“ငလျင် အချိန်မရွေး လာနိုင်တယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ နေရာများကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၆ ဒဿမ ၈  အဆင့်နှင့် အင်အား ၅ ဒဿမ ၀ အဆင့်ရှိ ငလျင်များလှုပ်ခတ်သွားခဲ့ရာ လူ၁၁ ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်။ တံတားများပြိုကျခြင်း၊ အဆောက်အအုံများပြိုကျခြင်း အပါအဝင် ပျက်စီးမှု များပြားလှပြီး အထပ်မြင့် တိုက်တာများတွင် နေထိုင်ကြသော မြို့ပြပြည်သူများကြားတွင် ငလျင်အန္တရာယ်ကို ပိုမိုစိုးရိမ်လျက်ရှိကြသည်။ ရန်ကုန်မြို့အပါအဝင် လူနေထူထပ်သော မြို့ကြီးများအနေနှင့် ငလျှင်ဒဏ်ခံရနိုင်ဖွယ်ရှိ၊ မရှိ အပါအဝင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်ခြေရှိသော ငလျှင်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုးသူရထွန်းကို ဧရာဝတီသတင်းထောက် သာလွန်ဇောင်းထက်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။     ။ အခု စစ်ကိုင်းတိုင်း ရွှေဘိုကို ဗဟိုပြုလှုပ်သွားတဲ့ ငလျင်နဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။

ဖြေ ။     ။ ရွှေဘိုကို ဗဟိုပြုပြီးလှုပ်သွားတဲ့ ငလျင်က မြန်မာပြည်အလယ်ပိုင်းကိုဖြတ်သွားတဲ့ စစ်ကိုင်းပြတ်ရွေ့ ကြောင့် လှုပ်တာပါ။ စစ်ကိုင်းပြတ်ရွေ့က မြန်မာနိုင်ငံထဲမှာ ကီလိုမီတာ ၁၀၀၀ လောက်ရှည်တယ်။ မြောက်ဘက် ပူတာအိုကနေ မြစ်ကြီးနား၊ မြစ်ကြီးနား ကနေ ကွေ့ဆင်းလာပြီးတော့ တကောင်း၊ တကောင်းကနေပြီးတော့ ဧရာဝတီမြစ်ကြောင်းအတိုင်း ပဲခူးရိုးမအရှေ့ခြမ်း၊ နောက်ပြီးတော့ ရန်ကုန်သုံးခွနားကဖြတ်ပြီးတော့ အက်ဒမန်ပင်လယ်ထဲထိရောက်သွားတယ်။ အဲဒီအထဲမှာ ငလျင်လှုပ်နိုင်တဲ့အပိုင်းတွေက တပိုင်းချင်း၊ တပိုင်းချင်း ၁၀ ပိုင်းလောက်ရှိတယ်။ ဘူမိဗေဒအရဆိုရင် Segment ခေါ်တာပေါ့။ တပိုင်းချင်း၊ တပိုင်းချင်းဆီက အခှုအထိ လေ့လာထားချက်အရဆိုရင် ကီလိုမီတာ ၁၀၀ လောက်ရှည်ပြီးတော့ တခုချင်း၊ တခုချင်းကနေ ငလျှင်ပမာဏ ပြင်းအား ၇ ကနေ ၇ ဒဿမ ၅ အထိ လှုပ်လေ့ရှိတယ်။

ဒါတွေကို ထပ်ပြီးတော့ လေ့လာတဲ့ပြီးနောက် ဘယ်လောက်ကြာရင် လှုပ်တတ်သလဲလို့လေ့လာတဲ့အခါမှာ အတိတ်ငလျှင်တွေ မှတ်တမ်းတွေနဲ့ လေ့လာမှုတွေအရဆိုရင် အကြမ်းဖျင်းဆိုရင်  နှစ် ၁၀၀ ဝန်းကျင်၊ ၁၃၀ ဝန်းကျင်လောက်ကြာ မှာ ပြန်လှုပ်တတ်တယ်။ အခုလှုပ်သွားတဲ့နေရာက စစ်ကိုင်းပြတ်ရွေ့ရဲ့ စဉ့်ကူး Segment ပေါ့။ အဲဒီအပိုင်းမှာ ၁၉၅၆က နောက်ဆုံးလှုပ်ခဲ့တာ။ ၁၉၅၆ က စစ်ကိုင်းငလျင်ကြီးဆိုရင် အပျက်အစီးများတယ်။ လူအသေအပျောက် တော်တော်များများရှိခဲ့တယ်လို့ သိရတယ်။ အခုက ဒီနေရာမှာပဲ နောက်တကြိမ်ပြန်လှုပ်တာ။ နှစ် ၅၀ နဲ့ ၆၀ ကြားပဲရှိသေးတယ်။ ငလျှင်ပြင်းအားပမာဏက ၆ ဒဿမ ၈ ပဲရှိတယ်။ ဘူမိဗေဒအရ ပြောမယ်ဆိုရင် ပြင်းအား ၇ ကနေ ၇ ဒဿမ ၅ အထိလှုပ်ရမယ့် နေရာမှာ နည်းနည်းအားနည်းနေတယ်။

