နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် အမေရိကန်သမ္မတ ဘားရက်ဟူစိန်အိုဘားမား၏ သမိုင်းဝင် ခရီးကို မြန်မာအစိုးရနှင့် ပြည်သူလူထုကသာမက ဒေသတွင်းကပါ အရေးပါသော ခရီးစဉ်တရပ်ဟု ရှုမြင်သုံးသပ်နေကြသည်။
ပြန်လည် ရွေးကောက် တင်မြှောက် ခံခဲ့ရသော သမ္မတ အိုဘားမား၏ အမေရိကန် ပြည်ထောင်စု အစိုးရသည် စက်တင်ဘာလ အတွင်း အမေရိကားသို့ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ လာရောက် လည်ပတ်ခဲ့စဉ် ကလည်း မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး ဆယ်စုနှစ်ကြာ ဒဏ်ခတ် ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးခဲ့သည်။
ယခု အိုဘားမား၏ ခရီးစဉ်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော်သို့ လာရောက်ပြီး လမ်းခင်းသွားခဲ့သော နှစ်နိုင်ငံ ပုံမှန် သံတမာန်ဆက်ဆံရေးကို အပြီးသတ် အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။ မြန်မာပြည်က လိုအပ်နေသော ငွေကြေးနှင့် နည်းပညာများ နိုင်ငံတကာအနေဖြင့် အခိုင်အမာ ထောက်ပံ့ကူညီရန် လမ်းပွင့်သွားခြင်းလည်း ဖြစ်သည်။
သို့ရာတွင် အာရှဒေသတွင်း တရှိန်ထိုး ဩဇာ ကြီးထွားလာနေသည့် တရုတ်နိုင်ငံကို ဟန်ချက် ထိန်းညှိရန် ရည်ရွယ်သည့် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒ အကျိုးအမြတ်ကို ရှေ့တန်းတင်၍ သမ္မတ အိုဘားမား မြန်မာပြည်လာရေး ဆုံးဖြတ်ခဲ့ပုံပေါ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။ အမှန်တကယ်လည်း အိုဘားမား၏ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အပြောင်းအရွှေ့တွင် အာရှ-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေး၊ စီးပွားကူးသန်းရေး တို့အတွက် မဟာဗျူဟာအရ အခရာကျလာပြီး သမ္မတ၏ ဒုတိယ ၄ နှစ် သက်တမ်းအတွင်း အရှိန်မြှင့် ဆောင်ရွက်မည်ကို ယခုအပတ်အတွင်း ဒေသတွင်း စစ်ရေး မဟာမိတ်နိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပနက်တာ ခရီးလှည့်နေခြင်းက သက်သေခံနေသည်။
ကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်များပြီးဆုံးသည်နှင့် တပြိုင်နက်တည်း ကမ်ဘောဒီးယားတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာစနစ်နှင့် ပြန်လည်ချိတ်ဆက်ရန် ကြိုးပမ်းနေသော မြန်မာကို သွားရောက် အားပေးရန် သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။ တောင်တရုတ်ပင်လယ် တင်းမာမှုတွင် ပါဝင်နေသော ဗီယက်နမ်နိုင်ငံ၏ ဖိတ်ကြားချက်ကို ရွှေ့ဆိုင်းပြီး မြန်မာပြည်သို့ လာရန်သာ ရွေးချယ်ခဲ့ခြင်းကမူ ဒေသတွင်း သံတမာန်ရေး ပို တင်းမာနိုင်ဖွယ် အန္တရာယ်ကို ရှောင်လို၍ ဖြစ်မည်။
ယင်းတွက်ချက်ယူဆချက် မှန်သည်။ မြန်မာနှင့် အဓိက နယ်မြေချင်းထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ ၏ ဒုတိယ အကြီးဆုံး တာဝန်ယူထားသူ မစ္စတာ ချင်ဂွမ်ဇောင်းက အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို မထိခိုက်ကြောင်း ဘေဂျင်းတွင် ကျင်းပနေသော တရုတ် ကွန်မြူနစ် ပါတီကွန်ဂရက် ပြင်ပ ဆွေးနွေးပွဲ၌ သတင်းထောက်များကို သဘောထား မှတ်ချက်ပေးခဲ့သည်။
သို့သော် အမေရိကန်တို့အနေဖြင့် မြန်မာကို လုပ်ဖော်ကိုင်ဘက် ဖြစ်လာနိုင်သည့် အလားအလာရှိသော နိုင်ငံဟု ရှုမြင်နေပြီး ထိုင်းနိုင်ငံတွင် ရှေ့နှစ် ပြုလုပ်ရန်ရှိသည့် အမေရိကန်- ထိုင်း Cobra-Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွင် လေ့လာသူအဖြစ် မြန်မာ့တပ်မတော် ကိုယ်စားလှယ်များ ပထမဆုံး အကြိမ် ပါဝင်ခွင့်ပြုထားပြီဖြစ်သည်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူများကမူ ကချင်ပြည်နယ် စစ်ပွဲများနှင့် လူအခွင့်အရေး ချိုးဖောက်မှု၊ ရခိုင်ပြည်နယ် ပဋိပက္ခနှင့် မတည်ငြိမ်မှု၊ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် မလွတ်မြောက်သေးဘဲ ကျန်ရှိနေမှု၊ ဒုက္ခသည်များအရေး စသည့် အဖက်ဖက်မှ လိုအပ်နေသည့် အခြေအနေများကို ထောက်ပြဝေဖန်ပြီး သမ္မတ အိုဘားမား၏ ခရီးစဉ်မှာ အချိန်စောလွန်းသေးကြောင်း ဝေဖန်နေကြသည်။
သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရန် ကျန်ရှိနေသည့် လူ့အခွင့်အရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များအပါအဝင် ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ကို မြန်မာ့သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမစင်မြင့်ထက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကိုယ်စားလှယ်များ ရှေ့မှောက် အားပေးတိုက်တွန်းပြောကြားရင်း အမေရိကန်တို့၏ ထောက်ခံမှုကို ကတိပေး ပြောဆိုမည်ဟု ယုံကြည်ရသည်။
အချုပ်အားဖြင့်ဆိုရလျှင် အမေရိကန် သမ္မတ၏ မြန်မာခရီးစဉ်သည် ဒေသတွင်း နိုင်ငံရေးတွင် အမေရိကန်တို့၏ ဩဇာဖြန့်ကျက်နိုင်ရေး သာမက မြန်မာနိုင်ငံ၏ ပြည်တွင်းအပြောင်းအလဲကို ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံမှ အားပေးကူညီရန် အခိုင်အမာ ပြသမည့် မဟာဗျူဟာမြောက် ခြေလှမ်းတရပ်ပင် ဖြစ်တော့သည်။