“ဧရာဝတီကို မဖတ်ပါနဲ့” တဲ့။ ဒါကတော့ ၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ကရင်ခေါင်းဆောင် ဗိုလ်ချုပ်မြရဲ့ ရန်ကုန် ငြိမ်းချမ်းရေး ခရီးစဉ်တုန်းက ပြောခဲ့တဲ့ စကားပါ။
အဲဒီ အချိန်တုန်းက ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံး အာဏာရှင်နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ မြန်မာ စစ်အစိုးရဟာ ဧရာဝတီလို လွတ်လပ်တဲ့ သတင်းဌာနကို ဘယ်လောက် မုန်းတီးသလဲ ဆိုတာ သူ့ရဲ့အကြံပေးချက်က သက်သေပြတာပါပဲ။ သတင်းစာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်တဲ့ မီဒီယာဆိုတာ အဲဒီ စစ်အာဏာရှင် ဗိုလ်ချုပ်တွေ အဖို့ မျက်စိ စပါးမွေးစူးစရာ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းစာ လွတ်လပ်မှု အတွက် ကြိုးပမ်းနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာစစ်အစိုးရကို “မီဒီယာရဲ့ ရန်သူ” လို့ ခေါ်ဝေါ်ခဲ့ကြတာပါ။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် အဲဒီလို အကြံပေးပြီး ရှစ်နှစ်ကြာတဲ့ ယနေ့အချိန်မှာတော့ ဧရာဝတီမဂ္ဂဇင်းဟာ မြန်မာနိုင်ငံထဲမှာ ပထမဆုံးအကြိမ် တရားဝင် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ ပြည်ပမှာ နှစ် ၂၀ လောက် ရပ်တည်ခဲ့တဲ့ ဧရာဝတီလို သတင်းဌာနအတွက်တော့ အထင်ကရ မှတ်တိုင်တခုပါပဲ။ စာနယ်ဇင်းလွတ်လပ်မှု အတွက် ပေတံတခုဆိုလည်း မမှားပါဘူး။ ဒါဟာ တချိန်က စစ်အစိုးရ ခေါင်းဆောင်မှုနဲ့ ယနေ့ အစိုးရခေါင်းဆောင်မှု ကွာခြားတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀ က မြန်မာပြည်မှာ သတင်းစာလွတ်လပ်မှု မရှိတာဟာ ဧရာဝတီလို ပြည်ပ အခြေစိုက် မီဒီယာတွေ အများအပြား ပေါ်ပေါက်စေခဲ့တယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာတော့ ဧရာဝတီ အပါအဝင် ပြည်ပအခြေစိုက် စာနယ်ဇင်းအဖွဲ့တွေ ပြည်တော်ပြန်ကြပြီး ရုံးခန်းတွေကို ဖွင့်နေကြပါပြီ။ တချိန်က ပိတ်ပင်ထားခံခဲ့ရတဲ့ ပြည်ပမီဒီယာတွေနဲ့ သတင်းစာလွတ်လပ်မှုအတွက် တိုးတက်တဲ့ ခြေလှမ်းတခုလို့ ဆိုလို့ရပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အစိုးရခေါင်းဆောင်တွေက သတင်းစာသမားတွေကို အင်တာဗျူး ပေးခဲလှပါတယ်။ မီဒီယာကို သူတို့ အစိုးရ သက်ဆိုးရှည်ဖို့အတွက်သာ ဝါဒဖြန့်ချိရေး လက်နက်တခုအနေနဲ့ အသုံးပြုခဲ့ကြတယ်။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ အုပ်ချုပ်ခဲ့တဲ့ ၁၉ နှစ်တာ ကာလအတွင်းမှာ ဘယ်စာနယ်ဇင်းသမား တယောက်ကိုမျှ အင်တာဗျူးမပေးခဲ့ပါဖူး။ သူ့နောက်လိုက် ဗိုလ်ချုပ်တွေလည်း ထို့အတူပါပဲ။
