မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သော အမေရိကန်သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိနစ် ၃၀ ကြာ သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စသည့် အကြောင်းများကို အသေးစိတ် ပြောဆိုသွားသည်။
ပြည်သူသာလျှင် နိုင်ငံတခု၏ အချုပ်အခြာအာဏာကို အဓိက ပိုင်ဆိုင်ပြီး ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အမေရိကန်က ကူညီပံ့ပိုးပါမည်ဟု ကတိပြုသွားသည်။ မြန်မာ့ဒီမိုကရေစီပန်းတိုင်သို့ ခရီးရှည်ကြီး ဆက်လျှောက်ရဦးမည် ဖြစ်ပြီး ယင်းခရီးရှည်အတွက် မြန်မာပြည်သူများနှင့်အတူ အမေရိကန်က ရပ်တည်မည်ဟုလည်း ဆိုထားသည်။ ရန်ကုန်တက္ကသိုလ်တွင် သမ္မတ အိုဘားမား မိန့်ခွန်းမပြောကြားမီနှင့် ပြောကြားအပြီး ထင်မြင်ယူဆချက်များကို ဧရာဝတီသတင်းထောက် သာလွန်ဇောင်းထက်က တွေ့ဆုံမေးမြန်းထားပါသည်။
သီတဂူဆရာတော် အရှင်ဉာဏိဿရ
အိုဘားမားကို မည်းမည်းလေးမြင်တယ်။ အသားမည်းပေမယ့် အသည်းဖြူတယ်လို့ ယူဆတယ်။
ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
ကျနော်တို့ အနာဂတ်မျိုးဆက်တွေ အတွက်ပါပဲ။ သူတို့အတွက် စွမ်းရည်တွေ မြှင့်တင်ပေးဖို့ နိုင်ငံတကာက ကူညီရမယ်။ သူတို့မျိုးဆက်က တိုင်းပြည်ကို တည်ဆောက်မယ့်သူတွေ ဖြစ်တဲ့အတွက် သူတို့အတွက် ပညာတော်သင် ကိစ္စတွေကအစ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းအောင် ဝိုင်းပြီးကြိုးစားပေးဖို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ အလေးအနက် ထားတယ်ဆိုတာ ပြောပါတယ်။
ကိုမျိုးရန်နောင်သိန်း (ဗေဒါအင်စတီကျူ)
ကျနော်တို့နဲ့ သီးခြားတွေ့တဲ့ အချိန်မှာတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို တန်ဖိုးထားတယ်ဆိုတာ ပြောတယ်။ ဒီလိုတွေနဲ့တွေ့ချင်လို့ ရုန်ကန်းမှုတွေကို အားပေးချင်လို့ အဓိကလာတဲ့အကြောင်း ပြောသွားတယ်။ အတိုချုပ်ကတော့ ဒါပါပဲ။ ကျနော်တို့နဲ့တွေ့တဲ့အချိန်မှာ ကျနော်ပြောလိုက်တာက ပြည်တွင်းမှာရှိတဲ့သူတွေက မြန်မာပြည်ကို ကိုယ်စားပြုတယ်။ အဲဒီတော့ ပြည်ပလူတွေ ဘာပြောတယ်ဆိုတာထက် ပြည်တွင်းကလူတွေကို ပိုပြီးတော့ ဂရုစိုက်ပါ။ မြန်မာပြည်တွင်းမှာ ပိုပြီးတော့ Engagement ပိုလုပ်ပါ။ စစ်တပ်နဲ့ ပိုပြီးပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ကျနော်ပြောတယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သူတို့ ပိုပြီးတော့ ပညာပိုရသွားမယ်။ အဲဒါကို ပြောပါတယ်။ သူအဲဒါကြောင့် မြန်မာပြည်လာတဲ့ အကြောင်းလို့ သမ္မတက သူပြောတယ်။ ရိုဟင်ဂျာကိစ္စကလည်း ဘာသာရေးကိစ္စ မဟုတ်ဘူး။ နယ်စပ်ဖြတ်ကျော်တဲ့ ကိစ္စဖြစ်တယ်။
