စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၃ နာရီလောက်မှာ ရဲတပ်ဖွဲ့က လူစုခွဲဖို့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ စီးနင်းရာမှာ မီးသတ်ပိုက်၊ မီးခိုးဗုံးတွေကို အသုံးပြုတယ်လို့ အာဏာပိုင်တွေက ဆိုပေမယ့် သပိတ်စခန်းက သံဃာတော်နဲ့ လူတွေ ဆိုးရွားစွာ မီးလောင်ဒဏ်ခံရတာကြောင့် မီးလောင်ဗုံး သုံးစွဲတယ်ဆိုပြီးတော့လည်း ပြောဆိုနေကြပါတယ်။ ဒီလို အလွန်အကျွံ အင်အားသုံး ဖြိုခွင်းမှုကို လူတန်းစားအလွှာ အသီးသီးရဲ့ တုံ့ပြန်မှုတွေကို ဧရာဝတီ သတင်းထောက် လင်းသန့်က မေးမြန်း စုစည်းထားပါတယ်။
ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)
လုံး၀ မကျေနပ်ဘူး။ လုံး၀ သည်းမခံနိုင်ဘူး။ ဦးဇင်းတို့က သံဃာတွေကို အဲဒီကို ပို့ထားတယ်ဆိုတာ ပြည်သူလူထုကလည်း ဝမ်ပေါင်ကုမ္ပဏီကို အကြမ်းမဖက်အောင်၊ အစိုးရကလည်းပဲ ပြည်သူလူထုကို အကြမ်းမဖက်အောင် စောင့်ရှောက်တဲ့အနေနဲ့ ပို့ထားတာလေ။ စောင့်ရှောက်နေတဲ့ သံဃာတွေကို ရန်သူစခန်းတခုကို ဖြိုခွင်းသလို အဲဒီလို မီးလောင်ဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ အဲလိုလုပ်တော့ သံဃာတွေ အကုန်လုံးက ဒုက္ခသုက္ခတွေ ဖြစ်ကုန်တယ်။ ငြိမ်းချမ်းရေးအတွက်လာပြီး စောင့်ရှောက်နေတဲ့ သံဃာတွေကို ဒီလို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ မန္တလေး သံဃာထုတင်မကဘူး။ မြန်မာတနိုင်ငံလုံးရှိတဲ့ သံဃာထုကလည်း ဝိုင်းဝန်းရှုံ့ချပြီးတော့ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ဦးဇင်းတို့ စီစဉ်နေပါတယ်။ ဒီလက်ချက်က ဘယ်သူလက်ချက်လဲဆိုတာ ဦးဇင်းတို့ စောင့်ကြည့်နေပါတယ်။ အဖြေအတိအကျ သိပြီဆိုရင် ဦးဇင်းတို့ ထိထိရောက်ရောက် တုံ့ြ့ပန်သွားမယ်။ ဦးဇင်းတို့ ဆက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။
ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက)
အခုလို အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်တာ မှားယွင်းတဲ့လုပ်ရပ်လို့ ပထမပြောချင်တယ်။ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့တောင် ငြိမ်းချမ်းရေးရဖို့ စကားပြောနိုင်သေးတာ အခုဟာက လယ်သမားတွေက သူတို့နစ်နာချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာကို ဘာလို့ သူတို့က စကားမပြောနိုင်ဘဲ စစ်လက်နက် ပစ္စည်းတွေနဲ့ အသုံးပြုရတာလဲ။ အခုလို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မကျေနပ်မှုတွေနဲ့ တတိုင်းပြည်လုံး အုံကြွသွားနိုင်တာကြောင့် သူတို့ သွားနေတယ်ပြောတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာ သူတို့ မသိဘူးလား။
