အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးလိုအပ်ချက် အားပြိုင်မှုများအပေါ် အခြေခံပြီး ထိုင်းအစိုးရ တာဝန်ရှိသူများသည် ယခုအခါတွင် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ တရားဝင် မှတ်ပုံတင် အလုပ်လုပ်နိုင်ရန် နည်းနည်းချင်းစီ လိုက်လျော လုပ်ဆောင်ပေးလာသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံရှိ မှတ်ပုံတင်ထားသော အလုပ်သမားများ၏ အခြေအနေမှာ တရားမဝင်ဖြစ်နေဆဲပင်ဖြစ်ပြီး ခိုးဝင်လာမှုကြောင့် ပြည်နှင်ဒဏ် ပေးခံရဖွယ်ရှိနေသည်။ ရွှေ့ပြောင်းလုပ်သားများ လွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုများကို ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်ထားပြီး အလုပ်သမား အခွင့်အရေးများကိုလည်း လုံးဝလျစ်လျူရှုထားသည်။
၂၀၀၁၊ ၂၀၀၄၊ ၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များတွင် ထိုင်းနိုင်ငံ၏ မှတ်ပုံတင်ပြုလုပ်ပေးရေး အစီအစဉ်မှာ အထောက်အထား၊ အချက်အလက် မပြည့်စုံသော အလုပ်သမားများအတွက် မှတ်ပံတင်ရရန် မဟာအခွင့်အရေး ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ရွှေ့ပြောင်းလုပ်သား ၂ သန်းနီးပါး မှတ်ပုံတင်ခဲ့သည်။ တနှစ်အတွင်း တစ်ကြိမ်တည်း အမြောက်အမြား မှတ်ပုံတင်ခြင်းကြောင့် အလုပ်ခေါ်စာ အသစ်ပြန်လုပ်ခြင်း ကိစ္စများမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။ ရွှေ့ပြောင်းလုပ်သား အမြောက်အမြား အလုပ်ပြောင်းရွှေ့ခြင်းနှင့် အလုပ်ရှင်များအနေဖြင့် ရှုပ်ထွေးပြီး အဆင့်များလွန်းသော လုပ်ထုံးလုပ်နည်း ပုံစံများကြောင့် တရားမဝင် ပြန်လည် ပြုလုပ်လာကြသည်။
မှတ်ပုံတင်ခြင်းနှင့် ပါမစ်အသစ်လုပ်ခြင်း ဖြစ်စဉ်များမှာ ရှုပ်ထွေးပြီး အဆင့်များလွန်းခြင်းနှင့် အချိန်ကြာခြင်းနှင့် ငွေကြေးအကုန်အကျ များခြင်းတို့ကြောင့် ရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်ရှင်များမှာ မှတ်ပုံတင်ခြင်းကိုစ္စကို လျစ်လျူရှုလာကြသည်။ မကြာသေးမီကမှ အသစ်ရောက်လာသော လုပ်သားများမှာလည်း မှတ်ပုံတင်လုပ်ရန် မတတ်နိုင်ကြပေ။ ပေးထားသော အခွင့်အရေးများကို ရယူရန် လက်လှမ်းမမီခြင်း၊ မှတ်ပုံတင်မရှိသော အလုပ်သမားများနှင့် အလုပ်ရှင်များကို တွန်းအားမပေးနိုင်ခြင်း၊ အရာရှိများနှင့် လူပွဲစားများ၏ အမျိုးမျိုးသော အနှောင့်အယှက်ပေးခြင်းများက မှတ်ပုံတင်ပြုလုပ်လာရန် မဆွဲဆောင်နိုင်ခဲ့ပေ
အိမ်နီးချင်းနိုင်ငံများနှင့် အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ပြီးနောက် ထိုင်းနိုင်ငံနှင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံများအကြား အလုပ်သမားများအရေးကိစ္စနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၀၂-၂၀၀၃ တွင် ရေးထိုးနိုင်ခဲ့သည်။ ၎င်းနားလည်မှု စာချွန်လွှာတွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ တရားဝင်ဖြစ်ရေးနှင့် ပတ်သက်၍ တိကျသေချာ ကောင်းမွန်သော နည်းလမ်းနှစ်ခု ပါဝင်သည်။ ပထမအဆင့်မှာ မည်သည့် နိုင်ငံသားဖြစ်ကြောင်း စိစစ်ရန် (Nationality Verification – NV) နှင့် ဒုတိယအဆင့်အနေဖြင့် MoU အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်သည်။