ဒေါက်တာ သန့်မြင့်ဦး (သမိုင်းပညာရှင်)
ရန်ကုန်တက္ကသိုလ်ပေါ့၊ နေရာရွေးချယ်မှုက အရမ်းအရေးကြီးတယ်။ နှစ်ပေါင်း ၅၀ စစ်အစိုးရက အဆိုးဆုံးက ပညာရေးစနစ်အပေါ် သက်ရောက်မှု အဆိုးဆုံးပဲ။ အခု ရန်ကုန်တက္ကသိုလ်မှာ သမ္မတအိုဘားမား လာပြီးတော့ စကားပြောတော့ နည်းနည်းလေးတော့ အချိုးအကွေ့တခုကို ရောက်ပြီလို့ ပြောလို့ရတယ်။ သူရဲ့ မိန့်ခွန်းကလည်း ကောင်းတယ်၊ သဘောကျတယ်။ သူပြောပြတဲ့ အမေရိကန်သမိုင်းကလည်း ကျနော်တို့ မျှော်လင့်ချက်တွေနဲ့ ဘယ်လို ချိတ်နိုင်မလဲဆိုတာကို နည်းနည်းလေးပြောပြတာလည်း ကောင်းတယ်လို့ ထင်တယ်။
ကျနော်တို့က ကွဲပြားခြားနားမှုတွေကို အားနည်းချက်အနေနဲ့ မစဉ်းစားဘဲ အင်အားအနေနဲ့ စဉ်းစားတာကလည်း အရမ်းအရေးကြီးတယ် ထင်ပါတယ်။ ဒါကိုတော့ တိုင်းရင်းသားလူနည်းစုတွေက သေသေချာချာ နားလည်တယ် ထင်တယ်။ လူအများကတော့ နားမလည်ဘူး။ ဒီငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်ဖို့ မတူကွဲပြားမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ်၊ ဘယ်လိုကောင်းတယ်ဆိုတာ သေသေချာချာနားလည်ဖို့လို့ ထင်တယ်။
အမေရိကန် သမ္မတ ဒီကိုလာတာက အခုရောက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေက နောက်ပြန်လှည့်ရင် အမေရိကန်က လက်မခံဘူးဆိုတဲ့ လက္ခဏာပဲ။ မြန်မာ-အမေရိကန် ဆက်ဆံရေး အားကောင်းလာမယ် ထင်တယ်။ အိုဘားမားပြောတာက မြန်မာပြုပြင်ပြောင်းလဲမှုသာ အောင်မြင်သွားရင် တကမ္ဘာလုံးအတွက် နမူနာဖြစ်သွားနိုင်တယ်။ ၂၁ ရာစုအတွက် အမေရိကန်-တရုတ်ဆက်ဆံရေးက ဘယ်လိုဖြစ်မယ်ဆိုတာ မသိနိုင်သေးတဲ့အချိန်မှာ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှု ဇုန်တခုဖြစ်လာမယ်ဆိုရင် သိပ်ကောင်းတယ်။ မြန်မာနိုင်ငံက တရုတ်နဲ့အမေရိကန်ကို ပူးပေါင်းဆောင်ရွက်ဖို့ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကောင်းတယ်။ တရုတ်ဘက်မှာတော့ အမေရိကန်နဲ့ ပတ်သက်လို့ စိတ်ပူပန်မှုရှိမှာပဲ။
ဒေါက်တာ တူးဂျာ (ကချင်ပြည်နယ် တိုးတက်ရေး ပါတီ – KSPP)
