လက်ပံတောင်း ကြေးနီစီမံကိန်း ဆန့်ကျင်ရေး သပိတ်စခန်းများကို ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ကိုင်တွယ်နေသော ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့မှ အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် လူထု မကျေနပ်မှုများ တိုးပွားလာနေသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို မလိုအပ်ဘဲ အကြမ်းကိုင် ဖြိုခွဲခဲ့သဖြင့် အစိုးရက မှားယွင်းခဲ့မှုအပေါ် လူသိရှင်ကြား တာဝန်ခံ တောင်းပန်ရန် လိုပေပြီ။
ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့ဝင်များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်သည့် သြဝါဒခံယူပွဲတွင် သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်တော် မူပါရန် မုံရွာ ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။ ယင်းကိစ္စသည် ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သော်လည်း နိုင်ငံတော်အဆင့် မဟုတ်၍ အနာတရ ခံစားရသော သံဃာတော်များနှင့် နိုင်ငံသားများ၏ စိတ်ဒဏ်ရာ သက်သာစေရေး ကုစားနည်းမှာ စေတနာ မရှိဟူသော အမြင်ကိုသာ တိုးပွားစေသည်။
ထို့အပြင် တက်ကြွလှုပ်ရှားသူများကို ဆက်တိုက် ဖမ်းဆီးလာနေသည့် ပုံစံကလည်း ပြဿနာကို ပြေငြိမ်း မသွားစေပါ။ လုံခြုံရေးတာဝန်ယူသည့် ရဲတပ်ဖွဲ့၏ လူစုလူဝေး ထိန်းချုပ်ဖြိုခွဲနည်းများသည် နိုင်ငံတကာ စံချိန်စံညွန်းများနှင့်ချိန်လျှင် များစွာနောက်ကျ ကျန်နေပြီဖြစ်သည်။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနကို စစ်ဘက်အဆင့်မြင့် အရာရှိကြီးများက ဆက်လက် တာဝန်ယူထားသောကြောင့် ရဲတပ်ဖွဲ့၏ လူစုခွဲပုံ နည်းလမ်းများမှာ စစ်မြေပြင်တွင် အင်အားသုံးတတ်သည့် လက်နက်ကိုင်တပ်သဖွယ် ဖြစ်နေသေးသည်။ တရားဥပဒေ စိုးမိုးရေးအတွက် မဟုတ်ဘဲ အာဏာပိုင်များ၏ ဖိနှိပ်ရေး ယန္တရားများအဖြစ်သာ ဆက်လက် ခရီးနှင်နေဦးမည်ဆိုလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေခံ နိုင်ငံရေးစနစ် တည်ဆောက်ရာတွင် ကြီးစွာ အနှောင့်အယှက် ဖြစ်နေမည်သာ။
နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မည်ဟု ကတိကဝတ် ပြုထားသော တပ်မတော် အနေဖြင့်လည်း ယခင် စစ်အာဏာသိမ်း အစိုးရများလက်ထက် ပြုမူကျင့်ကြံခဲ့မှုများကို ပြောင်းလဲ၍ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့်၊ ထို့ထက်ပို၍ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်မည့် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရန် လိုနေပေပြီ။ အထူးသဖြင့် တိုင်းပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ရှိနေသေးသော်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိခြင်းမှာ ဒီမိုကရေစီစနစ်နှင့် လူမှုတရားမျှတရေးတို့ တည်ဆောက်မှုအတွက် နောက်ပြန်ဆွဲ အကြောင်းအချက်များ ဖြစ်သည်။
တပ်ပိုင် စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိသမျှ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုပွဲများကဲ့သို့ ကန့်ကွက်မှုများ ရှေ့လျှောက် ကြုံရမည့် အလားအလာရှိနေပြီး တဖန် အင်အားသုံး နှိမ်နင်းပြန်လျှင် နိုင်ငံသားများနှင့် တပ်မတော်တို့အကြား အယုံအကြည်ကင်းမဲ့မှု သံသရာနွံအိုင်အတွင်းမှ ရုန်းမလွတ်နိုင် ဖြစ်ပေတော့မည်။
ထို့ကြောင့် လက်ပံတောင်းတောင် ကြေးနီမိုင်းလုပ်ငန်း အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် စီမံကိန်း၏ အကျိုးအမြတ် အဆိုးအပြစ်များအပေါ် လေ့လာတွေ့ရှိချက်များ မကွယ်မဝှက် အမှန်တကယ် ဖော်ထုတ်တင်ပြပြီး သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တပ်မတော်အနေဖြင့်လည်း တိုင်းပြည်နှင့် နိုင်ငံသားတို့၏ အကျိုးကို ရည်စူး၍ ရဲရင့်စွာ ရှေ့တိုး ဆုံးဖြတ်လုပ်ကိုင်ရန် တိုက်တွန်းအပ်ပေသည်။