ရခိုင်အရေး နောက် ဆက်တွဲ မေးခွန်းများ

ဝင်းတင်

This article has been converted from Zawgyi One to Unicode

ရခိုင်အရေး သမ္မတရုံးက ကြေညာချက်တွေ ထွက်လာနေတာ တခုပြီး တခုပဲ။ ဒီလိုထုတ်ပြန်ပေးတာကိုတော့ မဆိုးဘူး ပြောလို့ရပေမယ့် ဒီပြဿနာကို ချည်းကပ်တာမှာ လူမျိုးရေး၊ ဘာသာရေး အစွဲမပါ ဘဲ လုပ်ဆောင်ကြရမယ်။ စစ်အာဏာရှင်လက်ထက်တုန်းကလည်း အမျိုးသားရေး၊ မျိုးချစ်စိတ်၊ ဇာတိမာန် ဆိုတဲ့ စကားလုံး တွေကို တွင်တွင်ကျယ်ကျယ် ကိုင်စွဲ အသုံးပြုခဲ့တယ်။ ဒါတွေရဲ့ ရိုက်ခတ်မှုက ယနေ့ အချိန်ထိပဲ။ အမျိုးသားရေး ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးခဲ့တဲ့ စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်လည်း အဖက်ဖက်က ပျက်ဆီးခဲ့ပြီ။

တခါ မျိုးချစ်စိတ်ဆိုတာ စစ်မှန်တဲ့ ပြည်ထောင်စုအတွက် ဆိုပြီး ပြောတာရှိပေမယ့် တိုင်းရင်းသားတွေက ဘယ်လိုဟာကို ပြည်ထောင်စုလဲဆိုတာ မေးခွန်းထုတ်ကြတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုမှာရှိတဲ့ အမျိုးသားရေးဆိုတာ ဘာလဲ ဆိုပြီး ဗမာဆိုတာ အပါအဝင် တိုင်းရင်းသားတွေ အားလုံးကြားမှာ တော်တော် စကားပြောလာရတဲ့ကိစ္စ ဖြစ်လာတယ်။ ဒီနေရာမှာ တိုင်းပြည်ချစ်တာနဲ့ အမျိုးသားရေးဆိုတာ မကွဲပြားကြဘူး။

ရခိုင်ကိစ္စဟာ အမျိုးသားရေးလို့ ပြောလာတယ်။ အမျိုးသားရေး ဆိုတာ တတိုင်းပြည်လုံး အရေးဖြစ်တယ်။ တဖက်ကလည်း ရခိုင်မှာဖြစ်ခဲ့တာတွေက လူမျိုးရေးလည်း ပါလာတယ်။ အမျိုးသားရေးနဲ့ လူမျိုးရေးဆိုတာ မကွဲဘဲ ဖြစ်လာတယ်။ ဒီနေရာမှာ အမျိုးသားရေး အဖြစ် တဖက်နိုင်ငံက ဝင်လာသူတွေဆိုပြီး ဆန့်ကျင်ရေး လုပ်လာတာတွေ ရှိတယ်။ ရခိုင်မှာက ရခိုင်က ရခိုင်လူမျိုးအဖြစ် သူတို့ကိုသူတို့မြင်သလို ဗမာကိုလည်း ဗမာအဖြစ်ပဲ မြင်ကြတယ်။ အခု နောက်ဆုံးဖြစ်တဲ့ ကျောက်နီမော် စတဲ့ ဒေသတွေဟာ ကမန်တိုင်းရင်းသားတွေလည်း ရှိတဲ့နေရာဖြစ်တယ်။

