မြန်မာနိုင်ငံသည် သမိုင်းတွင် အရေးကြီးဆုံး နိုင်ငံရေး အသွင်ကူးပြောင်းမှု တချို့ကို အခုအချိန်တွင် ဖြတ်သန်းနေရသည်။ တမတ်သား အရပ်သားအစိုးရသစ်သည် အကောင်းမြင်ရန်နှင့် သတိကြီးရန်တို့ကို ယူဆောင်လာသည့် ရည်မှန်းချက်ကြီးသော ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို စတင် လျှောက်လှမ်းနေသည်။
၂၀၁၁ခုနှစ် ဧပြီလတွင် သက်ဝင်သော လွှတ်တော်တခု ကျင်းပပေးနိုင်ခြင်း၊၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီ လွှတ်ပေးခြင်းနှင့် စက်တင်ဘာလတွင် နောက်တဖန် ထပ်လွှတ်ပေးခြင်း၊ ၂၀၁၂ ခုနှစ် အစောပိုင်းတွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခြင်းနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ၂၀၁၂ ခုနှစ်ဧပြီလ လွတ်လပ်၍ တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း စသဖြင့် အပြုသဘောဆောင်သော အဖြစ်အပျက်များ ဖြစ်ထွန်းခဲ့သည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲမှုကို စစ်မှန်သော လုပ်ငန်းစဉ် တခုဟု တချို့က ရှုမြင်နေကြသော်လည်း ကြီးမားသော စိန်ခေါ်မှုများ ရှိနေခြင်းနှင့် နိုင်ငံရေးနှင့် စီးပွားရေးတွင် စစ်တပ် အာဏာ အခိုင်အမာ ရှိနေခြင်းကြောင့် ပြုပြင်ပြောင်းမှုတွေများ ရှေ့ဆက်သွားနိုင်မည်လားဟု စိတ်ပူပန်နေဆဲ ဖြစ်သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့်လည်း ပြုပြင်ပြောင်းလဲမှုများအပေါ် သတိနှင့် စောင့်ကြည့်နေဆဲဖြစ်ပြီး၊ “သန်စွမ်းသော ဝေဖန်ရေး” အမြင်ကို ဆက်လက် ဆွဲကိုင်ထားဆဲဖြစ်သည်။ တိုင်းပြည်အတွင်း လူထုအခြေပြု လူမှုအဖွဲ့အစည်း များတွင်လည်း ထိုကဲ့သို့သော အမြင်မျိုးရှိသည်။
ဤနေရာတွင် မြန်မာနိုင်ငံ အပြောင်းအလဲများကို အဓိက မောင်းနှင်နေသည်မှာ မည်သည့်အရာများနည်းဟူ၍ မေးခွန်းမေးစရာရှိလာသည်။
တိုင်းပြည်အတွင်း သြဇာအရမ်းကြီးမားလာနေသည့် တရုတ်သြဇာကို ချိန်ခွင့်ညှာညှိရန် မဖြစ်မနေ လုပ်လာရသော ပြုပြင်ပြောင်းလဲမှုများဟု တချို့က ရှုမြင်ကြသည်။ တချို့က အတွင်းကြိတ် ပဋိပက္ခများ၏ ပေါင်းစည်းမှုကြောင့်ဟု မြင်ကြပြန်သည်။
ပြည်ပတွင် အခြေစိုက်ကြသည့် မြန်မာအဖွဲ့အစည်းများ၏ အဓိက အခန်းကဏ္ဍမှာမူ အင်္ဂလန်၊ ဥရောပနှင့် ကုလသမဂ္ဂတွင် မြန်မာ့အရေး အသက်ဝင်နေရန် စည်းရုံးတိုက်တွန်းကြခြင်း ဖြစ်သည်။
၂၀၁၅ခုနှစ် မြန်မာနိုင်ငံကို အာဆီယံစီးပွားရေးအသိုင်းအဝန်း (AEC) အတွင်း ဆွဲသွင်းယူသော အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ အပြုသဘောဆောင် ဆက်ဆံရေးကိုလည်း နောက်ထပ် မောင်းနှင်အားတခုအဖြစ် တချို့က ရှုမြင်ကြသည်။