မီဒီယာကို အသံမထွက်နိုင်အောင် လုပ်ထားဖို့ ကတော့ သူတို့အတွက် အရေးအကြီးဆုံးအရာပါပဲ။ မြန်မာနိုင်ငံမှာ သူတို့က အသိပေးချင်တာကို တဖက်သတ် ခေါ်ယူပြသရှင်းလင်းတာကလွဲလို့ သတင်းစာရှင်းလင်းပွဲ စစ်စစ် ဆိုတာလည်း မရှိခဲ့ပါဘူး။ ပြည်တွင်း ဂျာနယ်လစ်တွေကို အသိအမှတ်မပြုသလို နိုင်ငံခြား သတင်းထောက်တွေကိုလည်း ပြည်ဝင်ခွင့် ပိတ်ထားခဲ့ပါတယ်။ အဲဒီအချိန်ကာလဟာ မြန်မာ သတင်းလောက အတွက်တော့ အမှောင်ခေတ်တခေတ်ပါပဲ။ ဒါကြောင့်လည်း မြန်မာပြည်သူအများစုဟာ ပြည်ပသတင်းဌာနတွေနဲ့ နိုင်ငံခြားမှာအခြေစိုက်တဲ့ မြန်မာရေဒီယိုသတင်းဌာနတွေကို မှီခိုအားထားခဲ့ရတာပါ။
အခုတော့ အဲဒီအမှောင်ခေတ်ကို ကျော်ဖြတ်နေပြီလို့ ကျနော်တို့ ဆိုလို့ရပါတယ်။
သမ္မတ ဦးသိန်းစိန် အာဏာလွှဲပြောင်းယူပြီးတဲ့ နောက်မှာတော့ မီဒီယာတွေနဲ့ တွေ့ဆုံမှုတွေ စတင်ခဲ့တယ်။ ပြီးခဲ့တဲ့ လပိုင်းတွေမှာ သမ္မတဟာ နိုင်ငံခြား နာမည်ကြီး သတင်းဌာနတွေဖြစ်တဲ့ BBC (Hardtalk), The New York Times, Voice of America (VOA), Channel News Asia အပါအဝင် သတင်းဌာနတွေကို အင်တာဗျူးပေးခဲ့ပါတယ်။ (ဂျာနယ်လစ်တွေမေးတဲ့ မေးခွန်းတွေကို တိတိကျကျဖြေတာ မဖြေတာကတော့ တပိုင်းဖြစ်ပါတယ်)။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သမ္မတဦး သိန်းစိန် အမေရိကန်ပြည်ထောင်စု ခရီးစဉ် ပြီးခဲ့တဲ့နောက်ပိုင်းမှာ မီဒီယာကို သူက ကြောက်ရွံ့မှု မရှိတော့ဘူးလို့ ထုတ်ဖော်ပြောဆိုပါတယ်။ သူ့ရဲ့ ဝန်ကြီးတွေကိုလည်း မီဒီယာနဲ့ တွေ့ဆုံ စကားပြောဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ သူ့ရဲ့ ဝန်ကြီးအဖွဲ့ထဲမှာဆိုရင်တော့ သမ္မတရုံးဝန်ကြီး နှစ်ပါးလောက်ကတော့ စာနယ်ဇင်းသမားတွေကို သိပ်ရှောင်ပြေးလေ့ မရှိပါဘူး။ ဒါပေမယ့်လည်း ဝန်ကြီးအများစုကတော့ မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံဖို့ကို တွန့်ဆုတ်နေဆဲပါပဲ။ တခြား အဆင့်မြင့်အရာရှိတွေလည်း အလားတူပါပဲ။ ယနေ့ မြန်မာပြည်က သတင်းလောကသားအများစု ညည်းညူနေတာကတော့ နေပြည်တော်က ဝန်ကြီးဌာနအများစုနဲ့ အင်တာဗျူးရဖို့ ခက်ခဲတယ်ဆိုတာပါပဲ။
သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ အမေရိကန်ခရီးစဉ် ပြီးတဲ့နောက်မှာ ပြည်တွင်းက ဂျာနယ်လစ်တွေနဲ့ သတင်းစာ ရှင်းလင်းပွဲတခု ပထမဆုံး လုပ်ဆောင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သမ္မတဟာ နိုင်ငံခြား မီဒီယာတွေကိုပဲ အင်တာဗျူး ပေးတယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့လို့ပါပဲ။ ဒီလို လုပ်ပေးခြင်းအားဖြင့် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုလို့ မြင်ကြပါတယ်။
အစိုးရအနေနဲ့ မီဒီယာကို ဘယ်လိုမျိုး အလေးထား ဆက်ဆံသလဲ၊ တုန့်ပြန်သလဲဆိုတာဟာ အစိုးရတရပ် ပွင့်လင်းမြင်သာမှု ရှိမရှိကို ပြသတဲ့ အစိတ်အပိုင်းတစ်ခုပါ။ တကယ်တော့ လက်ရှိ မီဒီယာပြုပြင်ပြောင်းလဲမှုဟာ အရှိန်မရသေးတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့အတူ လိုက်ပါနေသလိုပါပဲ။ ဒါပေမယ့် တခြားဝန်ကြီးဌာနတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ မီဒီယာပြုပြင်ပြောင်းလဲမှုဟာ အတိုင်းအတာတခုအထိ ရှေ့ကို သွားနေတယ်လို့ သုံးသပ်ရမှာပါ။
ဒါပေမယ့်လည်း ဧရာဝတီ ရန်ကုန်ရုံးက သတင်းထောက်တွေ အပါအဝင် ပြည်တွင်းက သတင်းထောက် အများစုကတော့ သတင်းရေးသားရတာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင့်ကြနေရဆဲပါ။ အကြောင်းရင်းကတော့ ဆင်ဆာကြိုတင်ဖြတ်တောက်မှုတွေ မရှိတော့ဘူးဆိုပေမယ့် အကဲဆတ်တဲ့ ကိစ္စတွေမှာ ဘယ်လောက်အထိ ရေးသားတင်ပြလို့ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရလို့ပါပဲ။
အရင်တုန်းက ဧရာဝတီမဂ္ဂဇင်းကို လက်ဝယ် ကိုင်ဆောင်ခဲ့ရင် ထောင်ချခံရဖို့ သေချာပါတယ်။ ဒါပေမယ့် ဒီအပတ် မြန်မာပြည်မှာ ပထမဆုံးဖြန့်ချိမယ့် ဧရာဝတီမဂ္ဂဇင်းကို ပြည်သူတွေ ပေါ်ပေါ်ထင်ထင် ဖတ်ရှုနိုင်မှာပါ။ ဒါဟာ စိတ်လှုပ်ရှားစရာ အချိန်ကာလပါပဲ။ အထူးသဖြင့် ဧရာတီ ဝိုင်းတော်သားတွေအတွက်ရော ဖြစ်ပါတယ်။
လက်ရှိ အစိုးရခေါင်းဆောင်တွေကတော့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လို ဧရာဝတီကို မဖတ်ဖို့ အကြံပြုလိမ့်မယ်လို့ မထင်ပါဘူး။ ဒါ့အပြင် နေပြည်တော်က သူတို့ရဲ့ ရုံးခန်းတွေထဲမှာ ဧရာဝတီမဂ္ဂဇင်းကို သူတို့ကိုယ်တိုင် ဖတ်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။
စာဖတ်ဝါသနာပါတဲ့ သမ္မတကြီး ဦးသိန်းစိန်လည်း မြန်မာနိုင်ငံမှာ ပထမဆုံး ထုတ်ဝေတဲ့ ဧရာဝတီ မဂ္ဂဇင်းကို ဖတ်မယ်လို့ မျှော်လင့်ရပါတယ်။ မဂ္ဂဇင်းထဲမှာ သူ့ရဲ့အစိုးရကို ဝေဖန်ထောက်ပြ ရေးသားထားတဲ့ ဆောင်းပါးတွေကို ဖတ်ခဲ့ရမယ်ဆိုရင်လည်း အဲဒါတွေဟာ ၂၀၁၂ ခုနှစ်အတွက် ပြန်လည်သုံးသပ်စရာတွေ ဖြစ်ပြီး လာမယ့် ၂၀၁၃ ခုနှစ်အတွက် ကြိုတင်စဉ်းစားစရာတွေ ရလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ။