် ဆိုတော့ ခြေစစ်တာတွေ ဘာတွေ မလိုဘူး၊ ဒါကြောင့် အရင်က မတိုးတက်တဲ့ အားကစားနည်းတွေပါ ဝင်ပြိုင်နိုင်အောင် ရည်ရွယ်ပြီး ကြိုးစားလေ့ကျင့်နေတယ်၊ မာရသွန်၊ မီတာ ၁၀၀ ကနေ မီတာ ၁၀၀၀၀ ၊ ၁၀ မျိုး စုံ၊ ၇ မျိုး စုံ၊ သံပြား၊ သံလုံး၊ တုတ် ထောက် ခုန် ပေါ့၊ ရန်ကုန် မှာ ကျား ၁၈ ဦး၊ မ ၁၈ ဦး၊ နေပြည်တော် က အားကစားဝန်ကြီးဌာန Goal Campမှာလည်း လူ ၁၀၀ ကျော် ရှိပါတယ်။ နောင်နှစ် အောက်တိုဘာလ လောက်မှာ အရှေ့တောင်အာရှ နိုင်ငံတွေကို ဖိတ်ပြီး Pre Sea Game ပြိုင်ပွဲလုပ်မယ်၊ အဲဒီမှာ လူရွေးမယ်။

မေး။     ။ အခု လေ့ကျင့်ပေးနေတဲ့ အားကစားသမားတွေအပေါ်မှာ အားရကျေနပ်မှု ရှိပါသလား။

ဖြေ။     ။ ကျနော်တို့ အားကစားအခြေအနေက ဟိုအရင်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် တစိုက်မတ်မတ် ကျနေတော့၊ ဗြုန်း စားကြီး ဒီလောက် တိုတောင်းတဲ့ နှစ်အတွင်းမှာတော့ ဦးမော့အောင် ကြိုးစားလို့ မရနိုင်ဘူး၊ ဒါကြောင့် ရနိုင်သမျှ အခြေအနေမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်နေတယ်၊ ချက်ချင်း လက်ငင်းထိပ်ဆုံးပြန်ရောက်ဖို့ ဆိုတာအခြေအနေတွေ အများကြီးလိုပါတယ်။ လေ့ကျင့်ချိန်က ပြီးခဲ့တဲ့ မတ်လကမှစ စခန်းသွင်းတာဆိုတော့ နှစ်နှစ်တောင် မပြည့်ချင်ဘူး၊ တကယ်တော့ အားကစား တော်တော်များများက ၂ နှစ်နဲ့ အခြေခံအဆင့်ကနေ ထိပ်တန်းအဆင့်ရောက်ဖို့ မလွယ်ဘူး၊ ပြေးခုန်ပစ်က ယဉ်ယဉ်ခိုင် တို့ဆို ၁၃ နှစ် လောက် ရွှေရဖို့ လေ့ကျင့် ခဲ့ရတယ်၊ ဟိုတုန်းက တာဝန်ရှိသူတွေ လမ်းညွှန်သလို ကစားသမားရွေး၊ ထမင်းကျွေး၊ ရွှေတံဆိပ် ရအောင်လုပ် ဆိုတာမျိုးက သိပ်မလွယ်ဘူး။

မေး။     ။ မြန်မာ အားကစား အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းတယ် ဆိုတာက ဘာကြောင့်လို့ ယူဆပါလဲ။

ဖြေ။     ။ နိုင်ငံ စီးပွားတိုးတက်မှုနဲ့လည်း ဆိုင်တယ်၊ အရင် အောင်မြင်တဲ့အချိန်က ကစားသမားတွေ အရပ်အမောင်းက ၆ ပေ၊ ၅ ပေ ၁၀ လက်မ၊ အခု ကစားသမားက ၅ပေ ၂လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၂၀ ဆိုတော့ ဘာလုပ်လို့ရမှာလဲ၊ အရင် အာရှချန်ပီယံဖြစ် ခဲ့တဲ့ မြန်မာ့ဘောလုံးအသင်းကိုကြည့် ကွင်းထဲဆင်းသွားရင် လူကောင်ကြီးတွေက ဂိုးဘား မီတော့မယ်၊ အဲဒီအချိန်က ဗမာတွေ အစားကောင်းစားပြီး သန်စွမ်းထွားကြိုင်း ခဲ့ကြတယ်၊ နောက် ဆင်းရဲမွဲတေမှုကြောင့် အာဟာရအပြည့်အ၀ မစားနိုင်၊ တဖြည်းဖြည်း လူကောင် သေးလာတယ်။ အခုအချိန်မှာ ကျနော်တို့ အားကစားသမားက လာအို၊ ကမ္ဘောဒီးယား လောက် ရှိတော့တယ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတွေတောင် ကျနော်တို့ထက် ပိုထွားကြိုင်းသွားပြီ။

