၈၈ လမ်းကြောင်းအတိုင်း ဆက်လျှောက်မယ့် မင်းကိုနိုင်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည့် အမေရိကန်နိုင်ငံမှ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပို့စ်နာ (Michael Posner) အပါအဝင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့ကြသည့် လက်ရှိ မြန်မာပြည်အရေး ကိစ္စများ၊ လက်ရှိ လုပ်ဆောင်နေသည့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၏ လုပ်ငန်းများနှင့် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခင်းအကျင်းနှင့် ပတ်သက်သည့် အမြင်များကို ဧရာဝတီ သတင်းဌာနမှ အေးချမ်းမြေ့နှင့် ကြယ်ပြာတို့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။      ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေနဲ့ မိုက်ကယ်ပို့စ်နာ အပါအဝင် တခြားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဘာတွေ အဓိက ပြောဖြစ်ခဲ့ပါသလဲ။

ဖြေ။     ။ ရှေ့ဆက်သွားရမယ့် မြန်မာ့နိုင်ငံရေးအပေါ် သဘောထားအမြင်နဲ့ လတ်တလော ကြုံတွေ့နေရတဲ့ အခြေအနေတွေ အပေါ်မှာ ကျနော်တို့ ၈၈ အဖွဲ့ရဲ့ သဘောထားတွေကို သူတို့က မေးပါတယ်။ နောက်တခုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ကျနော်တို့ ဖြစ်စေချင်တာတွေကို ပြောပြခဲ့တယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးပြောရရင် ဒီနိုင်ငံမှာက လုပ်ထုံးလုပ်နည်း စံချိန်မီမရှိဘူး၊ ဌာန ဆိုင်ရာတွေမှာလည်း လာဘ်ယူတဲ့ ကိစ္စတွေ ရှိနေတုန်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံး ကလည်း ဒီမှာရှိတဲ့ အာဏာရှင်တွေ၊ ခရိုနီတွေနဲ့ ပေါင်းနေခဲ့ကြတယ်။ ခရိုနီတွေ လက်ထဲကို နိုငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရောက်သွားလို့ မရဘူး။ ရောက်သွားရင် နိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာခြားမှု ပိုကြီးလာလိမ့်မယ်။

ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာမယ်ဆိုရင်လည်း နည်းပညာပါတွဲပြီး သင်ယူနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်တာ အကောင်းဆုံးပဲ။အများဆုံး ဒီမှာဖြစ်နေတာက ရင်းနှီးမြှုပ်နှံမှုမှန်သမျှက တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်ယူသွားကြတာ၊ ကုန်ချော အဆင့်အထိ မထုတ်နိုင်ဘူး၊ ကုန်ကြမ်း အဆင့်နဲ့တင် အပြီး ခြစ်ထုတ် ယူသွားတာ။ အဲဒါမျိုးကို ရင်းနှီးမြှုပ်နှံမှုလို့ မခေါ်ချင်ဘူး။

အလုပ်သမားတွေ အတွက် လိုအပ်တဲ့ အထောက်အပံ့၊ ကျန်းမာရေး တာဝန်ယူမှုတွေလည်း ပါရှိရမယ်။ စံနမူနာ ပြနိုင်လောက်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ဖြစ်ရမယ်။ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေရယ်၊ အာဆီယံ နိုင်ငံတွေရယ်နဲ့ပဲ ထိတွေ့ ဆက်ဆံနေပြီးတော့ ဒီတြိဂံထဲမှာပဲ ပိတ်မိနေတာမျိုး မဖြစ်ရဘူး။ တခြားနိုင်ငံတွေနဲ့လည်း တိုးချဲ့ပြီး ဆက်ဆံရမယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ မြန်မာနိုင်ငံဟာ လွတ်လပ်ပြီး အမှီအခို ကင်းကြောင်း ပြနိုင်ရမယ်။ အဲဒီလို ကျနော်တို့ အမြင်တွေကို ဆွေးနွေးဖြစ်ခဲ့တယ်။

မေး။     ။ လက်ရှိတရုတ်နိုင်ငံရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ကုမ္ပဏီ ပြဿနာတွေ ဖြစ်နေတဲ့ကိစ္စတွေကိုရော မိုက်ကယ်ပို့စ်နာတို့ အဖွဲ့က ဝေဖန်သွားကြတာတွေ ရှိပါသလား။

ဖြေ။     ။ သူတို့က တရုတ်ဆိုပြီး နာမည်တပ်ပြီး ပြောမသွားကြပါဘူး။ ကျနော်တို့ကလည်း တရုတ်ဆန့်ကျင်ရေး ဆိုပြီး ခေါင်းစဉ် တပ်ပြီးတော့ လုပ်နေကြတာ မဟုတ်ဘူး။ Issue by Issue ပဲ သွားနေကြတာပါ။ တခုပဲ၊ စစ်အစိုးရ လက်ထက်က ချုပ်ခဲ့တဲ့ MOU စာချုပ် မှန်သမျှဟာ တရားမျှတမှုမရှိခဲ့ဘူး၊ ဒေသခံတွေကိုလည်း အသိမပေးဘူး။ အဲဒီအပြင် ဒီအစိုးရက ရွေးချယ် တင်မြှောက်ထားတာမျိုး မဟုတ်ဘဲနဲ့ သူ့သဘောနဲ့သူ ရောင်းစား၊ ငှားစားတာ နှစ်မျိုးကိုပဲ လုပ်ခဲ့တာ။ အဲဒါတွေ အကုန်လုံးကို ဒီမိုကရေစီ စလှမ်းတဲ့ အစိုးရ လက်ထက် ရောက်တဲ့အခါမှာ ထုတ်ရှင်းရရော။ ပြည်သူကို၊ ဒေသခံတွေကို အသိမပေး၊ သဘောတူညီချက် မယူဘဲ ချုပ်ခဲ့တဲ့ စီမံကိန်းမှန်သမျှကို မျက်စိမှိတ်ပြီးတော့ လက်မခံနိုင်ဘူး။ ကန့်ကွက်သင့်ရင် ကန့်ကွက်ရမယ်။ ဒေသခံတွေရဲ့အသံ၊ ဘက်ပေါင်းစုံက ပညာရှင်တွေရဲ့ အသံတွေကို နားထောင် ပြီးတော့ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာအောင် လုပ်ပေးရတော့မယ်။ ဘယ်စီမံကိန်း ဖြစ်ဖြစ် ပွင့်လင်း မြင်သာမှု မရှိတဲ့ အရာတွေအတွက် ဝေဖန်သုံးသပ် ကန့်ကွက်ချက် တွေကတော့ ရှိကိုရှိရမယ်။ သဘာ၀ သယံဇတတွေကို ခွဲဝေယူတဲ့အခါမှာ ပြဿနာတွေ ရှိလာတယ်။ ပတ်ဝန်းကျင်အဆိပ်သင့်တဲ့ ပြဿနာပါ။ နိုင်ငံတော်အဆင့် စီမံကိန်း အတော်များများက အမြတ်ကို ခွဲဝေယူတဲ့အခါမှာ လူသိမခံရဲတဲ့ ကိစ္စတွေဖြစ်လာတယ်။

မေး။     ။ စီမံကိန်းလုပ်နေတဲ့ လူတွေက အရပ်ဘက် လူ့အဖွဲ့အစည်း တွေကို ပူးပေါင်းပြီးတော့ ဒေသခံတွေကို စည်းရုံးတာမျိုးတွေ ရှိလာတယ်လို့ သိထားရတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ။     ။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ပိုပြီးတော့ အသိအမှတ် ပြုလာကြတယ်လို့ ပြောရမှာပေါ့။ အရင်တုန်းက အော်မယ့် အခွင့်အရေးလည်းမရ၊ စုရုံးခွင့်လည်း မရခဲ့တော့ စိတ်ကြိုက်ချယ်လှယ်တာပေါ့၊ အခုတော့ ချယ်လှယ်လို့ မရတော့ဘူး ဆိုတာ သူတို့သိသွားကြပြီ။ အဲဒါက အောင်မြင်မှု တခုပါ။ သို့သော်လည်း ညှိနှိုင်း အဖြေရှာတော့ တင်းမာမှုတွေ ရှိနေသေးတာ တွေ့ရတယ်။ ထိုက်သင့်သလောက် ပြေလည်မှုရတဲ့ ဟာတွေတော့ ရှိတယ်။ နိုင်ငံသားတွေအတွက် အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းလာဖို့ တကယ်လိုအပ်တယ်။ လူမှု အဖွဲ့အစည်းတွေရော၊ ပရဟိတ လုပ်ငန်းတွေပါ ညီညွတ် ကြမယ်ဆိုရင် ပိုအားကောင်းလာပြီးတော့ တဘက်ကလည်း တကယ်ကို အင်နဲ့အားနဲ့ပိုပြီးတော့ညှိလာရလိမ့်မယ်။ မြစ်ဆုံ၊ဂတ်စ်ပိုက်လိုင်း ဒါတွေကလုံး၀ ပြီးသေးတာမှမဟုတ်ဘဲ။သူတို့ဘက်ကဆက်တိုးဖို့လုပ်နေဆဲဘဲ။

မေး။     ။ မြန်မာပြည်မှာ လုပ်နေကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံးက ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ လုပ်ထားကြတာ။ဒီတော့ လက်ရှိ ပြဿနာဖြစ်နေတဲ့ ဒေသခံတွေလည်း အဆင်ပြေအောင်၊ စီမံကိန်းတွေ ဘက်ကရော နစ်နာ ဆုံးရှုံးမှုတွေ မဖြစ်အောင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုမျိုး ကြားဝင် ဆောင်ရွက်ပေးနိုင်မလဲ။

ဖြေ။     ။ ထားဝယ်ကိုလည်း ရောက်ခဲ့ပြီးပြီ။ တိုင်းပြည်ဖွံ့ဖြိုးအောင် လုပ်မယ့် စီမံကိန်းတွေကို ထောက်ခံပါတယ်။ သို့ပေမယ့် ဘယ်လိုစီမံကိန်း ဆိုပေမယ့် နောက်ဆက်တွဲတွေ ပါလာတတ်တယ်။ မတတ်သာလို့ ရွှေ့ကြ ပြောင်းကြရတယ် ဆိုပေမယ့် ထိုက်သင့်တဲ့ လျှော်ကြေး ပေးရမယ်၊ ပြန်လည်ပြီးဘ၀ ထူထောင်နိုင်ဖို့၊ လုပ်ကိုင်စားသောက် နိုင်ဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ သည်ဒေသမှာ ခဏတာသာ ကောင်းပြီးတော့ နှစ်ရှည်ထိခိုက်သွားတာမျိုးတွေ မဖြစ်ရဘူး။ နောက်တခုက ဒေသတခု ဖွံ့ဖြိုးဖို့ အကောင်ထည်ဖော်တဲ့ အခါမှာ စီမံကိန်းတွေကအစ လက်သင့်ရာကိုခေါ်ပြီးတော့ လုပ်တာမျိုးက အကျင့်လိုဖြစ်နေတော့ အဲဒါတွေကို ထုတ်ဖော်ပြောနိုင်လို့ အမှန်တရားတွေ ဖြစ်သွားတယ်ထားဦး၊ မတရားလုပ်ခဲ့တဲ့ လူက တခါမှ အရေးယူခံရတာမျိုး မရှိဘူး။ မတရားလည်းလုပ်တယ်၊ မြတ်ရင် သိန်းပေါင်း သန်းပေါင်းများစွာ ရတယ်၊ မိသွားရင်လည်း အရင်းပဲ ဆိုပြီးတော့ လူတွေကလုပ်နေကြတာ။ ဒါက စီမံကိန်းအကြီးကြီးတွေမှာ ဌာနဆိုင်ရာနဲ့ ပေါင်းပြီးတော့ မတရားမှုတွေ လုပ်ခဲ့တာကို ပြောတာပါ။

မေး။     ။ ၈၈ မျိုးဆက် ခေါင်းဆောင်တွေရဲ့ ကြိုးစားမှုတွေကို လွှတ်တော်ပြင်ပကနေ ဘယ်လောက်အထိ ထိထိရောက်ရောက် လုပ်နိုင်မယ် ထင်လဲ။

ဖြေ။     ။ ကျနော်တို့က နယ်အသီးသီး ရောက်တဲ့အခါမှာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့စည်းဆိုပြီးတော့ လုပ်တယ်။ ငြိမ်းချမ်းရေး ကတော့ ရှင်းပါတယ်။ တခုပဲ စစ်မတိုက်တိုင်း ငြိမ်းချမ်းရေးရပြီလို့ ပြောလို့မရဘူး။ လက်နက်ကိုင်တွေ တိုက်နေမှ မဟုတ်ဘူး။ ဘာသာတခု၊ လူမျိုးတမျိုးအပေါ် မူတည်ပြီးတော့ တင်းမာမှုတွေ၊ မတည်ငြိမ်မှုတွေ ရှိနေတာကလည်း ငြိမ်းချမ်းရေး ရတယ်လို့ မဆိုနိုင်ဘူး။

နိုင်ငံတော် စီမံကိန်းတင်မဟုတ်ဘူး၊ လက်ရှိ အစိုးရထဲမှာ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ အဂတိ လိုက်စားမှုတွေ လုပ်နေတဲ့ ကိစ္စတွေက အစ ပွင့်လင်းအောင်လို့ နားမျက်စိတွေ ဖွင့်ပေးနိုင်အောင် ဖော်ထုတ်နေတဲ့ လူထုလုပ်ရှားမှုတွေဟာ အမြဲတမ်း ရှင်သန်နေရမယ်။ အဲဒါကို အာဏာပိုင်တွေအနေနဲ့ မကြောက်ရဘူး။ လူစုတာနဲ့ လက်မှတ်ထိုးရမယ်၊ ငါ့ကုလားထိုင်တော့ လှုပ်ပါပြီလို့ မတွေးရဘူး။ ငါတို့က ဒီမိုကရေစီ်နိုင်ငံ ဖြစ်နေလို့ ဒီလူတွေ လုပ်နေတဲ့အလုပ်တွေကို ငါတို့ကိုယ်တိုင်တောင် ကျင့်ပေးရမှာ၊ ဒီပွဲတွေ အောင်မြင်အထမြောက်အောင် ဝိုင်းကူရမယ်ဆိုတဲ့ အသိက ဒေသဆိုင်ရာ အုပ်ချုပ်တဲ့သူတွေဆီမှာ ရှိရမယ်။ လူတွေဟာ အရင်ကလို အခြိမ်းခြောက်ခံ မဟုတ်တော့ဘဲ အခွင့်အရေးရှိတဲ့၊ တာဝန်ယူမှုရှိတဲ့ လူတွေ ဖြစ်လာရမယ်။

ဒေသန္တရ အုပ်ချုပ်ရေးကပဲ အမိန့်ပေးတဲ့ စနစ်နဲ့သွားနေရင် ဘာအောင်မြင်မှုမှ ရမှာမဟုတ်ဘူး။ ဒီလိုတွေ ဖြစ်လာဖို့ ကျနော်တို့ တဖြည်းဖြည်းနဲ့ ကျင့်ခဲ့တာ၊ အခုနောက်ဆုံး လမ်းခရီးမှာဆိုရင် ဒေသ ဆိုင်ရာ အာဏာပိုင် တချို့ ဆီကနေ အကူအညီကို ရခဲ့တယ်။

ကျနော်တို့ကတော့ ဘယ်ကိစ္စမဆို အများပြည်သူလည်း လိုက်ပါနိုင်ရမယ်၊ ငြိမ်းလည်းငြိမ်းချမ်းရမယ် ဆိုတဲ့ အခြေခံနဲ့ သွားပါတယ်။ ဒေသခံတွေရဲ့ သဘောထားတွေကို ဖော်ထုတ်ရာမှာတော့ ပညာရှင်တွေရော၊ ဒေသခံတွေပါ ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ကြဖို့ပဲ ပြောချင်ပါတယ်။

မေး။     ။ အရပ်ဘက် အဖွဲ့အစည်းတွေ ရှိလာလို့ ပြည်သူတွေအနေနဲ့ အရင်ကလို သေနတ်မြင်တိုင်း၊ စစ်သားမြင်တိုင်း ကြောက်နေကြတဲ့ အခြေအနေမျိုး ဘယ်လောက်အထိ လျော့နည်းသွားပြီလဲ။

ဖြေ။     ။ မြို့ကြီးတွေကတော့ သ့ူလိုလို၊ ကိုယ့်လိုလို ဖြစ်နေတော့ မသိသာဘူး။ နယ်မြို့တွေမှာ ဆိုရင် ဝန်ထမ်းတွေ ကိုယ်တိုင်တောင် ရဲရဲတင်းတင်း ဟောပြောပွဲတွေမှာ ဝင်ဆွေးနွေးလာကြတယ်။ ဝန်ထမ်းတွေမှာ နိုင်ငံရေး လုပ်ရှားသူတွေနဲ့ ဆက်ဆံရင် အန္တရာယ်ရှိ တယ်ဆိုတဲ့အသိက တဖြည်းဖြည်းနဲ့ ပါးလာတာကို မြင်ရတယ်။ ကျနော်တို့ကို အားကိုးတာ မလိုချင်ဘူး၊ လုပ်နည်းကိုင်နည်းကို ကျနော်တို့ကပေးတာ၊ ကိုယ့်ဘာသာ အားစိုက်ထုတ်ပြီး လုပ်နိုင်ရမယ်။ ဥပမာ တခုဆိုရင် ရှမ်းပြည်နယ်က ရွာလေးတရွာမှာ ဆိုရင် ဒေသခံတွေက မြန်မာစကားတောင် မတတ်ဘူး၊ သူတို့ နှစ် အကြာကြီး ရောင်းလာခဲ့တဲ့ဈေးက မြို့တိုးချဲ့တော့ အာဏာပိုင်တွေက ဖျက်မယ်၊ ထွက်သွားကြဖို့ ပြောတယ်။အဲဒီအချိန်မှာ ကျနော်တို့ ရောက်သွားတယ်။ ဒေသခံတွေက မဖယ်ပေးနိုင်ဘူး၊ ထိုင်သပိတ်လုပ်မယ် ဆိုပြီးတော့မထဘဲနေတယ်။ အာဏာပိုင် တွေလည်း သိပ်အံ့သြသွားတယ်။ တခါမှ သူတို့ဒီလိုမျိုး မကြုံဘူးဘဲကိုး။ နောက်ဆုံးမှာ ဒီလိုမျိုး ခဏခဏလုပ်တော့ အထက်ပိုင်း ကလည်း သိပြီး ဒီလောက်လေးနဲ့တော့ နာမည်ပျက်မခံဘူး ဆိုပြီး ဒီဈေးဖျက်ရမယ့် စီမံကိန်းကို ရပ်ပစ်လိုက်ရတယ်။ အဓိကကတော့ ပေါင်းလိုက်ရင် အားဖြစ်သွားတယ်။ ဒီအားကို လူတိုင်းက ကြိုက်ကြိုက် မကြိုက်ကြိုက် အသိအမှတ် ပြုရတယ်။

မေး။     ။ အမေရိကန်နိုင်ငံ အလုပ်သမားဝန်ကြီး မိုက်ကယ်ပို့စ်နာနဲ့ တွေ့တော့ မြန်မာပြည်မှာ အဖြစ်များနေတဲ့ လယ်သမား၊အလုပ်သမား၊ လူ့အခွင့်အရေး ပြဿနာတွေထဲက ဘာကို အဓိက ပြောဖြစ်ခဲ့ကြလဲ။