ပထမ စိုးရိမ်တာက ရှေ့ပြေးငလျှင်ဖြစ်ပြီးတော့ နောက်ထပ် ကြီးတဲ့ငလျှင် လာဦးမလားပေါ့။ သေချာပြန်ပြီးလေ့လာတဲ့အခါမှာ အချိန်ကာလအားဖြင့် နှစ် ၆၀ ပဲရှိသေးတော့ ဒီလောက်ပမာဏလောက်ပဲ လှုပ်တာလို့ သုံးသပ်မိတယ်။ အမြင့်ဆုံးဖြစ်သင့်တာကိုဖြစ်သွားတယ်ပေါ့။ အသေးစိတ်ကတော့ ကွင်းဆင်းလေ့လာရဦးမယ်။ တိုင်းတာကြည့်ရဦးမယ်။

မေး ။     ။ စစ်ကိုင်းပြတ်ရွေ့ဝန်းကျင်မှာ ရှိနေတဲ့ မြို့ကြီးတွေက ပြည်သူတွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားရမလဲ။ ဘယ်မြို့တွေက စစ်ကိုင်းပြတ်ရွေ့ကဖြစ်လာမယ့်ငလျှင်ကြောင့် ထိခိုက်နိုင်ပါသလဲ။

ဖြေ ။     ။ စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာတွေက အများကြီးပါပဲ။ တောက်လျှောက်ပဲ။ စဉ့်ကူး Segmentမှာ ၁၉၅၆ ကလှုပ်ခဲ့တယ်။ သူ့မြောက်ဘက် တကောင်းမှာ ၁၉၉၁ က လှုပ်ခဲ့တယ်။ ကျန်တဲ့အပိုင်း တောင်ဘက်ခြမ်းအားလုံးက ၁၉၃၀ ကနေနောက်ပိုင်းမှာ မလှုပ်တော့ဘူး။ အဲဒီတော့ အားလုံးက နှစ် ၈၀၊ ၉၀ လောက်ရှိနေပြီ။ တောင်ဘက်ဆိုရင် ပဲခူးမှာ ၁၉၃၀ က ပြင်းအား ၇ ဒဿမ ၃ အဆင့်ရှိတဲ့ ငလျှင် လှုပ်ခဲ့ဖူးတယ်။ အဲဒီကတည်းက ထပ်မလှုပ်တော့ဘူး။ ဖြူး၊တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ မန္တလေး။ မန္တလေးက အခုလှုပ်သွားပြီးပြီဆိုတော့ စိုးရိမ်စရာမရှိတော့ဘူး။ အခုအခြေအနေက မန္တလေးမြို့ရဲ့တောင်ဘက် ကနေစပြီး ရန်ကုန်သုံးခွအထိက စိုးရိမ်ရမယ့်အနေအထားမှာ ရှိနေတယ်။ အခုအချိန်မှာ လှုပ်မယ်ဆိုရင် ငလျှင်ပြင်းအားက ၆ ဒဿမ ၈ ထက် ပိုများနိုင်တယ်။ ပြင်းအား ၇ သို့မဟုတ် ၇ ထက်ကြီးနိုင်တယ်။ မန္တလေးရဲ့ တောင်ဘက်ကနေစပြီးတော့ ရန်ကုန်အထိပေါ့။

မေး ။     ။ ရန်ကုန်အထိဆိုတာ ရန်ကုန်မြို့က ငလျှင်လှုပ်နိုင်ခြေရှိတယ်လို့ ဆိုလိုတာပါလား။