NV က ထိုင်းနိုင်ငံရှိ မှတ်ပုံတင်ထားသော အလုပ်သမားများအား ၎င်းတို့၏ မူရှင်းနိုင်ငံရှိ အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေး၍ တရားမဝင်ဖြစ်နေခြင်းကို တရားဝင်ဖြစ်အောင် လုပ်ပေးခြင်းဖြစ်သည်။ MoU လုပ်ငန်းစဉ်မှာ ထိုင်းနိုင်ငံအတွင်းသို့ အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမားများ တရားဝင်လမ်းကြောင်းများမှ တဆင့် အမှန်တကယ် လုပ်သားလိုအပ်နေသော စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၀၉ ခုနှစ်ကတည်းကပင် ထိုင်းနိုင်ငံနှင့် တရားဝင် အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခဲ့သည်။ တရားဝင် အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ်ကြောင့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ယုံကြည်မှု တိုးတက်လာပြီး ၎င်းတို့၏ အခွင့်အရေးများကိုလည်း ရရှိလာနိုင်သည်။ သို့သော် ဗျူရိုကရက်တစ် အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများကြောင့် စိန်ခေါ်မှုများရှိလာခဲ့သည်။ လုပ်ငန်းစဉ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ထင်သာမြင်သာရှိအောင် မထုတ်ပြန်နိုင်ခြင်း၊ လုပ်ငန်းရှင်များအတွက် ကုန်ကျစရိတ်များခြင်း၊ ကြားပွဲစားများကြောင့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အကြွေးတင်မည့်ကိန်း ပိုမိုဆိုက်လာခြင်း၊ မူလတိုင်းပြည်၏ နိုင်ငံသားမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များနှင့် NV လုပ်ငန်းစဉ်တို့ မချိတ်ဆက်မိခြင်း၊ တရားဝင် လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါကလည်း ရသင့်ရထိုက်သည့် အကာအကွယ်ပေးခြင်းစသော အခွင့်အရေးများ မရရှိခြင်းတို့ ဖြစ်လာခဲ့သည်။
ရွှေ့ပြောင်းလုပ်သားများအား မှီခိုနေသူများ (အထူးသဖြင့် ကလေးများ) အထူး များပြားလာသော်လည်း အရွယ်ရောက်ပြီးသော သူများသာ ပုံမှတ်လမ်းကြောင်းအတိုင်း ဆောင်ရွက်မှုတွင် အကြုံးဝင်သည်။ တချို့သော အခွင့်အရေးများအတွက် ကတိပေးသည်ဟု လက်မှတ်ထိုးထားသော်လည်း လက်တွေ့တွင် ကျန်းမားရေး၊ ပညာရေးနှင့် ပတ်သက်၍ လက်လှမ်း မမီနိုင်သေးခြင်းနှင့် ရွေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ တိကျသော ဥပေဒေများ မရှိသေးခြင်းတို့ကို တွေ့ရသည်။
လွန်ခဲ့သော နှစ် ၂၀ အတွင်း နိုင်ငံခြားလုပ်သားဦးရေ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းရှိသော်လည်း ရေရှည်စီးပွားရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေး ရှုထောင့်များမှနေ၍ ရွှေ့ပြောင်းလုပ်သားအားလုံးနှင့် သက်ဆိုင်သော မူဝါဒများ မချမှတ်နိုင်ခဲ့ပေ။ ထိုမူဝါဒများ ချမှတ်ရန် ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၁ က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပသော Universal Periodic Review ဖိုရမ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအား အလွန်အရေးပါသော ကတိတခုအနေဖြင့် ပေးထားခဲ့ပြီး ဖြစ်သည်။