ဖြေ။     ။ သူကတော့ လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ တော်တော်လေးကို စိတ်ဝင်စားတယ်။ နိုင်ငံတကာမှာ လက်ရှိ ကြုံတွေ့နေရဆဲ ဖြစ်တဲ့ အသွင်ကူးပြောင်းရေးကာလ ပြဿနာတွေကို ပြောဖြစ်တယ်။ အဲဒါဘာလဲဆိုတော့ အဟောင်းတုန်းက လုပ်ချင်ရာ လုပ်ထားခဲ့တာတွေကို အသစ်လက်ထက် ရောက်မှ ရှင်းရင်း ပြဿနာ တတ်ကြတာ တွေပါ။ ရှင်းတဲ့ အခါမှာလည်း မျှတတဲ့ ဥပဒေလိုတယ်။ ကျနော်တို့နိုင်ငံမှာက ဥပဒေက ရှိတယ်၊ နည်းဥပဒေက မထွက်သေးတော့ အလုပ်လုပ်လို့ မရတဲ့ ပြဿနာ။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာ ပြဿနာကို ကူညီဖြေရှင်း ပေးချင်တဲ့ သဘောထား အမြင်ရှိတဲ့နိုင်ငံတွေနဲ့ လက်တွဲဖို့ လိုတယ်။ ရုံးလာစိုက်ထားပြီးတော့ အလုပ်မလုပ်တဲ့ နိုင်ငံတကာလူမှု အဖွဲ့အစည်း တွေလည်း အများကြီးရှိတယ်။ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ရနေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက လူတွေကလည်း ကိုယ့်တာဝန် ကိုယ်သိပြီး အခွင့်အရေးကို ကောင်းမွန်စွာ အသုံးချတတ်တဲ့ အနေအထား ရောက်လာတဲ့အထိ သွားရမယ်။

မေး။     ။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထဲမှာ ပိတ်မိနေရာကနေ ပိုပြီးတော့လူ့အခွင့် အရေးကို ဇောင်းပေးတဲ့ ဒီမိုကရေစီ နိုင်ငံတွေနဲ့ မိတ်ဆွေဖွဲ့လာနိုင်တယ်လို့ ယူဆလား။

ဖြေ။     ။ နိုင်ငံတကာမှာကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံနှုန်းမရှိဘဲနဲ့ ဒီလိုနိုင်ငံတွေနဲ့ ပူးပေါင်းဖို့ ခက်ကြပါတယ်။ ကိုယ့်တိုင်းပြည်မှာ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီစံနှုန်းတွေ ရှိတယ်ဆိုတာ ပြနိုင်ရင် ဆက်ဆံဖို့ ပိုကောင်းလာနိုင်တယ်။ လာပါ မလာနဲ့လို့ ပြောတာထက် ကိုယ့်ဆီမှာ အခင်းအကျင်းကိုပြင်လိုက်ရင် လာမှာပါ။ ကမ္ဘာ့ဖလားပွဲကို မြန်မာပြည်မှာ ကျင်းပချင်တယ်ဆိုရင် ကျနော်တို့ ရအောင် ကြိုးစားလို့ရတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားနဲ့ တန်တဲ့ ကစားကွင်း ကျနော်တို့ဆီမှာ ရှိရမယ်၊ ဒါပါပဲ။

မေး။     ။ နိုင်ငံရေး အကျဉ်းသားတွေလည်း ရှိနေဆဲလို့ မကြာခဏ ထုတ်ပြန်ကြတယ်။ မကြာသေးခင်က ဆိုရင် ကချင် ပြည်နယ်က စစ်ပွဲတွေအတွင်းမှာ မတရားသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မနဲ့ ထောင်ကျနေတဲ့ လူတွေလည်း အများကြီး ရှိနေတယ်လို့ သိရတယ်။ အဲဒီကိစ္စတွေ အတွက်ကော ဘာပြောချင်လဲ။