ဖြေ ။     ။ ရန်ကုန်မြို့က စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ တည့်တည့်မကျဘူး။ စစ်ကိုင်းပြတ်ရွေ့က ရန်ကုန်မြို့ရဲ့ အရှေ့ဘက် ၁၅ ကီလိုမီတာ၊ ကီလိုမီတာ ၂၀ လောက် သုံးခွဘက်ကနေ ဖြတ်သွားတယ်။ အဲဒီတော့ ငလျင် သဘောအတိုင်း ကိုယ့်ဆီကို ဗဟိုပြုလှုပ်တာမဟုတ်ပေမယ့် ကိုယ့်ဆီမှာ အထပ်မြင့်အဆောက်အအုံတွေရှိရင် အန္တရာယ်ရှိတာပဲ။ ဟိုတနေ့က လှုပ်သွားတဲ့ ရွှေဘိုငလျင်ဆိုရင်လည်းပဲ ငလျင်က စစ်ကိုင်းဘက်မှာသာ လှုပ်တာ  တကယ်ခံစားရက အင်းလေးဘက်မှာလည်းခံစားရတယ်။ေ ရွှလီမှာလည်းခံစားရတယ်။ ငလျင်လှိုင်းရဲ့ သဘောက တခါတလေ နီးတာ ဝေးတာ ဆိုင်ပေမယ့် တခါတလေကျရင် ကိုယ့်က ဘယ်လိုနေရာမှာ ရှိနေတာလဲနဲ့ဆိုင်တယ်။ ကိုယ်က တောင်ကုန်းပေါ်မှာရှိနေရင် သက်သာတယ်။ အောက်ခံကျောက်နဲ့ နီးရင် သက်သာတယ်။ အပေါ်က နုန်းမြေဆီလွှာထူရင်တော့ အန္တရာယ်များတယ်။ ရန်ကုန်နဲ့နီးစပ်နေတဲ့ စစ်ကိုင်းပြတ်ရွေ့က ၁၉၃၀ မှာ လှုပ်ခတ်ခဲ့တာ။ မလှုပ်တာတော်တော်ကြာနေပြီ။

မေး ။     ။ တကယ်လို့သာ ရန်ကုန်နားကနေ ဖြတ်သွားတဲ့ စစ်ကိုင်းပြတ်ရွေ့က ငလျင်လှုပ်မယ်ဆိုရင် ရန်ကုန်မြို့ကို ဘယ်လောက်ထိ ထိခိုက်နိုင်မလဲ။

ဖြေ ။     ။ တကယ်လို့ အဲဒီအပိုင်းက လှုပ်မယ်ဆိုရင်တော့ ရန်ကုန်မှာလည်း ငလျင်ဒဏ်ခံရမယ်။ ဒါပေမဲ့ ရန်ကုန်မှာ ခံစားရတဲ့ ငလျင်ဒဏ်က တနေရာနဲ့ တနေရာ တူမှာတော့မဟုတ်ဘူး။ မြစ်နဲ့နီးတဲ့နေရာတွေ၊ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်းဘေး ၊ ရန်ကုန်မြစ်ကမ်းဘေးတွေမှာ ပိုပြီးတော့ အန္တရာယ်များတယ်။ တောင်ကုန်းပေါ်လိုဖြစ်နေတဲ့ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းလိုနေရာမျိုးက အဲဒီလောက်ဒဏ်ခံရမှာမဟုတ်ဘူး။ ငလျှင်လှိုင်းက နုန်းတင်မြေနုတွေ၊ မြေအောက်ရေများတဲ့နေရာတွေမှာ ပိုပြီးတော့ အားဖြည့်ပေးသလိုဖြစ်ပြီးတော့ ငလျင်လှိုင်း ပိုကြီးလာတယ်။ တောင်ကုန်းပေါ်မှာကျတော့ အဲဒီလောက် လှိုင်းမကြီးလာတော့ဘူး။

မေး ။     ။ ဟိုတနေ့က ပြင်းအား ၆ ဒဿမ ၈ ငလျင်လှုပ်ပြီးတော့ အားသိပ်မပြင်းတဲ့ ငလျင်တွ ထပ်လှုပ်သွား တယ်။ အဲဒီလို နောက်ဆက်တွဲငလျင်တွေ ဘယ်အချိန်လောက်ထိ ကြာကြာလှုပ်နိုင်ခြေရှိသလဲ။

ဖြေ ။     ။ ဟုတ်တယ်။ ငလျင်ကြီးတွေ လှုပ်ပြီးတိုင်း နောက်ဆက်တွဲငလျင်တွေ လာလေ့ရှိတယ်။ တခါတလေ နောက်ဆက်တွဲ ငလျင်တွေက တပတ်၊ နှစ်ပတ်ကြာအထိ လှုပ်နေတာမျိုးရှိတယ်။ အဲဒီလောက်ထိကြာတတ် တယ်။