ကျနော် အိုဘားမား မိန့်ခွန်းကို သဘောကျတယ်။ အမေရိကန်က မြန်မာပြည်ကို ချန်မထားဘူး။ စာနာတယ်၊ တိုးတက်စေချင်တယ်။ တော်တော်လည်း ထင်ထင်ပေါ်ပေါ် တွေ့နေရပြီ။ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးသွားတာပေါ့။ ပြဿနာတွေ ရှိနေတယ်ဆိုတာ သိတယ်။ အမေရိကန်သမိုင်းကို ဥပမာ ပေးသွားတယ်။ ရခိုင်ပြည်နယ်မှာ ပြဿနာတွေရှိတယ်၊ ကချင်မှာလည်း စစ်မီးမငြိမ်းသေးဘူး။ ဒါတွေလည်း ပြေလည်မှုရရှိအောင် အားလုံး ပြေပြေလည်လည်ဖြစ်အောင် ဖြေရှင်းရမယ်။ ကျောသားရင်သား မခွဲခြားဘဲနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တည်ဆောက်ဖို့ ပြောသွားတယ်။
ခြုံပြီးတော့ ပြောရင် ရန်ကုန်တက္ကသိုလ်မှာ အိုဘားမားပြောသွားတဲ့ တန်ဖိုးရှိတဲ့ သမိုင်းဝင်မိန့်ခွန်းပါပဲ။ မြန်မာပြည်သူတွေကို ပစ်မထားဘူး။ ဒီက ပြည်သူပြည်သားတွေလည်း အမေရိကန် ပြည်သူပြည်သားတွေလို ဖြစ်ပေါ်စေချင်တဲ့ စေတနာကို မြင်ရပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ရွေးချယ်တဲ့အပိုင်းကတော့ သမိုင်းတင်တဲ့နေရာ ဖြစ်တယ်။ နိုင်ငံ့ခေါင်းဆောင်တွေ ပေါ်ထွန်းတဲ့နေရာကို သူပြန်လာပြီး မိန့်ခွန်းပြောတာက ကျောင်းသားလူငယ်တွေကို အားပေးတာပဲ။ မိန့်ခွန်း တက်ရောက်နားထောင်တဲ့သူတွေမှာလည်း လူငယ်တွေများတယ်။ လူငယ်တွေများတယ်ဆိုတာက အနာဂတ်အတွက် ရည်ညွန်းတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြာခဏဆိုသလို ထုတ်ဖော်ပြောကြားတဲ့အတွက် သူဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ပြတာပဲ။ သူရဲ့တန်ဖိုးထားမှုတွေကို ပေါ်လွင်စေပါတယ်။
ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ)
(ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို) သူ့အနေနဲ့ သုံးခွင့်ရှိတဲ့သဘော ရှိမှာပေါ့။ ကျနော်တို့ကတော့ မကြိုက်ချင်ဘူး။ ရင်ကြားစေ့ရေးဆိုတာ တိုင်းရင်းသား အချင်းချင်းကတော့ ဖြစ်နိုင်တာပေါ့။ တိုင်းရင်းသား မဟုတ်တဲ့ပုဂ္ဂိုလ်တွေ၊ အခြားတနေရာက လာတဲ့ပုဂ္ဂိုလ်တွေက အမည်သစ်ထွင်ပြီးကာမှ ရည်မှန်းချက်ကြီးကြီး လုပ်တာမျိုးမို့လို့ အိုဘားမား လေ့လာဖို့လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကုန်လုံးရဲ့သဘောထားတခု ထွက်နိုင်ပါတယ်။ ကျနော် မကြိုက်ဘူး။ သူက လွတ်လွတ်လပ်လပ် တိုင်းပြည်ကဆိုတော့ မည်သည့်နိုင်ငံကိုမဆို လွတ်လွတ်လပ်လပ် ပြောဆိုဝေဖန်နိုင်တယ်။ သူရဲ့အမြင်ကိုးဗျ။ ဒါပေမယ့် နိုင်ငံတခုကို လာတဲ့ခေါင်းဆောင်ဆိုတာက ဒီနိုင်ငံနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတခုကို သုံးမယ်ဆိုရင် ဇာစ်မြစ်ကို လေ့လာဖို့လိုမယ်။ သူက ကမ္ဘာ့ခေါင်းဆောင်လေ။ ကမ္ဘာ့ခေါင်းဆောင်ဆိုတာက ကမ္ဘာကြီးတခုလုံး အပ်ကျတာကအစ သိနေတယ်ဆိုရင်လေ။ အိုဘားမားက မွတ်စလင်ပဲ။ နောက်မှ ခရစ်ယာန်ပြောင်းတယ်လို့ သိတာကိုး။ ဒါပေမယ့် ကျနော်တို့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လုံးဝမကြိုက်ဘူး။ သူက လွတ်လွတ်လပ်လပ်နေရာက လာတဲ့လူသားကိုးဗျ။
ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်တိုင်းဒေသကြီးအစိုးရ)
သူ့မိန့်ခွန်းကို သဘောကျတယ်၊ ကောင်းတယ်။ သမ္မတကြီး အိုဘားမားက ရိုဟင်ဂျာလို့ သုံးနှုန်းသွားတာက တောင်းဆိုနေတဲ့လူတွေကို အသိအမှတ်ပြုပြီးတော့ ငြိမ်းချမ်းရေးအတွက် ညွှန်းပြီးတော့ ပြောသွားတယ်လို့ ထင်တယ်။ အသိအမှတ်ပြုတယ်လို့တော့ မဟုတ်ဘူး။ သဘောမကျဘူး။ ဒါပေမယ့် အဲဒီအုပ်စုကို ညွှန်းပြီး ညွှန်းပြီးတော့ ပြောတာပါ။ ကမ္ဘာပေါ်မှာ အချုပ်အခြာ အာဏာက ပြည်သူပဲ ပိုင်တယ်။ ပြည်သူရွေးတဲ့ သမ္မတက ပြည်သူ့ကိုယ်စား အုပ်ချုပ်ရတယ်။ ပြည်သူ့အကျိုးကိုပဲ ဦးစားပေးပြီး လုပ်တယ်။ ပြည်သူ့ဆန္ဒကိုပဲ လိုက်လျောရမယ်။ မြစ်ဆုံကိစ္စမှာ ပြည်သူ့ဆန္ဒ လိုက်လျောတာကို သူကြိုဆိုတယ်။ သူ့နိုင်ငံမှာ သူဒီလိုပဲ သွားနေရတယ်။ သူ့နိုင်ငံမှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်တပ်ဆိုတာရှိတယ်။ အဲဒီစစ်တပ်ဆိုတာက ပြည်သူရွေးထားတဲ့သမ္မတရဲ့ အမိန့်အောက်မှာပဲ ရှိရတယ်ဆိုတာလည်း ပြောသွားတယ်။ ဒါက ကျနော်တို့ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် ခံယူရမယ့် ခံယူချက်တွေပဲလို့ ထင်မြင်ပါတယ်။
ဦးဌေးဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ)
သမ္မတ အိုဘားမားက သူရဲ့ ပထမသက်တမ်းအတွင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို သူနားလည်တယ်။ သူနားလည်တဲ့အတွက် အားပေးကူညီမှုတွေ လုပ်ခဲ့တယ်။ ဒုတိယ သက်တမ်းအတွင်းမှာ ဦးဦးဖျားဖျား အာဆီယံ အစည်းအဝေး လာတက်ရင်းနဲ့ ကျနော်တို့နိုင်ငံကို ဝင်လာတယ်။ အရင်တုန်းကလည်း နားလည်မှုရှိတဲ့ပုဂ္ဂိုလ်၊ အခုလည်း လာတယ်ဆိုတော့ ကျနော်တို့ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ပိုပြီး အားပေးကူညီမှုတွေ လုပ်လာလိမ့်မယ်။ သူအလေးထားတာဖြစ်လို့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် အကျိုးရှိမယ်။