ဦးချန်ထွန်း (ဝါရင့်နိုင်ငံရေးသမား၊ အငြိမ်းစား သံအမတ်ကြီး)
အခုဟာက ကြမ်းတမ်းလွန်းတယ်လို့ပဲ ပြောချင်ပါတယ်။ အစိုးရက ဆန္ဒပြတဲ့လူတွေကို ဖြိုခွဲတဲ့နေရာမှာ အခုလို လုပ်ရပ်က အကုန်လုံးပေါ့၊ ထိခိုက်ဒဏ်ရာရအောင် ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း လုပ်တာဖြစ်လို့ ဒါဟာ တော်တော့်ကို မကြားဝံ့ မနာသာဆိုတဲ့ သဘောလိုပဲ။ အမှန်ကတော့ ပြင်းထန်လွန်းအားကြီးတယ်။
ဒေါ်ခင်စန်းလှိုင် (ပုလဲမြို့နယ်ကိုယ်စားပြု NLD လွှတ်တော်အမတ်)
ကျမအမြင်ကတော့ ဒီဟာက ဘယ်ကနေ စဖြစ်တာလဲ၊ ဘယ်သူက တာဝန်ရှိတာလဲ၊ ဒီဟာရဲ့ ဖြစ်လာရတဲ့ အပေါ်မှာရော ဘယ်သူက တာဝန်ယူမှာလဲ။ နောက်တခုက ဒီဘက်က အထိအခိုက်အပျက်အစီး စာရင်းတွေလည်း ကျမတို့ တိတိကျကျ မရသေးဘူး။ မရသေးတဲ့အတွက်တော့ ကျမ ဒီအပေါ်မှာတော့ ဘာမှ ထင်မြင်ချက် မပေးချင်သေးဘူး။ သို့သော်လည်း လူသားချင်း စာနာထောက်ထားမှု အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီလိုမျိုးတွေကတော့ မဖြစ်သင့်ဘူးလို့ ပြောချင်တယ်။
ကိုဂျင်မီ (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
ကျနော်တို့ရဲ့ မူကတော့ တလျှောက်လုံး ဘယ်အကြမ်းဖက်မှုမှ လက်မခံဘူး။ အခုလို အကြမ်းဖက် ဖြိုခွင်းတဲ့ ကိစ္စကိုလည်း သဘောမတူဘူး၊ ကန့်ကွက်တယ်၊ နောက်ပြီးတော့ အသွင်ကူးပြောင်းရေး ကာလမှာ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့ နားလည်ပါတယ်၊ ဥပဒေသည် ကျနော်တို့ တလျှောက်လုံး မကျင့်သုံးခဲ့တာ ကြာပြီလေ။ အစိုးရဘက်ကရော ပြည်သူဘက်ကရော ကျင့်သုံးခဲ့တဲ့ အလေ့အကျင့် မရှိဘူး။ အဲဒီတော့ ဒါကတပိုင်း။
နောက်တခုက ဘာလဲဆိုတော့ ပြည်သူလူထုက နှစ်ပေါင်းများစွာ အပိတ်အမှောင်ထဲမှာ နေခဲ့ကြတာလေ အခု ပွင့်လင်းလာပြီဆိုတော့ သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ ဒုက္ခတွေကို သူတို့ သိလာတဲ့အတွက် ဖော်ပြလာတယ်၊ ဖော်ပြလာပြီးမှ ဒီမိုကရေစီ စနစ်ဆိုပြီး ပြောင်းလဲလာတဲ့ အစိုးရအပေါ်မှာ အမှန်တော့ အကျပ်ကိုင်နေတာ မဟုတ်ဘူး၊ ဆန္ဒပြနေတာ မဟုတ်ဘူး သူတို့ အားကိုးနေတာဗျ။ ကျနော်မြင်တာကတော့ သူတို့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ မရှိတော့ဘူးလား၊ ဒီနည်း တနည်းပဲ ရှိသလား။ ဒါမေးခွန်းဖြစ်တယ်။ ဒီနည်းတနည်းပဲ ရှိတယ်ဆိုရင် ဒါဟာ ဒီမိုကရေစီ အစိုးရတရပ်ရဲ့ ဖြေရှင်းမှု မဟုတ်ဘူး။ ကျနော် ပြောချင်တာကတော့ အကြမ်းဖက် ဖြေရှင်းတဲ့နည်းဟာ ဘယ်တော့မှ အသုံးမဝင်ပါဘူး။ အထူးသဖြင့် အသွင်ကူးပြောင်းရေးကာလမှာ စိတ်ရှည်ချင်း ရှည်ကြရင်းဆိုရင် အစိုးရက ပိုပြီးတော့ စိတ်ရှည်ရပါမယ်။ အဲဒီတော့ အခု ဖြစ်သွားတဲ့ ပြဿနာတွေကို အစိုးရက တာဝန်ယူပြီးတော့ သက်ဆိုင်ရာ သက်ဆိုင်ရာ အပေါ်မှာ ဒီလိုအကြမ်းဖက် ဖြေရှင်းလိုက်တဲ့ အပေါ်မှာလည်း တာဝန်တခုယူပြီးတော့ ဖြေရှင်းရပါလိမ့်မယ်။ နောင်လာမယ့် လာမယ့် အခြေအနေတွေပေါ့ ပြဿနာတွေ ရှိနိုင်သေးတာပဲလေ။ လူရှိရင် ပြဿနာရှိမယ်၊ ပြဿနာရှိရင် ဖြေရှင်းနည်းရှိနေရမယ်။ ဖြေရှင်းနည်းဟာ ဒီမိုကရေစီ အစိုးရတရပ်ရဲ့ ဖြေရှင်းနည်းပဲ ဖြစ်ရပါလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။
မောင်စိန်ဝင်း (ပုတီးကုန်း) (စာရေးဆရာ)
ကျနော့်တယောက်တည်း သဘောထား အမြင်ကတော့ဗျာ ဒီကိစ္စက လုံး၀ မဖြစ်သင့်တဲ့ကိစ္စလို့ ကျနော့်စိတ်ထဲမှာ ထင်ပါတယ်။ အဲဒီလို လုပ်လိုက်တာဟာ အရင် အစိုးရလက်ထက်တုန်းက အယူအဆနဲ့ အပြုအမူနဲ့ ဘာမှ မကွာခြားဘူးလို့ ကျနော်အဲဒီလိုပဲ သုံးသပ်ပါတယ်။ ပြောချင်တာက လက်ပံတောင်းတောင်တင် မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာရှိတဲ့ သဘာ၀ အရင်းအမြစ် သယံဇာတဖြစ်တဲ့ ဧရာဝတီမြစ်တို့၊ လက်ပံတောင်းတောင်တို့၊ ပုပ္ပါးတောင်တို့ အဲဒါတွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေ ဆန္ဒကတော့ မပျောက်မပျက်လိုတဲ့ ဆန္ဒရှိပါတယ်။ ကျနော် ဟောပြောပွဲ စင်ပေါ်မှာလည်း အဲဒီကိစ္စကို အဲဒီသဘောထားကိုပဲ ပြောပါတယ်။
ဦးသုဝေ (ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ)
ဒီလို အကြမ်းဖက် ဖြေရှင်းတာတော့ ကျနော်တို့ လုံး၀ သဘောမကျပါဘူး။ (ပြောနေစဉ် ဖုန်းလိုင်း ပြတ်တောက်သွားပါတယ်)
ဒေါက်တာ သိန်းလွင် (ပညာရေး အကြံပေး)
ကျနော့်အမြင်ကတော့ ကြေးနီစီမံကိန်း ပတ်ဝန်းကျင်က ရွာသူရွာသားတွေမှာ သူတို့ နစ်နာဆုံးရှုံးတာ ရှိတယ်လေ။ ရွာတွေ ရွှေ့ပြောင်းရတယ်။ လယ်တွေ အသိမ်းခံရတယ်။ အဲဒီအပေါ်မှာ သူတို့ တရားသဖြင့် တောင်းဆိုတာ။ ဒီလို တောင်းဆိုတဲ့အပေါ်မှာ အခုလို အကြမ်းဖက်ပြီး ဖြိုခွင်းလိုက်တယ်။ ဒါမဖြစ်သင့်ဘူး။ ဒီလို အကြမ်းဖက် ဖြိုခွင်းတာကို ကျနော် ကန့်ကွက်တယ်။ ရွာသူရွာသားတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးသင့်တယ်။