နောက်တချက်က နည်းပြတွေရဲ့ အရည်အချင်း လက်ရှိနည်းပြတွေက နိုင်ငံခြားအားကစားတက္ကသိုလ်တွေမှာ သေချာ စနစ်တကျ သင်ကြားပြီး နည်းပြဖြစ်လာတာမဟုတ်ဘူး၊ သူတို့ကစားသမားဘဝတုန်းက သင်ကြားတဲ့ဆရာရဲ့ ဒီလိုပြေး၊ ဟိုလိုလုပ်ဆိုတဲ့ စနစ် အတိုင်း အခုကလေးတွေကို ပြန်သင်ပေးနေရတာ၊ ၁၉၈၉ ခုနှစ်မှာ ကျနော်တို့က ဆိုဗီယက်ကို ၆လ အားကစား သင်တန်း အတွက် ၁ ဦးပဲ လွှတ်နိုင်တဲ့အချိန်မှာ ဗီယက်နမ်၊ လာအိုက အားကစားမဟာသိပ္ပံတို့ အားကစားဒေါက်တာဘွဲ့ ယူဖို့ တနှစ်ကို ၂၄ ဦး လွှတ်နိုင် တယ်၊ ဒီလိုမျိုး အားကစား မဟာဘွဲ့ သုံးလေးရာ ရှိတဲ့ နိုင်ငံနဲ့ ၆ လ သင်တန်းဆင်း တယောက်နှစ်ယောက် ရှိတဲ့ နိုင်ငံရဲ့အဆင့် အတန်းဟာ တအား ကွာသွားပြီ၊ အဆင့်မြင့် နည်းပညာလိုနေပြီ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေကို အဆင့်မီ စနစ်တကျမသင်ဘဲနဲ့ နည်းပြလုပ်တဲ့လူနဲ့ သင်ပြီးမှလုပ်တဲ့လူနဲ့ ကွာသွားပြီ။

လေ့ကျင့်တဲ့ အထောက်အကူပစ္စည်းနဲ့ ပတ်သက်ရင်လည်း ထိုင်းမှာ Track ပေါင်း ၈၀၊ စင်ကာပူမှာ ၄၅ ကွင်းရှိတယ်၊ ကျနော်တို့ဆီမှာ တရုတ်အကူအညီနဲ့ နေပြည်တော်မှာ လုပ်ထားတဲ့ကွင်းတကွင်းပဲရှိတယ်။ အင်ဒိုနီးရှား၊ ထိုင်း ဆိုရင် ဂျာမနီက လိုက်ပဇစ် အားကစား တက္ကသိုလ်နဲ့ ချိတ်ထားတယ်။ ဒါတွေက ဟိုတုန်းက မြန်မာပြေးခုန်ပစ်အောင်မြင်ချိန်က အိမ်နီးချင်းတွေက ကျနော်တို့ကို အတုယူပြီး လိုက်လုပ်ရင်းက အောင်မြင်သွားတာတွေပါ။

ရွှေတံဆိပ်ရဖို့ ဆိုရင် သိပ်တော်ပြီး စွမ်းရည်ပြည့်တဲ့ ကစားသမားတယောက်ကို ၆ နှစ်လောက်ကြာအောင် ကျင့်ရတယ်၊ အဲဒီတော့ အထူးစီမံကိန်း ချပြီး နိုင်ငံလူငယ် တွေရဲ့ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်ရမယ်၊ လူငယ်တွေဟာ မိဘထက် ပိုထွားကြိုင်း လာရင် ကျနော်တို့ အားကစားတိုးတက် လာပြီပဲ။

မေး။     ။ အခုလာမယ့် ဆီးဂိမ်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရပေမယ့် အရင်တုန်းက ရွှေခေတ်လို ရွှေတံဆိပ် ၂၀ လောက်မှန်းနိုင် မလား။

ဖြေ။     ။ အရင်လို စံချိန်တော့ မရတော့ဘူး၊ ရွှေ ၄ ခုလောက်တော့ မှန်းနိုင်မယ်၊ အမျိုးသမီး တာဝေး မီတာ ၅၀၀၀ ၊ ၁၀၀၀၀၊ နောက် လမ်းလျှောက်၊ မာရသွန်တွေကို မှန်းနိုင်တယ်၊ မနှစ်က လာအိုဆီးဂိမ်းမှာ ဒုတိယ ငွေရတော့ ဒီနှစ်မှာ ရွှေရအောင် ဂျပန်နည်းပြ နဲ့ လေ့ကျင့်နေတယ်။ အားကစား ဝန်ကြီးဌာနကတော့ တခြားကစားနည်း တာတို၊ တာလတ်၊ သံလုံးပစ်အတွက် တရုတ် နည်းပြ တွေကို ကမ်းလှမ်းထားတယ်။ ရေရှည်မှာ အောင်မြင်ချင်တယ်ဆိုရင် အချိန်ပေးရမယ်၊ ရည်မှန်းချက် မြင့်မြင့်ထားရမယ်၊ လာမယ့် ဆီးဂိမ်း အတွက် ဆိုတာထက် နောင် ၁၀ နှစ်အတွက် ပြင်ဆင်တာ ဆိုရင်တော့ အောင်မြင်မှာပေါ့။