ကမန်ဆိုတာ ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ မွတ်ဆလင်တွေ တိုင်းရင်းသားတွေပဲ။ တ ချို့ကမန်တွေဆို ရိုးရိုးတန်းတန်း နိုင်ငံသား မရတဲ့သူတွေတောင် ရှိတယ်။ ရှုပ်ထွေးလာတာက ကမန်မွတ်ဆလင် တိုင်းရင်းသားတွေကို ရခိုင်တွေက ဘာဖြစ်လို့ ဝင်တိုက်လဲဆိုတော့ ကမန်တွေကြားထဲမှာ ဘင်္ဂါလီ မွတ်ဆလင်တွေက ဝင်ရောက်လာခဲ့တယ်လို့ ဆိုနေကြတယ်။ ဒါတွေက စိုးရိမ်စရာ အခြေအနေတွေ ဖြစ်တယ်။

ကျနော်တို့ အမြဲစိုးရိမ်တာက ရခိုင်ပြည်နယ်ထဲမှာ စစ်အုပ်ချုပ်ရေး တာဝန်ယူတဲ့ အနေအထားကိုပဲ။ အဲဒီအနေအထား ကို မရောက်စေချင်ဘူး။ ရခိုင်တွေရော၊ တခြား နယ်မြေခံတွေရောကို နိုင်ငံတော်အစိုးရဆိုတာက အကာအကွယ်ပေးရမယ့် တာဝန်ရှိတယ်။ ဒီနေရာမှာ စစ်အုပ်ချုပ်ရေး တာဝန်ယူတာနဲ့ ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ အကာအကွယ်ပေးရေးနဲ့ မဆိုင်ဘူး။ စစ်အုပ်ချုပ်ရေးဆိုတာ အန္တရာယ် သိပ်များတယ်။ လွတ်လပ်ရေး ရပြီး ပါလီမန်ခေတ် ၁၉၅၈ ခုနှစ်မှာ သင်ခန်းစာရှိခဲ့တယ်။ စစ်တပ်က အိမ်စောင့် အစိုးရဆိုပြီး လုပ်ခဲ့တယ်။ ၁၉၆၂ နှစ်က စပြီး ဗမာပြည် စစ်အာဏာရှင်အောက် ရောက်ခဲ့တယ်။

အခု တိုင်းပြည် ပြုပြင်ပြောင်းလဲရေး လုပ်နေချိန်မှာ ရခိုင်ပြည်နယ်အရေးဟာ စိုးရိမ်စရာ ဖြစ်လာတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့လည်း တည်ငြိမ်အေးချမ်းမှုကို ရအောင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် ဖြေရှင်းဖို့ တိုက် တွန်းပြောကြားနေတာပဲ။ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေကို အကောင်အထည်ဖော်တဲ့ လူတွေက အချိန်မီ အရေးယူဖြေရှင်းကြရမယ့် တာဝန်ရှိတယ်။ ဒါပေမယ့် ဒီတာဝန်တွေ ပေါ့လျော့ခဲ့တယ်။

ဒုတိယ အကြိမ် ပြန်ဖြစ်တာက အစိုးရပိုင်းက အားနည်းမှုတွေ ရှိတယ်။ ဒီကိစ္စ အားလုံးက အစိုးရ အပေါ်မှာပဲ မူတည် တယ်။ အခုလို အခြေအနေဆိုး ထပ်ဖြစ်ဖို့ မသင့်တော့ဘူး။ အစောပိုင်း အစိုးရက စုံစမ်းရေးကော်မရှင်တွေဖွဲ့တယ်။ ပထမ ကော်မရှင်လဲ ဘယ်ရောက်သွားလဲမသိတော့ဘူး။ နောက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကိုလည်း ရခိုင်ကို သွားခွင့်ပြုတယ်ဆိုတော့ အကောင်းဖက်မျှော်လင့်ထားခဲ့တယ်။ အခုလို အခြေအနေပြန်ဆိုးလာတာတော့ လွဲမှားနေပြီ ဆိုတာ ပြောလို့ရတယ်။ အစိုးရအနေနဲ့က တရားဥပဒေစိုးမိုးရေး လုံခြုံရေး နဲ့ ပြန်လည် တည်ငြိမ်ရေးကို အလေးပေး လုပ်ရမှာ။ ဟိုဟာ ဖုံး ဒီဟာ ဖုံးဖိထားတာတွေ မလုပ်ပဲ မြင်သာထင်သာ လုပ်ဖို့လိုတာ။