အစိုးရ တာဝန်ရှိသူများကလည်း လူ့အခွင့်အရေး၊ အမျိုးသားလုံခြုံရေးနှင့် ဥပဒေအတိုင်း ဖြစ်ရေးထက် ထုတ်ကုန်စက်ရုံများအတွက် ဈေးပေါ၍ အရည်အချင်း မပြည့်မီသော လုပ်သားများ လိုအပ်မှုကို ပိုမိုဦးစားပေးလာခဲ့သည်။ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများကို အရည်အသွေး မြှင့်တင်ပေးခြင်းဖြင့် မူလတိုင်းပြည်များအတွက် အဖိုးတန်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာနိုင်ခြင်းနှင့် ထိုင်းနိုင်ငံ၏ အနာဂတ် ထုတ်ကုန်အတွက် ကုန်ကြမ်းများဖြစ်သည်ဟု မည်သူမျှမရှုမြင်ကြပေ။
မကြာသေးခင်က ရွှေ့ပြောင်းလုပ်သားများ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအား ပိုမိုဖိအားပေးမှုများ များပြားလာခဲ့သည်။ ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခြင်းသည် လူကုန်ကူးမှုကို အားပေးအားမြှောက်ပြုလာသောကြောင့်ဖြစ်သည်။ ထိုင်းနိုင်ငံသည် ဝေးလံသော တိုင်းပြည်များသို့ လူကုန်ကူးမှုများအတွက် ခရီးတထောက်နားရာ သို့မဟုတ် အဓိကက သော့ချက်နိုင်ငံတခု ဖြစ်လာသည်။
ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေး ချိုးဖောက်မှုများ၊ လူကုန်ကူးမှုများ၊ ကလေးအလုပ်သမားများကို ထိုင်းနိုင်ငံ၏ အဓိက ပြည်ပပို့ကုန် အလုပ်ရုံများဖြစ်သော ရေထွက်ပစ္စည်းလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်များ၊ နာနတ်သီးလုပ်ငန်း၊ သစ်သီးနှင့် ရာဘာလုပ်ငန်းများတွင်သာမက နိုင်ငံ၏ အဓိက အကြီးဆုံး ဝင်ငွေရနေသော ခရီးသွားလုပ်ငန်းများတွင်ပါ တွေ့နိုင်သောကြောင့် ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သော အငြင်းပွားမှုများမှာ နိုင်ငံတကာ ကုန်သွယ်ရေးနှင့်ပါ ပတ်သက်လာခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် အဆိုပါစိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် ပြည့်စုံမှု မရှိသည့်အပြင် အကြောင်းအကျိုး ညီညွတ်သော ပြုပြင်ပြောင်းလဲမှုမရှိဟု လေ့လာစောင့်ကြည့်သူများက ယူဆကြသည်။ ၂၀၁၃ ဇူလိုင်တွင် အမေရိကန်ပြည်ထောင်စုက ထိုင်းနိုင်ငံအား လူကုန်ကူးမှုနှင့် ပတ်သက်၍ အဆင့် ၃ သတ်မှတ်ရန် ပြင်ဆင်ထားသည်။ အဆင့် ၃ မှာ အနာဂတ် မူဝါဒရေးရာ၊ ကုန်သွယ်မှုနှင့် စီးပွားရေး ပိတ်ဆို့မှုစသော အချက်များနှင့် ပတ်သက်၍ အနိမ့်ဆုံးဖြစ်သည်။
ထိုဖိအားများကြောင့် ထိုင်းအနေဖြင့် ရွွှေ့ပြောင်းလုပ်သားများအရေး (အထူးသဖြင့် မြန်မာနိုင်ငံ) ကို ယခင်ကထက် ပိုမိုအာရုံစိုက်လာခဲ့ရသည်။ ၎င်းတို့အနေဖြင့် မကျေနပ်သော်လည်း ထိုကိစ္စမှာ လတ်တလော ရေတိုဖြေရှင်းရမည့် ကိစ္စမဟုတ်ဘဲ ရေရှည် အကျိုးကျေးဇူးအတွက်ပါ လိုအပ်ကြောင်း တဖြည်းဖြည်းလက်ခံလာပြီး အိမ်နီးချင်းနိုင်ငံများ၏ ရွေ့ပြောင်းလုပ်သားများ အရေးကို ပိုမိုတာဝန်ယူ လုပ်ဆောင်လာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ မကြာသေးခင်ကမှ ဖြစ်ပေါ်လာသော ပြောင်းလဲတိုးတက်မှုများကလည်း အနာဂတ်မြန်မာ ရွှေ့ပြောင်းလုပ်သားများ ရရှိနိုင်မှုနှင့် ၎င်း၏ စီးပွားရေးအပေါ် သက်ရောက်နိုင်မှုများအတွက် ထိုင်းနိုင်ငံကို ပိုမိုအာရုံစိုက်လာစေသည်။ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် (၂၀၁၂ မေလက မဟာချိုင်ရှိ ရွှေ့ပြောင်း အလုပ်သမားများထံ လာရောက်လည်ပတ်မှု) တို့ကလည်း မြန်မာပြည်မှ အလုပ်သမားများကို နေရပ်ပြန်ရန် ပြန်ခေါ်နေသည်။