မေး။     ။ အရင် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားတွေဖြစ်တဲ့ ဂျင်မီ၊ သန်းသန်း၊ ဂျနီဖာ တင်လေး တို့လို ကစားသမားမျိုးတွေလတ်တလော ထွက်မလာနိုင်သေးဘူးပေါ့။

ဖြေ။     ။ သူတို့လိုမျိုး ဖြစ်လာဖို့ကတော့ မလွယ်သေးဘူး၊ စာသင်ကျောင်းတွေမှာ အားကစားတွေ လုပ်ရမယ်၊ လုပ်နိုင်ဖို့ အထောက် အကူ ပစ္စည်းတွေထားရမယ်၊ ၁၉၉၈ ခုနှစ်မှာ ရပ်ဆိုင်းသွားခဲ့တဲ့ ကျောင်းသား အားကစားပွဲတော်မျိုးတွေကို ပြန်ဖော်ထုတ်ပေး ရ မယ်။ အခု တော့ ကျောင်းသားတွေက အလျားခုန်ဆိုတာတောင် ဘယ်လိုခုန်ရမှန်းမသိဘူးဖြစ်နေတယ်။ ကျောင်းတွေမှာ နောက် ပိုင်းမှာ နည်းနည်းတော့ ပြန်ကစားနေပါပြီ။

မေး။     ။ အဆင့်မြင့် အားကစားတက္ကသိုလ် ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်၊ အဲဒီအပေါ်မှာရော ဘယ်လိုထင်လဲ။

ဖြေ။     ။ အားကစားတက္ကသိုလ်လည်း ဖွင့်ဖို့တော့ရှိပေမယ့် တကယ်သင်ပြနိုင်မယ့် ဆရာကောင်း မရှိရင်တော့ အလကား အခွံပဲ ဖြစ် မှာပေါ့၊ ဟိုတုန်းက ဖွင့်ခဲ့တဲ့ အားကစား သိပ္ပံကျောင်းတွေလို စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လေ့ကျင့်ခန်းပိုင်းနဲ့ ဆိုင်တဲ့ သီအိုရီတွေကို မသင်နိုင်ဘဲ ရိုးရိုးအထက်တန်း ကျောင်းမှာ စခန်းသွင်းထားတဲ့ အဆင့်မျိုးဖြစ်သွားရင်မကောင်းဘူး၊ ဒါကြောင့် ဂျာမနီကလိုက်ပဇစ် အားကစား တက္ကသိုလ်လို တက္ကသိုလ်မျိုးတွေဆီကို လူလွှတ်မွေးပြီးမှ ဖွင့်ရင်ပိုကောင်းတယ်။

မေး။     ။ အားကစားနဲ့ ပတ်သက်ပြီး အစိုးရက ဘယ်လောက်ပံ့ပိုးမှု ရှိပါသလဲ။

ဖြေ။  ။ တကယ်တော့ ဘတ်ဂျက်အရ အဖွဲ့ချုပ်တွေကို ထိထိရောက်ရောက် ပံ့ပိုး ပေးတာမျိုး မရှိပါဘူး၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကသာ ထောက်ပံ့ဆိုတဲ့ သဘောပါ၊ အဲဒီတော့ ဥက္ကဋ္ဌ တာဝန်ယူတဲ့လူက စိတ်ပါလက်ပါ ပံ့ပိုးရင်တော့ ကောင်းတာပေါ့၊ နိုင်ငံခြားမှာလည်း ဒီသဘောပါပဲ။

မေး။     ။ အားကစား တိုးတက်အောင်မြင်ဖို့အတွက် မီဒီယာအခန်းကဏ္ဍက အရေးကြီးပါသလား၊ ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။

ဖြေ။     ။ မီဒီယာအခန်းကဏ္ဍက တကယ်အရေးကြီးတယ်၊ တကယ်သက်ရောက်မှုလည်းရှိတယ်၊ အခုဆို လူကြိုက်များတဲ့ ဘောလုံး ကိုသာ ဦးစားပေးဖော်ပြတော့ ကျန်တဲ့ အားကစားဖြစ်တဲ့ ပြေးခုန်ပစ်ဆို လူမသိတော့ဘူး၊ လူထုနဲ့ကင်းကွာသွားတော့ တဖြည်းဖြည်း မှိန် သွားတာပေါ့၊ မီဒီယာကသာ အမြဲဖော်ပြပေးရင်တော့ ပြည်သူတွေသိ ကျောင်းသားတွေ စိတ်ပါလက်ပါနဲ့ ပါဝင်လာရင် အားကစား က အောင်မြင်လာမှာပါ။     ။

Loading