ဖြေ။     ။ကျနော်ကိုယ်တိုင်လည်း ထောင်ထဲမှာ ဒီ မတရားသင်း အမှုနဲ့ ကျခံနေရတဲ့ လူတွေကို တွေ့ခဲ့ရပါတယ်။ မျက်စိထဲမှာ မြင်ယောင်ကြည့်ပါဗျာ၊ ကိုယ့်အိမ်မှာကိုယ် ထမင်းချက်နေတုန်း လက်နက်ကိုင် တဖွဲ့က ရောက်လာပြီးတော့ ထမင်း ကျွေးပါဆိုရင် မကျွေးဘဲနေရဲတဲ့လူ ဘယ်သူရှိမလဲ။ လမ်းပြဆိုလည်း ပြရမယ်၊ ညအိပ်မယ်ဆိုလည်း ပေးအိပ်ရမှာပဲ။ ဒီလို လက်နက်ကိုင်တွေနဲ့ မြို့တွေမှာ ငြိမ်းချမ်းရေး ဆွေးနွေးလို့ အဆင်ပြေနေကြတဲ့ အချိန်မှာ အဲဒီလို လူတွေနဲ့ ပတ်သက်ခဲ့တဲ့ အတွက် ထောင်ကျခံနေရတဲ့ လူတွေကို ဘယ်လိုနည်းနဲ့မှ ထောင်ထဲမှာ မထားသင့်တော့ပါဘူး။ ဒါဟာ တရားမျှတမှု မရှိဘူး။လက်နက်ကိုင် အဖွဲ့အစည်း မှန်သမျှဟာ ဒီနေ့ ပစ်ခတ်နေကြပေမယ့် မနက်ဖြန် ငြိမ်းချမ်းရေး ဆွေးနွေးချင်ရင် ဆွေးနွေးလို့ ရတယ်။ မနက်ဆွေးနွေးပြီး ညနေဆိုရင် သူတို့ တရားဝင်၊ မဝင် သိရပြီ။ မြို့တွေမှာ ဆက်ဆံရေး စခန်းတွေဖွင့်ကြ၊ သူတို့ပဲ လက်ဆွဲနှုတ်ဆက်ကြ လုပ်နေကြတယ်။ လမ်းပြမိခဲ့တဲ့၊ နီးရာဓား ကြောက်ခဲ့ရတဲ့ လူတွေက ဘာကြောင့် ထောင်ထဲမှာ နေကြရမှာလဲ။

မေး။     ။ နိုင်ငံရေး အကျဉ်းသား နာမည်မတပ်ဘဲ ဖောက်ခွဲမှုပုဒ်မ အတပ်ခံ ထားရတဲ့ လူတွေ အတွက်ကော ဘာလုပ်ပေး နိုင်မလဲ။

ဖြေ။     ။ အဲဒါတွေကိုလည်း ဖော်ထုတ်ရမယ်။ အမှုတိုင်းဟာ မှန်တယ်လို့ ယူဆလို့ ဘယ်ရမလဲ။ အမှောင် ခေတ်ကြီးထဲမှာ မိသားစု၊ ပတ်ဝန်းကျင်ကို အသိပေးခွင့်မရှိဘဲ ရုံးခန်း ကျဉ်းကျဉ်းလေးထဲမှာ တံခါးပိတ်ပြီးတော့၊ ပွင့်လင်းမြင်သာမှု မရှိဘဲ ပြစ်ဒဏ် ချလိုက်တဲ့ အမှုတွေက မှန်ပါတယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ။ ချထားတဲ့ အတိုင်းသာ ပြောကြစတမ်း ဆိုရင် ဖောက်ခွဲမှု ခေါင်းစဉ်အောက်မှာပဲ ရှိနေမှာပဲ။ ဒါတွေကို အမှန်တရားအတိုင်း ပြန်လည် ဖော်ထုတ်ရမယ်။

မေး။     ။ လက်ရှိနိုင်ငံရဲ့ အခြေအနေက နောက်ပြန်မလှည့်တော့ဘဲ ရှေ့ကို ဆက်သွားလို့ရနိုင်တဲ့ အနေအထား ရောက်နေပြီလို့ ထင်လား။

ဖြေ။     ။ အခုက အသွင်ကူးပြောင်းရေး ကာလလေ။ လှုပ်ရှား ရုန်းကန်ရတဲ့ ကာလကပြီးပြီလို့ ဘယ်သူမှ အာမ မခံနိုင်သေးဘူး။ ဒါဆိုရင် လှုပ်ရှား ရုန်းကန်နေပြီးတော့ တည်ဆောက်ရေးကို လုံးလုံး မသွားဘူးလား ဆိုတော့လည်း မဟုတ်ဘူး။ သိပ်ပြီးတော့သိမ်မွေ့တယ်။ လမ်းကြောင်းမှန်ဖို့ လိုတယ်။ မှန်သွားရင်တော့ ရွေ့ပြီ။ ရွေ့ပြီ ဆိုရင်လည်း အဆင့်တိုင်း အဆင့်တိုင်းက မြင့်လာလိမ့်မယ်။ အခုတော့ ကျနော်တို့ လမ်းကြောင်းပေါ်ကို ခြေချမိပါပြီ။ ဒါပေမယ့် ကျနော်တို့ ဆီမှာ ထင်ရှားတဲ့ မြင်သာတာတခုက အမြင့်ဆုံးက သမ္မတ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ပြုပြင်ပြောင်းလဲရေး စကားတွေ ပြောပြီးတော့ ဖိတ်ခေါ်နေပေမယ့် အောက်ခြေမှာ လုံး၀ မပြောင်းလဲသေးဘူး။ သာမန် ပြည်သူတွေ နားလည် ထားတဲ့ အစိုးရဆိုတာက ရယက၊ မယက လောက်ကို ဆိုလိုတာ။ သူတို့ကိုလည်း အယုံကြည်မဲ့နေတယ်။

အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို အယုံအကြည်မဲ့နေသမျှ တရားဥပဒေပြု သမားတွေကိုလည်း အားကိုးချင်စိတ် ကုန်သွားရော။ပြုပြင်ပြောင်းလဲရေးကို ကိုယ့်ကိုယ့်ကိုယ် အရင်လုပ်ပြီးတော့ အောက်ခြေကိုလည်း လိမ်လို့ ညာလို့ မရအောင် ကျပ်ကျပ် မတ်မတ် လုပ်သင့်နေပြီ။ အောက်ခြေက ကောင်းရင် လူထုက ပူးပေါင်း ဆောင်ရွက်လာမှာပဲ။အာဏာနည်းတဲ့ အောက်ခြေကို ဖိထောင်းတာ မျိုးလည်း မဖြစ်ရဘူး။ တသက်လုံး အမိန့် နာခံလာတဲ့ လူတွေက တာဝန် ယူတတ်မှာ မဟုတ်ဘူး။

မေး။     ။ လာမယ့် ၂၀၁၅ မှာကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် ၈၈ အဖွဲ့ အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ။     ။ ၂၀၁၅ ဆိုတာ ပန်းတိုင်မဟုတ်ဘူး၊ ဖြတ်သွားရမယ့် မိုင်တိုင်တခုပါ။ အဲဒီတော့ ကျနော်တို့ရဲ့ ပန်းတိုင်ဟာ စိတ်ချရမယ့် အခြေခံကောင်းကိုပဲ တည်ဆောက် သွားမှာပါ။ အခြေခံကောင်း ဆိုတာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းလာဖို့ပါ။ ရွေးကောက်ပွဲ တခုမှာ ရလဒ်ကောင်းအောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဝေဖန်ပေးဖို့လိုတယ်။

မေး။     ။ ၈၈ အဖွဲ့ထဲမှာ နိုင်ငံရေးဘက် စိတ်အားထက်သန် နေတဲ့ လူတွေ ရှိတယ်လို့လည်း ကြားရတယ်။ ဒီလူတွေကနေ ခွဲထွက်ပြီးတော့ ၈၈ ပါတီ ထောင်ဖို့များ ဖြစ်လာနိုင်မလား။

ဖြေ။     ။ နိုင်ငံရေး နယ်ပယ်ထဲကို ကူးမယ့်လူတွေ ထွက်ကောင်း ထွက်လာနိုင်တယ်။ ပါတီနဲ့ လုပ်ရတဲ့ နိုင်ငံရေးမျိုး ကျနော်တို့ မျိုးဆက်ထဲက လုပ်ခဲ့မယ်ဆိုရင် ကျနော်တို့က သဘောတူ ကြည်ဖြူစွာနဲ့ အားပေးမှာပါ။ သဘောထား ကွဲလွဲမှာ မဟုတ်ဘူး။လုပ်ကြရင်တော့ ပြည်သူတွေကို နားမျက်စိ လည်သွားအောင်၊ ရွေးချယ်ရ ခက်သွားအောင် မဖြစ်စေချင်ဘူး။ ဒီမိုကရေစီ သမားတွေက နှစ်ခု၊ သုံးခုဖြစ်သွားရင် ရွေးချယ်ရ ခက်သွားမှာစိုးလို့ပါ။ အရပ်ဘက် အဖွဲ့အစည်းတွေမှာ အင်အားနဲ့ ဆက်လုပ်နိုင်မယ့် လူတွေလည်း ကျန်ကိုကျန်ခဲ့ရမှာ။ အဲဒါမှ လွှတ်တော်တွင်း၊ လွတ်တော်ပြင်ပ နှစ်မျိုးစလုံး အားကောင်းလာမှာ။

မေး။     ။ ပါတီနိုင်ငံရေး လုပ်နေတဲ့ ဒီမိုကရေစီ အင်အားစုတွေထဲက စေတနာလည်း ရှိပြီး တကယ်လည်း ကြိုးစားချင်တဲ့ လူငယ် အင်အားစုတွေ နည်းနေတယ်လို့ ထင်လား။