အချုပ်အားဖြင့် မြန်မာအစိုးရ၏ လက်ရှိသွားနေသော ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသည် အတွင်း၊ အပြင် နှစ်ဖက်စလုံး၏ သြဇာလွှမ်းမိုးကြောင့်ဖြစ်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ကြောင်းပြန်လှည့်နိုင်မည့်ပုံ မပေါ်သေးချေ။
သို့သော် ရှေ့တွင် တွေ့ရမည့် စိန်ခေါ်ချက်မှာ သက်ဆိုင်သူ အားလုံးပါဝင်နိုင်သော အင်စတီကျူးရှင်းများ ဖြစ်လာစေရေး ဒီမိုကရက်တစ် အတွေးအခေါ်များကို လက်တွေ့ကျင့်သုံးလာနိုင်မည်လား ဆိုသည် ဖြစ်သည်။
၂၀၁၂ခုနှစ် စက်တင်ဘာလ အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် Asia Foundation တွင် မိန့်ခွန်းတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့တွင် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ တည်ဆောက်ရန် အနောက်ကမ္ဘာ၏ အကူအညီသည် အရေးကြီးကြောင်း ထည့်သွင်းဟောပြောခဲ့သည်။
မှန်ကန်သော တောင်းဆိုချက်ဖြစ်သည်။ သို့သော် စစ်မှန်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဟုတ်မဟုတ် ဆိုသည့်အချက်နှင့်ပတ်သက်ပြီး စစ်တပ်သည် နိုင်ငံရေးတွင် ဆက် ရှိနေ မနေဆိုသည့် အချက်ကလည်း သက်သေပြသင့်စရာ အချက်တခုဖြစ်သည်။
မြန်မာအစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ စစ်တပ်ကြီးစိုးမှုခေတ်လွန်ကာလ ပြုပြင်ပြောင်းလဲမှုများကို လေ့လာသင့်သည်။
ကျောင်းသားလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၉၈ ခုနှစ် ဆူဟာတို အာဏာမှ မစွှန့်လွှတ်ခင် အင်ဒိုနီးရှားနိုင်ငံသည် ၃၂ နှစ်ကြာ ကမ္ဘာပေါ်တွင် အရက်ဆုံးသော စစ်အစိုးရလက်အောက်တွင် ပြားပြားဝပ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် အင်ဒိုနီးရှားတပ်မတော်(TNI) သည် နိုင်ငံရေးတွင် လက်ဝါးကြီးအုပ်ခွင့်ပေးထားသော (Dual-function doctrine) စနစ်ကို ဖျက်သိမ်းလိုက်ပြီး အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ခဲ့သည်။
၎င်းစနစ် မဖျက်သိမ်းခင်က အင်ဒိုနီးရှားစစ်တပ်သည် ကာကွယ်ရေးနှင့်လုံခြုံရေးအခန်းကဏ္ဍအပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ပေးသော လူမှုစီးပွားရေး နယ်ပယ်နှင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် တာဝန်နှစ်ရပ် ထမ်းဆောင်ခွင့်ရထားသည်။
ထို့ကြောင့် စစ်တပ်သည် နိုင်ငံရေးတွင် ထင်ထင်ရှားရှား ပါဝင်ခဲ့ရသည်။ လွှတ်တော်တွင် အမတ်နေရာ ၅၀၀ အနက် TNI အတွက် ၇၅ နေရာ ဖယ်ထားပေးရသည်။ ဒေသဆိုင်ရာ ဥပဒေပြု လွှတ်တော်စုစုပေါင်းတွင် ရွေးချယ်ခံစရာမလိုသော စစ်တပ်ကိုယ်စားလှယ် ၂၈၀၀ ဦးအထိ ရရှိခဲ့သည်။