သို့သော် ထိုင်းနိုင်ငံက ပြည်တွင်းတွင် လတ်တလောရှိနေသော ရွှေ့ပြောင်းအလုပ်သမား တသန်းကျော်ကို ၂၀၁၂ ဒီဇင်ဘာ ၁၄ ရက်နောက်ပိုင်းတွင် ပြည်နှင်ဒဏ်ပေးမည်ဟု ကြေညာလိုက်သည်။ ဒီဇင်ဘာ ၁၄ ရက်နေ့သည် NV လုပ်ငန်းစဉ်၏ နောက်ဆုံးရက်ဖြစ်နေပြီး အပြည်အပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ မတိုင်မီ လေးရက်မြောက်နေ့ ဖြစ်သည်။
ထိုင်းအစိုးရမှ နောက်ထပ် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင် အထောက်အထား ပြုလုပ်ခြင်းလုပ်ငန်းများကို ထပ်မံခွင့်ပြုတော့မည် မဟုတ်ဘဲ တရားမဝင်ရှိနေသော အလုပ်သမားများအား ပြည်နှင်ဒဏ်ပေးမည်ဟု ကြေညာခဲ့သည်။ နားလည်မှုစာချွန်လွှာအရ ရှေ့ဆက် တရားဝင်ပြုလုပ်ခြင်း လုပ်ငန်းမျာနှင့် ရွှေ့ပြောင်းလုပ်သားများအား စီမံခန့်ခွဲမှု ကိစ္စများကို စားပွဲဝိုင်းထိုင် ညှိုနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
အမျိုးမျိုးအဖုံဖုံသော ဥပဒေများနှင့် ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်သော အစိုးရအရာရှိများကြောင့် အစီအစဉ်များအားလုံး ပြောင်းလဲသွားနိုင်သည်။ ထို့အပြင် ထိုင်းအစိုးရ၏ မပိုင်နိုင်သော ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ၊ မပြည့်စုံသော ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ရေရှည်မူဝါဒများ၊ တရားဥပဒေကို မျက်ကွယ်ပြု၍ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများမှာ ရှောင်လွှဲ၍ မရသော အထောက်အထားများပင် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဖြစ်လာမည့် ကိစ္စများကို နားလည်သိရှိ၍ သမ္မတ ဦးသိန်းစိန်က ညှိနှိုင်းဆောင်ရွက်ရန် ပြီးခဲ့သည့်လနှောင်းပိုင်းက တာဝန်ရှိသူများကို ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည်။ ထိုင်းနိုင်ငံကလည်း ထပ်မံ သက်တမ်းတိုးပေးရန် လိုက်လျောတော့မည် မဟုတ်ကြောင်း၊ ပြည်နှင်ဒဏ်ပေး ခံရသူများအတွက် မိမိဖာသာ ဖြေရှင်းရန် ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည်။ မြန်မာ အလုပ်သမားဝန်ကြီးအနေဖြင့် ထိုင်းနိုင်ငံသို့ အမြန်ဆုံးလာရောက်၍ ထိုကိစ္စကို ဆက်လက်ဆွေးနွေးသင့်သည်။
ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော အလုပ်သမားများနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများ အပေါ်ထားရှိရမည့် ဝတ္တရားများကို မစောင့်ထိန်းရုံသာမက ထိုင်းမူဝါဒရေးဆွဲသူများသည် ၎င်းတို့၏ စီးပွားရေးမှာ လာစာနည်း၍ အရည်အသွေး မမီသော အလုပ်သမားများအပေါ် မီခိုနေရသေးသည်ဆိုသည်ကို လူသိရှင်ကြားဝန်ခံရန် ငြင်းပယ်ရေး (သို့မဟုတ်) ယထာဘူတာကျကျ သုံးသပ်ရေး ပျက်ကွက်ခဲ့ကြသည်။
ပြည်နှင်ဒဏ်ပေးခြင်း၏ ဖြစ်လာမည့် နောက်ဆက်တွဲ ဂယက်ကိုလည်း ထိုင်းနိုင်ငံအနေဖြင့် မစဉ်းစားခဲ့ချေ။ လုပ်ငန်းရှင်များက အလုပ်သမားရှားပါးမှုအတွက် ဆန္ဒပြကြပြီး အစိုးရအနေဖြင့် ပြည်နှင်ဒဏ်ပေးပါက အလုပ်သမား အများအပြား အိမ်ပြန်သွားမည်ကို ကြောက်ရွံ့နေကြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်မှုများနှင့် လူကုန်ကူးမှုများကို အာရုံစိုက်လာနေသော်လည်း ထိုင်းအစိုးရအနေဖြင့် အလုပ်သမားများကို အကြွေးနွံနှင့် လူကုန်ကူးမှု အန္တရာယ်ထဲသို့ တွန်းပို့နေသည်။