အခု မတည်ငြိမ်မှုတွေကြောင့် စစ်တပ်ပါလာပြီး စစ်အုပ်ချုပ်ရေး ဖြစ်လာတာကို လုံး၀ မလိုလားဘူး။ ဒါကို စစ်အုပ်ချုပ်ရေး တရားမဝင် မဟုတ်ပါဘူးလို့ ပြောပြီး တကယ်တမ်း စစ်အုပ်ချုပ်ရေး လုပ်နေတာဟာ ရိုးသားမှု ရှိမှ ရှိပါ့မလား ဆိုပြီး ဒီလို တွေးစရာဖြစ်လာခဲ့တယ်။ တဖက်က သမ္မတက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်။ စစ်တပ်က ထောက်ခံတယ်ပြောတယ်။ ရခိုင်မှာ အခုလို ပဋိပက္ခတွေ ထပ်ဖြစ်လာတာဟာ လူထုက စစ်တပ်ကို တောင်းဆိုလာအောင် ဖန်တီးတာလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာနေတယ်။

ဘာပဲပြောပြော တိုင်းပြည်မှာ လုံခြုံရေးကို အကြောင်းပြုပြီး စစ်တပ်က အုပ်ချုပ်ရေးမှာ ပြန်ဝင်လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ တချို့ မသင်္ကာဖွယ်ရာ အချက်တွေလည်း မြင်လာရတယ်။ ဥပမာ ကျောက်နီမော် ကိစ္စလိုမျိုး ဖြစ်တာကို ချက်ချင်း တရား ဥပဒေနဲ့ အရေးယူတာမလုပ်ပဲ လွှတ်ပေးထားတဲ့ သ ဘောမျိုး ဖြစ်နေတယ်။ အဲဒီကနေ အခြေအနေဆိုးဝါးလာတဲ့အထိ ဖြစ်လာတယ်။ နောက် ဥပမာ OIC အိုအိုင်စီလိုကိစ္စမျိုးပေါ့။ အိုအိုင်စီ ရုံးခွဲဖွင့်ရေး ကိစ္စမှာ ဝန်ကြီးအဆင့်က လက်မှတ်ထိုးတယ်လည်း ပြောတယ်။ ညွှန်ကြားရေးမှူးချုပ်က နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးတယ်လည်း ပြောတယ်။ အဲဒီကိစ္စက ပွင့်လင်း မြင်သာမှု မရှိခဲ့ဘူး။ ဘယ်သူက ဘယ်လိုလက်မှတ်ရေးထိုးတယ်ဆိုတာ မသဲကွဲခဲ့ဘူး။

ဟိုဘက် အိုအိုင်စီက ရုံးစိုက်တော့မယ် အစရှိသဖြင့် အစီအမံတွေ လုပ်လာပြီး မြန်မာပြည်သူလူထုသိလာပြီးတော့မှ လူထုက မကျေနပ်တဲ့ အသံတွေ ထွက်လာခဲ့တယ်။ အဲဒီကနေ ပြည်သူလူထုက ဒါကို မလိုလားလို့ အိုအိုင်စီ ရုံးဖွင့်ခွင့် မပြုတော့ဘူးဆိုပြီး ကြေငြာတယ်။ ဒါက လူထုက တောင်းဆိုလာလို့ သမ္မတကြီးက လုပ်ခွင့်မပေးဘူး ရပ်လိုက်လို့ ဆိုတဲ့သဘော လုပ်ခဲ့တယ်။ ရခိုင်တွေ ဘက်မှာလည်း သမ္မတကြီးကောင်းလို့၊ သမ္မတကြီးကယ်လို့ သမ္မတကြီးဟာ အားကိုးရတဲ့သူဖြစ်တယ်ဆိုတော့ သမ္မတကို အမွှန်းတင်နေတာလား။ အဲဒီဟာတွေ အားလုံးက နိုင်ငံရေး ရည်ရွယ်ချက်၊ နိုင်ငံရေး ရည်မှန်းချက်နဲ့ ဖန်တီးယူတာလားဆိုပြီးတောင် ကျနော် ဒီလိုပဲ တွေးထင်လာတယ်။