(Dual-function doctrine) အပြင် အင်ဒိုနီးရှားစစ်တပ်သည် ကီကာယန် (အင်ဒိုနီးရှား ဘာသာစကား ဖြစ်သည်။ မြန်မာလို ယာယီတာဝန်ဟု အဓိပ္ဗါယ်ရသည်) မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖေါ်လုပ်ဆောင်ခဲ့သည်။ ၎င်းမူဝါဒအရ လက်ရှိ တာဝန်ထမ်းဆောင်နှင့် အငြိမ်းစား စစ်တပ်အရာရှိများသည် ရွာသူကြီးမှအစ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများတွင် အမှုဆောင်အရာရှိနေရာများအလယ် အမျိုးသား နှင့်ဒေသဆိုင်ရာအဆင့် မဟာဗျူဟာမြောက်သော အစိုးရရာထူးများကို လက်ဝါကြီးအုပ်ထားခဲ့ကြသည်။
အင်ဒိုနီးရှားစစ်တပ်သည် အစိုးရကျောထောက်နောက်ခံပါတီ ဂိုကာမှတဆင့် နိုင်ငံရေးသြဇာတည်ဆောက်သကဲ့သို့ ရွေးကောက်ပွဲများတွင်လည်း ဂိုကာပါတီ မဲအနိုင်ရရေး ကူညီပေးခဲ့သည်။
ဆူဟာတိုပြုတ်ကျအပြီး “ပညာတက်နှင့် ပြုပြင်ပြောင်းလဲရေးစိတ်” အခြေခံရှိသ ူဗိုလ်ချုပ်များဖြစ်ကြသည့် အော်ဂက်စ် ဝီဒ်ဂျိုဂျို၊ အော်ဂက်စ် ဝိဒါဟာဒီ ကူဆူမာနှင့် (လက်ရှိ သမ္မတ ဖြစ်နေသူ) ဆူစီလိုဘန်ဘန်ယိုဒိုယိုနိုတို့က TNI အကြီးအကဲ ဗိုလ်ချုပ်ကြီးဝါရင်တိုအား စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲမှုများ စလုပ်ရန် ချည်းကပ်ခဲ့သည်။
ဆူဟာတိုအဆင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြဌာန်းရန် စစ်တပ်အတွင်းနှင့် လူထုဖိအားနှစ်မျိုးစလုံး ရှိခဲ့သည်။
ထို့နောက် TNI သည် “ပါရာဒိုင်းအသစ်” ဟုခေါ်သော အဓိက ပြုပြင်ပြောင်းလဲမှုလေးခုပါသည့် မူအသစ်ကိုချမှတ်ခဲ့သည်။ ထိုလေးချက်မှာ စစ်တပ်သည် အမျိုးသား နိုင်ငံရေး မျက်နှာစာတွင် အမြဲရှိနေရန် မလိုအပ်၊ စစ်တပ်သည် နိုင်ငံရေးတာဝန်များမယူ၊ သို့သော် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်တွင် ပါဝင်စွက်ဖက်ခွင့်ရှိမည်၊ စစ်တပ်သည် ၎င်း၏ သြဇာကို တိုက်ရိုက်မသုံး၊ သွယ်ဝိုက်၍သာအသုံးပြုမည်နှင့် စစ်တပ်သည် အမျိုးသား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟူ၍ ဖြစ်သည်။
၎င်းအဆင့်သည် အင်ဒိုနီးရှားစစ်တပ်အတွက် ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ရန်အတွက် အရေးကြီးသော အလှည့်အပြောင်းတခုဖြစ်သည်။ စစ်တပ်၏ တာဝန်နှစ်ရပ်မူကို ပယ်ဖျက်လိုက်သော်လည်း ပြုပြင်ပြောင်းလဲမှု စတင်လုပ်ဆောင်လာခဲ့သည်မှာ ၁၄ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း သိသာသော ပြုပြင်ပြောင်းလဲမှုများ မရှိသေး သည်ကိုတော့ သတိချပ်သင့်သည်။