ဖြေ။     ။ လွှတ်တော်ပြင်ပမှာ ကျတော်တို့ လုပ်နေတာတွေက နောက်တခေတ်ကို ဦးဆောင်မယ့် ဒီမိုကရေစီ အင်အားစု လူငယ်တွေ အပြိုင်းအယိုင်း ပေါ်လာအောင်ပါ။ ဗဟိုတခုတည်းကို စဉ်းစားပြီးတော့ ခေါင်းတွဲ မရှိတော့လို့ ရထား မထွက်နိုင်ဘူး ဆိုတာ မဖြစ်စေရဘူး။ လိုအပ်လာရင် လူတိုင်းက ခေါင်းတွဲဖြစ်နိုင်ရမယ်။ အနေအထားအရ နောက်လိုက် အဖြစ်နဲ့ လုပ်နေရတာက တပိုင်း။ အရေးကြုံလာရင် ကိုယ်တိုင်မောင်းနှင်ဖို့ နယ်တိုင်း နယ်တိုင်းမှာ မျိုးဆက်သစ်တွေက ခေါင်းဆောင် ကောင်းတွေအဖြစ် အဆင်သင့် ရှိနေရမယ်။ ဖြည့်ဆည်းရမယ့် အရာတွေ ကျနော်တို့ မျှဝေမယ်။ သင်ရုံနဲ့ မရဘူး၊ ကိုယ်တိုင် ဦးဆောင်ရမယ်။ ခေါင်းဆောင် တယောက်ကို သုတ်သင်တာမျိုး မရတော့ဘဲ လူပေါင်းများစွာကို သတ်ရတဲ့ အခြေအနေမျိုး ရောက်ခဲ့ရင် ဒီအာဏာပိုင်တွေဟာ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးဆပ်ရမှာ။ ဒေသဆိုင်ရာ ခေါင်းဆောင်ကောင်းတွေ ပေါ်လာရင် သူတို့ဘာသာ လွှတ်တော်ထဲကို ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အားကောင်းလာဖို့ပဲ။

မေး။     ။ အဖွဲ့အစည်း တချို့ရဲ့ အကွဲအပြဲ သတင်းတွေကြောင့် လူငယ်တွေ အမြင်လွဲသွားတာမျိုးတွေ ဖြစ်လာနိုင်လား။

ဖြေ။     ။ အဖွဲ့အစည်းတိုင်းကတော့ ရာနှုန်းပြည့် ကောင်းတယ်လို့ ကျနော် မပြောချင်ပါဘူး။ အောက်ခြေနဲ့တော့ ကြေညက်ဖို့ လိုတယ်။ သဘောထား ကွဲလွဲတာတွေက ကြာလာပြီဆိုရင် စောစောကုရမယ့်ဟာကို မကုနိုင်တော့ဘဲ ဖြစ်လာတာမျိုးတွေ စိုးရိမ်ရတယ်။ ကျနော်မြင်တာက ရောဂါရဲ့ ဇစ်မြစ်ကို ရှာတဲ့အခါမှာသတင်း အချက်အလက်က မှန်ကန်ဖို့ လိုတယ်။အထက်ကို တက်လာတယ်၊ ဦးအောင် တိုင်နိုင်တဲ့လူက အမှန် ဆိုတာမျိုး မဖြစ်ရအောင် ကျနော်တို့က စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ထားရမယ်။

လူဆိုတာ ခံစားချက်အရ မျက်နှာသာ ပေးတာမျိုးတွေရှိတယ်။ အဖွဲ့တွင်း ပြဿနာ၊ ဒေသဆိုင်ရာ ပြဿနာတွေကို ရှင်းနိုင်ဖို့ မရှက်မကြောက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဖို့လိုတယ်။ ပြောရင်လည်း နားထောင်ရဲတဲ့ သတ္တိလည်း ရှိရမယ်။ ကိုယ့်အဖွဲ့အစည်း Image ကို ထိခိုက်မှာစိုးလို့ နားမထောင်ဘဲ နေမယ်ဆိုရင် ပိုဆိုးသွားမယ်။ အောက်ခြေကိုလည်း လွတ်လပ်ခွင့် ပေးရမယ်။ သူတို့လုပ်ချင်တဲ့ အလုပ်တွေကို သတ်မှတ်ထားတဲ့ ဘောင်အတွင်းက မထိခိုက်လောက်ဘူး ဆိုရင် လုပ်ခွင့်ပေးသင့်တယ်။စိတ်ကူးသစ်တွေ၊ အတွေးကောင်းတွေတောင် ရလာနိုင်တယ်။ အောက်ခြေက အထက်ကခိုင်းမှ လုပ်ရမယ်၊ လုပ်စရာမရှိရင် ငုတ်တုတ် ထိုင်စောင့်နေပြီးတော့ လှုပ်ရှားမှုမရှိရင် အဖွဲ့က မကွဲရင်တောင် သေနေလိမ့်မယ်။

မေး။     ။ လက်ရှိကာလမှာ ပြည်တွင်းမှာ ဆန္ဒဖော်ထုတ်တာတွေ မကြာခဏဖြစ်နေလို့ အသစ်လက်တွဲရမယ့် နိုင်ငံတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ နောက်တွန့်သွားတာမျိုး မဖြစ်နိုင်ဘူးလား။

ဖြေ။     ။ အစပိုင်း ဖြစ်နေတော့ တသက်လုံး မျိုသိပ် အောင့်အီးထားသမျှကို ဖော်ထုတ်ဖို့ ဒီနည်းကို ရွေးကြတာပါ။ ကာလတခု ပြည့်သွားရင် လိုအပ်ချက်တွေနဲ့ ပုံဖော်ရမယ့် လုပ်ငန်းစဉ်တွေကို သိလာမှာပါ။ အခု အခြေအနေ အရတော့ ဒီကာလလေးကို ကျနော်တို့အနေနဲ့ သည်းခံပေးဖို့ လိုပါတယ်။     ။

Loading