မေး ။     ။ ရန်ကုန်မြို့အပါအဝင် လူနေထူထပ်တဲ့မြို့ကြီးတွေ၊ စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက်မှာရှိနေတဲ့ မြို့ကြီးတွေအနေနဲ့ ဘယ်လိုပြင်ဆင်ပြီး ကာကွယ်မှုတွေလုပ်ရမလဲ။

ဖြေ ။     ။ ငလျင်က အချိန်မရွေးလာနိုင်တယ်။ ဘယ်သူမှလည်း ဘယ်အချိန်မှာလှုပ်မယ်၊ ဘယ်လိုလှုပ်မယ်ဆိုတာ ခန့်မှန်းချက်မျိုးလည်းမရှိဘူး။ ကမ္ဘာမှာလည်း လုပ်လို့မရသေးဘူး။ အဲဒီတော့ ကိုယ်က အဆင်သင့်ဖြစ်ထားဖို့လို တယ်။ ဒီမှာ ငလျင်လှုပ်နိုင်ခြေရှိတယ်ပြောရင် ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေ လုပ်ထားရမယ်။ ပထမဦးဆုံး သိထားသင့်တာက ငလျင်က လူကိုမသတ်ဘူး။ လူတွေလုပ်ထားတဲ့ အဆောက်အအုံတွေကပဲ လူတွေကိုသတ်တာ။ အဆောက်အအုံတွေ ခိုင်ခန့်ဖို့ အရေးကြီးတယ်။ ခိုင်ခန့်တယ်ဆိုတာကလည်း
အဆောက်အအုံဆောက်တဲ့နေရာမှာ  အဆောက်အအုံပြိုကျမသွားအောင် အထက်၊ အောက် အလေးချိန်ကို ခံနိုင်အောင်ဆောက်ကြတာမျိုးတွေ။ ငလျင်လှုပ်ပြီဆိုရင်တော့ အဆောက်အအုံတွေက ဘေးတိုက်လွှဲတာခံနိုင်မှဖြစ်မယ်။ ဆိုလိုတာက အဆောက်အအုံတွေမှာ ငလျင်ဒဏ်ခံနိုင်တဲ့ နည်းပညာတွေသုံးဖို့လိုတယ်။ ငလျှင်ဒဏ် ခံနိုင်မယ့် ဒီဇိုင်းတွေ သုံးရမယ်။ ဒါက အင်ဂျင်နီယာပိုင်းပေါ့။

လူတွေအနေနဲ့ပြင်ဆင်ရမှာက ငလျင်လှုပ်လို့ အဆောက်အအုံတခုလုံး ပြိုသွားတာကတော့ မတတ်နိုင်ဘူးပေါ့လေ။ သာမန်အားဖြင့် လူတွေထိခိုက်သေဆုံးကြတာက အဆောက်အအုံတခုလုံး ပြိုလို့ ထိခိုက်တာထက် နံရံမှာရှိတဲ့ ကြွေပြားတွေကွာကျ၊ ချိတ်ဆွဲထားတဲ့ မီးဆိုင်းတွေပြုတ်ကျ၊ ပြတင်းပေါက်ဘောင် တွေပြုတ်ကျတာမျိုးတွေကြောင့် လူတွေထိခိုက်သေဆုံးတာများတယ်။ အရေးကြုံလာတဲ့အခါ တုန့်ပြန်တဲ့နေရာမှာလည်း အိမ်ထဲက ရုတ်တရက်ထွက်ပြေးတာ၊ အိမ်ထဲကို ရုတ်တရက် ပြေးဝင်တာမျိုးတွေမလုပ်ရဘူး။ အဲလိုလုပ်ရင် အန္တရာယ်များတယ်။ ချိတ်ဆွဲထားတဲ့ပစ္စည်းတွေကိုလည်း ပိုခိုင်ခန့်အောင် လုပ်ထားရမယ်။ အိပ်ရင်လည်း အိပ်နေတဲ့အချိန် လှုပ်ခဲ့သည်ရှိသော် ပြိုလဲနိုင်တဲ့ ဗီဒိုလိုဟာမျိုးတွေကို အိပ်ရာနားမှာမထားသင့်ဘူး။ ထားမယ်ဆိုရင်လည်း ခိုင်ခန့်အောင်လုပ်ထားရမယ်။

မေး ။     ။ ရန်ကုန်မှာ ငလျင်ဒဏ်ခံရပြီဆိုရင် တုန့်ပြန်ဆောင်ရွက်မယ့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရှိထားပြီလား၊ ဖွဲ့ထားပြီးပြီလား။