ဦးအောင်မိုးဇော် (ပြည်ပ အခြေစိုက် လူဘောင်သစ်ပါတီ ဥက္ကဌ)
အခုလိုမျိုး မီးလောင်မှုဖြစ်စေပြီးတော့ အကြမ်းဖက် ဖြိုခွင်းတယ်။ သံဃာတော်တွေ၊ ဆန္ဒပြတဲ့ ပြည်သူတွေကို အဲဒီလို အနာတရဖြစ်အောင် ဒဏ်ရာရအောင် ဖြိုခွဲတဲ့ကိစ္စကို ကျနော်တို့အနေနဲ့တော့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ ပြင်းပြင်းထန်ထန် ရှုံ့ချရတဲ့အကြောင်းကလည်း ဒီမိုကရေစီအရေးကို သွားနေပါပြီ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးကို သွားနေပါပြီလို့ နိုင်ငံတကာက ပြောနေတဲ့ကိစ္စကို၊ သို့မဟုတ် ပြည်သူတွေကနေ ယနေ့ ပြည်ထောင်စု အစိုးရအပေါ်မှာ တစုံတရာ ယုံကြည်မှု ရှိလာတာတွေကို အခုလို အကြမ်းဖက်မှုက ခြေဖျက်ပစ်လိုက်သလို ဖြစ်တယ်။ အခုလို အကြမ်းဖက် ဖြိုခွင်းတဲ့ကိစ္စမှာ တာဝန်ရှိတဲ့လူတွေကို ပြည်ထောင်စု အစိုးရအနေနဲ့ အရေးယူသင့်တယ်လို့ ကျနော်ယူဆတယ်။ ဒီလို အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ ယနေ့ ပြည်ထောင်စု အစိုးရအပေါ်မှာ နိုင်ငံတကာရဲ့ ယုံကြည်မှုရော ပြည်တွင်းက ပြည်သူလူထုရဲ့ ယုံကြည်မှုရော ယနေ့ နိုင်ငံရေးလောကက အဖွဲ့တွေရဲ့ ယုံကြည်မှုတွေရော အကုန်လုံး ကျဆင်းသွားစေနိုင်တယ်။
ဦးအောင်မျိုးမင်း (ဒါရိုက်တာ၊ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံ – HREIB)
အရေးပေါ်ဥပဒေ ၁၄၄ ကို ထုတ်တယ်ဆိုတာ လွယ်လွယ်နဲ့ ထုတ်လို့မရပါဘူး။ တကယ့်ကိုလိုအပ်လို့ မဖြစ်မနေ ထုတ်ရတဲ့အကြောင်းရင်းတွေ ရှိဖို့လိုအပ်ပါတယ်။ အခုလို အရေးပေါ် ဥပဒေကို လွယ်လွယ်နဲ့ထုတ်ပြန်ပြီး ညအချိန်မှာ လက်နက်မဲ့တဲ့ ဆန္ဒပြသူတွေကို လိုတာထက်ပိုတဲ့ နည်းလမ်းတွေနဲ့ ဖြိုခွင်းတာကို ရှုံ့ချပါတယ်။ အခုတွေ့ရတဲ့ သတင်းတွေအရဆိုရင် ဖြိုခွင်းမှုထဲမှာ လက်နက်မဲ့သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရစေတဲ့ လက်နက်တွေ သုံးထားတယ်လို့ ခန့်မှန်းရတယ်။ ဒါကြောင့် ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး တရားဥပဒေက ခွင့်ပြုထားတဲ့ လုပ်ပိုင်ခွင့်ထက် ပိုမိုလုပ်ဆောင်တာ ရှိ မရှိ သေချောချာ စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။
ဦးအံ့မောင် (ကဗျာဆရာ မုံရွာ အံ့မောင်)