ဦးဇိုဇမ် (ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ)
အိုဘားမားမိန့်ခွန်းက ကျနော်တို့ မျှော်လင့်ထားသလို မဟုတ်ဘူး။ အိုဘားမားက ဒီမိုကရေစီက ရွေးကောက်ပွဲ သင်တန်းလာပို့ချနေတာ။ ကျနော်တို့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးဖို့ နည်းနည်းလမ်းကြောင်းပေးတာတော့ ရှိတာပေါ့။ ဒါပေမယ့် သူတို့ရဲ့ထုံးစံအတိုင်း သူတို့ကိုယ်ကျိုးစီးပွား အဓိကပဲ။ ပြီးတော့ မြောက်ကိုရီးယားကို သတိပေးချင်တာလည်း ပါတယ်။ မြောက်ကိုရီးယားကို မဆီမဆိုင် ကျနော်တို့ဆီကနေ သတင်းစကား ပါးလိုက်သေးတယ်။ တခု ကျနော်ဘဝင်မကျတာ တိုင်းရင်းသားအမျိုးပေါင်း ၁၀၀ ကျော်တယ် ရှိတယ်ဆိုတဲ့ သတင်းအမှားကို သူရလိုက်တယ်။ ဒါကတော့ ကျနော်တို့ တိုင်းရင်းသား ၁၀၀ ကျော်မရှိဘူး။ ၁၀၀ ကျော်ရှိတယ်ဆိုတာ ဒီက အစိုးရ အစဉ်အဆက်ရဲ့ တိုင်းရင်းသားတွေကို ခွဲခြားစိတ်ဖြာပြီးတော့ သေးနိုင်သမျှ သေးအောင်လုပ်တဲ့ အခြေအနေကို လက်ခံထားရတာ။ တိုင်းရင်းသား ၁၀၀ ကျော်ဆိုတာ လက်မခံဘူး။ အဲဒါကို လာမယ့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်တဲ့အခါကျရင် အဖြစ်မှန် ဖော်ထုတ်ချင်တယ်။
ရခိုင်ပြည်အကြောင်း ပြောတဲ့အခါမှာလည်း မြန်မာနိုင်ငံရဲ့ ရာဇဝင် သိပ်သိပုံမရပါဘူး။ ပြည်ထောင်စုမြန်မာနိုင်ငံ ဘယ်လိုဖွဲ့စည်းတယ်ဆိုတာက အစပေါ့၊ သိမယ့်ပုံ မပေါ်ဘူး။ ကြားလို့ကောင်းအောင် ပြောသွားတာ။ ကျနော့်အာရုံထဲကို လေးလေးနက်နက် မထိရောက်ခဲ့ဘူး။ အဓိက အရေးကြီးဆုံးက ဖက်ဒရယ် ပြည်ထောင်စုကိစ္စကို သူတခွန်းမှ ထည့်မပြောဘူး။ ကျနော်ဒီအချိန်မှာ ဖက်ဒရယ်ဆိုတာ သူတို့ကိုယ်တိုင် ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် ထူထောင်နိုင်တာ ဖက်ဒရယ်ကြောင့်ပဲ။ အဲဒီကိစ္စ တခွန်းပြောရင်တောင် ကျနော် ဝမ်းသာမှာပါ။ အဲဒါကို လုံးဝမပြောဘူး။ အဆင့်တွေကျော်ပြီး လျှောက်ပြောနေတယ်။ ဒီမိုကရေစီအောင်မြင်ဖို့က ငြိမ်းချမ်းရေးမရလို့ မအောင်မြင်ဘူး။ ငြိမ်းချမ်းရေးမရတာကလည်း တိုင်းရင်းသားတွေက လက်နက်ကိုင်လို့ ငြိမ်းချမ်းရေးမရတာ။ တိုင်းရင်းသား