ထိုင်းအစိုးရ အဖွဲ့အတွင်းတွင်လည်း ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် လူကုန်ကူးမှုကိစ္စများအတွက် တာဝန် ရှိသောသူများကို အပြင်းအထန် ဖိအားပေးးနေသည်။ အမြဲလိုလိုပင် ထိုင်းအစိုးရသည် ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်းကို နောက်ဆုံးရက် သတ်မှတ်ကြေညာပြီး ထောင်ပေါင်းများစွာသော အလုပ်သမားများကို စွပ်စွဲဖမ်းဆီးလေ့ရှိသည်။ တရားမဝင် အလုပ်သမားများအနေဖြင့် ငွေကြေးတတ်နိုင်ပါက ပြန်လွှတ်ပေးခံရသော်လည်း မတတ်နိုင်ပါက ပြည်နှင်ဒဏ်ပေးခံရသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးခြင်း မပြုလုပ်ဘဲ အခွင့်အရေးကို အမိအရ ယူသင့်သည်။ သို့သော် ပါဝင်ပတ်သက်နေသူများအားလုံး (ကုလသမဂ္ဂ အဖွဲ့များ၊ သံတမန်များနှင့် အရေးကြီး အိမ်နီးချင်းနိုင်ငံများ) ညှိနှိုင်းတိုင်ပင်ပြီး ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သော လုပ်ငန်းစဉ်များ ပိုမို အားကောင်းလာစေရန်နှင့် လူ့အခွင့်အရေးနှင့် ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သော ဥပဒေများကို လေးစားလိုက်နာစေရန် လုပ်ဆောင်ရမည်။
ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအတွက် တရားမဝင် ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ အမျိုးသားရေး၊ စီးပွားရေးနှင့် လုံခြုံရေးကို လေးစားလိုက်နာသော နည်းလမ်းများ၊ ဖြစ်နိုင်ချေရှိသော မဟာဗျူဟာများ အမြောက်အမြားရှိသည်။
အရေးကြီးသည်မှာ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံသားစီစစ်ရေး စင်တာ ၇ ခုတွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများမှ တရားမဝင်အလုပ်သမားများအား မှတ်ပုံတင်ပေးခြင်း၊ နိုင်ငံကူးလက်မှတ်များအား ဈေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေးခြင်း များကို လုံခြုံ၍ ထင်သာမြင်သာရှိသော နည်းလမ်းများနှင့် ဆောင်ရွက်ပေးနေသည်။ ၎င်းစင်တာများအနေဖြင့် ရွှေ့ပြောင်းလုပ်သားများသာမက ၎င်းတို့အားမှီခိုနေသောသူများကိုပါ တရားဝင် ဖြစ်ရေး၊ ၎င်းတို့၏ ပညာရေး၊ ကျန်းမာရေးကိစ္စများကိုပါ ဆောင်ရွက်ပေးရန်လိုသည်။
လက်တွေ့မကျသော မှတ်ပုံတင်ခြင်းလုပ်ငန်း နောက်ဆုံးရက်သတ်မှတ်ခြင်း ကြေညာချက်နှင့် အမြောက်အမြား ပြည်နှင်ဒဏ်ပေးခြင်းမှာ အကြောင်းအကျိုး ခိုင်လုံမှု လုံးဝမရှိပေ။ ယခုလုပ်ရပ်မှာ အဆင်အခြင် ကင်းမဲ့စွာဖြင့် နောက်ဆက်တွဲ ပြဿနာများကို ပိုမိုကြီးထွားလာစေလိမ့်မည်။
ဒီဇင်ဘာ ၁၄ ရက်နေ့ မတိုင်မီ မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုများမှတဆင့် ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် အဆင်ပြေသော နည်းလမ်းတခုကို ချမှတ်နိုင်ရန် မျှော်လင့်သည်။ သို့မှသာ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ တရားဥပဒေနှင့် လူ့အခွင့်အရေးများအား လေးစားလိုက်နာမှုများ ပိုမိုတိုးတက်လာစေပါမည်။
(ဘန်ကောက်ပို့စ် သတင်းစာပါ မစ္စတာ အန်ဒီဟောလ် (Andy Hall) ၏ Deadlines, threats against migrants bad for both sides ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။ မစ္စတာ အန်ဒီဟောလ်သည် ထိုင်းနိုင်ငံ မဟီဒေါလ် တက္ကသိုလ်၊ လူဦးရေနှင့် လူမှုသုတေသနဌာန (IPSR) ရှိ မဟီဒေါလ် မိုက်ဂရေးရှင်း စင်တာ (MMC) မှ နိုင်ငံခြားသား ကျွမ်းကျင်သူပညာရှင်တဦး ဖြစ်သည်။)