အင်မတန် ဝမ်းနည်းစရာ ကောင်းတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လာခါနီးကလေးမှာ လုပ်လိုက်တာကဖြင့် ဘယ်လို ရည်ရွယ်ချက်လဲဆိုတာ မတွေးတတ်နိုင်အောင်ဖြစ်ပါတယ်။ ကျနော်တို့တွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ အစိုးရအဖွဲ့များ အတူလက်တွဲပြီး ဒီမိုကရေစီကို ချောချောမောမော ဖော်ဆောင်သွားနိုင်ဖို့ လိုလားတာပါပဲ။ မြန်မာပြည်မှာ လူထုရဲ့လှုပ်ရှားမှု၊ သပိတ်မှောက်မှု၊ ဆန္ဒဖော်ထုတ်မှု အကြောင်းအမျိုးမျိုးကြောင့် အများစု ဖြစ်နေတာ တွေ့ရကြားရပါတယ်။ ဒီဟာတွေကို ကိုင်တွယ်တဲ့အခါမှာ လူထုဘဝကို စာနာနားလည်ပြီးတော့ အဲဒီလူထုရဲ့ဘဝကို မြင်တဲ့အမြင်နဲ့ ချဉ်းကပ်ဆောင်ရွက်ကြဖို့ လိုပါလိမ့်မယ် ထင်ပါတယ်။ ဘယ်အစိုးရမဆို အစိုးရဆိုသည်မှာ လူထုရဲ့အစိုးရဟူသည်မှာ မမေ့ကြဖို့ အင်မတန် အရေးကြီးမှာပါ။
ဦးကျော်ရင်မြင့် (မန္တလေး အခြေစိုက် စာရေးဆရာ)
စစ်အစိုးရ စပြီး အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်က ပြန် စပြောရမှာပဲ။ ဓား ဓားချင်း၊ လှံ လှံချင်း ဆိုပြီးတော့ ဗိုလ်ချုပ် နေဝင်း အစိုးရက ဆန္ဒပြတဲ့ ကျောင်းသားတွေကို လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့ဖူးတယ်။ အကြမ်းဖက် ဖြိုခွင်းတယ်ဆိုတာက ဘယ်တုန်းကမှလည်း မအောင်မြင်ခဲ့ဘူး။ ကောင်းမွန်တဲ့၊ ချောမွေ့တဲ့ ပန်းတိုင်ကိုလည်း ဘယ်တုန်းကမှလည်း မရောက်နိုင်ဘူး။ အထူးသဖြင့်တော့ အာဏာပိုင်ပေါ့။ သူတို့က သူတို့မှာ လက်နက်ရှိတယ်ဆိုပြီးတော့ အကြမ်းဖက် ဖြိုခွင်းတာတွေကို မဖြစ်သင့်တော့ဘူးဆိုတာ ဒီ (နှစ်) ၅၀ လောက်ကဟာတွေကို သူတို့ သင်ခန်းစာ ယူသင့်ပြီလို့ ကျနော်မြင်ပါတယ်။ လက်ပံတောင်းမှာလည်း ဒီလိုပဲ အကြမ်းဖက် ဖြိုခွင်းတယ်ဆိုရင် ဒီမီးဟာ မငြိမ်းပါဘူး။ ပိုပြီး ကြီးလာမှာပါ။ ပိုကြီးလာပြီးတော့ ပိုပြီးတော့ ၂ ဖက်လုံးကို လောင်မြိုက်ပြီးတော့ တိုင်းပြည်အတွက် အကျိုးမရှိတဲ့ ရလာဒ်တွေပဲ ရလာလိမ့်မယ်လို့မြင်ပါတယ်။
ဦးကျော်သူ (နာရေး ကူညီမှုအသင်း – ရန်ကုန်)
ကျနော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တယောက်အနေနဲ့ တန်ဆောင်မုန်း လပြည့်နေ့မှာ ဒီလိုဖြစ်တယ်ဆိုတာ ဒါမကောင်းပါဘူး။ ကျနော်တို့ ဘာသာအရ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာလိမ့်မယ်ဆိုတဲ့ စကားကလည်း ရှိတယ်။ အမှန်မှာတော့ ဒါဟာ ကိုယ်ချင်းစာစိတ်ကလေးနဲ့ ဘယ်အလုပ်မဆိုလုပ်ရင် အဆင်ပြေမယ်လို့ ကျနော်မြင်တယ်။ ဒီညပဲ ကျနော်တို့ မုံရွာကိုသွားကြတော့မယ်။ မုံရွာမှာ ဆေးဝါးကုသမှုတွေ ကူညီပေးဖို့ပါ။