လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်မှောက် ဆန္ဒပြသူများကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မုံရွာခရိုင် ရဲတပ်ဖွဲ့က ညဉ့်သန်းခေါင်ကျော်အချိန် အင်အားသုံး နှိမ်နင်းသောကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၇၀ ကျော် ဒဏ်ရာ အနာတရ ခံစားကြရသည်။
အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် “နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အား အလွန်အကံျွ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိ” ဟု ဆိုသော်လည်း ပြန်လည် ခုခံခြင်းမရှိသည့် လက်နက်မဲ့ ပြည်သူလူထုကို ညဉ့်သန်းခေါင်ကျော် အိပ်မောကျချိန်တွင် အင်အားသုံး အကြမ်းဖက် နှိမ်နင်းခြင်း ဖြစ်သောကြောင့် အလွန် အရုပ်ဆိုးသည့် လုပ်ရပ်ဖြစ်သည်။
ထိုကဲ့သို့သော နှိမ်နင်းမှုမျိုးမှာ စစ်မြေပြင်တွင် တဖက်ရန်သူကို အငိုက်ဖမ်း တိုက်ခိုက်မှုမျိုး ဖြစ်သောကြောင့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေသည်ဟူသော အရပ်သားအမည်ခံ အစိုးရတရပ်၏ လုပ်ဆောင်ချက်အဖြစ် မြင်တွေ့ရသည့်အခါမူ ပြုပြင်ပြောင်းလဲမှုများနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်မည်ဟူသော ကတိကဝတ်များ ဂငယ်ကွေ့ ပြန်ကွေ့တော့မည်လားဟု မေးစရာ ရှိနေသည်။
ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေးစံနှုန်း စသည်တို့ကို ရှေ့တန်းတင် စကားပြောလာသည့် သမ္မတ ဦးသိန်းစိန် အစိုးရအပေါ် ယခုကဲ့သို့ အကြမ်းဖက်နှိမ်နင်းသည့် လုပ်ရပ်ကြောင့် ယုံကြည်မှု ပျက်ယွင်းသွားစေခဲ့ပါသည်။
ယခင် စစ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံ စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက်နှင့် တရုတ် ကုမ္ပဏီတခု ဖြစ်သော ဝမ်ပေါင်တို့ နှစ်ဦးအကျိုးတူ လုပ်ကိုင်နေသည့် ဤကြေးနီစီမံကိန်းကြောင့် ဒေသခံ ကျေးရွာများစွာ ဖယ်ရှားပေးခဲ့ရသကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ၊ ကျန်းမာရေးဆိုးကျိုးများ တွေ့ရှိလာရသောကြောင့် သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများနှင့် လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်သည့် တက်ကြွ လှုပ်ရှားသူများ ဦးဆောင်မှုဖြင့် ဒေသခံများ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်မှာ တရားနည်းလမ်းကျပါသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၄၊ ၂၅ ရက် နေ့များက နေပြည်တော်တွင် ကျင်းပခဲ့သော မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတရပ်တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ယခင် စစ်အစိုးရလက်ထက် မြေယာသိမ်းမှုပုံစံများ မှားယွင်းခဲ့ကြောင်း၊ ယခင်မှားယွင်းမှုများကို အပြစ်မတင်တော့ဘဲ သင်ခန်းစာအဖြစ်ယူကာ ဆက်လက်၍ အကောင်းဆုံး ဖြစ်စေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ဝန်ကြီးဦးစိုးသိန်း ပြောသကဲ့သို့ စစ်အစိုးရလက်ထက်တွင် ကျူးလွန်ခဲ့သည့် အမှားများကို မည်သို့ပြင်ကြမည်နည်း။
စီမံကိန်း၏ အကျိုးအမြတ်များ မည်သို့သုံးစွဲသည်၊ မည်သူက မည်မျှ အကျိုးခံစားရသည်၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဘေးထွက် အဆိုးအပြစ်များကို မည်သို့ထိန်းသိမ်း ကိုင်တွယ်သည် စသည်များ ရှင်းလင်း ရေရာမှု မရှိသည့်အပြင် ဥပေက္ခာပြု လျစ်လျူရှုခံကြရသော သက်ဆိုင်ရာ ရပ်ရွာအသိုင်းအဝိုင်းနေ နိုင်ငံသားတို့က ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြမှုကို ယခုကဲ့သို့ ယခင်စစ်အစိုးရ သုံးခဲ့သည့် နည်းလမ်းဟောင်းများအတိုင်း အင်အားသုံး နှိမ်နင်းသည် ဆိုသောကြောင့် မြန်မာပြည်သူလူထုနှင့် ဒီမိုကရက်တစ် လူ့အသိုင်းအဝိုင်းကြား ဦးသိန်းစိန်အစိုးရ မည်သို့မျှ မျက်နှာကောင်းရစရာ မရှိပေ။
အချုပ်အားဖြင့် တပ်မတော်က တာဝန်ယူ အုပ်ချုပ်နေသော ပြည်ထဲရေးဝန်ကြီးဌာန၏ အင်အားသုံး နှိမ်နင်းမှုကို မီးစိမ်းပြခဲ့သောကြောင့် စစ်တပ်အတွင်းရှိ ခေါင်းမာဂိုဏ်းသားများနှင့် အကျိုးတူစီးပွားဘက်များ၏ ဩဇာကို ဦးသိန်းစိန်အစိုးရ မလွန်ဆန်နိုင်သေးဟုသာ ဆိုရပေတော့မည်။