ဖြေ ။     ။ အခုတော့ မီးသတ်လိုဟာမျိုး၊ မီးသတ်အဖွဲ့ပဲရှိတယ်။ မီးသတ်အင်အားကို ဒီနှစ်ထဲမှာ နှစ်ဆလောက်တိုးထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အရေးကြုံလာရင် လုပ်နိုင်မယ်၊ မလုပ်နိုင်ဘူးဆိုတာ မသိသေးဘူး။

မေး ။     ။ ငလျင်ကြီးတွေဖြစ်နိုင်တဲ့ စစ်ကိုင်းပြတ်ရွေ့ကို ဘယ်လိုထောက်လှမ်းသုတေသနတွေ လုပ်နေသလဲ။ ဒီသုတေသနလုပ်ငန်းတွေက တွင်တွင်ကျယ်ကျယ်နဲ့ အစိုးရအထောက်အပံ့ကော လုံလုံလောက်လောက် ရှိရဲ့လား။

ဖြေ ။     ။ စစ်ကိုင်းပြတ်ရွေ့တလျှောက်မှာတော့ ပြတ်ရွေ့ရဲ့ရွေ့လျားနှုန်းကို တိုင်းတာတဲ့ GPS ရှစ်လုံး တပ်ထားတယ်။ ငလျင်လှုပ်တဲ့ အင်ဒိုနီးရှားတို့၊ ဂျပန်တို့နဲ့ယှဉ်ရင် တို့က အများကြီး လိုအပ်ချက်တေ ွရှိနေတယ်။ သူများနိုင်ငံတွေမှာတော့ ငလျင်လှုပ်နိုင်ခြေရှိတဲ့ ပြတ်ရွေ့တွေကို GPS ရာနဲ့ချီတပ်ထားပြီး စောင့်ကြည့်တယ်။ ကျနော်တို့ဆီမှာက ရှစ်လုံးပဲတပ်ဆင်နိုင်သေးတယ်။ ဒါတောင် တနှစ်ပြီး တနှစ်ကြိုးစား လုပ်နေရတာပါ။ နိုင်ငံခြားအထောက်အပံ့နဲ့ပဲ ဒီစက်တွေ တပ်ဆင်တာပါ။ တပ်ပြီးတဲ့ စက်တွေကိုတော့ ကျနော်တို့က အမြဲတမ်း မထိန်းသိမ်းနိုင်တော့ မိုးလေဝသကို လွှဲပေး တာဝန်ပေးလိုက်တယ်။

မေး ။     ။ မြန်မာနိုင်ငံမှာ ငလျင်လှုပ်နိုင်ခြေရှိတဲ့ ပြတ်ရွေ့ဘယ်လောက်ရှိသလဲ။

ဖြေ ။     ။ စစ်ကိုင်းပြတ်ရွေ့ကတော့ အကြီးဆုံးပေါ့။ ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့ နဲ့ အခြားငလျှင် လှုပ်နိုင်တဲ့ ပြတ်ရွေ့လေးတွေ ရှိသေးတယ်။ မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့ကတော့ လှုပ်ရှားမှုနှုန်း အမြန်ဆုံးနဲ့ အကြီးဆုံး၊ ငလျှင်လှုပ်ခတ်မယ့် အန္တရာယ်အများဆုံးပဲ။ စစ်ကိုင်းပြတ်ရွေ့ရဲ့ မန္တလေးတောင်ဘက်နေ တောင်ငူ၊ ရမည်းသင်း၊ နေပြည်တော်အထိပါတဲ့ အပိုင်းက တခါမှ ငလျှင်ကြီးတွေ မလှုပ်သေးဘူး။ သမိုင်းမှတ်တမ်းလည်းမရှိဘူး။ အဲဒီတော့ ပြတ်ရွေ့အပိုင်းက ဒီအတိုင်းပဲ ပုံမှန်လေးရွေ့နေလို့ မလှုပ်တာလား၊ ဒါမှမဟုတ် ပြတ်ရွေ့က နှစ်ပေါင်းရာနဲ့ချီပြီး တင်းခံနေတာလား၊ အဲဒါကိုသေချာမသိဘူး။ တကယ်လို့ နှစ်ပေါင်းရာချီ တင်းခံနေတာဆိုတာမျိုးရင်တော့ ငလျင်က ကြီးကြီးမားမား လှုပ်နိုင်ခြေများတယ်။ အဲဒါကိုလည်း စောင့်ကြည့်နေတယ်။     ။

Loading