မြန်မာနိုင်ငံ၏ အင်္ဂလိပ် ကိုလိုနီခေတ်လွန် ကာလကို စစ်တပ်မှ ၆၂ နှစ်ကြာ အမျိုးသားနိုင်ငံရေးတွင် အဓိကမင်းမူခဲ့သော ကာလအဖြစ် မက်ခ်ဒီးန် (Mark Dearn) က သတ်မှတ်ခဲ့သည်။
ပေါ်ထွန်းစ မြန်မာနိုင်ငံမှာ ဂိုဏ်းဂဏဝါဒ၊ ပါတီတွင်း ပဋိပက္ခများနှင့် လုံးချာလိုက်နေသည့် ညွှန့်ပေါင်းအစိုးရအုပ်စိုးသည့် “ပါလီမန်ခေတ် (၁၉၄၈ – ၁၉၆၂) ” ဟု ကာလတိုတခု ရှိခဲ့သော်လည်း စစ်တပ်စိုးမိုးမှုသည် ယနေ့အချိန်အထိ ပုံစံမျိုးစုံနှင့် ရှိခဲ့သည်။ မြန်မာ့နိုင်ငံရေးစနစ်သည် စစ်အရာရှိကြီးများက ခြိမ်းခြောက် အကြပ်ကိုင် နည်းလမ်းမျိုးစုံသုံး နိုင်ငံရေးအာဏာ ယူလေ့ရှိပြီး “ကာကွယ်စောင့်ရှောက်သူ”အဖြစ် ပုံဖော်လေ့ရှိသည်။
၂၀၁၁ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြုပြုပြောင်းလဲမှုများသည် အသိအမှတ်ပြုထိုက်သော်လည်း စစ်တပ်သည် နိုင်ငံရေးတွင် တက်တက်ကြွကြွ ပါဝင်နေသည့်အချက်မှာ စိုးရိမ်စရာအချက်ကြီးတခု ဖြစ်သည်။
လွှတ်တော်တွင် အခြေခံဥပဒေက ခွင့်ပြုထားသော စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိသည်။ လွှတ်တော်အမတ် အများစုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်ခိုင်ဖြိုး) အမတ်များဖြစ်၍ လွှတ်တော်တခုလုံး၏ ၆၀ ရာခိုင်နှုန်းရှိသည်။ ဦးသိန်းစိန်သည် တခြား စစ်တပ်အကြီးအကဲ ၂၂ ဦးနှင့်အတူ ပြည်ခိုင်ဖြိုးကိုဦးဆောင်သည်။
တပ်မတော်ကိုယ်စားလှယ်များက ၎င်းတို့သည် သမ္မတ၏ ကြီးကြပ်မှုအောက်တွင် တပြေးညီတာဝန်ထမ်းဆောင်နေပါသည်ဟု ပြောနေချိန်တွင် တိုင်းရင်းသားဒေသတချို့တွင် စစ်ရေးထိုးစစ်မှုများ လုပ်နေခြင်းကြောင့် စစ်တပ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အာဏာကို မီးမောင်းထိုးပြသလိုလည်း ဖြစ်နေသည်။
စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်နေစဉ် တပြိုင်နက် စစ်တပ်အနေဖြင့် သမ္မတ ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးကို သဘာတူလက်ခံဖို့ အရေးကြီးသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ထာဝရတည်တန့်စေရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းသည် စစ်တပ်ပြုပြင်ပြောင်းလဲမှုအတွက် ထိထိရောက်ရောက်ကူညီပေးနိုင်သည့်အချက်ကလည်း အရေးကြီးသည်။
စာရေးသူသည် Institute of Resource Governance and Social Change အဖွဲ့တွင် သုတေသီအဖြစ် ဆောင်ရွက်နေပြီး လက်ရှိတွင် ကမ္ဘာဒီးယားနိုင်ငံ၊ ဖနွိုင်းပင်မြို့တွင် အခြေစိုက်နေထိုင်သည်။ The Jakarta Post သတင်းစာပါ Emanuel Bria ၏ Myanmar and Sustainable Change ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။