အခု ကြေညာချက်တွေ ထုတ်တယ်။ ဟိုလူ လက်ညှိုးထိုး၊ ဒီလူလက်ညှိုးထိုး စသဖြင့် အဖွဲ့အစည်းတွေက နောက်ကွယ် က ကြိုးကိုင်တယ်ဆိုပြီး လုပ်လာတယ်။ ဒါဆို နောက်ကွယ်မှာ စစ်တပ်ကလည်း ခုနကပြောသလို ကယ်တင်ရှင်ကြီး အ ဖြစ် လူထုက တောင်းဆိုလာအောင်လို့ ကြိုးကိုင်ခဲ့တာရော ရှိမလား၊ ဒီလိုလည်း စဉ်းစားမိပြန်တယ်။ ဘာကြောင့်လည်း ဆိုတော့ တရား ဥပဒေစိုးမိုးရေးတွေ၊ လူ့ အခွင့်အရေးတွေဆိုတာနဲ့ ချည်းကပ်လုပ်ဆောင်ရမယ့် အစား အခြေအနေကို လွှတ်ပေးပြီး လမ်းမှားကို မောင်းပို့ခဲ့သလားဆိုပြီး တွေးမိတယ်။ သမိုင်းမှာ ဒါမျိုးတွေက ရှိခဲ့ဖူးလို့ပါ။

ပြောရရင် နောက်ကွယ်က ကြိုးကိုင်နေသူတွေ၊ အဖွဲ့အစည်းတွေ ရှိတယ်ဆိုတဲ့ သမ္မတရုံးက ကြေညာချက်အတိုင်း မရိုး သားမှုတွေ၊ လှုံ့ဆော်မှုတွေ နောက်လက်တွေကတော့ ရှိနေတာအမှန်ပဲ။ ဒီလိုကြေညာချက်ထွက်လာပြီး အရေးယူမယ် ပြောနေတုန်း ဟိုမှာက အကုန်နီးပါး ပြာကျကုန်ပြီ။ သေကြ ကျေကြဖြစ်ကုန်ပြီ။ နောက် စုံစမ်းရေး ကော်မရှင် ဆိုတာမှာလည်း Celebrities (နာမည်ကြီးသူများ) နဲ့သာဖွဲ့ထားပြီး တကယ် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ ဘက်ပေါင်းစုံက လူတွေမထည့်ပဲ ထားတာကြောင့် အခုထိ အလုပ်မဖြစ်ဘူး။

အခု ကော်မရှင်မှာ ရခိုင်ဘက်ကလူ၊ မွတ်ဆလင်ဘက်က လူ စသဖြင့် ကော်မရှင် အဖွဲ့ဝင်တွေကထဲက သတင်း တွေ ပေါက်ကြား၊ တချို့က ဖောက်ထုတ်ပစ်တာတွေ လုပ်လာတဲ့ သတင်းတွေလည်း ကြားနေရတယ်။ ကော်မရှင် အဖွဲ့ဝင်တွေမှာ ဆန္ဒစွဲ၊ ဂတိစွဲ ဘယ်လောက်ရှိနေလဲ ဆိုတာ ပြောမရနိုင်ဘူး။ ဆန္ဒာဂတိ ကင်းကင်းရှင်းရှင်း ထွက်လာတဲ့ အစီရင်ခံစာမျိုး ဖြစ်မှသာလျှင် မှန်မှန်ကန်ကန် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် မလွယ်ဘူး။

(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက တဦးဖြစ်သည့် သတင်းစာဆရာဟောင်း ဦးဝင်းတင်က ဖုန်းဖြင့် ဖြေဆိုပြောကြားချက်ကို တည်းဖြတ်ဖော်ပြပါသည်)

Loading