လက်နက်စွန့်လို့ရအောင် ကျန်တဲ့အသိုင်းအဝိုင်းက ဘာတွေ ပံ့ပိုးသင့်သလဲ။ ဘာတွေဝိုင်းပြီး ဆွေးနွေးပေးရမလဲ။ အဲဒါအခြေခံအချက်ပဲ။ တကယ့်တိုင်းပြည်ကို သူတို့နိုင်ငံလို ထူထောင်ဖို့ဆိုတာ ငြိမ်းချမ်းရေးရဖို့ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖက်ဒရယ်စနစ် ဖြစ်ရမယ်။ ဒါတွေကို မပြောဘဲ အဆင့်ကျော် ပြောသွားတယ်၊ လိုအပ်ချက်ကို မပြောဘူး။ ဒီမိုကရေစီ သင်ပုန်းကြီး ဖတ်စာလာရွတ်တာ။ ကျနော်တို့က ဒီမိုကရေစီရဖို့ မိုးပေါ်က ရေခံသောက်သလို လုပ်နေတဲ့လူတွေ မဟုတ်ဘူး။ သွေးနဲ့သားနဲ့ အသက်နဲ့ရင်းပြီး လုပ်နေကြတာ၊ တိုက်ပွဲဝင်နေကြတာ။ အခုမှ ရေးရေးလေး ပေါ်လာတဲ့အချိန်မှာ တကယ့်ကို ဗိုလ်ချုပ်အောင်ဆန်း ပြောသလို တက်ထောင်ပြီး အော်ချင်နေကြတယ်။ လူထုရှေ့မှာ စကားပြောတဲ့နေရာမှာ ပါတီကြီးတခုလောက်ကို အမွှန်းတင်လိုက်တာမျိုး။ ကျနော်တို့ ပါတီစုံစနစ်ပါ။ ကျနော်တို့ နားလည်သွားပါတယ်၊ ဘယ်သူ့အတွက် စည်းရုံးရေး လာဆင်းတယ်ဆိုတာကို နားလည်သွားတယ်။
ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ)
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုတဲ့သဘော ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာမှာ စိတ်ဝင်စားလာကြ တာပေါ့။ မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြု ကြိုဆိုတယ်ဆိုတော့ ကောင်းတယ်။ သို့သော်လည်း အိုဘားမားကလည်း အခြားနိုင်ငံ ခေါင်းဆောင်တွေလိုပဲ သူတို့ အမျိုးသားအကျိုးစီးပွားအတွက်ပဲ ပြောတာပါပဲ။ လူ့အခွင့်အရေး ဆိုတာကလည်း နိုင်ငံခြားရေး ပေါ်လစီပဲလေ။ ရခိုင်ကိစ္စကို ပြောတုန်းက လူ့အခွင့်အရေးကိစ္စကို ပြောခြင်းအားဖြင့် သူ့ကိုကြည့်ရတာ မွတ်စလင်နိုင်ငံတွေရဲ့ စိတ်မသက်သာမှုကို ပြေလျော့သွားအောင် သုံးနှုန်းသွားတယ်။ ဒီနိုင်ငံမှာ မသုံးတဲ့ စကားတခွန်းကို သူသုံးသွားတယ်။ ဒီနိုင်ငံက တရားဝင်လက်မခံတဲ့ အသုံးအနှုန်းတခုကို သူသုံးသွားတယ်။ မွတ်စလင်နိုင်ငံတွေအပေါ် နှစ်သိမ့်နေတာက အမျိုးသား အကျိုးစီးပွား ရေနံလုံခြုံရေးအတွက်များ သက်ဆိုင်နေမလားလို့ သံသယရှိတယ်။ လာတာကောင်းတယ်။ သူ့ကတိအတိုင်း ဆက်လုပ်ဆောင်ပေးဖို့ လိုတယ်။ ဒါပေမယ့်လည်း သူ့အမျိုးသားအကျိုးစီးပွား အဓိကဆိုတာ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ အစဉ်အလာတိုင်းပါပဲ။ ။